← Chapters

မမျှော်လင့်ထားသည့် ဧည့်သည်

Vol. 12 Ch. 113

မမျှော်လင့်ထားသည့် ဧည့်သည်

Vol. 12 Ch. 113

“ဟုတ်တယ် ညီမကြားဖူးပါတယ်” ယန်ယုယွင်က ခေါင်းညိတ်ပြလိုက်လေ၏။

“ချန်ထင်မြို့က မိသားစုတွေအားလုံးပေါင်းစည်းပြီးတော့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို ထူထောင်လိုက်ကြပါတယ်။ ညီမရဲ့ အဖေက လုပ်ငန်းရဲ့ ဥက္ကဌရာထူးကို ယူထားပါတယ်။ လက်ထောက်ခေါင်းဆောင်တွေကတော့ ကျောက်မိသားစုက ကျောက်ရီချိုးနဲ့ ပိုင်မိသားစုက ပိုင်ကျင့်ဖေးတို့ပါပဲ”

“အဲ့ဒါဆိုရင် လုပ်ငန်းနာမည်ကို ဘာလို့ ချန်ချင်းကုန်သွယ်ရေးလို့ ပေးထားရတာလဲ”

လီဟမ်ရှန်းက နားမလည်နိုင်သေးပေ။

“အဲ့ဒါကတော့ ညီမကိုယ်တိုင်လည်း မသေချာပါဘူး” ယန်ယုယွင်က သူမ၏ ဦးခေါင်းကို ခါယမ်းလိုက်လေသည်။

“မိသားစုကိစ္စတွေနဲ့ပတ်သက်ရင် ညီမရဲ့ အဖေက ညီမနဲ့ ဘယ်တုန်းကမှ မဆွေးနွေးဘူးလေ”

သူမက သက်ပြင်းတခုကို တိုးတိုးလေးချလိုက်ရင်း

“မိန်းကလေးဖြစ်နေလို့တဲ့၊ အဖေက မောင်လေးကိုပဲ အလေးထားတယ်”

“ဒါပေမယ့် ညီမက သိပ်တော်ပြီး ထက်မြက်တယ်လေ။ ရှေးဟောင်းတာအိုတောင်ဂိုဏ်းကိုတောင် ရအောင် ဝင်ရောက်နိုင်ခဲ့တဲ့အပြင် ကိုယ့်အစွမ်းအစတခုတည်းနဲ့ အပြင်စည်းတပည့်ဖြစ်လာခဲ့တယ်လေ”

ယန်ယုယွင်၏ လေသံမှ စိတ်အားငယ်မှုများကို ခံစားလိုက်ရသဖြင့် လီဟမ်ရှန်းမှာ အလျင်အမြန်ပင် အားပေးလိုက်တော့သည်။

ယန်ယုယွင်က အမှန်တကယ်ကို ထက်မြက်သည်ဟု လီဟမ်ရှန်းက တွေးထားလေ၏။ သို့သော် သူ့စကားများမှာ ယန်ယုယွင်အပေါ် ဆန့်ကျင့်ဖက် သက်ရောက်မှုများ ဖြစ်သွားခဲ့တော့သည်။ ယန်ယုယွင်က သူ့အား သဘောမကျသော မျက်နှာပေးနှင့် စူးရဲစွာ စိုက်ကြည့်လိုက်လေ၏။

“တခြားလူကသာ ဒီစကားကို ပြောမယ်ဆိုရင် ဂုဏ်ယူမိဦးမယ်။ ဒါပေမယ့် အကိုလီက ပြောတာဆိုတော့ ညီမကို လှောင်ပြောင်နေသလိုပဲ ခံစားနေရတော့တယ်။ အကိုက တိုက်ရိုက်တပည့်ကို အကို့ရဲ့ ပင်ကိုပါရမီတခုတည်းနဲ့ ဖြစ်လာခဲ့တယ်။ ညီမကတော့ အခုထိ အပြင်စည်းတပည့်အဆင့်မှာပဲ ရပ်တန့်နေခဲ့တယ်”

“အာ...အမ်” လီဟမ်ရှန်းသည် အနည်းငယ် အကြပ်ရိုက်သွားခဲ့တော့သည်။

“ဒါနဲ့လေ” လီဟမ်ရှန်းမှာ အလျင်အမြန်ပင် စကားလမ်းကြောင်းလွှဲလိုက်လေတော့သည်။

“ညီမ အိမ်ပြန်တဲ့အချိန်ကျရင် အကို့အဖေနဲ့ တွေ့လောက်နိုင်တယ်။ အဲ့ဒါကြောင့်မို့လို့ အကိုစာ‌ရေးပေးလိုက်မယ်။ ပို့ပေးလို့ရမလား”

“ရပါတယ်။ ညီမ စာကို သေချာပို့ပေးပါ့မယ်” ယန်ယုယွင်က ခေါင်းညိတ်ပြလိုက်လေသည်။ ထိုအလုပ်မှာ မခက်ခဲလှပေ။ ထိုအရာလောက်လေးကို ဆောင်ရွက်ပေးလိုက်ရုံနှင့် သူမနှင့် လီဟမ်ရှန်းဆက်ဆံရေးမှာ ပိုမို၍ နီးကပ်လာနိုင်မည် မဟုတ်ပါလား။

“ဒါဆိုရင် ခဏလောက်တော့ စောင့်ပေးပါ” လီဟမ်ရှန်းသည် အနောက်သို့လှည့်ကာ အိမ်ထဲသို့ ဝင်သွားပြီး လီချန်ချင်းကို ပေးရန် စာသွားရေးနေခဲ့တော့သည်။ သူစာရေးနေရင်းနှင့် စိတ်ထဲတွင် မသက်မသာဖြစ်နေသော ခံစားချက်ကို ခံစားနေခဲ့ရနေ၏။

ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းဟူသည့်အမည်မှာ လီဟမ်ရှန်း၏ ခေါင်းထဲတွင် ထူးဆန်းသလို ခံစားနေခဲ့ရတော့သည်။ ထိုနာမည်မျှ‌လောက်နှင့်တော့ သူက ထိုမျှလောက်အထိ အတွေးလွန်နေလိမ့်မည် မဟုတ်ပါချေ။ ချန်ချင်းဟူသည့် အမည်နာမမှာ မင်္ဂလာရှိသောနာမည်ဖြစ်ပေသည်။

ဖြစ်နိုင်တာက ယန်ပါးထောင်နှင့် ကျန်မိသားစုခေါင်းဆောင်များသည် ချန်ချင်းဟူသော အမည်သည် ကုန်သွယ်ရေးလုပ်ငန်းအတွက် သင့်တော်သည်ဟု တွေးကာ မှည့်လိုက်ပုံရပေသည်။ ဒါပေမယ့် လီဟမ်ရှန်းအား သံသယဝင်စေသည့်အခြေအနေမှာ တခြားကိစ္စတခုကြောင့်ပင် ဖြစ်သည်။

၎င်းမှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ဟိုင်မိသားစုမှ ဟိုင်စုန့်ထောင်ကို သတ်ဖြတ်လိုက်ခြင်းကြောင့်ပင်။ ဘာတွေဖြစ်ကုန်တာလဲ။ သူက ချန်ထင်မြို့လေးသို့ ပြန်မရောက်ဖြစ်သည်မှာ နှစ်အနည်းငယ်ကြာသည့်တိုင်၊ ထိုမြို့လေးတွင် ဟိုင်မိသားစုမှ ဟိုင်စုန့်ထောင်ကို အန္တရာယ်ပေးနိုင်မည့်သူ မရှိကြောင်းကိုတော့ သူကောင်းကောင်းသိလေသည်။

ကြိမ်းသေတာတခုက ထိုမိသားစုများအားလုံး၏နောက်တွင် စွမ်းအားကြီးမားသည့်တစုံတယောက်ရှိရပေလိမ့်မည်။ အဲ့ဒီ့လူက ဘယ်သူလဲ?

ပြိုင်ဘက်ကင်းကျွမ်းကျင်သူတယောက်က သေးငယ်ကာ ပြောပလောက်ဖွယ်ရာမရှိသော ချန်ထင်မြို့မှာ မိသားစုငယ်လေးများကို ‌ရွေးချယ်ကာ ကာကွယ်လိမ့်မည်ဟု လီဟမ်ရှန်းက လုံးဝကို မယုံကြည်မိခဲ့ပါချေ။

ထိုအဖြစ်မှာ ယုတ္တိမကျနေ‌ပေ။ အကြောင်းပြချက်တခုကြောင့် လီဟမ်ရှန်း၏ မသိစိတ်ထဲတွင် ဖခင်ဖြစ်သူ လီချန်ချင်းမှာ ဤကိစ္စတွင် ပါဝင်နေခဲ့သည်ဟု ကြိမ်းသေကို သိနေခံစားနေခဲ့မိသည်။

ဘယ်လိုမျိုး ပါဝင်နေတာလဲဆိုတာကိုတော့ သူက မသေချာသည့်တိုင်၊ ထိုခံစားချက်က အလွန်ပင် ပြင်းထန်နေခဲ့လေသည်။

ဒါမှမဟုတ် အဲ့ဒီ့ကျွမ်းကျင်သူဆိုတာက သူ့ဖခင်ကိုယ်တိုင်ပင် ဖြစ်နေလိမ့်မလား?

ဒါပေမယ့် သူ့ဖခင်၏ မူးဝေကာ၊စိတ်ကူးယဉ်တတ်သော စရိုက်နှင့် ယှဉ်လိုက်ပြန်တော့လည်း ထိုယူဆချက်မှာ မဖြစ်နိုင်တော့ပြန်ပေ။

သူ၏ သံသယများမှာ တဖြေးဖြေးနှင့် ပိုဆိုးလာခဲ့သည်ကို လီဟမ်ရှန်းက ခံစားနေခဲ့ရတော့သည်။ သူက ထိုကဲ့သို့သော သံသယဝင်နေရသည့်အခြေအနေကို လွန်စွာ မုန်းတီးလှပေသည်။ ဒါပေမယ့် ထိုခံစားချက်ကို နှလုံးသားထဲတွင် မဖိနှိပ်နိုင်ခဲ့ပြန်ပေ။ လီချန်ချင်းထံမှ ငွေတုံးများကို စတင်၍ လက်ခံရရှိသည့်အချိန်ကတည်းက သူ့ဖခင်မှာ တစုံတခုလွဲမှားနေသည်ကို သူ ခံစားနေခဲ့ရသည်။

ထို့ကြောင့် လီဟမ်ရှန်းက နောက်တကြိမ် စမ်းသပ်ရန်အတွက် ပြင်ဆင်လိုက်သည်။ သူက သာမန်စာတစောင်ကို ရေးလိုက်၏။

ဒါပေမယ့် စာထဲတွင်တော့ စာပိုဒ်တပိုဒ်ကို ထည့်သွင်းလိုက်လေသည်။

ကျွန်တော်က အခုဆိုရင် တက်လှမ်းခြင်းအဆင့်ကိုးရဲ့ အထွတ်အထိပ်ကို ရောက်နေခဲ့ပြီ။ ဒါပေမယ့် ကျွန်တော်က ပြန်လည်မွေးဖွားခြင်းအဆင့်ကို လုံးဝမချိုးဖြတ်နိုင်ပဲ ပြသနာတွေ့နေပါတယ်။

ဘာဆက်လုပ်ရမလဲဆိုတာကို ကျွန်တော်လည်း မတွေးတတ်တော့ပါဘူး။ နောက်ကျတော့ စီနီယာအကိုတယောက်က ပြောတယ်။ အဆင့်ငါးနယ်ပယ်ချိုးဖြတ်ခြင်းဆေးလုံးကိုသာ ရမယ်ဆိုရင် ကျွန်တော်က အဆင့်ချိုးဖြတ်နိုင်လောက်မယ်တဲ့။

ဒါပေမယ့် အဲ့ဒီ့ အဆင့်ငါးနယ်ပယ်ချိုးဖြတ်ဆေးလုံးက ရရှိဖို့အတွက် အရမ်းကို ခက်ခဲလွန်းတယ်တဲ့။ ကျွန်တော်ကြိုးစားနေတာ အချိန်အတော်ကြာနေတာတောင် အခုထိ မရနိုင်သေးဘူး။ ဘာဆက်လုပ်ရမလဲဆိုတာကိုလည်း မသိတော့ပါဘူး။

ဒါပေမယ့် စိတ်မပူပါနဲ့ အဖေ၊ အားလုံးအဆင်ပြေသွားမှာပါ။ ကျွန်တော်က အဖေ့ကိုပြဖို့အတွက် ပြန်လည်မွေးဖွားခြင်းအဆင့်ကို အမြန်ဆုံး ဖြတ်ကျော်ပါ့မယ်။

ကျန်းမာရေးကို ဂရုစိုက်ပြီးနေပေးပါ

စာရေးပြီးသော် လီဟမ်ရှန်းက စာကို စာအိတ်ထဲတွင် ထည့်ကာ ပိတ်လိုက်တော့သည်။ အဆင့်ငါးနယ်ပယ်ချိုးဖြတ်ဆေးလုံးမှာ သူက ကျိုးကျွင်းဆီမှာ ကြားလာခြင်းပင်ဖြစ်ပြီး ရှေးဟောင်းတာအိုဂိုဏ်းတွင်ပင် မရှိနိုင်လောက်သည့်ဆေးမျိုးပင် ဖြစ်သည်။

ထို့အပြင် ၎င်းဆေးမှာ အလွန်တရာမှကို ဈေးကြီးလွန်းလှပေသည်။ မိမိတွင် ငွေကြေးပြည့်စုံနေသည့်အချိန်မျိုးတွင်ပင် ဝယ်ယူ၍ မရနိုင်သော ဆေးမျိုး ဖြစ်လေသည်။

သူ၏ ကျင့်ကြံရေးလမ်းကြောင်းမှာ လွန်စွာမှပင် ချော့မွေ့နေခဲ့တော့သည်။ တော်တော်လေးကို ‌ချော့မွေ့နေခြင်းကြောင့်ပင် လီဟမ်ရှန်းမှာ သူ့ကိုယ်သူပင် ကံကြမ္မာသားတော်အလားဟုပင် ထင်မြင်လာခဲ့မိတော့သည်။

သူ့တွင် ငွေကြေးအခက်အခဲကြုံသည့်အချိန်တိုင်းလိုလိုတွင် လီချန်ချင်းမှာ သူ့အား ငွေကြေးများစွာ ထောက်ပံ့ပေးပြန်သည်။ သူ့အတွက် ကျင့်ကြံရေးနည်းလမ်းများချို့တဲ့နေသည့်အချိန်တုန်းကလည်း ရှမူဟိုင်က သူ့အား တိုက်ရိုက်တပည့်အဖြစ် လက်ခံသွားခဲ့သည်။

သူက သိုင်းကျင့်စဉ်တခုကို ဉာဏ်အလင်းရအောင် အားထုတ်မည့်အချိန်တွင်လည်း သစ်သားပန်းပုရုပ်ဖြစ်သော ဝူတောက်ကျီကို လက်ခံရရှိခဲ့ကာ

“ကျောက်တောင်ပေါ်မှ အင်မော်တယ်တပါးကို ငေးကြည့်ခြင်းပန်းချီကား” ကို ဉာဏ်အလင်းပွင့်သွားခဲ့ပြန်သည်။

သူ့ အဖြစ်မှာ အမှောင်ထဲမှ တစုံတယောက်က သူ့အတွက် လမ်းအသင့်ဖောက်ပေးနေသည့်အလားပင်။ သူ၏ အောင်မြင်မှုများမှာ လွန်စွာကြီးကျယ်နေပြီး သူ၏ အစောပိုင်းကာလတုန်းက ဘဝအခြေအနေများနှင့် လားလားမျှပင် တူမနေခဲ့ချေ။

ထို့ကြောင့် လီဟမ်ရှန်းက စမ်းသပ်ချင်နေခဲ့သည်။ သူက လွန်စွာရှားပါးလှသော အဆင့်ငါးဆေးလုံးကို လိုချင်သည်ဟု စာထဲတွင် ရေးသားခဲ့လေသည်။ ထိုစာကို ပို့ပြီး ရက်အနည်းငယ်အကြာတွင် အဆင့်ငါးဆေးလုံးက သူ့ထံသို့ ရောက်ရှိလာပါက လီချန်ချင်းနှင့် ပတ်သက်ပြီး တခုခု‌တော့မှားနေသည်မှာ ကျိန်းသေပေါက်ပင် ဖြစ်သွားပြီ။

စာကို ‌ရေးပြီးသောအခါတွင် လီဟမ်ရှန်းမှာ ယန်ယုယွင်အား စာအိတ်ကို ကမ်းပေးကာ အပြုံးတခုနှင့်ဆိုလိုက်၏။

“ယန်ညီမလေး ဒီစာကို ညီမ‌လေးကို အပ်လိုက်ပြီနော်”

“စိတ်မပူပါနဲ့ စီနီယာအကို” ယန်ယုယွင်က လွယ်လွယ်နှင့် သဘောတူညီလိုက်လေသည်။ စကားအနည်းငယ်ခန့် ဆက်ပြောပြီးသည့်အခါတွင် သူမ ပြန်သွားခဲ့လေသည်။

လီဟမ်ရှန်းသည် ရှမူဟိုင်ထံသို့ သွားကာ အကြံတောင်းမည့်အစီအစဉ်ကို ခဏရပ်ထားလိုက်၏။ လောလောဆယ်တွင် သူက အဆင့်ငါးဆေးလုံးကို ရ၊မရကို စောင့်ကြည့်လိုနေခဲ့တော့သည်။

နှစ်ရက်ကြာမြင့်သော် လုကျင်းမြို့တွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းသို့ ထူးခြားသောဧည့်သည်တယောက် ရောက်လာခဲ့တော့၏။ ရောက်ရှိလာသော ဧည့်သည်မှာ ကြော့ရှင်းနေကာ သူ့ပတ်ပတ်လည်လေထုတွင် တော်ဝင်ဆန်သော အငွေ့အသက်များနှင့် ဖုံးလွှမ်းနေခဲ့တော့သည်။ သူ၏ ခန့်ညားထည်ဝါသော တည်ရှိမှုကြောင့် လူကြီးလူကောင်းတယောက်ဟု မြင်သူတိုင်းကို ခံစားစေမိသွားခဲ့၏။ ဧည့်သည်မှာ သူ့ကိုယ်သူ စတင်၍ မိတ်ဆက်ခဲ့လေသည်။

“မင်ဟုန်ခရိုင်က ရေမြို့သခင် ကျိုးကျင့်ဖန်”

ထိုကဲ့သို့သော အရေးပါသောပုံရိပ်တခု ရောက်ရှိလာခဲ့ခြင်းကြောင့် ယန်လဲ့ရှန်ကိုယ်တိုင်ပင်လျှင် အပြင်သို့ထွက်ကာ ကြိုဆိုခဲ့လေ၏။

ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ စီးပွားရေးအခြေအနေမှာ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိသွားခြင်းကြောင့် ယန်ပါးထောင်နှင့်ကျန်လူများသည် ချန်ထင်မြို့လေးသို့ ပြန်သွားခဲ့ကြတော့သည်။ ချန်ထင်မြို့က ၎င်းတို့၏ မူလနေရာဖြစ်လေသည်။ သူတို့က ထိုနေရာတွင် အစဉ်အမြဲနေထိုင်၍ မဖြစ်ပါချေ။

ယန်လဲ့ရှန်တစ်ယောက်တည်းနှင့်ပင် ဤနေရာရှိကိစ္စရပ်များကို ကိုင်တွယ်နိုင်ရန် လုံလောက်နေခဲ့ချေပြီ။ သူတို့သုံးယောက်ထွက်သွားပြီးသည်နှင့် ယခုလိုမျိုး အရေးပါသည့် ပုံရိပ်တခုမှာ လာရောက်လည်ပတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပါချေ။

“အရှင်ကျိုး” ယန်လဲ့ရှန်က ရှေ့သို့တိုးကာ ‌လေးစားစွာဖြင့် ပြောလိုက်၏။

“အရှင့်ရဲ့ လာရောက်လည်ပတ်မှုက ကျွန်တော်တို့ရဲ့ ဆိုင်ခန်းလေးကို ချီးမြှင့်ပေးလိုက်တာပါပဲ။ အထဲကို ကြွပါ”

ကျိုးကျန့်ဖန်ကလည်း ယဉ်ကျေးသမှုနှင့် အရိုအသေပြန်ပေးခဲ့လေသည်။ ထို့နောက်တွင် ယန်လဲ့ရှန်၏ အနောက်မှလိုက်ကာ ချန်ချင်းကုန်သွယ်ရေး၏ အထူးဧည့်သည်တော်အခန်းသို့ ဝင်ရောက်သွားခဲ့တော့လေသည်။

လမ်းတလျှောက်တွင် ကျိုးကျန့်ဖန်က ချန်ချင်းကုန်သွယ်‌ရေးသို့ ဘာကြောင့်ရောက်လာတာလဲဆိုတာကို တွေးတောနေခဲ့မိလေသည်။ မင်ဟုန်ခရိုင်၏ မြို့အရှင်ဖြစ်နေသည့်အပြင် ရှေးဟောင်းတာအိုဂိုဏ်း၏ ပိုင်နက်ဖြစ်သောကြောင့် ကျိုးကျန့်ဖန်ကလည်း တချိန်တုန်းက ရှေးဟောင်းတာအိုဂိုဏ်း၏ တပည့်တယောက်ဖြစ်ပေလိမ့်မည်။

အဲ့ဒါကြောင့်ပဲ သူက ရေမြို့သခင်ဖြစ်လာသည့်ပုံပင်၊ သူ၏ ခွန်အားမှာလည်း အားနည်းလိမ့်မည် မဟုတ်ပါချေ။ ပြီးတော့ ဟိုင်မိသားစုကလည်း ရေမြို့တွင် ရှိသည်မဟုတ်ပါလား။ ကျိုးကျန့်ဖန်က ဟိုင်စုန့်‌ထောင်နဲ့များ နက်နဲတဲ့ ဆက်ဆံရေးရှိနေတာများလား?

သူဒီကိုရောက်လာတာက ကောလဟာလတွေအရ ဟိုင်စုန့်ထောင်ကို ချန်ချင်းကုန်သွယ်ရေးက သတ်ဖြတ်လိုက်တာကို ကြားလို့ ရောက်လာတာများလား။

“ဒီကုန်သွယ်ရေးကုမ္ပဏီက တကယ်ကောင်းတာပဲ” ကျိုးကျန့်ဖန်က ပတ်ပတ်လည်ကို ကြည့်ရှုကာ ပြုံးရင်း ချီးကျူးလိုက်လေ၏။

“ဒါက သေးငယ်တဲ့ ကုမ္ပဏီငယ်လေးပါ။ အရှင့်ရဲ့ အာရုံစူးစိုက်ဖို့အတွက် မတန်ပါဘူး” ယန်လဲ့ရှန်က နှိမ့်ချသည့်အပြုအမူနှင့် ခပ်မြန်မြန်ပင် တုန့်ပြန်လိုက်လေသည်။

ကျိုးကျန့်ဖန်ကို အထူးခန်းသို့ လမ်းပြပေးပြီးသည့်နောက်တွင် ယန်လဲ့ရှန်ကိုယ်တိုင်ပင် လက်ဖက်ရည်ကို ဖျော်ပေးလေတော့သည်။ ကျိုးကျန့်ဖန်က လက်ဖက်ရည်ကို တငုံသောက်ကာ စကားစပြောတော့မည့်အခိုက်မှာပင် သူ၏ မျက်လုံးများမှာ လင်းလက်သွားကာ လက်ဖက်ရည်ကို နောက်တငုံ သောက်လိုက်ပြန်သည်။

“ဒါက ဘယ်လိုလက်ဖက်ရည်မျိုးလဲ။ ဘာလို့အနံ့က အရမ်းသင်းနေရတာလဲ” ကျိုးကျန့်ဖန်က အပိုလုပ်ကာ ပြောဆိုနေခြင်းမဟုတ်ပေ။ သူ၏ နေ့စဉ်ဘဝတွင် လက်ဖက်ရည်ကို အမြဲသောက်သုံးနေခဲ့ရသည်။ သို့သော် ထိုလက်ဖက်ရည်များမှာ ယခုသူသောက်လိုက်သည့် လက်ဖက်ရည်လောက် မမွှေးပျံ့နေခဲ့ပါချေ။

“ဒါက ယန်မိသားစုက ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကြမ်းပါ။ တန်ကြေးဘယ်လောက်မှ မရှိပါဘူး” ယန်လဲ့ရှန်က အမြန်ပြောလိုက်တော့သည်။

“အရှင်ကျိုးက ကြိုက်တယ်ဆိုရင် ကျွန်တော်က လက်ဆောင်အနေနဲ့ ထုတ်ပိုးပေးလိုက်ပါ့မယ်” ယန်လဲ့ရှန်က လိမ်ညာနေတာမဟုတ်ပေ။ ထိုလက်ဖက်ရည်မှာ လွန်စွာမှကို သာမန်ဆန်လွန်းလှပါသည်။ လီချန်ချင်း သင်ပြပေးသောနည်းလမ်းနှင့် ပြုလုပ်ပြီးသောအခါတွင် လက်ဖက်ရည်မှာ ပိုမို၍ သင်းပျံ့လာခဲ့ခြင်းပင်။

သို့ပေမယ့် ထိုလက်ဖက်ရည်မှာ လက်တလောတွင် ကျောက်၊ယန်နှင့်ပိုင်မိသားစုတို့တွင်သာ ရှိကြလေသည်။ အခြားနေရာများတွင် မရှိကြသေးပေ။ ယခုလိုမျိုး ကျောက်ကျန့်ဖန်က ကြိုက်နှစ်သက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။

“ဆိုင်ရှင်ယန်က အရမ်းကို နှိမ့်ချလွန်းနေပါပြီ” ကျိုးကျန့်ဖန်က လျင်မြန်စွာ ပြန်ဖြေလိုက်လေသည်။ ထို့နောက်တွင် သူ၏ ဝတ်ရုံလက်အောက်မှ စာရွက်လေးတရွက်ကို ထုတ်ယူကာ ယန်လဲ့ရှန်အား တိုက်ရိုက်ပင် ကမ်းပေးလိုက်လေတော့သည်။

“ဆိုင်ရှင်ယန်၊ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ဒါလေးကို လက်ခံပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

“ဟင်” ယန်လဲ့ရှန်မှာ အတော်လေးကို အံ့အားသင့်သွားခဲ့လေသည်။ ကျိုးကျန့်ဖန်က ဒီကိုလာတာက ချန်ချင်းကုန်သွယ်‌ရေးကို လက်ဆောင်ပေးချင်လို့တဲ့လား။ ယန်လဲ့ရှန်က စာရွက်ကို သိလိုစွာနှင့် ယူကာကြည့်လိုက်တော့လေသည်။ ထိုစာရွက်မှာ ပိုင်ဆိုင်မှုစာချုပ်ဖြစ်နေသည်။

ထိုစာချုပ်မှာ ‌ရေမြို့ရှိ မင်ဟိုင်ကုန်သွယ်ရေး၏ ပိုင်ဆိုင်မှုစာချုပ်ပင်။

“ဒါက...” ယန်လဲ့ရှန်မှာ တဒင်္ဂခန့် လန့်သွားခဲ့လေသည်။ ဘာလို့များ မင်းဟိုင်ကုန်သွယ်ရေးလုပ်ငန်း၏ ပိုင်ဆိုင်မှုစာချုပ်ကို ချန်ချင်းကုန်သွယ်‌ရေးထံသို့ လာပေးနေရတာလဲ။ ဒါပေမယ့် ဒီအရာက တကယ့်ကို စိတ်လှုပ်ရှားစရာပဲလေ။ မြေပိုင်ဆိုင်မှုစာချုပ်က အလွန့်ကို တန်ဖိုးရှိသည်မဟုတ်ပါလား။ နောက်ထပ်အ‌ရေးကြီးတာတခုက ထိုစာချုပ်ရှိလျှင် အနာဂတ်တွင် ရေမြို့၌ လုပ်ငန်းခွဲ ဖွင့်လှစ်နိုင်မည် မဟုတ်ပါလား။

“ဒီလက်ဆောင်က ကြီးမားလွန်းပါတယ်။ အကြောင်းပြချက်မရှိပဲနဲ့ ကျွန်တော်တို့ ချန်ချင်းကုန်သွယ်ရေးက ဒီလိုမျိုး လက်ဆောင်မျိုးကို လက်မခံနိုင်ပါဘူး” ယန်လဲ့ရှန်က အလျင်အမြန်ပင် ငြင်းဆန်ခဲ့လေတော့သည်။ ယန်လဲ့ရှန်မှာ ထိုစာချုပ်ကို အလွန်အမင်းကို လိုချင်နေသည့်တိုင်အောင် အကြောင်းပြချက်မသိရပဲနှင့် မယူရဲပေ။

ဆိုရိုးစကားတခုရှိသည်မဟုတ်ပါလား။ လက်ဆောင်တခုကို လက်ခံလိုက်ပါက အနာဂတ်တွင် ကျေးဇူးပြန်တုန့်ပြန်ရမည်တဲ့လေ။ ဒီလက်ဆောင်ကို လက်ခံပြီးတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဘယ်သူမှ မသိဘူးလေ။

“ချန်ချင်းကုန်သွယ်ရေးရဲ့ ပူးပေါင်းလုပ်ဆောင်မှုက အကောင်းဆုံးလို့ ပြောလို့ရပါတယ်” ကျိုးကျန့်ဖန်က ဖြေလိုက်သည်။

“ချန်ချင်းကုန်သွယ်ရေးရဲ့ ဝင်ရောက်စွတ်ဖက်မှုကြောင့်သာ မဟုတ်ရင် ဒီစာချုပ်က ကျုပ်လက်ထဲကိုတောင် ရောက်လာနိုင်မှာမဟုတ်ပါဘူး။ ပြီးတော့ ဟိုင်မိသားစုကနေ ကျုပ်ရရှိခဲ့တဲ့ အကျိုးအမြတ်တွေက အတော်လေးကို များပြားလွန်းပါတယ်။ ဒီပိုင်ဆိုင်မှုစာချုပ်လေးက ကျုပ်အနေနဲ့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို ကျေးဇူးတုန့်ပြန်တာပါ”

“ကျေးဇူး?” ယန်လဲ့ရှန်က လောလောဆယ်တွင် အတော်လေး ရှုပ်ထွေးနေခဲ့တော့လေ၏။

“ကောင်းပြီ အဲ့ဒါဆိုရင် စာချုပ်ကို ဒီမှာပဲထားခဲ့လိုက်တော့မယ်နော်။ ဆိုင်ရှင်ယန်က ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို ရေမြို့မှာပါ ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ရေမြို့သခင်ဖြစ်တဲ့ ကျုပ်က သေချာပေါက်ကို ကြိုဆိုနေမှာပါ” ထိုသို့ပြောပြီးသည့်နောက်တွင် ကျိုးကျန်းဖန့်သည် မတ်တပ်ရပ်ကာ ထွက်သွားရန်အတွက် ဟန်ပြင်လိုက်လေသည်။

“ ကျုပ်လိုက်ပို့ပေးပါရစေ” ယန်လဲ့ရှန်သည် အလျင်အမြန်ပင် လက်ဖက်ရည်ထုတ်ကို ထုပ်ပိုးကာ ကျိုးကျန့်ဖန်အား ပေးလိုက်လေ၏။ ကျိုးကျန့်ဖန်က ရယ်မောကာ လက်ဖက်ခြောက်ထုပ်ကို လက်ခံကာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းစုမှာ ပြန်လည်ထွက်ခွာသွားခဲ့တော့လေသည်။

ကျိုးကျန့်ဖန်ကို လိုက်ပို့ပြီးသည့်နောက်တွင် ယန်လဲ့ရှန်သည် သူ့လက်ထဲမှ စာချုပ်ကို ကြည့်ကာ နားမလည်နိုင်ပဲ ရှိနေပြန်၏။

ဒါက ကံကောင်းတာများလား၊ စာချုပ်မှာ တန်ဖိုးကြီးမားလွန်းလှပေသည်။ လုကျင်းမြို့ရှိ ဆိုင်ခန်းမှာ သိပ်မကြီးမားလှပေ။ ထိုဆိုင်ခန်းကို ဝယ်ယူရရန်အတွက် မိသားစုများစွာတို့၏ ပိုင်ဆိုင်မှုများကို ထုတ်သုံးခဲ့ရလေသည်။

ရေမြို့ရှိ မင်ဟိုင်ကုန်သွယ်ရေးလုပ်ငန်း၏ တည်နေရာသည် နေရာကောင်းဖြစ်သည့်အပြင် ကျယ်လည်းကျယ်ပေသည်။ ၎င်း၏ တန်ဖိုးမှာ လက်ရှိ လုကျင်းမြို့ရှိ ချန်ချင်းကုန်သွယ်‌ရေးလုပ်ငန်းထက် များစွာကို သာလွန်လွန်းလှပေသည်။

ယန်လဲ့ရှန်သည် အနောက်သို့လှည့်ကာ ယန်ပါးထောင်အား ထိုအကြောင်းနှင့် ပတ်သက်ပြီးတော့ စာရေးကာအကြောင်းကြားတော့မည့်အချိန်မှာပင် သူ့အား တစုံတဦးမှာ လှမ်းခေါ်လိုက်သည်ကို ကြားလိုက်ရတော့လေသည်။

“ဒီနေရာက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းလားဗျ” ယန်လဲ့ရှန် အနောက်သို့ လှည့်လိုက်သည့်အခါတွင် လွန်စွာကြီးမားကာ အရောင်အသွေးစုံလင်ပြီး ခရမ်းရောင်အစက်အပြောက်များ ထနေသည့် ကျားကြီးတကောင်ဆွဲသော ရထားလုံးတလုံးကို မြင်လိုက်ရတော့သည်။

လမ်းပေါ်ရှိ လူများစွာတို့သည် ခရမ်းရောင်အစက်အပြောက်များနှင့် ကြီးမားလှသော ကျားကြီးကို မြင်ကာ ကြောက်ရွံ့နေခဲ့ကြတော့၏။ ထိုကျားကြီးမှာ ဝိဉာဉ်သားရဲ ဖြစ်ပေ၏။ လူတယောက်သည် ရထားလုံးပေါ်မှ ဆင်းလာခဲ့သည်။

ထိုလူ့ထံမှလည်း ဆန်းကြယ်ကာ သီးခြားဆန်သည့် အရှိန်အဝါများထွက်ပေါ်နေခဲ့ပြန်သည်။ မူလအဆင့်ပင် ဖြစ်သည်။ ယန်လဲ့ရှန်သည် ချက်ချင်း အရှေ့တိုးကာ အရိုအသေပေးလိုက်ရတော့သည်။

“ကျုပ်ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါ။ ဒီက လူကြီးမင်းက ဘယ်သူများပါလဲ”

“ဆိုင်ရှင်ယန်က ယဉ်ကျေးလွန်းနေပါပြီ။ ကျုပ်နာမည်က ရှရီလို့ခေါ်ပါတယ်”

ထိုလူက ပြန်လည်၍ အရိုအသေပြုလိုက်သည်။ သူ၏ အပြုအမူများမှာလည်း လွန်စွာ ယဉ်ကျေးနေပြန်တော့သည်။

“ရှရီ” ယန်လဲ့ရှန်သည် အနည်းငယ်အံ့အားသင့်နေခဲ့သည်။ ထို့နောက်မှ အလန့်တကြားနှင့် ပြောလိုက်လေ၏။

“နန့်ဝမ်ပို့ဆောင်ရေးက သခင်ရှပါလား”

နန့်ဝမ်မြို့မျက်နှာဖုံး ရှမိသားစု...

၎င်းမိသားစုမှာ နာမည်ကြီးကာ လူသိများသော မိသားစုဖြစ်လေသည်။ မင်ဟုန်ခရိုင်တခုလုံး၏ သင်္ဘောတဝက်ကျော်ခန့်ကို ထိန်းချုပ်ထားသော စီးပွားရေးမိသားစုလည်း ဖြစ်ပါသည်။

“သခင်ရှ ကျေးဇူးပြုပြီး အထဲကို ကြွပါဦး” ယန်လဲ့ရှန်မှာ ခပ်မြန်မြန်ပင် နှုတ်ဆက်လိုက်လေ၏။ သူ့စိတ်ထဲတွင်တော့ ရှမိသားစုမှာ လုကျင်းမြို့ကို ဘာကြောင့်ရောက်လာတာလဲဆိုတာကို သိချင်နေခဲ့မိလေ၏။

ရှရီ၏ အမူအရာမှာ လုံးဝကို ယဉ်ကျေးနေခဲ့လေ၏။ လွှမ်းမိုးနိုင်သော အာဏာရှိသခင်ကြီးတပါး၏ လက္ခဏာမျိုး လုံးဝကို ရှိမနေခဲ့ချေ။ အမွှေးတိုင်နှစ်တိုင်ခန့် ကုန်ဆုံးသည့် ကြာချိန်သို့ အ‌ရောက်တွင် ရှရီက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းစုမှ ပြန်လည်ထွက်လာကာ သူ၏ ရထားလုံးပေါ်သို့ ပြန်တက်သွားခဲ့တော့သည်။

ယန်လဲ့ရှန်က တံခါးဝ၌ မတ်တပ်ရပ်နေကာ သူ့အားလိုက်ပို့ခဲ့လေသည်။ ဒါပေမယ့် သူ့ပုံစံမှာ အိပ်မက်ယောင်နေသည့် ပုံစံဖြစ်နေခဲ့တော့သည်။ ရှရီသည် ချန်ချင်းကုန်သွယ်‌ရေးလုပ်ငန်းသို့ ‌ရောက်လာခဲ့ကာ ငွေစ ငါးမီလီယံနှင့် ညီမျှသော ငွေလက်မှတ်များကို ဝယ်ယူသွားခဲ့လေ၏။ ထို့အပြင် အသင့်စား စားသောက်ကုန်အမြောက်အမြားကိုလည်း တပါတည်း ဝယ်ယူသွားခဲ့ကာ အနာဂတ်တွင်လည်း ဝယ်ယူရန်အတွက် စာချုပ်ချုပ်သွားခဲ့လေ၏။

တချိန်တည်းမှာပင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှ အနာဂတ်တွင် သင်္ဘောများကို လိုအပ်ပါက ရှမိသားစုမှ အချိုသာဆုံးသော ဈေးနှုန်းနှင့် အဆင်ပြေအောင် ဆောင်ရွက်ပေးမည့်အကြောင်းကိုပါ ကတိပြုသွားခဲ့လေသည်။

ထိုကဲ့သို့သော ဆက်ဆံခြင်းကို ခံလိုက်ရသဖြင့် ယန်လဲ့ရှန်မှာ ကမ္ဘာကြီးက ပြောင်းပြန်လည်နေသည်ဟုပင် ခံစားနေခဲ့ရလေတော့၏။

ငါးမီလီယံ ငွေလက်မှတ်များ၊ ထိုကဲ့သို့ မြောက်မြားစွာသော ငွေတွေနဲ့ သူ ဘာလုပ်ရပါတော့မလဲ။ ထိုအခိုက်တွင် ရှမိသားစုသည်လည်း ဟိုင်မိသားစု၏ ကျရှုံးမှုတွင် အကျိုးအမြတ်များစွာတို့ ရရှိခဲ့သည်ကို ယန်လဲ့ရှန်က သဘောပေါက်လာခဲ့လေတော့၏။

ရှရီ၏ ညီငယ်မှာ အမည်ပျက်လူဆိုးများကို လိုက်လံဖမ်းဆီးသော မုဆိုးဖြစ်ခဲ့ပါသည်။ ဟိုင်စုန့်ထောင်ကို လိုက်ဖမ်းခဲ့စဉ်အခါတုန်းက ဟိုင်စုန့်ထောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလေသည်။ ခရမ်းရောင်အစက်အပြောက်များရှိသော ကျားကြီးဆွဲသော ရထားလုံးကို လူငယ်လေးတယောက်က မောင်းနှင်နေခဲ့သည်။ သူက ပြုံးရင်းနှင့် မေးလိုက်တော့သည်။

“သခင်ကြီး ကျွန်တော်တို့က ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို အဲ့လောက်အကျိုးအမြတ်တွေအများကြီး ပေးလိုက်တာက တန်ကောတန်ရဲ့လား”

“အသက်တချောင်းကို ဝယ်ဖို့ပေးရတာ တန်ပါတယ်လေ” ရှရီ၏ အသံမှာ အတွင်းဖက်မှာ ထွက်လာခဲ့လေတော့သည်။

“လူအိုကြီးဟိုင်က ချန်ချင်းကုန်သွယ်ရေးကြောင့် တိတ်တိတ်လေး အသံတောင်မထွက်ပဲ သေသွားခဲ့တယ်။ ဟိုင်မိသားစု ကျဆုံးတဲ့အချိန်မှာလည်း ချန်ချင်းကုန်သွယ်ရေးက သူတို့နဲ့ မဆိုင်သလို ဝင်မပါသလို အကျိုးအမြတ်တွေကိုလည်း ထိတောင်မထိဘူး။ အဲ့ဒါဘာကြောင့်လို့ မင်းထင်သလဲ”

“ဟုတ်တယ်” လူငယ်လေးက ခေါင်းညိတ်လိုက်သည်။

“အင်အားစုအများကြီးက ဟိုင်မိသားစုကို ပြစ်မှတ်ထားနေကြတာမို့လို့ ချန်ချင်းကုန်သွယ်‌ရေးလုပ်ငန်းက သူတို့ရဲ့ အင်အားကို လူသိမခံစေချင်လို့ လျို့ဝှက်ထားနေသေးတာပဲ။ ပြီးတော့ ဟိုင်မိသားစုလို့ခေါ်တဲ့ ကိတ်မုန့်ကို ဘယ်သူတွေက ထိနေတာလဲဆိုတာကို သူတို့ သေချာသိကြတယ်။ သူတို့ တိတ်ဆိတ်နေတာက မိသားစုတိုင်းရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေကြတာ ဖြစ်ရလိမ့်မယ်”

“မင်းနားလည်တာ ကောင်းတယ်” ရှရီက ထူးမခြားနားစွာ ပြောလိုက်၏။

“ချန်ချင်းကုန်သွယ်‌ရေးလုပ်ငန်းရဲ့ ‌နောက်ကွယ်က လူက မရိုးရှင်းဘူး။ သူက တိတ်ဆိတ်နေပြီးတော့ ငါတို့ဖက်က အရင်ဆုံး စလှုပ်ရှားမှာကို စောင့်နေခဲ့တာ။ စိတ်ပိုင်းဆိုင်ရာကစားပွဲနဲ့ပတ်သက်ရင်တော့ ဒီလူက တကယ့်ကို တော်လွန်းတာပဲ”

All Chapters