အခန်း (၁၁၆)
Vol. 12 Ch. 116
“ယန်ပါးထောင်ကို ငါ့ဆီကို လွှတ်လိုက်တော့” လီချန်ချင်းက အပျင်းတချက်ဆန့်ကာ လက်ဖက်ရည်တအိုးတည်လိုက်သည်။
လီချန်ချင်း တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာသည်ကို ကြားသည်နှင့် ယန်ပါးထောင်မှာ လီချန်ချင်ထံသို့ အလျင်အမြန်ပင် ရောက်လာခဲ့လေ၏။ ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကြောင့် ယန်ပါးထောင်မှာ အိပ်မက်ထဲတွင် နေထိုင်နေရသလို ခံစားခဲ့ရတော့လေသည်။ ထို့ကြောင့် သူက လီချန်ချင်းအား အလျင်အမြန်ပင် တွေ့ချင်နေခဲ့တော့သည်။
“မဟာအကြီးအကဲ”
လီချန်ချင်းကို တွေ့သည်နှင့် ယန်ပါးထောင်က တလေးတစားနှင့် အရိုအသေပြုလိုက်တော့၏။
“ထိုင်ပါဦး” လီချန်ချင်းက ပြောလိုက်သည်။
“အကြာကြီး ပျောက်နေမိလို့ တောင်းပန်ပါတယ်။ အခြေအနေတွေက ဘယ်လိုတွေ ဖြစ်နေပြီလဲ။ ကုန်သွယ်ရေးလုပ်ငန်းကကော အခြေအနေကောင်းရဲ့လား”
“အရာအားလုံးက ချောချောမွေ့မွေ့ပါပဲ” ယန်ပါးထောင်က ဖြေလိုက်လေသည်။ သူ့မျက်နှာမှာ လီချန်ချင်းကို ကြည့်ရင်း လေးစားမှုကြောင့် အရောင်လင်းလက်လာခဲ့လေသည်။
“မဟာအကြီးအကဲရဲ့ စီစဉ်ထားမှုတွေအားလုံးက အသေးစိတ်ကျလွန်းပါတယ်။ အစီအစဉ်တွေကြောင့်ပဲ ကျုပ်တို့တွေက ဘာမှတောင် သိပ်မလုပ်လိုက်ကြရပါဘူး။ ဒါပေမယ့် အရာအားလုံးက အစီအစဉ်အတိုင်းပါပဲ။ တခြားအင်အားစုက ခေါင်းဆောင်တွေက ကျုပ်တို့ကို အကျိုးအမြတ်တွေ မပေးပဲ မနေရဲခဲ့ပါဘူး။ ဒီမှာ ကျုပ်စာရင်းလုပ်ခဲ့ပါတယ်”
လီချန်ချင်း: “???”
ဒီလူ ဘာတွေလာပြောနေတာလဲဟ
ငါတို့ပြောနေတာက အကြောင်းအရာတခုတည်းတွေမှ ဟုတ်ရဲ့လား
နေစမ်းပါဦး ငါ့ကို အားကျလွန်းလို့ အရောင်တဖိတ်ဖိတ်တောက်နေတဲ့ မျက်လုံးရွဲကြီးတွေနဲ့ ဘာဖြစ်လို့ ကြည့်နေရတာလဲ
“ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာကို ငါ့ကိုရှင်းပြ”
လီချန်ချင်းမှာ လက်ဖက်ရည်ကို ခွက်ထဲထည့်ရင်း ဘာတွေ ဖြစ်နေတာလဲဆိုတာကို နားထောင်ဖို့ ဆုံးဖြတ်လိုက်လေသည်။
“ကောင်းပါပြီ။ မဟာအကြီးအကဲကို လျှောက်တင်ပါတယ်” ယန်ပါးထောင်သည် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ဖြေးဖြေးချင်းပြောပြလိုက်တော့လေသည်။
ယန်ပါးထောင်မှာ စကားပြောဆိုနေရင်းနှင့် လီချန်ချင်းကို တဖွဖွနှင့် ချီးးကျူးနေခဲ့တော့လေသည်။ စစချင်းတော့ လီချန်ချင်းမှာ စိတ်သိပ်မဝင်စားပေ ဒါပေမယ့် ဇာတ်လမ်းမှာ သူ မှန်းထားသည်နှင့် တဖြေးဖြေးကွာဟလာသောကြောင့် လီချန်ချင်းမှာ မျက်လုံးပြူးလာရတော့သည်။
ဇာတ်လမ်းအဆုံးသတ်တွင် ယန်ပါးထောင်က ပြောသည်မှာ လီချန်ချင်းက ဟိုင်စုန့်ထောင်ကို သတ်ဖြတ်ရန်အတွက် အမိန့်ပေးခဲ့သည်ဟု ဆိုသည့်အပြင်၊ ရေမြို့ရှိ ဟိုင်မိသားစုကို အင်အားစုပေါင်းများစွာမှ သွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့ကြပြီး လီချန်ချင်း၏ ပြောင်မြောက်လှသော အစီအစဉ်ကြောင့် အင်အားစုများစွာတို့မှ သူတို့ကို ကျေးဇူးကြွေးတင်သွားခဲ့သည်တဲ့။
ယန်ပါးထောင် မင်းငါ့ကို လှည့်စားနေတာတော့ မဟုတ်ပါဘူးနော်။
ငါက တကယ့်ကို သောက်ကြမ်းကြီးဆိုရင် ငါကိုယ်တိုင်ကလွဲပြီး ဘာလို့ လူတကာက သိနေကြရတာလဲ၊ လုပ်ကြပါဦး။
လီချန်ချင်း၏ လက်ဖက်ရည်ခွက်ကို ကိုင်ထားသော လက်မှာ တဆတ်ဆတ်နှင့် တုန်ရီလာခဲ့လေတော့သည်။
အခြေအနေတွေက အခုလိုမျိုး ဘာလို့ဖြစ်လာခဲ့ရတာလဲ
ဟိုင်စုန့်ထောင်ကို သတ်သွားတာက ဘယ်သူလဲ။ သတ်ပြီးရင် သတ်တဲ့ လူက တာဝန်ယူလေကွာ။ အခုလို သက်သက်ကြီး ငါ့အပေါ်တော့ မလွှဲချသင့်ဘူးလေ။ ငါငိုမှာနော်...
လီချန်ချင်း၏ စိတ်ထဲတွင် ထိုသို့ ယောက်ယက်ခက်နေသည့်တိုင်၊ ယန်ပါးထောင်နှင့် ကျန်လူများမှာ သူ၏ အစီအစဉ်ဟု ထင်မြင်နေကြသဖြင့် ငြင်းဆန်လို့ မဖြစ်နေပြန်ဘူးလေ ဟုတ်တယ်မဟုတ်လား။
သူ ငြင်းမယ်ဆိုရင်တောင် ယုံအောင်ပြောဖို့လိုတာက လူသုံးယောက်မှ မဟုတ်တာ၊ မင်ဟုန်ခရိုင်တခုလုံးက အခုလိုမျိုး သတ်မှတ်ထားပြီး ယုံကြည်နေကြတာလေ။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းအပေါ် အကျိုးအမြတ်ဖြစ်စေရင်တော့ ဒီအတိုင်းပဲ ထားလိုက်ပါတော့မယ်။ လက်ဆောင်တွေ တော်တော်များများကလည်း မြေပိုင်ဆိုင်မှုစာချုပ်တွေဖြစ်တာကြောင့် ချန်ချင်းကုန်သွယ်ရေးအတွက် အကျိုးရှိနေတယ်လေ။
“ကောင်းပြီလေ၊ ကျုပ်နားလည်ပြီ” လီချန်ချင်းက သူ ကြားသိလိုက်ရသော သတင်းကို သေချာမှတ်သားလိုက်လေ၏။ ထို့နောက်တွင် သူက ပြောလိုက်သည်။
“ငါ မရှိတုန်းမှာ မင်းတို့ ကိုင်တွယ်ထားတာ တော်တော်လေး ကောင်းတယ်။ တခုခု ဖြစ်ရင် ငါ့ကို ပြောပါ”
“စိတ်မပူပါနဲ့ မဟာအကြီးအကဲကြီး၊ ကျွန်တော်တို့ သေချာလေး ကိုင်တွယ်ပြီး မဟာအကြီးအကဲကို စိတ်မပျက်စေရပါဘူး”
“မင်းတို့က နောက်ထပ် အလုပ်သမားတွေကို ငှားဖို့အတွက် ပြင်ဆင်နေတာမဟုတ်လား။ အလုပ်သမားတွေကို ငှားမယ်ဆိုရင် ဟင်းအမယ်ပြင်ဆင်ပုံနဲ့ ချက်ပြုတ်နည်းတွေက ပေါက်ကြားသွားလို့ လုံးဝ မဖြစ်ဘူး”
“စိတ်မပူပါနဲ့ မဟာအကြီးအကဲ၊ ဒီချက်ပြုတ်နည်းတွေက ချန်ချင်းကုန်သွယ်ရေးရဲ့ အခြေခံအုတ်မြစ်ပါ။ ကျုပ်တို့က ဒီနည်းလမ်းတွေကို အမွေအနှစ်တခုလို ကာကွယ်ထားပါတယ်”
ချက်ပြုတ်နည်းအကြောင်းကို ပြောသည့်အခါတွင် ယန်ပါးထောင်၏ မျက်နှာအမူအရာသည် လွန်စွာမှကို လေးနက်သွားခဲ့လေ၏။
ယခုတွင် ချက်ပြုတ်နည်းများကို သိထားကြသူများမှာ မိသားစုကြီးသုံးစုမှ မိသားစုဝင်များဖြစ်ထားကြသော ယုံကြည်ရသော စားဖိုမှုးများလည်း ဖြစ်ပါသည်။
သူတို့ငှားရမ်းထားသော အခြားသော စားဖိုမှုးများမှာမူ၊ သူတို့တွင် ချက်ပြုတ်နည်းလုံးဝကို မရှိနေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ အသုံးပြုရသော ဟင်းခတ်အမွှေးအကြိုင်များမှာ တခါတည်း ကြိုစီစဉ်ထားသောကြောင့် ဖြစ်ပါသည်။
ထိုအမွှေးအကြိုင်များကို မည်သည့်အရာများနှင့် ရောစပ်ကာ ပြုလုပ်ထားသည်ကို သူတို့ လုံးဝမသိထားကြပေ။ နောက်ထပ်ယုံရသည့်အချက်တခုမှာ ယန်ပါးထောင်ကော၊ပိုင်ကျင့်ဖေးပါ ကိုင်တွယ်ရမလွယ်ကူသောကြောင့် ဖြစ်ပါသည်။
ထိုမိသားစုများ၏ စားဖိုမှုးများသည်လည်း ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ စောင့်ကြည့်မှုအောက်တွင် ရှိနေခဲ့လေသည်။ သူတို့သာ သတ္တိရှိပြီး ချက်ပြုတ်နည်းများကို ပေါက်ကြားစေခဲ့ပါက လုပ်ရဲသူ၏ တမိသားစုလုံးကို တခြားကမ္ဘာသို့ ပို့လိုက်မည်ဖြစ်သည်။
“စကားမစပ် ကျွန်တော့်ရဲ့ သမီးက ဂိုဏ်းကနေ အိမ်ပြန်ရောက်လာခဲ့ပါတယ်။ သူက မဟာအကြီးအကဲနဲ့ တွေ့ခွင့်တောင်းနေခဲ့ပါတယ်။ သူပြောတာတော့ သခင်လေးက အကြီးအကဲအတွက် စာတစောင်ပို့လိုက်ပါတယ်တဲ့”
“အို” လီချန်ချင်းက တချက်ပြုံးလိုက်လေသည်။
“အဲ့ဒါဆိုရင်လည်း သူ့ကို ခေါ်လာခဲ့လိုက်လေ”
“ကောင်းပါပြီ။ ကျွန်တော် သူ့ကို ခေါ်လိုက်ပါ့မယ်”
ယန်ပါးထောင်သည် စကားပြောပြီးသော် ယန်ယုယွင်အား သွားရှာလေတော့သည်။ ထိုအခိုက်တွင် ကျန့်ဖုကွမ်းသည် လီချန်ချင်း၏ အနားသို့ ရောက်လာပြီး လှစ်ဟာနေသည့် အကြမ်းပန်းကန်လုံးကို ရေနွေးကြမ်း ဖြည့်ပေးလိုက်လေသည်။
“လူကြီးမင်းခင်ဗျား” ကျန့်ဖုကွမ်း၏ မျက်လုံးများထဲတွင် တုန့်ဆိုင်းနေသည့် အရိပ်အယောင်များ ထင်ဟပ်နေခဲ့တော့သည်။
“မင်းမှာ ပြောစရာရှိနေရင် ပြောလိုက်ပါ” လီချန်ချင်းသည် ထိုစကားနည်းသောလူတွင် တောင်းဆိုချင်သော အရာတခုခုရှိနေသည်ကို ခန့်မှန်းမိလေသည်။
“ငွေလို လို့များလား။ ငါမင်းကို နောက်ထပ် ငွေတိုးပေးလို့ရပါတယ်” လီချန်ချင်းက ကျန့်ဖုကွမ်းအား ငွေစများပေးရန်အတွက် ပြင်ဆင်လိုက်၏။
သို့သော် ကျန့်ဖုကွမ်းက သူ၏ ဦးခေါင်းကို ခါယမ်းလိုက်တော့သည်။
“စစ်ယောင်က အရေးအဖတ်ကို သင်ချင်နေတယ်” ကျန့်ဖုကွမ်းက မျက်နှာနီနီနှင့် ပြောလိုက်သည်။
“ခုရက်ပိုင်းမှာ စစ်ယောင်က ယန်အိမ်တော်က ဖွင့်ထားတဲ့ကျောင်းကို တိတ်တိတ်လေး ခိုးသွားနေတယ်။ ကျွန်တော်သိချင်တာက စစ်ယောင်ကို စာသင်ခန်းထဲမှာ စာသင်ဖို့အတွက် ခွင့်ပြုနိုင်မလားဆိုတာပါပဲ”
ကျန်းစစ်ယောင်လေးမှာ နေ့တိုင်း ခြံဝင်းထဲမှ ခိုးထွက်နေသည်ကို သတိထားမိသောကြောင့် သိချင်သောကြောင့် သူမ၏ အနောက်သို့ တိတ်တဆိတ် လိုက်ခဲ့ကာ လိုက်ချောင်းကြည့်ခဲ့လေသည်။ ကျန့်ဖုကွမ်းလို လူကြမ်းကြီးပင်လျှင် သမီးဖြစ်သူလေးမှာ စာသင်ကျောင်း၏ ပြတင်းပေါက်ကို မမှီသဖြင့် ခြေဖျားလေးထောက်ကာ အတွင်းရှိ စာသင်ကြားမှုများကို မျက်လုံးလေးအဝိုင်းသားလေးးနှင့် နားထောင်နေသည်ကို မြင်လိုက်ရသဖြင့် နှလုံးသားတခုလုံး နာကြင်သွားခဲ့တော့သည်။
သူက အကူအညီကို လွယ်လွယ်နှင့် တောင်းတတ်သောသူတယောက်မဟုတ်ပေ။ ဒါပေမယ့် ယနေ့တွင်တော့ သူက လီချန်ချင်းကို အကူအညီတောင်းခဲ့လေသည်။
“ငါ သတိမထားမိလိုက်တာပဲ” လီချန်ချင်းမှာ မိမိနဖူးကို ဖြန်းကနဲ ရိုက်လိုက်မိသွားတော့သည်။ ကျန်းစစ်ယောင်က ကျောင်းတတ်ရမယ့် အရွယ်ကို ရောက်နေခဲ့တာပဲ။
သူသည် ထိုအချက်ကို လုံးဝကြီးကို မေ့လျော့နေခဲ့တော့လေ၏။
“ကျုပ် ယန်ပါးထောင်ကို စကားပြောပြီးတော့ စစ်ယောင်ကို ကျောင်းသွားခိုင်းမယ်” လီချန်ချင်းသည် ပြုံးကာ ငွေတုံးတတုံးအား ကျန့်ဖုကွမ်းထံသို့ ကမ်းပေးလိုက်လေသည်။ ၎င်းမှာ ငွေစဆယ်စတန်ဖိုးရှိလေသည်။
“ဒါကိုယူသွားပြီးတော့ စစ်ယောင်ကို အဝတ်အစားအသစ်၊ လွယ်အိတ်အသစ်နဲ့ စုတ်တံအသစ်တွေ ဝယ်ပေးလိုက်ပါ။ စစ်ယောင်ကို ကျောင်းကို စတိုင်နဲ့ သွားပါစေ”
“ဒါ...က မလိုအပ်ပါဘူး” ကျန့်ဖုကွမ်းသည် လျင်မြန်စွာ ငြင်းဆန်လိုက်တော့သည်။
လီချန်ချင်းက ကျန်းစစ်ယောင်လေးကို ကျောင်းတတ်ခွင့်ပေးတာနဲ့တင်ပဲ အတော်လေး ကြင်နာရာရောက်နေခဲ့ချေပြီ။ လီချန်ချင်း၏ ငွေကို မည်သို့သော မျက်နှာနှင့် သူလက်ခံနိုင်ပါ့မလဲ။
“ဒါက ခင်ဗျားအတွက် မဟုတ်ဘူး။ စစ်ယောင်လေးအတွက်ပဲဗျ”
လီချန်ချင်းမှာ ငွေတုံးကို ကျန့်ဖုကွမ်း၏ လက်ထဲသို့ ထိုးထည့်လိုက်တော့သည်။
“ ကလေးတွေက ကျောင်းသွားဖို့အတွက် ငွေလိုတယ်ဗျ။ ကျုပ်ကလည်း တတ်နိုင်နေတာပဲ။ ပြီးတော့ စစ်ယောင်လေးက ချစ်စရာလေးဗျ။ ကျုပ်ကတော့ သူ့ကို သိပ်ချစ်သဗျို့။ စစ်ယောင်သာ စာကြိုးစားချင်သရွေ့ အားလုံးအဆင်ပြေတယ်”
“ကျေးဇူးတင်ပါတယ် လူကြီးမင်းခင်ဗျား” ကျန့်ဖုကွမ်းသည် ဒူးထောက်ချလိုက်ကာ လီချန်ချင်းအား မြေပြင်ပေါ်တွင် ကုန်းကာ ကန်တော့လိုက်လေသည်။
“အဲ့လို လုပ်ဖို့တွေ မလိုပါဘူးဗျာ” လီချန်ချင်းမှာ ခပ်မြန်မြန်ပင် ကျန့်ဖုကွမ်းအား လှမ်းထူပေးလိုက်လေသည်။
ထိုအချိန်တွင် ယန်ပါးထောင်သည် ယန်ယုယွင်ကို ခေါ်ကာ ရောက်လာခဲ့လေတော့၏။
လမ်းတွင် ယန်ပါးထောင်က လီချန်ချင်းကို လေးစားရန်နှင့် အပြောအဆိုဆင်ခြင်ရန်အတွက် အထပ်ထပ်မှာခဲ့လေသည်။ ယန်ယုယွင်မှာ နားမလည်နိုင်ဖြစ်နေခဲ့တော့သည်။
ဒီလူက လီချန်ချင်းပဲ မဟုတ်ဘူးလား။ သူက ပန်းချီဆရာလေးပဲလေ။ အဲ့လောက်ထိကြီး ရိုသေနေဖို့က လိုအပ်နေလို့လား။
သို့သော် လီချန်ချင်းမှာ လီဟမ်ရှန်း၏ ဖခင်ဖြစ်ကြောင်းကို တွေးမိသွားသောအခါ သူမ၏ အတွေးများမှာ အနည်းငယ်မသင့်တော်ဖြစ်သွားကြောင်းကို ယန်ယုယွင်က ခံစားခဲ့ရတော့လေသည်။
တိုက်ရိုက်တပည့်တဦး၏ ဖခင်။ ပြီးတော့ လီဟမ်ရှန်းဆိုတာကလည်း သေမျိုးမှတ်တမ်းစာရင်းတွင် ထိပ်ဆုံးသို့ ရောက်နေသည့်လူလည်း ဖြစ်ပေသည်။ လီဟမ်ရှန်းမှာ အနာဂတ်တွင် မူလအဆင့်သို့ ရောက်ရှိနိုင်သည့်အလားအလာနှင့် လူဖြစ်နေပြန်သည်။ သားဖြစ်သူကြောင့် လီချန်ချင်း၏ အဆင့်အတန်းမှာ ပိုမို၍ မြင့်မားလာပေဦးမည် ဖြစ်သည်။
သူ့ကို လေးစားသင့်ပါတယ်လေ။
“မဟာအကြီးအကဲ ဒါက ကျွန်တော့်သမီးပါ” ယန်ပါးထောင်က ယန်ယုယွင်ကို လီချန်ချင်းအား မိတ်ဆက်ပေးလိုက်လေသည်။
“သူမက အလှလေးပဲ” လီချန်ချင်းက ပြုံးရင်းဆိုလိုက်သည်။
“ဒီလို လှပတဲ့ ညီမလေးတယောက်နဲ့ ဂိုဏ်းတူတာ ငါ့သားကတော့ တကယ့်ကို ကံကောင်းတာပဲ” လီချန်ချင်း၏ စကားကြောင့် ယန်ယုယွင်၏ မျက်နှာလေးမှာ နီရဲလာခဲ့တော့လေသည်။ သူမက အလျင်အမြန်ပင် အရိုအသေပေးလိုက်လေတော့၏။
“ယန်ယုယွင်က မဟာအကြီးအကဲကို ဂါရဝပြုပါတယ်ရှင်”
“ကောင်းတယ်၊ ကောင်းတယ်။ ပါးထောင်ရေ ငါမင်းနဲ့ ဆွေးနွေးစရာရှိတယ်” လီချန်ချင်းသည် ယန်ပါးထောင်အား လက်ယပ်ခေါ်လိုက်လေသည်။
“အမိန့်သာပေးလိုက်ပါ မဟာအကြီးအကဲ” ယန်ပါးထောင်က ပြောလိုက်လေသည်။
“ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူးကွာ။ ကျန့်ဖုကွမ်းရဲ့ သမီးလေ ကျန်းစစ်ယောင်က အသက်ငါးနှစ်ပြည့်ပြီလေ။ အဲ့ကလေးကို ဒီတိုင်းကြီး နေခိုင်းနေတာက မကောင်းဘူးလေ။ သူ့ကို ယန်မိသားစုကျောင်းမှာ စာသင်ပေးဖို့အတွက် စီစဉ်ပေးနိုင်မလား” လီချန်ချင်းက အကြံပြုလိုက်သည်။
‘စိတ်မပူပါနဲ့ မဟာအကြီးအကဲ။ ကျွန်တော်က အခုပဲ စီစဉ်လိုက်ပါ့မယ်။ အဲ့ကလေးမလေးက မနက်ဖန်ကနေစပြီးတော့ ကျောင်းလာတတ်လို့ရပါပြီ။ ကျွန်တော်က စာသင်ပေးမယ့် ဆရာကိုလည်း အကြောင်းကြားထားလိုက်ပါ့မယ်”
ယန်ပါးထောင်က ချက်ချင်းကို သဘောတူညီခဲ့လေသည်။ ထိုကိစ္စမှာ သူ့အတွက် ပြသနာမဟုတ်ပေ။
“ကောင်းတယ်” လီချန်ချင်းက ခေါင်းဆတ်ပြလိုက်လေသည်။ ထို့နောက် ထပ်ပြောလိုက်လေ၏။
“ မင်းတို့ယန်မိသားစုက ကလေးတွေက သိပ်လွယ်တာမဟုတ်ဘူး။ ကျန်းဖု့ကွမ့်ရဲ့ သမီးလေးကို အနိုင်မကျင့်ပါစေနဲ့။ ကလေးမလေးက သနားဖို့ကောင်းလွန်းပါတယ်”
“ဒါမျိုးတော့ လုံးဝကို မဖြစ်စေရပါဘူး။ ကျွန်တော်တို့ ယန်မိသားစုက ကလေးတွေက တခြားမိသားစုက ကလေးတွေလို အလိုအရမ်းလိုက်ထားတာမျိုး မရှိပါဘူး။ သူတို့က ယဉ်ကျေးပြီးတော့ အနေအထိုင်ကောင်းကြပါတယ်။ ဘယ်သူ့ကိုမှ အနိုင်မကျင့်တတ်ကြပါဘူး။ သူတို့က သိပ်ကို ကြင်နာတတ်ကြပါတယ်”
လီချန်ချင်းသည် ယန်ပါးထောင်တယောက် ဗလွတ်ရွှတ်တွ လျှောက်ပြောနေသည်ကို ကြည့်ရင်းတွေးလိုက်လေ၏။
ယန်ဟန်ကျိုးက ငါရောက်တဲ့နေ့မှာတင် အနိုင်ကျင့်ခံနေရတာကို ငါကိုယ်တိုင်မြင်ခဲ့တာပဲကို။ ခင်ဗျားကို ကျုပ်လုံးဝမယုံဘူး မြေခွေးအိုကြီး
“မဟာအကြီးအကဲ၊ ကျွန်တော်မျိုး သွားပြင်ဆင်လိုက်ပါဦးမယ်။ ယုယွင်ကို စကားစမြည်ပြောဖို့အတွက် ထားထားလိုက်ပါ့မယ်” ထိုကဲ့သို့ပြောပြီးနောက်တွင် ယန်ပါးထောင်သည် လီချန်ချင်းအား ခြံဝင်းထဲ၌ ထားကာ ထွက်သွားတော့လေသည်။
“ကျေးဇူးတင်ပါတယ် လူကြီးမင်း။ ကျုပ်လည်း လုပ်စရာရှိတာကို လုပ်လိုက်ပါဦးမယ်” ကျန့်ဖုကွမ်းသည်လည်း ယခုမှသာ စိတ်သက်သာရာရသွားပြီး အနောက်သို့ လှည့်ကာ ထွက်သွားတော့၏။