အခန်း (၁၁၅)
Vol. 12 Ch. 115
“ယုယွင် ပြန်လာတာလား” ယန်ပါးထောင်က မျက်ခုံးတချက်ပင့်ကာ ပြောလိုက်လေသည်။
“ငါ နားလည်ပြီ။ သူ့ကို ဘေးက ခန်းမမှာ စောင့်နေခိုင်းလိုက်၊ ယန်မိသားစုကို သူပြန်မလာခဲ့တာ အတော်လေးကို ကြာနေခဲ့ပြီ”
ယန်မိသားစုရှိ အကြီးအကဲများမှာ ယန်ယုယွင်အား ယဉ်ကျေးစွာ ဆက်ဆံကြလေသည်။ သို့သော် ထိုမျှသာ ဖြစ်၏။ နွေးနွေးထွေးထွေးမဆက်ဆံသလို၊ အေးလည်းမအေးစက်ပေ။
ထိုကဲ့သို့သော အပြုအမူမျိုးကို ယန်ယုယွင်က နေသားကျနေပြီးသား ဖြစ်ပေသည်။ သူမသည် ဘေးခန်းမတွင်သာ ဖခင်ဖြစ်သူအလာကိုသာ စောင့်မျှော်နေရုံသာ တတ်နိုင်လေ၏။ အဓိကခန်းမကိုမူ မိသားစုရှိ အမျိုးသားများသာ ဝင်ရောက်ခွင့်ရှိလေသည်။
သူမ၏ မောင်လေးဖြစ်သူ ယန်ယွီရှစ်သည် အဓိကခန်းမဆောင်ကြီးသို့ အချိန်မရွေး ဝင်ထွက်သွားလာနိုင်ပေသည်။ ယန်မိသားစုမှာ ထိုသို့အတိုင်းသာဖြစ်လေသည်။ အမျိုးသမီးများထက် အမျိုးသားများကို ပို၍ ဦးစားပေးကြလေတော့သည်။
သူမက ရှေးဟောင်းတာအိုဂိုဏ်းသို့ ဝင်ရောက်နိုင်ပြီး အပြင်စည်းတပည့်အဖြစ်သို့ ရောက်ရှိခဲ့သည့်တိုင် မည်သည့်အရာမျှ ပြောင်းလဲမသွားခဲ့ပေ။
အမွှေးတိုင်တတိုင်ထွန်းခန့်အချိန်ကြာမြင့်ပြီးသောအခါမှ ယန်ပါးထောင်သည် သူ၏ အလုပ်များကို လတ်စသတ်နိုင်ခဲ့ပြီး သူမထံသို့ လာရောက်နိုင်ခဲ့တော့လေ၏။
“ယွဲ့အာ ပြန်လာပြီ” သူ၏ သမီးဖြစ်သူကို မြင်သော် ယန်ပါးထောင် တချက်ပြုံးလိုက်တော့သည်။ ယန်ပါးထောင်မှာ သမီးမိန်းကလေးထက် သားယောကျ်ားလေးကို ပိုချစ်သည့်တိုင်၊ သူ၏ သမီးဖြစ်သူကိုတော့ ချစ်မြတ်နိုးပါသေးသည်။
သို့ပေမယ့်လည်း မိသားစုစည်းမျဉ်းစည်းကမ်းအရတော့ အမျိုးသမီးများမှာ ဘေးခန်းမအတွင်းသို့သာ ဝင်ရောက်နိုင်ကြပေသည်။ သမီးဖြစ်သူ၏ အောင်မြင်မှုများကိုမူ ယန်ပါးထောင်က ဂုဏ်ယူမိပါသေးသည်။
စစချင်းတုန်းက ယန်ယွီရှစ်မှာ ရှေးဟောင်းတာအိုဂိုဏ်းသို့ မဝင်ရောက်နိုင်ခဲ့သောကြောင့် ယန်ပါးထောင်မှာ ယန်ယုယွင်အား ပြန်လာစေကာ မိသားစုခေါင်းဆောင်ရာထူးကို ပေးအပ်လိုခဲ့လေသည်။ သို့ပေမယ့် မိသားစုရှိ အကြီးအကဲတိုင်းက ကန့်ကွက်ခဲ့ကြလေသည်။ ထို့ကြောင့် ယန်ပါးထောင်မှာ အကျပ်ရိုက်ခဲ့ရလေတော့သည်။
“ဖေဖေ” ယန်ယုယွင်က မတ်တပ်ထရပ်ကာ အရိုအသေပြုလိုက်လေသည်။
“လာပါဦး အဖေက မင်းကိုကြည့်ပါရစေဦး”
ယန်ပါးထောင်သည် သမီးဖြစ်သူအား ဂရုတစိုက်နှင့် ကြည့်လိုက်လေတော့သည်။ ထို့နောက်တွင် ပြုံးကာ ပြောလိုက်၏။
“ယွဲ့အာက အခုဆိုရင် စွမ်းအားကြီးနေပြီပဲ။ သိပ်မကြာခင်မှာ မူလအဆင့်နှောင်းပိုင်းကို ဖြတ်ကျော်နိုင်တော့မှာပဲ။ မူလအဆင့်နှောင်းပိုင်းကို ဖြတ်ကျော်သွားနိုင်ရင် အတွင်းဂိတ်တံခါးဝကို ဝင်ရောက်နိုင်မယ်လို့ထင်သလား”
“သမီးလည်း မသေချာပါဘူး” ယန်ယုယွင်က သူမ၏ ဦးခေါင်းကို ခါယမ်းလိုက်လေသည်။
“အတွင်းဂိတ်တံခါးဝကို ဝင်ရောက်နိုင်မယ့် စံနှုန်းက မူလအဆင့်နှောင်းပိုင်းကို ရောက်နေရမယ့်အပြင် သားရဲစုဆောင်းခြင်း အဆင့်တဆယ်ကျွန်းကိုပါ ဖြတ်ကျော်နိုင်ဖို့လိုတယ်လေ။ သမီးက အခုမှ အဆင့်ကိုးကျွန်းမှာ တစ်ဆို့နေပါသေးတယ်”
“ယွဲ့အာရဲ့ ပါရမီက သိပ်ကို ကောင်းမွန်လွန်းတယ်။ အဲ့ဒါကြောင့်မို့လို့ သမီးလေးက လုပ်နိုင်မှာပါ။ ငွေလိုရင် ဖေဖေ့ကို ပြော၊ ကျင့်ကြံဖို့အတွက် ငွေစုမနေပါနဲ့” ယန်ပါးထောင်သည် စတင်၍ လက်ဖွာလာလေတော့သည်။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှာ အခြေအနေကောင်းနေသဖြင့် ငွေရှာရတာ အင်မတန်လွယ်ကူနေခဲ့တော့လေ၏။
“ဒါနဲ့ ဖေဖေ ၊ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ဘာလဲ”
“ဖေဖေက စာထဲမှာ ရေးခဲ့ပေမယ့် သေချာတော့ မပြောပြခဲ့ဖူးလေ။ ဖေဖေက ဘယ်လိုဖြစ်ပြီး ကုမ္ပဏီအကြီးစားကြီးကို ထူထောင်နိုင်ခဲ့တာလဲ”
“ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက မိသားစုတွေ စုပေါင်းထားတဲ့ လုပ်ငန်းအကြီးစားကြီး ဖြစ်တယ်။ ဒီလုပ်ငန်းသဘောတရားတွေက ရှုပ်ထွေးတယ်။ မိန်းကလေးတယောက်ဖြစ်ပြီး လုပ်ငန်းအကြောင်းတွေကို မေးမြန်းနေတာက မသင့်တော်ဘူး” ယန်ပါးထောင်က ဘာမှ မပြောနိုင်သေးခင်မှာပင်၊ အပြင်ဘက်မှ ဝင်ရောက်လာသော အကြီးအကဲနှစ်ဦးက ခပ်မာမာနှင့် ဝင်ပြောလိုက်လေ၏။
ဦးဆောင်ကာ ဝင်လာသူမှာ လေးနက်သော မျက်နှာထားရှိပြီး တော်ဝင်ဆန်သော အငွေ့အသက်ကို ပေးစွမ်းနိုင်စွမ်းရှိ၏။ ကျန်တယောက်မှာ ယန်ယုယွင်အား တည်ငြိမ်စွာဖြင့် စိုက်ကြည့်လိုက်တော့သည်။
“ယုယွင်က ပြန်လာပြီဆိုမှတော့ အိမ်မှာနားနားနေနေ နေလိုက်ပါဦး၊ မိသားစုကိစ္စတွေကို မဆိုင်တာတွေကို အများကြီး မေးမနေပါနဲ့”
“ပထမအကြီးအကဲနဲ့ စတုတ္ထအကြီးအကဲကို ယုယွင်က အရိုအသေပေးပါတယ်” ယန်ယုယွင်က ထိုသူတို့၏ စရိုက်ကို ကောင်းစွာသိနားလည်သောကြောင့် ဘာမှ ဆက်မပြောခဲ့ပါချေ။
“အင်း” ပထမအကြီးအကဲက ခေါင်းညိတ်ပြလိုက်သည်။
“ယန်မိသားစုရဲ့ စည်းမျဉ်းတွေကို မမေ့ပါနဲ့။ ငါ့အမြင်မှာတော့ ယုယွင်၊ နင်က ရှေးဟောင်းတာအိုဂိုဏ်းကို မြန်မြန်ပြန်သင့်တယ်လို့ ထင်တယ်။ မိန်းကလေးတယောက်ဖြစ်တာကြောင့် မိသားစုကောင်းကောင်းရှိတဲ့ အမျိုးသားနဲ့ အကြောင်းပါသင့်တယ်”
ထိုစကားများကိုကြားသော် ယန်ယုယွင်မှာ မျက်မှောင်ကြုံ့လိုက်သည့်တိုင် ဘာမှ ပြန်မပြောခဲ့ပေ။
“ဖေဖေ အကြီးအကဲချန်ချင်း ဘယ်မှာလဲ” ယန်ယုယွင်က ယန်ပါးထောင်ကို ကြည့်ကာ မေးလိုက်လေသည်။
“ဘာလို့ အကြီးအကဲလီကို မေးတာလဲ” ယန်ပါးထောင်က အနည်းငယ်တော့ အံ့အားသင့်သွားခဲ့သည်။
“အကိုလီက သမီးကို အကြီးအကဲလီချန်ချင်းကို ပေးဖို့အတွက် လူကြုံပါးလိုက်လို့ပါ” ယန်ယုယွင်က ပြောလိုက်သည်။
“သမီးက အကိုလီကို ခေါ်ပြီးတော့ အတူတူပြန်လာခိုင်းစေချင်တာ။ ဒါပေမယ့် သူက အခုနောက်ပိုင်းမှာ အရမ်းအလုပ်များနေတာကြောင့် မပြန်လာနိုင်ဘူးလေ။ ဒါကြောင့် သူက သမီးကို အကြီးအကဲလီချန်ချင်းကို ပေးဖို့အတွက်ဆိုပြီး ကိုယ်တိုင်ပေးထားတာလေးရှိနေလို့”
ထိုစကားလုံးများကို ကြားလိုက်သည့်အခါတွင် ယန်ပါးထောင်နှင့် အကြီးအကဲနှစ်ယောက်တို့၏ အမူအရာများမှာ ချက်ချင်းကို ပြောင်းလဲသွားခဲ့တော့လေသည်။
“ယုယွင် နင်က အကြီးအကဲလီရဲ့ သားနဲ့ ရှေးဟောင်းတာအိုဂိုဏ်းထဲမှာ တွေ့ခဲ့တာလား” စတုတ္ထအကြီးအကဲမှာ အံ့ဩနေပြီး မေးလိုက်သည်။
“လီဟမ်ရှန်းလား၊ လီဟမ်ရှန်းက မူဟိုင်ဖုန်းတောင်ရဲ့ တိုက်ရိုက်တပည့်ဖြစ်နေပြီဆို၊ အဲ့တာက တကယ်ပဲလား”
“ ဟုတ်တယ်လေ။ ကျွန်မက သူ့ကို သိတာပေါ့။ နောက်ဆုံးတွေ့ခဲ့တုန်းကဆိုရင် သူနဲ့ အတူတူ ကိုးထပ်တိုက်ပွဲခန်းမနဲ့ သားရဲစုဆောင်းရေး နှလုံးသားကြေးမုံကန်ကိုတောင် အတူတူဖြတ်ကျော်ခဲ့ကြသေးတယ်”
ယန်ယုယွင်က သူမ၏ မေးလေးကိုမော့ကာ ဖြေလိုက်လေသည်။
“တိုက်ရိုက်တပည့် ဖြစ်တဲ့ ကိစ္စကတော့ အဲ့ဒါအမှန်ပဲ၊ အကိုလီက ရှေးဟောင်းတာအိုဂိုဏ်းအတွက် အဆုံးမရှိတဲ့ အကန့်သတ်မဲ့အနာဂတ်တွေကို ပိုင်ဆိုင်ထားတဲ့ တပည့်တယောက်လို့ သတ်မှတ်ထားကြတယ်”
ထိုစကားကြောင့် လူတိုင်း၏ အမူအရာများမှာ ပြောင်းလဲသွားခဲ့တော့လေသည်။
“ယုယွင်၊ အကြီးအကဲလီက တံခါးပိတ်ကျင့်ကြံနေပြီးတော့ မထွက်လာခဲ့သေးဘူး။ သူထွက်လာမှ တွေ့လို့ရမယ်” ယန်ပါးထောင်က ပြုံးရင်းဖြေလိုက်သည်။
“အော် ဟုတ်ပြီလေ” ယန်ယုယွင်က ခေါင်းညိတ်ပြလိုက်သည်။
“ယုယွင်၊ ဒီမှာ မပြောရအောင်။ ဒီနားမှာက လူသိပ်မရှိဘူး။ ပြီးတော့ နေရာကလည်း ကောင်းကောင်း မပြင်ဆင်ထားရဘူး။ ပြီးတော့ အလင်းရောင်လည်း ကောင်းကောင်းမရဘူးလေ။ လာ လာ စတုတ္ထဦးလေးက အလင်းရောင်ကောင်းကောင်းရတဲ့ အဓိကခန်းမကြီးကို ခေါ်သွားပေးမယ်” စတုတ္ထအကြီးအကဲက ခပ်မြန်မြန်ပြောလိုက်သည်။
ယန်ယုယွင်: “???”
“ယုယွင်က ဒီကို ပြန်လာရတာ လမ်းခရီး ကြမ်းတမ်းတော့ ပင်ပန်းနေမှာပဲ။ ယုယွင်ရဲ့ ကျင့်ကြံခြင်းက နှောင်းပိုင်းအဆင့်တောင်ရောက်နေခဲ့တာပဲ။ အခုမှကြည့်မိတယ်။ ယုယွင်က ကြိုးကြိုးစားစားနဲ့ ကျင့်ကြံနေခဲ့တာပဲ”
“သမီးရဲ့ ဦးလေးမှာ နှစ်သုံးရာဂျင်ဆင်းရှိတယ်။ သိမ်းထားတာ တော်တ်ောကြာပြီ။ ခဏနေကျရင် ဦးလေးက သမီးသောက်ပြီး အနားယူဖို့အတွက် လက်ဖက်ရည်ထဲ ဂျင်ဆင်းထည့်ပြုတ်ပေးမယ်နော်” ပထမအကြီးအကဲမှာ ကြင်နာစွာ ပြုံးပြလိုက်လေသည်။
ယန်ယုယွင်: “ဘာတွေ ဖြစ်ကုန်တာလဲ? အဓိကခန်းမကို သွားရမယ်? အဲ့နေရာက ငါဝင်လို့ရလို့လား?”
ငါငယ်ငယ်တုန်းက အဓိကခန်းမရဲ့ တံခါးမကြီးကို တိတ်တိတ်လေးချောင်းကြည့်ခဲ့တုန်းက ပထမအကြီးအကဲဆူတာကို ခံခဲ့ရတယ်လေ။ ပြီးတော့ နှစ်သုံးရာဂျင်ဆင်းကို တိုက်တယ်ဆိုတာကကော ဘာလဲ
အဲ့ဂျင်ဆင်းကို ရှင်ကြီးပဲ တန်ဖိုးထားလွန်းလို့ မတို့နိုင်မထိနိုင်ဖြစ်နေပြီး သေရင်တောင် အခေါင်းထဲအထိယူသွားဖို့ တွေးနေတာမဟုတ်ဘူးလား။ ဘာလို့ ကျွန်မကို ရေနွေးနဲ့ တိုက်ဖို့ပေးနေရတာလဲ။ ဘာလို့လဲ? လီဟမ်ရှန်းကို သိတယ်လို့ ပြောလိုက်မိလို့လား
ယန်ယုယွင်နားမလည်သည်က လီဟမ်ရှန်းကို သူတို့အားလုံးက ဘာကြောင့် ဂရုစိုက်နေကြသလဲဆိုသည်ကိုပင်။ လီဟမ်ရှန်းက တိုက်ရိုက်တပည့် ဖြစ်လာတာက သူတို့နှင့် သက်မှ မသက်ဆိုင်တာကို...
အရေးကြီးသည့် ပုဂ္ဂိုလ်မှာ လီချန်ချင်းပင် ဖြစ်လေသည်။ ယန်ယုယွင်သာ လီဟမ်ရှန်းနှင့် ဆက်ဆံရေးကောင်းတခုသာ ရှိနေပါက လီချန်ချင်းက ယန်မိသားစုအပေါ်တွင် အထင်အမြင်ပိုကောင်းလာလိမ့်မည် မဟုတ်ပါလား။
ယန်မိသားစုမှာ အနာဂတ်တွင် ပိုမို၍ စွမ်းအားကြီးမားကာ လွှမ်းမိုးနိုင်စွမ်းများ ရှိလာပေလိမ့်မည် အကယ်၍သာ... ပထမအကြီးအကဲနှင့် စတုတ္ထအကြီးအကဲတို့မှာ ယန်ယုယွင်အား ကြည့်လိုက်ကြလေ၏။
ယန်ယုယွင်သာ လီချန်ချင်း၏ ချွေးမဖြစ်လာနိုင်လျှင်... ယန်ယုယွင်ကို ကြည့်နေရင်းနှင့်ပင် ထိုနှစ်ယောက်မှာ လီချန်ချင်း၏ မမွေးလာသေးသော မြေး၏ နာမည်ကိုပင် ကြိုတင်၍ စိတ်ကူးနေခဲ့ကြချေပြီ။
နောက်ရက်များတွင် ယန်ယုယွင်မှာ သူမသည် ယန်မိသားစုအတုထံသို့ ရောက်ရှိနေသကဲ့သို့ပင် ခံစားနေခဲ့ရတော့လေသည်။ သူမသည် ယခုလိုမျိုး ဆက်ဆံခြင်းမျိုးကို ငယ်ရွယ်စဉ်ကတည်းက ယခုအချိန်ထိပင် လုံးဝကို အဆက်ဆံမခံခဲ့ရဖူးပေ။
သူ့ အစ်မကို အရေးပေးဆက်ဆံနေကြသောကြောင့် သူက အရေးပေးခံရသော ဘဝမှ လျောကျသွားပြီလားဟုပင် ယန်ယွီရှစ်က ဝေခွဲမရဖြစ်နေခဲ့ချေပြီ။ နောက်ထပ်ရက်နည်းနည်းထပ်ကြာမှသာ လီချန်ချင်းက တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်ပေါ်လာခဲ့တော့၏။
ပန်းပုရုပ်ထုမှာ လိချန်ချင်းအား အချိန်အများကြီးကုန်စေပြီး လွန်စွာမှကို ပင်ပန်းစေခဲ့လေသည်။ ကံကောင်းစွာနှင့် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့လေပြီ။
ပန်းပုရုပ်ကို သေတ္တာထဲသို့ ထည့်ပြီးသည့်နောက်တွင် လီချန်ချင်းမှာ စန်းယွမ်ပို့ဆောင်ရေးဌာနသို့ ပို့ပေးရန် စီစဉ်လိုက်သည်။ ထိုပို့ဆောင်ရေးဌာနမှ ရှမူဟိုင်ထံသို့ ရောက်ရှိမည်။ ထိုမှတဆင့် လီဟမ်ရှန်းထံသို့ ရောက်ရှိပေလိမ့်မည်။
ဝါးတောလေးထဲမှ ထွက်လာပြီးသည့်နောက်တွင် အပြင်ဘက်မှ နေရောင်ခြည်ကို မြင်တွေ့လိုက်ရသောကြောင့် လီချန်ချင်းမှာ စိတ်အေးသက်သာရာရစွာ လေပူများးကို မှုတ်ထုတ်လိုက်ခဲ့သည်။ ဤတကြိမ်ပန်းပုထုလုပ်ခြင်းသည် လီချန်ချင်းအား သူ၏ နတ်ဘုရားဝိဉာဉ်က အဆင့်မြင့်သွားသည့် ခံစားချက်ကို ရရှိသွားစေခဲ့လေသည်။
“လူကြီးမင်း နောက်ဆုံးတော့ ထွက်လာခဲ့ပြီပဲ” ထိုအခိုက်တွင် ကျန့်ဖုကွမ်းမှာ သူ့အနားသို့ ရောက်ရှိလာခဲ့၏။
“ဟုတ်တယ် ငါထွက်လာပြီ။ ယန်ပါးထောင်ကော ရှိနေလား”
တံခါးပိတ်ကျင့်ကြံနေသည့်ကာလအတွင်း အပြင်လောကနှင့် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းတို့ ဘာတွေ ဖြစ်နေပြီလဲဆိုတာကို သိဖို့လိုနေသည် မဟုတ်ပါလား။