အခန်း (၁၁၄)
Vol. 12 Ch. 114
“အဲ့လို လူမျိုးက ဟိုင်မိသားစုထက်ကို အစပေါင်းများစွာ ပိုကြောက်ဖို့ကောင်းတယ်။ အဲ့ဒါကြောင့် ငါတို့လုပ်ရမှာက သူတို့နဲ့ မိတ်ဆွေဖွဲ့ပြီး မဆန့်ကျင်မိဖို့ပဲ” ရှရီက ဖြေးညင်းစွာ ပြောလိုက်လေသည်။
“နောက်ထပ်တခုရှိသေးတာက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ နောက်ကွယ်က လူက လူအများနဲ့ ဆက်ဆံတာ အရမ်းကို ပါးနပ်တဲ့လူပဲ။ သူက ငါတို့ကို အကျိုးအမြတ်အများကြီးရအောင် လုပ်ပေးခဲ့တယ်လေ။ အကျိုးအမြတ်တွေထဲက တစိတ်တပိုင်းကိုလည်း ပေးသေးတယ်။ ပြီးတော့ ငါ့အတွက်လည်း လက်စားချေပေးသွားခဲ့သေးတယ်။ ငါကိုယ်တိုင် ဟိုင်စုန့်ထောင်ကို မသတ်လိုက်ရဘူးဆိုပေမယ့် ငါ့ဘဝသက်တမ်းမကုန်သေးတဲ့အချိန်မှာ ဟိုင်မိသားစုပျက်စီးသွားတာကို မြင်လိုက်ရတာက လုံလောက်နေပါပြီ”
“အမှန်ပဲ” လူငယ်လေးက ပြောလိုက်သည်။
“ဟိုင်စုန့်ထောင်ကို သတ်လိုက်တာက တကယ့်ကို စိတ်ကျေနပ်စရာပါပဲ” ခရမ်းရောင်အစက်အပြောက်နှင့် ကျားကြီးဆွဲသော ရထားလုံးကြီးမှာ လုကျင်းမြို့မှာ ဖြေးညှင်းစွာနှင့် ထွက်သွားခဲ့တော့လေသည်။
အင်အားစုများစွာတို့မှ လှုပ်ရှားကြသည်မဟုတ်၊ ယွင်လင်ဂိုဏ်းကလည်း ဒီတခေါက်တွင် အငြိမ်မနေတော့ပဲ လှုပ်ရှားလာခဲ့တော့၏။
လင်းရှန်နန်က သူ၏ သမီးဖြစ်သူ လင်းဝမ်ရှုထံသို့ စာတိုက်ရိုက်ပင် ရေးသားပို့ခဲ့လေသည်။ စာထဲတွင် ချန်ချင်းကုန်သွယ်ရေးအတွက် အကျိုးအမြတ်အချို့ကို ပေးအပ်ရန် ညွှန်ကြားထားလေခဲ့တော့သည်။
သူတို့က လျင်မြန်စွာ ဆောင်ရွက်ဖို့လိုပေသည်။ သူတို့က တခြားသူများ၏ နောက်တွင် အများကြီးကျန်ရစ်နေလို့ မဖြစ်ပါချေ။ ချန်ချင်းကုမ္ပဏီမှ သူတို့အား ဘဝင်လေဟပ်နေသည်ဟု အထင်မခံနိုင်ပေ။
အခြားသောအင်အားစုများက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ နောက်ကွယ်မှ အင်အားကို မသေချာမရေရာစွာ ခန့်မှန်းနေကြပေလိမ့်မည်။ ဒါပေမယ့် လင်းရှန်းနန်က သူ၏ မျက်လုံးနှစ်လုံးနှင့် မြင်ခဲ့သည် မဟုတ်ပါလား။ သူ၏ အမြင်တွင် လီချန်ချင်း၏ စွမ်းအားမှာ အနည်းဆုံးတော့ မူလအဆင့်၏မဟာပြီးပြည့်စုံခြင်းတွင် ရောက်နေခဲ့ချေပြီ။ ယွင်လင်ဂိုဏ်းမှာ ထိုကဲ့သို့သော ပညာရှင်မျိုးကို ပစ်မှားနိုင်သော အခြေအနေမျိုးမရှိချေ။
ထိုစာထဲရှိ ကျိုးကျန့်ဖန်နှင့် ရှရီ၏ လုပ်ဆောင်မှုများကိ ဖတ်ရှုပြီးသည့်နောက်တွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ ရည်ရွယ်ချက်ကို လင်းဝမ်ရှုက ကောင်းကောင်းနားလည်သွားခဲ့လေပြီ။
လင်းဝမ်ရှုသည် လက်ဆောင်များကို အလျင်အမြန်ပင် ပြင်ဆင်ပြီးနောက်တွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းထံသို့ နေ့လည်မတိုင်မီ သွားရောက်လည်ပတ်ခဲ့လေသည်။ မိသားစုတခုမှ စတင်၍ လှုပ်ရှားလိုက်သည်နှင့် ကျန်မိသားစုများပါ အငြိမ်မနေနိုင်တော့ပဲ စတင်၍ လှုပ်ရှားလာခဲ့တော့၏။
ဤရက်ပိုင်းတွင် ယန်လဲ့ရှန်မှာ လက်ဆောင်ပစ္စည်းမျိုးစုံကို လက်ခံနေခဲ့ရတော့သည်။ နာမည်ကြီးပုဂ္ဂိုလ်များစွာတို့မှာ လက်ဆောင်များကို လာရောက်ပေးကမ်းနေခဲ့ကြနေတော့သည်။ ထိုလက်ဆောင်များအားလုံးမှာ ရှားပါးကာ တမူထူးခြားသည့်အရာများသာ ဖြစ်ပေသည်။
ယန်လဲ့ရှန်မှာ စစချင်းတော့ လွန်စွာမှကို ထိတ်လန့်နေခဲ့တော့သည်။ ထို့နောက်တွင် စိတ်ခံစားချက်များ မြင့်တက်လာသည့်အချိန်သို့ ရောက်လာခဲ့လေတော့သည်။ နောက်ဆုံးတွင်တော့ ကြုံတွေ့ပါများလွန်းလာသောကြောင့် ထုံသွားခဲ့လေပြီ။ ထို့ကြောင့် မြောက်မြားစွာသော နာမည်ကြီးပုဂ္ဂိုလ်များနှင့် ကြုံတွေ့လာခဲ့သည့်တိုင် သူက အေးအေးဆေးဆေးပင် ကိုင်တွယ်နိုင်ခဲ့လာတော့သည်။
သူ၏ တည်ငြိမ်သော အမူအရာတို့ကြောင့် ရောက်ရှိလာကြသော စွမ်းအားကြီးပုဂ္ဂိုလ်များအားလုံးမှာ ချန်ချင်းကုန်သွယ်ရေးတွင် ခိုင်မာတောင့်တင်းသော အင်အားရှိသည်ဟု ပိုမို၍ ယုံကြည်လာခဲ့လေတော့သည်။ ထိုကဲ့သို့သော အင်အားမရှိပါက ပြန်လည်မွေးဖွားခြင်းအဆင့်၏ပြီးပြည့်စုံခြင်းအဆင့်ကိုသာ ရောက်နေသည့် ဘာမဟုတ်တဲ့ ပုရွက်ဆိတ်လေးက သူတို့ကို ဘာမှမဖြစ်သလို သာမန်အတိုင်းဆက်ဆံနိုင်မှာလဲ။
လက်ရှိအချိန်တွင် ချန်ထင်မြို့မှ ယန်ပါးထောင်တို့မှာ ယန်လဲ့ရှန်၏ သတင်းပို့မှုကို ရရှိလာခဲ့တော့လေ၏။ ယန်လဲ့ရှန် ပို့လိုက်သော လက်ဆောင်စာရင်းကို မြင်တွေ့ပြီးသော် သူတို့မှာ မျက်လုံးပြူးနေခဲ့ကြလေပြီ။
မြို့နယ်အသီးသီးရှိ မြေနေရာကောင်းများ၏ ပိုင်ဆိုင်မှုစာချုပ်များမှာ ဆယ်ခုကျော်ပင် ရှိနေခဲ့တော့၏။ ထိုနေရာများမှာ အနာဂတ်တွင် လုပ်ငန်းခွဲများဖွင့်လှစ်ရန်အတွက် သင့်တော်သွားပေလိမ့်တော့ပေမည်။
ငွေကြေးအပါအဝင် အခြား ရတနာများစွာတို့မှာမူ မရေမတွက်နိုင်အောင်ကိုပင် များပြားလွန်းလှပေသည်။ ငွေတုံးများသီးသန့်ဆိုလျှင် ရှစ်မီလီယံရှိ၏။
သူတို့သုံးယောက်မှာ တနေရာထဲ၌ စကားတခွန်းမှ မပြောဆိုပဲ အကြာကြီးထိုင်နေခဲ့လေသည်။ ထိုကဲ့သို့သော အကျိုးအမြတ်နှင့် ချမ်းသာမှုများမှာ ချန်ထင်မြို့တွင်ရှိသမျှ မိသားစုများအားလုံးပေါင်း ပိုင်ဆိုင်မှုများထက်ကို များစွာ သာလွန်နေခဲ့တော့သည်။ ငွေတုံးနှစ်မီလီယံလောက်သုံးရုံနှင့် လက်ရှိ ချန်ချင်းကုန်သွယ်ရေးတခုလုံးကို ဝယ်ယူနိုင်သည် မဟုတ်ပါလား။
“ လတ်စသတ်တော့ ဒီလိုကိုး...အချိန်အတော်ကြာမှသာ ကျောက်ရီချိုးက အထိတ်တလန့်နှင့် ရေရွတ်လိုက်လေ၏။
“ဒါတွေအားလုံးက လူကြီးမင်းချန်ချင်းရဲ့ အစီအစဉ်အတိုင်းတွေ ဖြစ်နေမယ်လို့ မထင်ထားခဲ့မိဘူး”
လူကြီးမင်းချန်ချင်းက ငါတို့တွေက ဟိုင်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးဆိုတာကို သိနေခဲ့တယ်။ အဲ့ဒါကြောင့်မို့လို့ သူက ဘာမှမလုပ်ပဲ စောင့်ဆိုင်းနေဖို့ကို ဆုံးဖြတ်လိုက်တာပဲ။ အဲ့အချိန်ကျမှ သူတို့က အကျိုးအမြတ်တွေကို လာပို့ကြတော့တာပဲ။
“ ငါနားလည်ပြီ။ လူကြီးမင်းချန်ချင်းက ဟိုင်စုန့်ထောင်ကို သတ်လိုက်တာက ဟိုင်မိသားစုကို ဖျက်စီးပစ်လိုက်ရုံတင်မကဘူး၊ တခြားအင်အားစုတွေကိုပါ ငါတို့နဲ့ လာမရှုပ်ဖို့ သတိပေးလိုက်တော့တာပဲ”
“ဒီဖြစ်ရပ်က ငါတို့ ချန်ချင်းကုန်သွယ်ရေးရဲ့ ဂုဏ်သတင်းကို လူသိသွားစေခဲ့တာပဲ”
ကျောက်ရီချိုးမှာ လီချန်ချင်း၏ ရည်ရွယ်ချက်ကို သိသည့်အလား စိတ်အားတက်ကြွစွာနှင့် ပြောဆိုနေခဲ့တော့လေသည်။
ခဲတလုံးနှင့် ငှက်နှစ်ကောင်ပစ်လိုက်သည့် လုပ်ရပ်မှာ လွန်စွာမှကို ထိရောက်လွန်းလှပေသည်။
“လူကြီးမင်းချန်ချင်းက ဟိုင်စုန့်ထောင်ကို လုပ်ကြံသတ်ဖြတ်လိုက်တာ အံ့ဩစရာ မရှိတော့ဘူးပဲ” ပိုင်ကျင့်ဖေးကလည်း ကောင်းကောင်းသဘောပေါက်နားလည်သွားသည့်ပုံစံပင်။
“ဟိုင်စုန့်ထောင်လို စွမ်းအားရှင်တောင် သူ့အိမ်မှာ ဘယ်သူမှ မသိပဲနဲ့ကို အသတ်ခံလိုက်ရတာဆိုတော့၊ ဘယ်သူမဆို မလုံခြုံတော့ဘူးဆိုတဲ့ စိတ်အခြေအနေကို ထည့်ပေးလိုက်တော့တာပဲ။ သူတို့အားလုံးက ဒါကို နားလည်ကြမှာပဲ”
“ဒီတော့ သူတို့က ဟိုင်မိသားစုရဲ့ အကျိုးအမြတ်ကို ယူထားတာမို့လို့ ၊ ငါတို့တွေကို ဝေစုမပေးရင် တရက်ရက်မှာ အိမ်မှာထိုင်နေရင်းနဲ့ ရုတ်တရက် သေဆုံးသွားမှာကို စိုးရိမ်လာကြတာဖြစ်မယ်”
ပိုင်ကျင့်ဖေးမှာ စကားပြောနေရင်းနှင့်ပင် ပို၍ပို၍ စိတ်လှုပ်ရှားလာခဲ့တောလေသည်။
“လူကြီးမင်းချန်ချင်းက တကယ့်ကို အာဂလူပဲဗျာ”
“မဟာအကြီးအကဲက တကယ့်ကို ပါရမီရှင်ပါပဲ” ယန်ပါးထောင်သည်လည်း သက်ပြင်းမှုတ်ထုတ်လိုက်လေ၏။
“မဟာအကြီးအကဲက တံခါးပိတ်ကျင့်ကြံနေပေမယ့် သူက အရာအားလုံးကို တိတ်တဆိတ်နဲ့ စီစဉ်ထားခဲ့တာပဲ”
“အာ “ သို့သော် ထိုအခိုက်တွင် ကျောက်ရီချိုးမှာ သက်ပြင်းချလိုက်တော့လေ၏။ သူ၏ ငှက်မွှေးယပ်တောင်ကိုပင် အောက်သို့ ချထားလိုက်လေတော့သည်။
“လူအိုကြီးကျောက် ဘာဖြစ်လို့လဲ” ပိုင်ကျင့်ဖေးက မေးလိုက်လေသည်။
“အခြေအနေတွေအားလုံးက ဟန်ကျနေတယ်လေ။ ကျုပ်တို့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကလည်း အနာဂတ်မှာ အောင်မြင်တော့မှာလေ။ ကျုပ်တို့ အမြတ်အစွန်းတွေလည်း အများကြီးကို ရနေခဲ့တာလေ။ ခင်ဗျားက ဘာလို့ သက်ပြင်းတွေချနေခဲ့တာလဲ”
“မင်းတို့ နှစ်ယောက်ကွာ” ကျောက်ရီချိုးသည် ကျန်နှစ်ယောက်ကို လေးနက်စွာ ကြည့်လိုက်လေ၏။
“ ကုန်သွယ်ရေးလုပ်ငန်းကို စပြီးတည်ထောင်တဲ့ အခြေအနေကနေ အခု ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို မင်ဟုန်ခရိုင်တခုလုံးသိလာတဲ့အထိ နာမည်ကြီးတဲ့ အခြေအနေအထိကို၊ ငါတို့သုံးယောက်က ဘာများလုပ်ပေးနိုင်ခဲ့လဲ။ ဘယ်နေရာကနေ တထောင့်တနေရာ ကူညီပေးခဲ့တာရှိလဲ။ အရာအားလုံးက လူကြီးမင်းချန်ချင်းကပဲ လုပ်သွားခဲ့တာလေ။ ငါတို့သုံးယောက်ပါခဲ့တာ ဘာများရှိလို့လဲ”
“အကိုယန် ခင်ဗျားက ဟိုဝုကိုပဲသတ်ခဲ့တာ၊ ဒီလိုမျိုးအောက်တန်းစားကောင်က လူကြီးမင်းချန်ချင်းရဲ့ အစီအစဉ်ကို လုံးဝကို ထိခိုက်နိုင်စရာမရှိဘူး”
ကျောက်ရီချိုး၏ စကားလုံးများမှာ ယန်ပါးထောင်နှင့် ပိုင်ကျင့်ဖေးကို တိတ်ဆိတ်သွားစေခဲ့တော့၏။
ဥက္ကဌနှင့် ဒုဥက္ကဌရာထူးကို ယူထားသည့် သူတို့ သုံးယောက်မှာ ဘာတာဝန်မှကို မလုပ်ဆောင်နိုင်ခဲ့ကြချေ။
“ ကုမ္ပဏီကို စဖွဲ့စည်းကာစတုန်းက မဟာအကြီးအကဲက ယွင်လင်ဂိုဏ်းကို ကိုယ်တိုင်ကိုယ်ကျသွားပြီး လာမရှုပ်ရဲအောင် အစွမ်းပြထားခဲ့တယ်။ နောက်ပြီးကျတော့လည်း မဟာအကြီးအကဲက ဟိုင်မိသားစုရဲ့ ပြသနာအကြီးကြီးကိုလည်း ဝင်ပြီးဖြေရှင်းပေးခဲ့ရသေးတယ်”
“ငါတို့ကလည်း အကျိုးအမြတ်တွေကို ရချင်ခဲ့ကြတာပဲ။ ဒါပေမယ့် ငါတို့ရဲ့ အင်အားက မလုံလောက်လို့ တခြားအင်အားစုတွေနဲ့ ဝင်ရောက်ပြီး မလုယက်နိုင်ခဲ့ကြဘူး။ မမျှော်လင့်ပဲနဲ့ ငါတို့ရဲ့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ဝေစုကို ရခဲ့တဲ့အပြင်ကိုမှ ခြင်္သေ့အပုံကိုတောင် ရခဲ့သေးတယ်။ နောက်ဆုံးမှာတော့ ငါတို့သုံးယောက်က ဘာတခုမှ မလုပ်ပေးနိုင်ခဲ့ပဲနဲ့ လုပ်ငန်းက တဖြေးဖြေးနဲ့ ကြီးထွားလာတာကိုပဲ ထိုင်ကြည့်နေခဲ့ရတော့တယ်။
ရိုးရိုးသားသားပြောရရင် လူကြီးမင်းချန်ချင်းနဲ့ မျက်နှာချင်းဆိုင်ဖို့အတွက် ငါရှက်တယ်ကွာ” ကျောက်ရီချိုးက ခါးသက်စွာ ပြုံးရင်း ဆိုလိုက်လေသည်။ သူ့ကိုယ်သူ အမြဲ လုပ်နိုင်ကိုင်နိုင်စွမ်းရှိသောကြောင့် ဂုဏ်ယူနေမိခဲ့သည်။ သို့သော် ဒီတကြိမ်တော့ စိတ်ဓာတ်ကျသည့် ဝေဒနာကို ခံစားနေခဲ့ရတော့သည်။
“ငါကလည်း အတူတူပဲမဟုတ်ဘူးလား” ယန်ပါးထောင်သည်လည်း ကျောက်ရီချိုး၏ ပြောစကားကို မျက်နှာမသာမယာနှင့် နားထောင်နေလေတော့သည်။
“လူကြီးမင်းချန်ချင်းက ငါတို့မိသားစုရဲ့ မဟာအကြီးအကဲလေ။ သူက ငါ့ကို မူလအဆင့်ကို ရောက်အောင်တောင် လုပ်ပေးသွားခဲ့တာ။ အခုငါက သူ့ကို ဘယ်လိုမျက်နှာပြရတော့မှာလဲ”
“ငါတို့ကောပဲလေ” ပိုင်ကျင့်ဖေးလည်း သူ၏ စိတ်အားတက်ကြွမှုများ ပျောက်ကွယ်နေကာ ပြောလိုက်သည်။
“ငါတို့က ချန်ထင်မြို့လေးမှာ နှစ်ပေါင်းများစွာ နေထိုင်ပြီးတော့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ကြတာ၊ ဒီလောက်လေးလုပ်နိုင်တာနဲ့တင် ကိုယ့်ကိုကိုယ် အတော်လေးဟုတ်နေပြီလို့ ထင်နေခဲ့မိတာလေ။ အပြင်လောကကို ရောက်သွားတော့မှ၊ ငါတို့က ရေတွင်းထဲက ဖားသူငယ်တွေ ဖြစ်နေတယ်ဆိုတာကို သိလိုက်တော့တာပဲ”
“အထူးသဖြင့် လူကြီးမင်းချန်ချင်းက လှုပ်ရှားလိုက်တော့မှပဲ ကောင်းကင်ဘုံတခုရဲ့ နောက်မှာ ကောင်းကင်ဘုံ၊ လူတယောက်ရဲ့အနောက်မှာ ပိုကြီးမြတ်တဲ့လူရှိတယ်ဆိုတာကို မြင်လိုက်ရတော့တာပဲ။ စစချင်းတုန်းက ငါတို့မိသားစုတွေရဲ့ လုပ်ငန်းတွေအားလုံးကို ယန်မိသားစုက လက်ဝါးကြီးအုပ်ဖို့လုပ်နေတာတွေကို မကျေနပ်ခဲ့ဘူး။ ဒါပေမယ့် တကယ်လို့ လူကြီးမင်း ချန်ချင်းသာ လှုပ်ရှားခဲ့ရင် ငါတို့က ဘာမှတောင် တုန့်ပြန်နိုင်မှာ မဟုတ်ဘူး။ ကံကောင်းတာက လူကြီးမင်းချန်ချင်းက ငါတို့ကို ခေါင်းထဲတောင် မထည့်ခဲ့တာပဲ”
“ငါတို့ အနာဂတ်မှာ အခုထက်ထိပိုပြီး အလုပ်ကြိုးစားကြတာပေါ့။ ငါတို့တွေ လူကြီးမင်းချန်ချင်းကို စိတ်ပျက်စေလို့တော့ မဖြစ်တော့ဘူး” ကျောက်ရီချိုးက ပြောလိုက်လေသည်။
“မှန်တယ်၊ ငါတို့ ချန်ချင်းကုန်သွယ်ရေးက တဖြေးဖြေးချင်းအခုထက်ပိုပြီး ပိုကောင်းလာရမယ်။ တနေ့နေ့မှာ စန်းယွမ်တိုက်ကြီးတခုလုံးအနှံ့ကို ဆိုင်ခွဲတွေ ဖွင့်လှစ်နိုင်ရမယ်” ပိုင်ကျင့်ဖေးကလည်း အပြုံးတခုနှင့် ဆိုလိုက်သည်။
ထိုအခိုက်မှာပင် တံခါးခေါက်သံခပ်တိုးတိုး ထွက်လာခဲ့လေ၏။
“သခင်ကြီး... သခင်မလေး အိမ်ပြန်လာပါပြီ” အပြင်ဖက်မှ အသံက ပြောလိုက်သည်။