အခန်း (၁၁၈)
Vol. 12 Ch. 118
မိသားစုငယ်လေး၏ ခေါင်းဆောင်ဖြစ်သော ယန်ပါးထောင်လို လူမျိုးအဖို့ အဆင့်၃ဆေးလုံးမျိုးကို မြင်ဖူးတာနဲ့တင် တော်တော်ဟုတ်နေပြီဟု ပြော၍ ရနေပြီ ဖြစ်သည်။
အတိတ်တုန်းက ထိုဆေးလုံးကို လေလံပွဲတပွဲတွင် မြင်တွေ့ခဲ့ခြင်းလည်း ဖြစ်ပါသည်။ အဆင့််ငါးဆေးလုံးမျိုးမှာတော့ ယန်ပါးထောင်လို အဆင့်မျိုး မရောက်ရှိနိုင်သော အနေအထားမျိုးတွင် ရှိနေပေ၏။
“ လောလောဆယ်မှာတော့ အဆင့်ငါးနယ်ပယ်ချိုးဖြတ်ဆေးကို ကုန်သွယ်ရေးလုပ်ငန်းက လူတွေကိုပါ တချက်ရှာထားခိုင်းလိုက်ပါဦး” လီချန်ချင်းက ညွှန်ကြားလိုက်လေသည်။
“ဟုတ်ကဲ့ ကျွန်တော်လည်း ကျွန်တော်တို့ လူတွေကိုပဲ မဟုတ်ပဲ၊ တခြားလုပ်ငန်းက လူတွေကိုပါ သတိထားပြီး ရှာဖွေဖို့ ပြောထားပေးပါ့မယ် “ ယန်ပါးထောင်မှာ လီချန်ချင်း၏ အခြေအနေကို သဘာဝကျကျပင် လက်ခံခဲ့လေ၏။
“ပြီးတော့ နောက်ထပ် သစ်သားကောင်းတွေကို တွေ့ရင်လည်း သတိထားပြီး ကြည့်ပေးထားပါဦး။ လောလောဆယ်တော့ ဒီစိတ်ဝိဉာဉ်ရွှေသစ်သားကို ကျုပ်ယူထားလိုက်မယ်”
“ကောင်းပါပြီ” ယန်ပါးထောင်က စကားပြောပြီးသော် လှည့်ထွက်သွားခဲ့လေသည်။ လီချန်ချင်းက စိတ်ဝိဉာဉ်ရွှေသစ်သားကို ကောက်ယူလိုက်လေသည်။ ထိုသစ်သားများမှာ လွန်စွာမှကို လေးလံလွန်းလှပေသည်။
ထိုခံစားမှုမျိုးမှာ သစ်သားများမှာ ရေတညစိမ်ထားသည့်အလားပင် ဖြစ်နေခဲ့သည်။
သစ်တုံးကြီးတခုလုံး၏ မျက်နှာပြင်မှာလည်း ရွှေရောင်တလက်လက်ကို ထွန်းလင်းကာတောက်ပနေခဲ့လေသည်။ ၎င်းတို့မှာ နေရောင်အောက်တွင် လွန်စွာမှကို တောက်ပနေပြီး အရောင်တလက်လက်ကို ထွန်းလင်းနေခဲ့လေ၏။
“ သစ်သားထဲကနေ ရွှေတွေကို ထုတ်ယူနိုင်တယ်လို့ သူတို့ပြောတာက အံ့ဩစရာ မရှိတော့ဘူးပဲ။ ကြည့်ရသလောက်ကတော့ ဒီသစ်သားက တော်တော်လေးကို ထူးခြားလွန်းနေခဲ့တာပဲ။ တယောက်ယောက်ကိုတောင် ညတွင်းချင်းမှာ ချမ်းသာသွားစေနိုင်တာပဲ။ သူတို့က တော်တော်လေးကို လေးတာပဲ”
တမီတာအရှည်ခန့်သာ ရှိသော သစ်သားတုံးသည် ငါးရာဂျင်ထက်ပင် လေးလံနေခဲ့လေသည်။ ထိုအလေးချိန်မှာ သာမန်လူတယောက်အဖို့ မ,မနိုင်သည့် အနေအထားပင် ဖြစ်ပါသည်။
ထိုအခိုက်တွင် လီချန်ချင်းက စိတ်ဝိဉာဉ်ရွှေသစ်သားကို ရုတ်တရက်စိုက်ကြည့်ကာ လေးနက်သော အတွေးထဲသို့ နစ်မြောသွားခဲ့လေတော့သည်။ သူ ရုတ်တရက် ခံစားမိသည်မှာ သူက အခြားသော ပန်းချီရတနာတခုကို ကြိုးစားကြည့်နိုင်သည်ဟုပင် ဖြစ်သည်။ ထိုသစ်သားအပိုင်းအစမှာ လုံးဝကို သင့်တော်သည်ဟုပင် ခံစားမိလေတော့သည်။
အဲ့ဒါက အသုံးတခုခုဝင်မလားဆိုတာကို ငါသိချင်သွားပြီ။ လီချန်ချင်း၏ အတွေးများမှာ လမ်းပြောင်းသွားခဲ့တော့သည်။ သူ့တွင် ရုတ်တရက် မှော်ဆန်သော အကြံအစည်တခုပေါ်လာပြီး ကြိုးစားချင်လာခဲ့၏။
သူ့တွင် အကြံအစည်ပေါ်လာသဖြင့် လီချန်ချင်းမှာ အချိန်ဖြုန်းမနေတော့ပေ။ သူက ချက်ချင်းပင် အနောက်ခြံရှိ ဝါးတောထဲသို့ ပြန်ဝင်သွားခဲ့လေတော့သည်။ ဖေးအား အပြင်ဘက်တွင် စောင့်ကြပ်ခိုင်းလိုက်ခဲ့လေ၏။ လောလောဆယ်တွင် သူက တစုံတခု ပုံပေါ်လာအောင် ပန်းပုထုချင်နေခဲ့တော့သည်။
ကျန့်ဖုကွမ်းနှင့် ကျန်းစစ်ယောင်လေးတို့ ပြန်လာသည့်အချိန်တွင် လီချန်ချင်းကို မတွေ့ကြတော့ပေ။ သူတို့လိုက်ရှာသည့်အခါမှ လီချန်ချင်းမှာ နောက်တကြိမ်တံခါးပိတ်ကျင့်ကြံနေသည်ကို သိလိုက်ကြရတော့လေသည်။ လီချန်ချင်း၏ လုံ့လဝီရီယကောင်းမှုကို ကျန့်ဖုကွမ်းက တိတ်တဆိတ်ပင် လေးစားသွားခဲ့ပြန်တော့သည်။
ဒီလူက စွမ်းအားကြီးမားနေတာက အံ့ဩစရာမဟုတ်တော့ဘူးပဲ။ အတိတ်တုန်းက ဦးတည်ချက်မရှိပဲ ပန်းပုထုနေစဉ်ကာလတုန်းက လွန်စွာလွယ်ကူနေခဲ့ပြီး ယခုလိုမျိုး ရည်ရွယ်ချက်တခုနှင့် ပန်းပုစထုသည့်အခိုက်မျိုးတွင်တော့ ခက်ခဲမှုနှင့် စတင်၍ကြုံတွေ့လာရတော့သည်ကို လီချန်ချင်းက သတိထားလာမိခဲ့တော့၏။
မှန်၏... သင်က တစုံတခုသော ရတနာကို ဖန်တီးလိုပါက ကောင်းကင်နှင့် မြေကြီး၏ ကန့်သတ်မှုကို ခံစားရလိမ့်မည် ဖြစ်ပေသည်။ ထုလုပ်သည့်အရှိန်မှာ နှေးကွေးနေခဲ့သည်၊ သို့သော် လီဟမ်ရှန်းအတွက် ရည်ရွယ်ကာ ထုလုပ်သော ပစ္စည်းထက်တော့ များးစွာ မြန်ဆန်နေပါသေးသည်။
နှစ်ရက်ကြာပြီးသည့်နောက်တွင် လီချန်ချင်းမှာ သူ့လက်ထဲမှ ဓားသွားကို ချလိုက်ပြီး ပြီးစီးသွားသော ပန်းပုရုပ်ကို စိတ်ကျေနပ်စွာကြည့်လိုက်ပြီး ခေါင်းတဆတ်ဆတ်နှင့် ညိတ်လိုက်လေ၏။
တချိန်တည်းမှာပင် လီချန်ချင်းက သဘောပေါက်ခဲ့တာ ရှိခဲ့လေသည်။ သူက နှေးကွေးစွာ ပန်းပုထုလေလေ၊ မိုးမြေကန့်သန့်မှုများမှာ သိပ်မသက်ရောက်လေလေဆိုသည်ကိုပင် ဖြစ်လေသည်။
သူ့လက်ထဲရှိ ကိရိယာပစ္စည်းများမှာ သာမန်သတ္တုများနှင့် ပြုလုပ်ထားခြင်းများသာဖြစ်ပေ၏။ ၎င်းတို့ကို အသုံးပြုခဲ့သည် အချိန်ကာလမှာ ကြာရှည်လှပြီ ဖြစ်သောကြောင့် ကိရိယာများမှာ ပုံပျက်နေခဲ့ပြီ ဖြစ်သည်။ ဓားသွားများမှာ တုံးလာပြီး အချို့ဆိုလျှင် လိပ်ပါလိပ်နေခဲ့ချေပြီ။ လက်ရှိအခြေအနေအရဆိုလျှင် နောက်ထပ်ပန်းပုထုလုပ်ရန်အတွက် သူက ပိုကောင်းမွန်သော ဓားသွားများကို လိုအပ်နေသည့်အခြေအနေဖြစ်ပေသည်။
“အာ... ပန်းချီဆရာတယောက်က စာရွက်ကောင်းနဲ့ စုတ်တံကောင်းကို လိုအပ်တာပဲ။ ငါကျတော့လည်း ပန်းပုထုဖို့သစ်သားကောင်းနဲ့၊ သစ်သားထွင်းတဲ့ ဓားကောင်းလိုအပ်တာပဲ။ ပြောရမယ်ဆိုရင် အခြေခံသဘောတရားအရ ငါတို့က အတူတူပါပဲ”
လီချနချင်းက သက်ပြင်းတချက်ချလိုက်လေသည်။ သူက အချိန်ကာလအကြာကြီး အသုံးပြုနိုင်ရန်အတွက် ပစ္စည်းကိရိယာများကို ပန်းပဲဖိုတွင် အပ်ရန်အတွက် ကောင်းမွန်သော သတ္တုများကို လိုအပ်ပေသည်။
သူ ထုလုပ်ထားသည့် ပန်းပုရုပ်ကို သေတ္တာထဲတွင် ထည့်ကာ အပြင်သို့ လမ်းလျှောက်ထွက်လာခဲ့လေ၏။ လီချန်ချင်းသည် ယန်မိသားစု၏ လမ်းမပေါ်သို့ လမ်းလျှောက်လာခဲ့သည်။
ရာသီဉတုမှာ ဆောင်းဦးကာလဖြစ်နေခဲ့ချေပြီ။ ကြွေကျနေသော သစ်ရွက်များမှာလည်း နေရာအနှံ့သို့ ပျံ့ကျဲနေခဲ့သည်။ သစ်ရွက်ကြွေများပေါ်သို့ ခြေလှမ်းမိစဉ် ထွက်ပေါ်နေသော ကြွတ်ဆတ်ဆတ်အသံ၊ အေးစက်နေသော လေတို့ကြောင့် လူသားများကို အထီးကျန်ဆန်သော ခံစားချက်ကို ဖြစ်ပေါ်စေခဲ့မိလေတော့၏။
လီချန်ချင်းသည်လည်း တစုံတခုကို တွေးတောမိသွားခဲ့တော့လေ၏။ သူသာ ယန်မိသားစုသို့ မဟာအကြီးအကဲအဖြစ် ရောက်မလာခဲ့လျှင် ယခုလောက်ဆိုလျှင် သူ၏ အိမ်သေးသေးလေးထဲတွင် အထီးကျန်စွာနှင့် သေရည်သောက်မိနေလိမ့်မည်။
“အဲ့အချိန်မှာ ငါက လမုန့်စားချင်နေမိမှာ” လီချန်ချင်းက တီးတိုး ရေရွတ်လိုက်ခဲ့သည်။
“ငါ့သားကလည်း လမုန့်ကို စားဖူးမယ့်ပုံမပေါ်ဘူး”
သူ့ကို မြင်သော ယန်မိသားစု၏ အစေခံများမှာ အရိုအသေပေးသွားကြသည်။
သူက ဦးတည်ချက်မဲ့စွာ လမ်းလျှောက်လာရင်းနှင့် ယန်မိသားစု၏ ကျောင်းသို့ ရောက်လာခဲ့တော့သည်။ သူက ကျန်းစစ်ယောင်ကို သတိရသွားသဖြင့် သူမ၏ အခြေအနေကို ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
စက္ကူပြတင်းပေါက်မှတဆင့် လီချန်ချင်းသည် ကျန်းစစ်ယောင်ကို လှမ်းမြင်လိုက်လေသည်။ သူမသည် တည့်မတ်စွာ ထိုင်နေခဲ့ပြီး အတန်းထဲရှိ သင်ကြားမှုများကို လေးနက်သော မျက်နှာထားနှင့် နားထောင်နေခဲ့လေသည်။ စင်မြင့်ထက်ရှိ ဆရာဖြစ်သူမှာလည်း စာအုပ်ထဲရှိ အကြောင်းအရာကို သေချာလေးရှင်းပြနေခဲ့တော့သည်။
စာအံသံများမှာ လောကကြီးတခုလုံးကို ပျံ့နှံ့သွားသည့်အလား ကျယ်လောင်စွာနှင့် ထွက်ပေါ်လာခဲ့လေသည်။ လေထုမှာ လွန်စွာမှကို လိုက်လျောညီထွေဖြစ်နေခဲ့တော့သည်။
လီချန်ချင်းက ယန်ပါးထောင်၏ စံအိမ်အဝသို့ ရောက်လာခဲ့ပြန်သည်။ ယန်ပါးထောင်မှာ စာရင်းစာအုပ်များကို ဖတ်ရှုနေသည်ကို မြင်လိုက်ရသည်။ ထူထဲလှသော စာရင်းစာအုပ်များမှာ ယန်ပါးထောင်အတွက် နာကျင်ရုံသာမက ပျော်လည်း ပျော်ရွှင်စေခဲ့လေသည်။ ချန်ချင်းကုန်သွယ်ရေး၏ ဥက္ကဌဖြစ်သောကြောင့် သူက ထိုအရာများကို ကြည့်ရှုကာ နားလည်သဘောပေါက်ရန် လိုအပ်ပေသည်။
စာရင်းစာအုပ်များမှာ လွန်စွာ ထူထဲလှပါသည်။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ လက်တလော အမြတ်အစွန်းများမှာ နည်းလှသည် မဟုတ်ပါချေ။ ထို့ကြောင့် သူက ထိုစာများကို ဖတ်ရှုကာ လေ့လာအောင် အားထုတ်ရလိမ့်မည် ဖြစ်၏။
လက်ရှိတွင် သူတို့၏ အဓိက ဝင်ငွေမှာ အသင့်စား စားသောက်ကုန်များ ဖြစ်နေသည်သာမကပဲ၊ အခြားသော ကုန်ပစ္စည်းများသည်လည်း အရောင်းသွက်နေခဲ့ပြန်လေပြီ။ ယန်ပါးထောင်က စာရင်းစာအုပ်များကို ဖတ်ရှုပြီးသည့်အခိုက်တွင် ပိုင်မိသားစုနှင့် ကျောက်မိသားစုများထံသို့လည်း စာအုပ်များကို သူတို့ဖတ်ရှုနိုင်ရန်အတွက် ပို့ဆောင်ရဦးမည် ဖြစ်ပါသည်။