အခန်း (၁၂၄)
Vol. 13 Ch. 124
"မင်းဘယ်ကိုသွားနေတာလဲ?" ရွှယ်ချမ်းပိုင် သည် လီချန်ချင်း ၏နောက်သို့ လိုက်နေရင်းဖြင့် မေးမြန်းလိုက်လေသည်။ အစက သူ၏ဒဏ်ရာများကို ကုသဖို့ လီချန်ချင်း နေသည့် နေရာကို လိုက်သွားဖို့ ရည်ရွယ်ထားခြင်းဖြစ်သည်။ သို့သော်လည်း လီချန်ချင်းက မြို့ပြင်ရှိ လမ်းဆုံတစ်နေရာသို့ ဦးတည်သွားနေသည်ကို တွေ့လိုက်ရသောကြောင့်မေးမြန်းလိုက်ခြင်းဖြစ်သည်။
"ကျုပ်တစ်ခု သွားယူစရာရှိသေးတယ်" လီချန်ချင်း သည် ရှေးဟောင်းဆန်းကြယ်သစ်ပင် ၏ ပင်စည်အကြောင်းကို တွေးကာပြောလိုက်၏။
" မြောက်ပိုင်းအေးခဲနိုင်ငံက စစ်သည်တွေနဲ့ မတွေ့အောင်နေ" ရွှယ်ချမ်းပိုင် သည် မထူးခြားသော အမူအရာဖြင့်သာ ပြောလာခဲ့သည်။
" ကျုပ်တို့ကိုရှာတွေ့သွားလည်း ဘာဖြစ်လဲ၊ အဲ့တော့မှ ထွက်ပြေးကြတာပေါ့" လီချန်ချင်းသည် ရွှယ်ချမ်းပိုင်ကိုကြည့်ကာ " ပြီးတော့ခင်ဗျားလို ဆရာသခင်ကြီးတစ်ယောက်ကို စစ်သည်အနည်းငယ်က ဘယ်လို ယှဉ်နိုင်မှာလဲ"
" တစ်ခြားသူတွေဆိုရင် ကိစ္စမရှိဘူး၊ ကျောက်ပိုင်မင်နဲ့တော့မတွေ့စေနဲ့" ရွှယ်ချမ်းပိုင်သည် ခေါင်းကိုခါယမ်းကာပြောလာခဲ့၏။
"ကျောက်ပိုင်မင်?" လီချန်ချင်းသည် စပ်စုလိုဟန်ဖြင့်မေးမြန်းလိုက်လေသည်။ " သူက ဘယ်သူလဲ၊ စွမ်းအားကြီးတဲ့သူလား၊ ခင်ဗျားတောင် မရိုက်နိုင်သူတစ်ယောက်လား"
"သူက မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ စစ်သူကြီးတစ်ယောက်၊ သူက တကယ့် ပြဿနာကြီးတစ်ခုပဲ" ရွှယ်ချမ်းပိုင် သည် တခြားဘာမှထပ်မပြောဘဲ ကျောက်ပိုင်မင် ကို ပြဿနာကြီးတစ်ခုဟုသာ သာမန်ကာလျှံကာ ပြောလာခဲ့သည်။
လီချန်ချင်း သည် ရွှယ်ချမ်းပိုင်ပြောသည့် ပြဿနာကြီး ဆိုသည်ကို နားမလည်သော်လည်း အသာခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်တွင် သူတို့နှစ်ယောက်သည် လမ်းဆုံအနီးသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ထိုနေရာတွင် မည်သူမျှမရှိသည့်အပြင် မကြာသေးမီကတိုက်ပွဲကြောင့် ထိုအနီးအနားရှိ စစ်သည်အားလုံးသည်လည်း တိုက်ပွဲနေရာသို့ရောက်ရှိနေခဲ့ကြခြင်းဖြစ်သည်။
ဒါကလီချန်ချင်း လိုချင်သော ရလဒ်တစ်ခုပင်ဖြစ်သည်။ ရှေးဟောင်း ဆန်းကြယ်သစ်ပင်၏ စွမ်းအင်ကို သူ၏နတ်ဘုရားဝိဉာဉ်ဖြင့် အာရုံခံလိုက်ပြီး ကိုယ်ဖော့သိုင်းကိုသုံးကာ သစ်ပင်ပေါ်သို့တက်သွားလိုက်၏။ ထို့နောက် ဓားကိုထုတ်ကာ သစ်ကိုင်းတစ်ခုကိုခုတ်ချလိုက်လေသည်။
"ဒုန်း!" သတ္တုတုံးတစ်ခုနှင့်တိုက်မိသလိုအသံမျိုးထွက်ပေါ်လာပြီး သစ်ကိုင်းက ပြတ်မသွားခဲ့ပေ။ သစ်ကိုင်းပေါ်၌ အမှတ်အသားတစ်ခုကိုသာ ဖြစ်ပေါ်ခဲ့သော်လည်း လီချန်ချင်း လက်ထဲရှိဓားကတော့ကျိုးနေပြီဖြစ်သည်။
" သစ်ကိုင်းကပဲအရမ်းမာနေတာလား ဒါမှမဟုတ် မကောင်းတဲ့ ပစ္စည်းကို ငါဝယ်ခဲ့မိတာလား" လီချန်ချင်း သည် သူ့လက်ထဲမှ ဓားကို အံ့သြစွာ ကြည့်လိုက်လေသည်။
"သစ်ပင်ကိုတောင် မဖြတ်နိုင်ရအောင် ဒီဓားက ရွံ့နဲ့လုပ်ထားလို့လားဟ" လီချန်ချင်း သူ့ကိုယ်သူဓားလိမ်ရောင်းခံလိုက်ရသလားဟုပင် သံသယဝင်သွားခဲ့တော့သည်။
နောက်မှလိုက်လာသော ရွှယ်ချမ်းပိုင် သည် လီချန်ချင်းတစ်ယောက် ဤနေရာသို့ ခိုးဝင်ခဲ့ခြင်းသည် သစ်ကိုင်းတစ်ခု ခုတ်ရန်သာဖြစ်ကြောင်း မျှော်လင့်ထားခဲ့ပေ။
သူက ဘာအတွက် ဒါကိုလိုချင်ရတာလဲ?
"ရှေးဟောင်းဆန်းကြယ်သစ်ပင်ရဲ့ အခေါက်က အရမ်းမာတယ်၊ မင်းရဲ့ဓားက သာမန်သံနဲ့လုပ်ထားတာဆိုရင် အဲဒါကို လုံးဝဖြတ်လို့ရမှာ မဟုတ်ဘူး" ရွှယ်ချမ်းပိုင်သည် သစ်ကိုင်းတစ်ခုပေါ်ရပ်ကာ လီချန်ချင်း ခုနကခုတ်ခဲ့သောနေရာကို ကြည့်လိုက်လေသည်။
ရွှယ်ချမ်းပိုင် ရုတ်တရက် အံ့အားသင့်သွားတော့၏။ အကြောင်းမှာ သူသစ်ကိုင်းအနီးတိုးကပ်၍ ဂရုတစိုက်ကြည့်လိုက်သည့်အခါတွင် သစ်ကိုင်းသည်အနည်းငယ် ထူးဆန်းနေသည်ဟု သူ ခံစားလိုက်ရသောကြောင့်ပင် ဖြစ်သည်။
ဒီသစ်ကိုင်းက ရတနာတစ်ခုဖြစ်နေတာလား။
" ခင်ဗျားရဲ့ဓားကတော့ ဒါကို ဖြတ်နိုင်လောက်တယ် မဟုတ်လား။ ခင်ဗျားဓားကြည့်ရတာ ဓားကောင်းတစ်လက်ဖြစ်ပုံရတယ်" လီချန်ချင်းသည် မူလအဆင့်ကိုဖြတ်ကျော်ပြီးသည့်ကျင့်ကြံသူတစ်ဦး၏ အရိုးများကိုပင် ဖြတ်တောက်နိုင်သည့် ရွှယ်ချမ်းပိုင်၏ ချင်းရွှယ်ဓားကိုကြည့်ကာ ပြောလာခဲ့လေသည်။
သူ့အနေဖြင့်ထိုဓားကိုစိုက်ကြည့်နေရုံသာတတ်နိုင်ပေသည်။
" မင်းက ငါ့ဓားကို ငှားချင်တာလား" အကယ်၍ အခြားတစ်ယောက်ယောက်ကသာ သူ၏ဆီးနှင်းတစ်ထောင် ဓားကို ထင်းခုတ်ရန် ငှားလိုကြောင်း ပြောလာပါက ရွှယ်ချမ်းပိုင်က ထိုသူကိုသတ်ရန် သူ့ဓားကိုချက်ချင်း ဆွဲထုတ်လိုက်ပေမည်။
ရွှယ်ချမ်းပိုင် သူ့ရှေ့မှ လူသည်တော်တော်စိတ်ဝင်စားဖို့ကောင်းသည့်လူတစ်ယောက်ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ သူ၏ ကျင့်ကြံစွမ်းအားသည် အားနည်းမနေသည့်တိုင် ဤလောကရှိ အကြောင်းအရာများစွာကိုလည်း သိနေပုံမရပေ။
ထို့ကြောင့်ပင် ရွှယ်ချမ်းပိုင်သည် လီချန်ချင်း အကြောင်း ပို၍သိချင်လာခဲ့တော့သည်။
" မင်းသာ ဓားကိုဆွဲထုတ်နိုင်ရင်..." ရွှယ်ချမ်းပိုင်သည် ချင်းရွှယ်ဓားကို လီချန်ချင်းထံ ပေးကာပြောလာခဲ့၏။
"ကျုပ် ဆွဲထုတ်နိုင်ရင် ဘာလုပ်မှာလဲ!"
" မင်းသာဓားကို ဆွဲထုတ်နိုင်ခဲ့ရင် ငါမင်းကို ဓားငှားမယ်လေ" " တစ်ခြားဘာဖြစ်နိုင်သေးလို့လဲ" ရွှယ်ချမ်းပိုင်သည် အံ့အားသင့်စွာမေးမြန်းလာခဲ့၏။
"အိုး.. ဘာမှမဟုတ်ပါဘူး" လီချန်ချင်း သက်ပြင်းတစ်ချက်ခိုးချလိုက်တော့၏။ ထို့နောက် ချင်းရွှယ်ဓားကို စိုက်ကြည့်လိုက်တော့ လက်နှစ်ချောင်းနဲ့ ညွှန်ပြလိုက်ပြီး အော်ပြောလိုက်လေသည်။ "ဓားအိမ်ကထွက်ခဲ့!" ထိုစကားလုံးများ ထွက်ကျလာသည်နှင့်တစ်ပြိုင်နက် ရွှယ်ချမ်းပိုင် လက်ထဲရှိ ဆီးနှင်းတစ်ထောင် ဓား၏ကိုယ်ထည်စတင်တုန်ခါလာခဲ့သည်။
(ချင်းရွှယ် - ဆီးနှင်တစ်ထောင်)
နောက်တစ်ခဏ၌ ဆီးနှင်းတစ်ထောင် ဓားသည် အလွန်ကျယ်လောင်ကာ၊ သာယာနာပျော်ဖွယ်ကောင်းသည့် ဓားအော်သံတစ်ခုနှင့်အတူပျံတက်သွားလေသည်။ ထို့နောက် လီချန်ချင်းလက်ထဲသို့ ပြန်လည်ဆင်းသက်သွားခဲ့သည်။
"ဟင်?" ရွှယ်ချမ်းပိုင် ၏ အမြဲ တည်ငြိမ်အေးဆေးသောမျက်နှာသည် အံ့အားသင့်သော အမူအရာကို ပြသလာခဲ့ပေသည်။ သူ၏ ဆီးနှင်းတစ်ထောင်ဓားသည် နတ်ဘုရားလက်နက်တစ်ခုဖြစ်ပြီး ကိုယ်ပိုင်အသိစိတ်ရှိသည့်အပြင် မည်သူမှလည်း ဓားအိမ်မှဆွဲမထုတ်နိုင်ခဲ့ပေ။
ကျင့်ကြံဆင့်နှင့်လည်း သိပ်မသက်ဆိုင်ပေ။ ရှေးဟောင်းတာအိုတောင်ဂိုဏ်းချုပ် လော့ရှောက်ချွမ် ပင်လျှင် ဆီးနှင်းတစ်ထောင်ဓားကို ဆွဲထုတ်ရန် ကြိုးစားခဲ့သော်လည်း၊ ဆီးနှင်းတစ်ထောင်ဓားသည် လှုပ်တောင်မလှုပ်ခဲ့ပေ။
လီချန်ချင်း ကတော့ လက်နှစ်ချောင်းနဲ့သာ ဆီးနှင်းတစ်ထောင်ဓားကို ဆွဲထုတ်ပစ်လိုက်နိုင်ခဲ့လေသည် ။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?"
"နတ်ဘုရားဝိညာဉ်ရဲ့ ဖိနှိပ်မှုလား?" ရွှယ်ချမ်းပိုင် ဘယ်လိုမှမယုံနိုင်လောက်အောင်ဖြစ်နေခဲ့ပေသည်။
" သူ့ ရဲ့ နတ်ဘုရားဝိညာဉ်က ဒီလောက်တောင် စွမ်းအားကြီးမားနေပြီလား"
"ဘယ်လောက်တောင် ကောင်းလိုက်တဲ့ဓားလဲ" လီချန်ချင်း သူ့လက်ကို ပင့်မြှောက်လိုက်သည်နှင့် ဓားသည် သစ်ကိုင်းကို တိုက်ရိုက်ဖြတ်ချပစ်လိုက်လေသည်။ ဆီးနှင်းတစ်ထောင်ဓား၏ ဓားချက်အောက်တွင် မာကျောပါသည်ဆိုသောသစ်ခေါက်သည် ပန်းသီးတစ်လုံးကို လှီးဖြတ်ရသလို လွယ်ကူလှပေသည်။
" သိပ်မြန်တဲ့ဓားပဲ၊ ကိုင်ရတာလည်း ကောင်းတယ်!" ထိုအခိုက်အတန့်တွင် လီချန်းချင်း ၏ မျက်လုံးများသည် တဖျပ်ဖျပ် တောက်ပနေခဲ့ပြီး ဆီးနှင်းတစ်ထောင်ဓားကို စွန့်လွှတ်ရန်ပင် အနည်းငယ် ဝန်လေးနေတော့လေသည်။
ဓားကောင်းတစ်လက်ကိုင်ပြီး လောကထဲလျှောက်ပတ်သွားမယ့် သိုင်းသမားတစ်ယောက်အဖြစ် ငယ်ဘဝအိမ်မက် မမက်ဖူးတဲ့သူဘယ်သူရှိမှာလဲ။
ပြီးတော့ ကျင့်ကြံရေးလောကမှာ၊ နတ်ဘုရားအဆင့်ဓားတစ်လက်ကိုင်ထားတဲ့လူတစ်ယောက်က ပြိုင်ကားလှလှတစ်စီးရှိတဲ့ ကိုလူချောတစ်ယောက်လိုပဲလေ။
" ခင်ဗျား ဒီဓားကိုရောင်းမလား?"
"မရောင်းဘူး!" ရွှယ်ချမ်းပိုင် သည် ဓားကိုအမြန်ပြန်ယူကာ အလျင်စလိုဖြင့်ပင်ဓားအိမ်အတွင်းသို့ ပြန်ထည့်လိုက်လေသည်။
"ကောင်းပါပြီ။ အခု ကျုပ်တို့လိုအပ်တာလည်းရပြီဆိုတော့၊ လာ ကျုပ်နောက်လိုက်ခဲ့၊ ခင်ဗျား သွေးတွေထွက်နေတာ ရပ်အောင်အရင်လုပ်ကြရအောင်" ထို့နောက် ဆက်လက်၍ လီချန်ချင်း သည် အသံတိုးတိုးဖြင့် မကျေမနပ်ရေရွတ်လာခဲ့၏။
"ခင်ဗျား မရောင်းချင်ရင်လည်း မရောင်းနဲ့ပေါ့။ ဒီလောက်ထိ ပြင်းပြင်းထန်ထန် ဖြေစရာမလိုပါဘူးဗျာ"
"ဒါနဲ့ မင်းနာမည်ကို ငါသိလို့ရမလား" ရွှယ်ချမ်းပိုင် သည် လီချန်ချင်း ၏ နာမည်ကို အခုအချိန်ထိမသိရသေးသည်ကို သတိရသွားခဲ့လေသည်။
"လီချန်ချင်း ပါ" လီချန်ချင်း အမှန်အတိုင်းသာဖြေလာခဲ့သည်။
"မင်းက ချန်ထင် မြို့က လီချန်ချင်းလား။" ရွှယ်ချမ်းပိုင် မျက်ခုံးပင့်လိုက်မိလေသည်။ အရင်က သူသည်ရှမူဟိုင်ထံမှ လီချန်ချင်း အကြောင်းကြားဖူးသောကြောင့် အံအားသင့်သွားခဲ့ခြင်းဖြစ်သည်။
" ခင်ဗျားက ကျုပ်ကိုသိတယ်လား?" လီချန်ချင်း သည်လည်း ရှေးဟောင်းတာအိုတောင်ဂိုဏ်း၏ ဒုတိယဂိုဏ်းခေါင်းဆောင်က သူ့ကိုသိနေသည့်အတွက် အနည်းငယ် အံ့သြသွားခဲ့ရသည်။
အရင်က ရှမူဟိုင် သည် တစ္ဆေမျိုးနွယ်နှင့်ပတ်သက်၍ လီချန်ချင်းအကြောင်းကိုပါပြောခဲ့ဖူးသည်၊ ချန်ထင်မြို့တွင် စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦး ပုန်းအောင်းနေသည်ဟု ရွှယ်ချမ်းပိုင် ထံ သတင်းပို့ခဲ့ခြင်းဖြစ်သည်။
ရွှယ်ချမ်းပိုင် သည် ထိုအကြောင်းအရာကို မှတ်မိနေခဲ့ခြင်းဖြစ်သည်။
" ရှမူဟိုင်ဆီကနေ မင်းအကြောင်းတွေကို ငါကြားဖူးတယ်" ရွှယ်ချမ်းပိုင်သည် ခေါင်းညိတ်ကာ ပြောလိုက်၏။
"ကျုပ်သားကလည်း ခင်ဗျားတို့ ရှေးဟောင်းတာအိုတောင်ဂိုဏ်းက တပည့်တစ်ယောက်ပဲ" လီချန်ချင်းသည် အလျင်အမြန်ပင် ထပ်ပြောလာခဲ့၏။ " ခင်ဗျား ကျုပ်ရဲ့သား လီဟမ်ရှန်းကို သိလား"
"ငါ မသိဘူး" ရွှယ်ချမ်းပိုင် သည် ရှေးဟောင်းတာအိုတောင်ဂိုဏ်းမှ ထွက်ခွာလာခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သောကြောင့် ဂိုဏ်း၌ ဖြစ်ပေါ်ခဲ့သည့်မကြာသေးမီက အဖြစ်အပျက်များကိုမသိရသေးပေ။
" ခင်ဗျား ရှေးဟောင်းတာအိုတောင်ဂိုဏ်းကို မပြန်တာကြာပြီထင်တယ်" လီချန်ချင်းသည် အပြုံးတစ်ခုဖြင့် ပြောလာခဲ့၏။ " ကျုပ်ရဲ့သား လီဟမ်ရှန်း က အခု ရှေးဟောင်းတာအိုတောင်ဂိုဏ်းရဲ့ ပါရမီရှင်တစ်ယောက်ဖြစ်နေပြီ။ ခင်ဗျား ပြန်ရောက်ရင် သူ့ကို ဂရုစိုက်ပေးပါအုံး "
"သူက ဘယ်လောက်တောင် အရည်အချင်းရှိတာလဲ" ရွှယ်ချမ်းပိုင် ၏ စိတ်ခံစားချက်များသည် ပုံမှန်အတိုင်းသာ ရှိနေဆဲဖြစ်သည်။ ရှေးဟောင်းတာအိုတောင်ဂိုဏ်း ကဲ့သို့သောဂိုဏ်းတစ်ခုတွင် ပါရမီရှင်များ မရှားလှပေ။
"ရှိတာပေါ့ ၊ သူက ဂိုဏ်းထဲမှာအရည်အချင်းအရှိဆုံးသူတစ်ယောက်ပဲ" လီချန်ချင်းသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့်ပြောလာခဲ့၏။ "သူဟာ မျောလွင့်ပုံရိပ်ခန်းမကို ပထမဆုံးအကြိမ်သွားရောက်လည်ပတ်မှုမှာတင်ပဲ ပန်းချီသူတော်စင်ရဲ့ လက်ရာကိုနားလည် သဘောပေါက်ခဲ့တယ်။ တက်လှမ်းခြင်းအဆင့်ရဲ့ သတ္တမမြောက်အဆင့်မှာ ကိုးထပ်တိုက်ပွဲခန်းမ ရဲ့ပထမအဆင့်ကို စိန်ခေါ်ခဲ့ပြီး အခု ကျုပ်သားက သေမျိုးလောကအဆင့်ရဲ့ ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်နေပြီလေ။ မကြာသေးခင်က သူ ဂိုဏ်းတာဝန်တစ်ခုနဲ့ အပြင်ထွက်သွား တုန်းက ထာဝရရှင်သန်ခြင်းဂိုဏ်း ရဲ့ ခေါင်းဆောင်တယောက်ကတောင် သူ့ကို ပစ်မှတ်ထားပြီးလုပ်ကြံခဲ့သေးတယ် ။ ပြောပါအုံး ကျုပ်သားက တကယ့်ပါရမီရှင် တစ်ယောက်ပဲမဟုတ်လားဗျ "
လီချန်ချင်း၏စကားများသည် ရွှယ်ချမ်းပိုင်ကို အတော်လေး အံ့သြတုန်လှုပ်သွားစေခဲ့သည်။
"သေမျိုးလောကအဆင့်ရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက် ဟုတ်လား?။ အဲဒါက တကယ်ကို ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ" ရွှယ်ချမ်းပိုင်
သည် ရာစုနှစ်များစွာကြာပြီးနောက် သေမျိုးလောက ၏ စံချိန်ကို ချိုးဖျက်နိုင်သည့်သူတစ်ယောက်ပေါ်ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
" ထာဝရရှင်သန်ခြင်းဂိုဏ်းက ငါတို့ ရှေးဟောင်းတာအိုတောင်ဂိုဏ်းရဲ့ တပည့်တွေကို ပစ်မှတ်ထားရဲတယ်ပေါ့လေ" ထာဝရရှင်သန်ခြင်းဂိုဏ်းကို ရည်ညွှန်းပြောဆိုကာ ရွှယ်ချမ်းပိုင် ၏ အကြည့်များသည် အနည်းငယ် တင်းမာလာခဲ့လေသည်။
သူ့သည်လည်း ဒီတစ်ကြိမ်တွင် ထာဝရရှင်သန်ခြင်းဂိုဏ်းက လူများ၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။
" ဒီလူယုတ်မာတွေက မကောင်းတာမှန်သမျှကို အမျိုးမျိုးကြံစည်နေကြတော့တာပဲ" လီချန်ချင်းသည် အံကြိတ်ကာ ဒေါသတကြီးပြောလာခဲ့၏။ " အခုကစပြီး သူတို့ကိုတွေ့တိုင်း သတ်ပစ်မယ်"
ရွှယ်ချမ်းပိုင် နဲ့ လီချန်ချင်းတို့သည် တည်းခိုခန်းကို ပြန်ရောက်ပြီးနောက်၊ လီချန်ချင်းသည် တည်းခိုခန်း ပိုင်ရှင်ထံမှ ပိတ်စတောင်းကာ ရွှယ်ချမ်းပိုင် ၏ ဒဏ်ရာများကို ဆေးနှင့် စည်းပေးလိုက်သည်။
"မင်းက မြောက်ပိုင်းအေးခဲနိုင်ငံကို ဘာလာလုပ်တာလဲ။" ရွှယ်ချမ်းပိုင် သည်လီချန်ချင်း ကို မေးလိုက်၏။
"ကျုပ်က ဆေးတစ်လုံးရှာဖို့ လာခဲ့တာ" လီချန်ချင်းသည် ရွှယ်ချမ်းပိုင်ကို ပတ်တီးစည်းပေးနေရင်းဖြင့်ပင် ပြောလာခဲ့၏။
"ကျုပ်ရဲ့သားက ပြန်လည်မွေးဖွားခြင်းအဆင့်ကို ဖြတ်ကျော်ဖို့ ပဉ္စမအဆင့်အဆင့်တက်ဆေးလုံးလိုနေတာ။ မင်ဟုန်ခရိုင်တစ်ခုလုံးမှာ ကျုပ်ရှာကြည့်ပြီးပြီ။ မတွေ့တာနဲ့ မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ မှောင်ခိုဈေးကွက်မှာ များ ရှိမလားဆိုပြီး လာကံစမ်းကြည့်တာပါပဲ"
"ပဉ္စမအဆင့်?" ထို့နောက် ရွှယ်ချမ်းပိုင် ဘာမှဆက်မပြောတော့ပေ။
" မင်း မှောင်ခိုဈေးကွက်ကို ရောက်ပြီးပြီလား?"
"မရောက်သေးဘူး၊ မှောင်ခိုဈေးကွက်က ဘယ်မှာလဲဆိုတာတောင် ကျုပ်မသိရသေးဘူး" လီချန်ချင်းသည် ခေါင်းကိုခါကာပြောလာခဲ့၏။
" မနက်ဖြန် ငါ မင်းကို အဲဒီနေရာ ခေါ်သွားပေးမယ်"
"ငါ့အတွက် နတ်ဆိုးအိုကြီး ရှန့်ကို ကူပြီးတားဆီးပေးတဲ့အတွက် ကျေးဇူးဆပ်တယ်လို့ သဘောထားလိုက်ပါ"
" ကျုပ်အတွက် အဆင်ပြေသွားပြီပေါ့ဗျာ"
"ဒါနဲ့၊ စကားမစပ်" လီချန်ချင်းက ရုတ်တရက်မေးလိုက်သည် " နတ်ဆိုးအိုကြီး ရှန့်ထွက်ပြေးလာတုန်းက ခင်ဗျားကိုသတ်ပြီး သော့ကိုယူချင်တယ်လို့သူပြောတာ ကျုပ်ကြားလိုက်ရတယ်။ အဲ့တာဘာကိုပြောတာလဲ?"
"ငါလည်း သေချာမသိသေးဘူး" ရွှယ်ချမ်းပိုင်သည် ခေါင်းကိုခါယမ်းကာပြောလာခဲ့၏။ "ထာဝရရှင်သန်ခြင်းဂိုဏ်းက လုပ်ရပ်တွေက အမြဲတမ်းလျှို့ဝှက်သိုသိပ်တယ်။ သူတို့အကြောင်းကိုသိရတာ သိပ်မရှိဘူး။ သုံးသပ်ကြည့်ရသလောက်တော့ သူတို့တွေ တစ်စုံတစ်ယောက်ကို ရှင်သန်ထမြောက်လာအောင်လုပ်ချင်နေပုံရတယ် ဒါပေမယ့် အဲ့ဒီလူကဘယ်သူလဲဆိုတာတော့ ငါလည်းမသိဘူး။ သူတို့ပြောခဲ့တဲ့ သော့ဆိုတာကို ငါလည်းအခုမှ ပထမဆုံးကြားဖူးတာပဲ။ ပြီးတော့ အဲ့ဒီကိစ္စက ထာဝရရှင်သန်ခြင်းဂိုဏ်းက လူ တွေအတွက်အတော်လေးအရေးကြီးပုံရတယ် "
"ရှင်သန်ထမြောက်ခြင်း ဟုတ်လား? တကယ်ပဲ လူတွေက သေပြီးရင် ပြန်ရှင်နိုင်တော့လို့လား " လီချန်ချင်း သိလိုစွာဖြင့်မေးမြန်းလိုက်လေသည်။
" လောကကြီးက ကျယ်ပြောပြီး မဖြစ်နိုင်တဲ့အရာဆိုတာလည်း မရှိဘူးလေ။ လူကို ပြန်လည်ရှင်သန်စေနိုင်မယ့် နည်းလမ်း ဆိုတာလည်း ရှိကောင်းရှိနေနိုင်တာပဲ"
"ဒါပေမယ့် ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ မကြာသေးခင်က လုပ်ရပ်တွေက အင်အားစုတော်တော်များများကို သတိထားမိသွားစေခဲ့တယ်။ သူတို့တွေပေါ်ပေါ်ထင်ထင် ဆက်လုပ်ဖို့ ခက်ခဲလာလိမ့်မယ်"
"ဒါပေမယ့် အင်အားစုအသီးသီးနဲ့ ခင်ဗျားတို့ရဲ့ ရှေးဟောင်းတာအိုတောင်ဂိုဏ်းမှာတောင် သူတို့ရဲ့ သူလျှိုတွေရှိနေပုံရတယ်" လီချန်ချင်း သည်စိုးရိမ်ပူပန်စွာဖြင့်ပြောလာခဲ့၏။ " ကျုပ်သားအန္တရာယ် တစ်ခုခုထပ်ဖြစ်မှာကိုကျုပ်အမြဲစိုးရိမ်နေရတယ်။ ရှေ့ကလှံကိုရှောင်ရတာထက် မမြင်နိုင်တဲ့မြှားကို ရှောင်ဖို့ဆိုတာ ခဲယဉ်းတယ်လေ"
" မင်း ဒီအတွက်တော့ စိတ်ချနိုင်ပါတယ်။ ဂိုဏ်းထဲမှာဆိုရင် ဘာမှမဖြစ်နိုင်ပါဘူး၊ ပြီးတော့ ငါတို့ဂိုဏ်းချုပ် ပြန်လာတာနဲ့ ဖြစ်နေတာတွေအားလုံး ပြန်အဆင်ပြေသွားတော့မှာပါ" ရွှယ်ချင်းပိုင်သည် ကုလားထိုင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေရင်းဖြင့် အေးဆေးတည်ငြိမ်စွာပြောလာခဲ့၏။
"ဂိုဏ်းချုပ်ပြန်ရောက်လာရင် သူလျှိုက ပုန်းနေလို့မရတော့ဘူးလေ "