← Chapters

အခန်း (၁၂၃)

Vol. 13 Ch. 123

အခန်း (၁၂၃)

Vol. 13 Ch. 123

"အိုး" ရွှယ်ချမ်းပိုင် ခဏလောက် အံ့အားသင့်သွားခဲ့ပြီးနောက် ခေါင်းကိုအသာအယာညိတ်ပြလိုက်တော့၏။ သူ့ရှေ့ကလူ ဘယ်ဘာကိုဆိုလိုချင်တယ်ဆိုတာ သူမသိပေမယ့်လည်း ခေါင်းသာညိတ်ပြလိုက်လေတော့သည်။

သို့သော် မကြာမီမှာပင်၊ ရွှယ်ချမ်းပိုင် သည် လီချန်ချင်း ထုတ်ဖော်ထားသည့် နဂါးနိုင်လက်ဝါးသိုင်း၏ စွမ်းအင်အငွေ့အသက်များကိုတွေ့မြင်လိုက်ရလေသည်။ ထိုစွမ်းအင်များသည် အလွန်အံ့အားသင့်ဖွယ်ကောင်းပြီး သူ့ကို ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားသည့်ကျွမ်းကျင်သူတစ်ဦးအဖြစ်ထင်မှတ်သွားရလောက်ပေသည်။ သို့သော်လည်း ထိုသူထံတွင် အလိုလောဘအနည်းငယ် ရှိနေပုံရသည်။

ဒါ့အပြင် သူ့တွင် မူလအဆင့် စစ်မှန်သည့် ယွမ်စွမ်းအင် အပြောင်းအလဲအတက်အကျများလည်းမရှိပေ။

ရွှယ်ချမ်းပိုင် ၏အမြင်အရတော့ ထိုသူသည် အစွမ်းထက်သော ပန်းချီသူတော်စင်တစ်ယောက်ဖြစ်ပေလိမ့်မည်။

ပန်းချီသူတော်စင်တွေက ငွေလိုတယ်လို့ရှိသလား?

သူတို့တွေက ငွေဒလဟောဝင်နေတဲ့သူတွေ မဟုတ်ဘူးလားဟ?

သူတို့နှစ်ယောက် ထွက်သွားပြီးမကြာခင်မှာပဲ မြို့ထဲရှိ စစ်သည်တော်များသည် ထိုနေရာသို့ ရောက်လာခဲ့ကြ၏။ အလွန်လေးလံသော ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားသည့်လူများစွာ၏ ခြေသံများသည် ထိုနေရာ၌ ထွက်ပေါ်လာခဲ့ပေသည်။ သူတို့သည် ထိုနေရာတစ်ဝိုက်တွင် ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲတစ်ခု၏ခြေရာလက်ရာများကို မြင်လိုက်ကြသောအခါ အံ့အားသင့်သွားကြလေသည်။

မြေပြင်ပေါ်တွင် အပြာရောင်ကျောက်အပိုင်းအစများတစ်စစီကွဲကြေနေပြီး ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်ထားပုံရသည့် ချိုင့်နက်ကြီးတစ်ခုလည်းရှိနေခဲ့ပေသည်။

" လမ်းဖယ်ကြစမ်း " ကျယ်လောင်သော အသံနက်ကြီးတစ်ခုနှင့်အတူ အလွန်ကြီးမားလှသည့် ပုံရုပ်တစ်ခုက ရှေ့သို့ထွက််လာခဲ့၏။ သူ၏ အရပ်သည် သုံးမီတာကျော်မြင့်မားနေပြီး၊ သူနှင့်ယှဉ်လိုက်ပါက သူ့ပတ်ဝန်းကျင်ရှိ အရပ်ခုနစ်ပေ၊ရှစ်ပေခန့်ရှိသော အမျိုးသားများသည် မျောက်ငပိန်‌လေးများနှင့်တူ သွားပေသည်။

ဧရာမလူကြီးသည် အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ့ထံမှ အလွန် ပြင်းထန်အားကောင်းသော အရှိန်အဝါများလည်းထွက်ပေါ်နေပေသည်။ သူ၏ ချပ်ဝတ်တန်ဆာကို ကြည့်ခြင်းအားဖြင့် ထိုလူကြီးသည် စစ်သူကြီးတစ်ဦးဖြစ်ကြောင်း သိသာပေသည်။

"စစ်သူကြီး ကျောက်၊ အခုအချိန်ထိ ကျွန်တော်တို့ ရှာတွေ့ထားတာအလောင်းခုနစ်လောင်းရှိပါပြီ " စစ်သည်တစ်ယောက်က ရှေ့ထွက်ကာ တရိုတသေဖြင့် အစီရင်ခံတင်ပြလာခဲ့၏။ စစ်သူကြီးသည် ဒူးတစ်ဖက်ထောက်၍ဆောင့်ကြောင့်ထိုင်ကာ မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်လိုက်လေသည်။ အလောင်းများသည် ဦးခေါင်းနှင့် ညာလက်များ မရှိနေပေ။ သို့သော် အရိုးများပေါ်ထွက်နေသည့် ဦးခေါင်းမဲ့နေသောလည်ပင်းတစ်ခုကို မြင်တွေ့လိုက်ရချိန်တွင် သူ၏ မျက်လုံးများထဲ၌ အံ့အားသင့်မှုတစ်ခု ဖြတ်ကနဲ လက်သွားတော့သည်။

" ဒီလူက မူလအဆင့် မဟာ ယွမ် အထွတ်အထိပ်အဆင့်က ကျွမ်းကျင်သူတစ်ယောက်ပဲ "

"မူလအဆင့် မဟာ ယွမ် ?" လူတိုင်း တုန်လှုပ်သွားကြလေသည်။ ထိုသို့သောပုဂ္ဂိုလ်တစ်ဦးသည် စန်းယွမ် နယ်မြေတွင် မြင်ရခဲသည့် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဟု ယူဆနိုင်ပေသည်။

ဒီလိုလူက ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ သေနေရတာလဲ?

"စစ်သူကြီး၊ စစ်သူကြီးက ဘယ်လိုသိတာလဲ? ဒီလူက ခေါင်းတောင်မရှိတော့ဘူးလေ" အနီးမှ စစ်သားတစ်ဦးက တအံ့တသြရေရွတ်လာခဲ့၏။

" သူ့ရဲ့အရိုးတွေက သန်မာအောင် လေ့ကျင့်ခံထားရတယ်၊ ပြီးတော့ ဒုတိယအင်မော်တယ်အဆင့်ကို ဖြတ်ကျော်ထားပြီး မူလအဆင့် မဟာ ယွမ် အဆင့်ကိုလည်း ရောက်နေခဲ့ပြီ" စစ်သူကြီးသည် နတ်ဆိုးအိုကြီး ရှန့် အလောင်း၏ ဘယ်ဘက်လက်မောင်းကို မကာ လက်ဖဝါးကို ကြည့်လိုက်ပြီးမျက်မှောင်ကြုတ်သွားခဲ့၏။ " ဒီလက်ဖဝါးက သိပ်ကိုချောမွေ့နေပြီး မရီဒျာန်တွေမှာလည်း အံဩစရာကောင်းလောက်အောင် ပိတ်ဆို့တားဆီးနေတာမျိုးမရှိဘူး။ ကြည့်ရတာဒီလူကလက်ဝါးကျင့်စဉ်အသုံးပြုတဲ့ ကျွမ်းကျင်သူတစ်‌ယောက်ဖြစ်ပုံရတယ်"

" ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေကိုကြည့်ရသလောက်တော့ငယ်ရွယ်တဲ့သူတစ်ယောက်မဟုတ်ဘူး၊ အသက်ခြောက်ဆယ်ကျော်လောက်ဖြစ်မယ် " စစ်သူကြီးသည် နတ်ဆိုးအိုကြီး ရှန့် ကိုယ်ပေါ်မှ ပစ္စည်းများကိုလည်း စစ်ဆေးလိုက်၏။

သူ့ခန္ဓာကိုယ်ပေါ်တွင် ငွေလက်မှတ်အချို့နှင့် အစာခြောက်အိတ်တစ်အိတ်မှလွဲ၍ ဘာမှမရှိပေ။ ထိုအိတ်ကိုဖွင့်ကြည့်လိုက်သည့်အခါ အသားခြောက်တစ်ချို့ကိုသာတွေ့လိုက်ရလေသည်။

စစ်သူကြီးသည် အသားခြောက်တစ်ခုကို ဆွဲဖြဲကာ အနံ့ခံလိုက်ပြီး " ဒီအသားက ခရမ်းနုရောင် နွားသိုးရဲ့ အသားပဲ။ ဒီနွားသိုးတွေက ကမ်းရိုးတန်းဒေသတွေမှာ ပေါက်ဖွားကျက်စားကြတယ်။ အဲဒီနွားတွေစားတဲ့ မြက်တွေမှာ ဆားဓာတ် အများအပြား ပါဝင်တာကြောင့် သူ့ရဲ့အသားကပင်ကိုငန်တယ်။ အင်း ဒီလူက ခရမ်းနုရောင် နွားသိုးသားကို စားရတာ ကြိုက်ပြီး လက်ဝါးကျင့်စဉ်အသုံးပြုတဲ့မူလအဆင့် မဟာ ယွမ် အဆင့်က အသက်ခြောက်ဆယ် အရွယ် ကျွမ်းကျင်သူ တစ်ယောက်"

" ဆိုတော့ကာ ဒီလူဟာ အမည်ပျက်စာရင်း ထဲက နတ်ဆိုးအိုကြီး ရှန့် ပဲဖြစ်ရမယ် " စစ်သူကြီးသည် အသားခြောက်ကို ဘေးသို့ လွှင့်ပစ်ထားပြီး သူ့လက်မှ အစအနများကို ခါထုတ်ရင်းဖြင့်ပြောလာခဲ့၏။

" စစ်သူကြီး၊ စစ်သူကြီးက တကယ်ကို အံ့သြစရာကောင်းတာပဲ!" သူ့အနားရှိ စစ်သည်များအားလုံး မျက်လုံးများပြူးကျယ်သွားကြတော့သည်။

" တကယ်ကို ငါတို့မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ စစ်သူကြီးပီသပါပေတယ် " ချက်ချင်းဆိုသလိုပင် စစ်သည်တစ်ယောက်က မြှောင့်ပင့်ပြောဆိုလာခဲ့၏။

" စစ်သူကြီး ကျောက်ပိုင်မင် ရဲ့ စောင့်ကြည့်မှုအောက်မှာ ဘယ်သူက ပြဿနာရှာရဲရတာလဲ။ သူ‌တို့တွေအသက်ရှင်ရတာ ငြီးငွေ့နေလို့ထင်တယ်။ ဘယ်သူလုပ်တယ်ဆိုတာ သိရတာနဲ့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်အပြစ်ပေးလိုက်ပါ့မယ် "

" နတ်ဆိုးအိုကြီး ရှန့် ကိုသတ်ခဲ့တဲ့သူက တကယ့် အဆင့်မြင့်ကျွမ်းကျင်သူတစ်ယောက်ပဲ။ ပြီးတော့ နတ်ဆိုးအိုကြီး ရှန့် က အမည်ပျက်စာရင်း ထဲမှာပါတဲ့သူတစ်ယောက်ဆိုတော့၊ သူ့ကို ကြေးစားလူသတ်သမားတစ်ယောက်က သတ်သွားတာလည်းဖြစ်နိုင်တယ် " ထို့နောက် ကျောက်ပိုင်မင် သည် အလောင်းခန္ဓာကိုယ်ပေါ်ရှိ ဓားဒဏ်ရာ နှစ်ခုကို အလေးအနက် ကြည့်ရှုစစ်‌ဆေးလိုက်လေသည်။

ဓားတစ်ချက်က လက်မောင်းကို ဖြတ်သွားပြီး နောက်ဓားတစ်ချက်က ခေါင်းကိုဖြတ်သွားခဲ့ခြင်းဖြစ်သည်။ သပ်ရပ်သောဖြတ်တောက်မှုများကိုကြည့်ကာ ထိုလူ၏ဓားရေးစွမ်းရည် ဘယ်လောက်တောင်အံ့အားသင့်စရာကောင်းလှသည်ကို သိနိုင်ပေသည်။ ထို့ပြင် ဖြတ်‌တောက်ခံထားရသောအရိုးသည် အဖုအထစ်မရှိ ညီညာချောမွေ့နေသည်ကိုကြည့်ခြင်းအားဖြင့် ထိုလူသည် နတ်ဘုရားလက်နက်တစ်ခု အသုံးပြုသည်ကို ညွှန်ပြနေသည်။

" ဘယ်သူဖြစ်နိုင်လဲ? " စစ်သည်တစ်ယောက်က မနေနိုင်စွာဖြင့် မေးမြန်းလာခဲ့၏။ ကျောက်ပိုင်မင် သည်လည်း သူ၏မျက်လုံးများကိုအသာအယာမှိတ်ထားရင်းဖြင့် သူ့စိတ်ထဲ၌ အမည်ပေါင်းများစွာကိုတွေးတောကြည့်နေခဲ့ပေသည်။

ဓားသိုင်းကျင့်ကြံသူများစွာရှိပြီး နတ်ဘုရားလက်နက်များကို ကိုင်ဆောင်ထားသည့် ကျွမ်းကျင်သူများလည်း များစွာ ရှိပေသည်။ သို့သော် နတ်ဆိုးအိုကြီး ရှန့် ကို လွယ်လွယ်ကူကူ သတ်နိုင်သူကတော့ အနည်းအကျဉ်းသာရှိသည်။ ဒီအခြေအနေနှစ်ခုနဲ့ ကိုက်ညီပြီး မြောက်ပိုင်းအေးခဲနိုင်ငံနှင့် သိပ်မဝေးသောနေရာမှသူများကိုစဉ်းစားကြည့်ပါက...

" တောင်ပိုင်းဆောင်းဦးမြို့တော်ရှိ ရှောက် မိသားစုမှ ရှောက်ဝူကျီ"

" ငါတို့ မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ ၊ တောင်ပိုင်း က အကြည့်ဓားသွား စွန်းလျှိုလီ "

" မဟာယွမ်မင်းဆက်က ရေခဲဝိညာဉ်ဓားသခင်၊ ဝေ့ကုန်း "

" ရှေးဟောင်းတာအိုတောင်ဂိုဏ်းက ချင်းရွှယ်အာဏာဓားသခင်၊ ရွှယ်ချမ်းပိုင်"

"ဒီလူတွေအားလုံးက ဖြစ်နိုင်ချေရှိတဲ့သူတွေပဲ" ကျောက်ပိုင်မင် သည် စီစစ်သုံးသပ်ကာပြောလာခဲ့၏။

" သူတို့က ကျွန်တော်တို့ရဲ့ မြောက်ပိုင်းအေးခဲနိုင်ငံမြို့တော်မှာ ပြဿနာလာရှာရဲကြတယ်ပေါ့၊ သူတို့တွေ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေကြတာမဟုတ်ဘူးလား။ ဘယ်သူပဲ ဖြစ်ဖြစ်ပါ၊ ဒီလူ အပြေးမြန်တာကံကောင်းသွားတယ်။ မဟုတ်ရင် စစ်သူကြီးနဲ့ တွေ့ပြီး သူ့ နေရာသူ သိသွားအောင်ဆုံးမခံရလိမ့်မယ်!" စစ်သည်တော် အများအပြားသည် မကျေမနပ် ငြီးတွား ပြောဆိုလာကြသည်။

"စစ်သူကြီး၊ တစ္ဆေမျိုးနွယ်အလောင်းတစ်ချို့ကိုတွေ့ထားပါတယ် " ထိုအချိန်တွင် စစ်သည်တစ်ယောက် ရောက်လာကာ ရုတ်တရက်တင်ပြလာခဲ့၏။

"တစ္ဆေမျိုးနွယ်?" ကျောက်ပိုင်မင် ၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့ပြီး သွား၍စစ်ဆေးကြည့်ရန် သူ့လှံကို ကောက်ကိုင်ကာ ထရပ်လိုက်သည့်အခါ သူ့နောက်မှ စစ်သည်များသည် ကျောက်ပိုင်မင် လက်ထဲရှိ လှံကို တအံ့တဩ ငေးမောကြည့်မိသွားကြလေသည်။

ထိုလှံတံသည် ကောင်းကင်ကြီးကိုထိုးဖောက်နေသည့် ကျောက်တိုင်ကြီးတစ်ချောင်းကဲ့သို့ပင်၊ အလွန်ကြီးမားလေးလံလွန်းလှပေသည်။ သူတို့အနေဖြင့် ထိုလှံကို မယူနိုင်ဖို့ဆိုသည်မှာဘယ်လိုမှမဖြစ်နိုင်‌ပေ။ သို့သော် ကျောက်ပိုင်မင်၏လက်ထဲတွင်တော့ မယုံကြည်နိုင်လောက်အောင် လွယ်ကူချောမွေ့နေခဲ့ပေသည်။

" စစ်သူကြီး ပြောတဲ့ လူတွေအကြောင်း ငါကြားဖူးတယ်။ သူတို့အားလုံးက သိပ်ကိုအစွမ်းထက်တဲ့ ထိပ်တန်း ဓားသမားတွေပဲ။ ငါတို့ မြောက်ပိုင်းအေးခဲနိုင်ငံမြို့တော်မှာ ပြဿနာလာရှာတဲ့လူက သူတို့ထဲကဆိုရင် ငါတို့ သူကို တားဆီးနိုင်မှာဟုတ်ရဲ့လား" စစ်သည်အသစ်လေးတစ်ယောက်သည် သူ၏တပ်မှူးကို တိတ်တဆိတ်မေးမြန်းလိုက်လေသည်။

"မစိုးရိမ်ပါနဲ့" တပ်မှူးသည် စိုးရိမ်ပူပန်ခြင်းကင်းစွာဖြင့်ရှင်းပြလာခဲ့၏။ " သူတို့ကို တွေ့ရင် ငါတို့စစ်သူကြီးက သေချာပေါက် သင်ခန်းစာပေးမှာပဲ "

"သစ္စာကိုးပါးလှံသခင် ကျောက်ပိုင်မင်ဆိုတဲ့နာမည်ကိုပေါ့ပေါ့လေးမထင်နဲ့ကွ" တပ်မှူးသည် ရယ်မောကာပြောလာခဲ့၏။

ထိုအချိန်တွင် လီချန်ချင်း နှင့် ရွှယ်ချမ်းပိုင် တို့နှစ်ဦးသည် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီဖြစ်သည်။

All Chapters