← Chapters

အခန်း (၁၂၅)

Vol. 13 Ch. 125

အခန်း (၁၂၅)

Vol. 13 Ch. 125

"ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းချုပ်...."

လီချန်ချင်းသည် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းချုပ်မှာ လျို့ဝှက်ဆန်းကြယ်သောလူတယောက်ဖြစ်သည်ဟု ခံစားမိနေခဲ့တော့သည်။

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းချုပ်သည် တစ်ချိန်လုံး ဂိုဏ်းနှင့် ကင်းကွာနေပုံရပြီး သူဘယ်သွားသည်ကို မည်သူမျှ မသိခဲ့ကြပေပေ။

တစ္ဆေကျိန်စာသင့်နေသော ရှုမူဟိုင်ပင် သူ့ကို ရှာမတွေ့ခဲ့ပေ။

ထို့အပြင် လီဟမ်ရှန်းသည် ထိုလူကို တစ်ခါမျှမတွေ့ဖူးသလိုပင်၊ စာထဲ၌ ထည့်မရေးခဲ့ပေ။

သို့သော် ရွှယ်ချမ်းပိုင်သည် ဂိုဏ်းချုပ်အပေါ် အလွန်ယုံကြည်မှုရှိပုံရသည်။ ထိုဂိုဏ်းချုပ်သည် အလွန်စွမ်းဆောင်နိုင်သူလည်း ဖြစ်ပုံပေါ်ပေသည်။

ထိုသို့မဟုတ်လျှင် ရွှယ်ချမ်းပိုင်အနေဖြင့် သူ့လက်အောက်တွင် လက်ထောက်ဂိုဏ်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ရန် အဘယ်အတွက် ဆန္ဒရှိပါမည်နည်း။

ထိုအချိန်တွင် ရွှယ်ချမ်းပိုင်သည် စကားရပ်လိုက်ပြီး သူ့ဒဏ်ရာများကို တိတ်တဆိတ် ကုစားနေသည်။

ဒဏ်ရာက နက်သော်လည်း ဆေးလိမ်းပြီး ရွှယ်ချမ်းပိုင်၏ ကုသမှုကြောင့် သွေးတိတ်သွားလေ၏။

အဖြူရောင်အခိုးအငွေ့များသည် ဒဏ်ရာမှ တဖြည်းဖြည်း မြင့်တက်လာပြီး ဒဏ်ရာမှာ လျင်မြန်စွာ ကျက်သွားလေသည်။

ရွှယ်ချမ်းပိုင် ဒဏ်ရာများကို ကုစားနေသည်ကို မြင်သောအခါ လီချန်းချင်းက သူ့ကို မနှောင့်ယှက်ဘဲ တခြားအခန်းကိုသာ ဖွင့်လိုက်သည်။

လီချန်ချင်းသည် အနားမယူလိုသေးပေ။ လီချန်ချင်းမှာ သစ်သားကောင်းအချို့ကို ရရှိထားပြီး အနည်းငယ် စိတ်လှုပ်ရှားနေခဲ့လေသည်။

လီချန်ချင်းသည် လျှို့ဝှက်ဆန်းကြယ် သစ်ပင်၏ ပင်စည်ကို ထုတ်ကာ ထွင်းထုလိုက်သည်။ ထွင်းထုရာ၌ အသုံးပြုသော ကိရိယာများသည် သာမန်သာဖြစ်သော်လည်း လီချန်ချင်း ယခု ထုလုပ်မည့်အရာကို မိုးမြေမှ သိပ်များများစားစား ဖိနှိပ်မထားခဲ့ပေ။

ထိုသို့သော ပန်းချီရတနာများသည် စန်းယွမ်နယ်မြေတွင် သဘာဝအတိုင်းပင် ရှိနေသည့်ပုံပင်။

ယခင်က ယန်မိသားစုတွင် ရေးထွင်းခဲ့သော လီချန်ချင်း၏ ပန်းချီရတနာလက်ရာမှာ ထူးခြားလွန်းလှသောကြောင့် အချိန်များစွာပေးခဲ့ရလေသည်။

လာဘ်ခေါ်ကြောင်ကဲ့သို့ပင် ထူးခြားသော မည်သည့်အရာမဆို မိုးမြေ၏ ဖိနှိပ်ခြင်းကို ခံရလိမ့်မည်။

သေချာလေ့လာပြီးသောအခါတွင် လျှို့ဝှက်ဆန်းကြယ်သစ်ပင်သည် အပြင်ဘက်တွင်သာ မာကျောသော်လည်း အတွင်းပိုင်းသည် သာမန်သစ်သားဖြစ်သည်ကို တွေ့ရှိလိုက်ရသဖြင့် လီချန်ချင်းအား လုပ်ရကိုင်ရ လွယ်ကူစေခဲ့လေသည်။

သို့သည့်တိုင် လီချန်ချင်း ထိုပစ္စည်းလေးကို ထွင်းထုပြီးချိန်မှာတွင်မူ မွန်းတည့်နေပြီဖြစ်ပေ၏။

"ဒီကိရိယာကို မကြာခင်မှာ အစားထိုးရမယ့် ပုံပဲ။ အဲဒါက အသုံးမဝင်တော့သလောက်နီးပါးပဲ။"

လီချန်ချင်း၏လက်ထဲက ထွင်းထုရာတွင် သုံးသည့်ဓားဟာ ကွေးနေပြီ ဖြစ်သည်။ ထွင်းထုရန် ထိုကဲ့သို့သော ကိရိယာကို အသုံးပြုခြင်းသည် အချိန်ကုန်ရုံသာမက အမှားအယွင်းများပါ ဖြစ်နိုင်သည်။

"မှောင်ခိုဈေးကွက်ကို ရောက်တဲ့အခါ ပိုကောင်းတဲ့ ကိရိယာတွေ ဖန်တီးဖို့ သင့်တော်တဲ့ သတ္တုရိုင်းကို ရှာရမယ်။"

လီချန်ချင်းသည် ထွင်းထုထားသည့် အရာဝတ္တုကို ကောက်ကိုင်လိုက်ပြီး စစ်ဆေးကြည့်သည်။ ထွင်းထုထားသည့် အရာဝတ္ထုငယ်မှာ လက်စွပ်တစ်ခုဖြစ်ပေ၏။ ၎င်း၏ ပုံပန်းသဏ္ဌာန်မှာလည်း အလွန်ရိုးရှင်းလှပေသည်။

အကယ်၍ ကိရိယာများ ပိုကောင်းနေခဲ့ပါက လီချန်ချင်းအနေဖြင့် ပို၍ လှပသော လက်စွပ်ပုံစံကို ထွင်းထုနိုင်မည်ဖြစ်သည်။

လီချန်ချင်းသည် သူ့လက်ပေါ်တွင် လက်စွပ်ကို ဝတ်ဆင်လိုက်ကာ သူ၏ စိတ်ဝိညာဉ်သားရဲက ၎င်းကို စူးစမ်းသည်။

ရုတ်တရတ်ပင် လီချန်ချင်း၏ နတ်ဘုရားဝိညာဉ်ထဲတွင် လေဟာနယ် ဟင်းလင်းပြင်တစ်ခု ပေါ်လာလေ၏။

တစ်ချိန်တည်းမှာပင် လီချန်ချင်းသည် လျှို့ဝှက်ဆန်းကြယ်သစ်ပင်၏ကျန်ရှိသောအကိုင်းအခက်များ သူ့စိတ်ဝိညာဉ်နှင့်လက်စွပ်ထဲသို့ တိုက်ရိုက်ထည့်လိုက်သည်။

"အောင်မြင်ပြီ...." လီချန်းချင်း၏ မျက်လုံးများ တောက်ပလာသည်။

လျှို့ဝှက်ဆန်းကြယ် သစ်ပင်တွင် အာကာသစွမ်းအားတစ်မျိုးပါရှိသည်။ လီချန်ချင်း၏ အစွမ်းထက်သော နတ်ဘုရားဝိဉာဉ်သည် သိုလှောင်လက်စွပ်တစ်ခုကို လွယ်ကူစွာ ဖန်တီးအောင်မြင်ခဲ့လေသည်။

ထို့အပြင် ဤကွင်းအတွင်းရှိနေရာသည် အလွန်ကြီးမားပြီး ကုဗမီတာ နှစ်ဆယ်ခန့်ရှိပေသည်။ ဤမျှကြီးမားသောနေရာသည် လီချန်ချင်းအတွက် လုံလောက်နေပြီဖြစ်သည်။

"ကျန်တဲ့ပစ္စည်းတွေက နည်းနည်းပိုလုပ်လို့ရတယ်။ ငါပြန်လာရင် ငါ့သားအတွက် တစ်ခုလုပ်ပေးရမယ်။"

ထို့နောက် လီချန်ချင်းသည် ဖေးနှင့် အတူ တည်းခိုခန်းမှ ထွက်လာပြီး အောက်ထပ်သို့ ဆင်းကာ အစားအသောက်များ မှာယူလိုက်သည်။ တစ်မနက်လုံး အလုပ်များနေခဲ့သောကြောင့် ဗိုက်ဆာနေပြီ ဖြစ်ပေ၏။

လီချန်ချင်းအောက်ထပ်ကို ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် ပြတင်းပေါက်တစ်ခုတွင် တစ်ယောက်တည်း ထိုင်လျက် အရက်သောက်နေသော ရွှယ်ချမ်းပိုင်ကို တွေ့လိုက်ရသည်။

"လူအိုကြီးပိုင်.... မင်းဒဏ်ရာတွေ သက်သာသွားပြီလား။" လီချန်ချင်း လျှောက်လာပြီး ဘေးတွင်ထိုင်လိုက်သည်။

"သက်သာသွားပါပြီ။" ရွှယ်ချမ်းပိုင်သည် လီချန်ချင်း၏နောက်မှလိုက်လာသော ဖေးကို တစ်ချက်ကြည့်လိုက်ပြီး ဖေးထူးဆန်းနေသည်ကို သတိပြုမိသွားပုံရသည်။

ဖန့်ယီသည် ရွှယ်ချမ်းပိုင်၏အကြည့်ကို သတိပြုမိကာ သတိထားစောင့်ကြည့်နေသည့်အကြည့်မျာဖြင့် သိသာထင်ရှားစွာ ကြည့်နေခဲ့သည်။ သူ့သတိရှိမှုတွင် ရွှယ်ချမ်းပိုင်အား ကြောက်ရွံ့သော အရိပ်အမြွက်များ ယှက်ပြေးနေပေ၏။

ရွှယ်ချမ်းပိုင်သည် လီချန်းချင်းမှ သူ့အား လူအိုကြီးပိုင်ဟု‌ ခေါ်ခြင်းကို ဂရုစိုက်မနေဘဲ။ နှုတ်ဆက်မှုကို တုံ့ပြန်ပြီးနောက် သူသည် တစ်ခုခုကို တွေးတောနေသကဲ့သို့ပင် ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်သည်။

ထိုအခါ လီချန်ချင်းလည်း အပြင်ကို ကြည့်လိုက်လေ၏။ သွားလာနေသူများ ရှိသော်လည်း ရံဖန်ရံခါ ကင်းလှည့်နေသည့် စစ်သားများလည်း ဖြတ်သွားကြသည်။

အပြင်မှာ ကင်းလှည့်သမားများကို မကြာခဏတွေ့မိပြီး လေထုမှာလည်း တင်းမာမှုများနှင့် ပြည့်နှက်နေပေသည်။

ယင်းမှာ မနေ့ညက အဖြစ်အပျက်ကြောင့် ဖြစ်ပုံပေါ်ပေသည်။

"ငါတို့ဘယ်တော့မှောင်ခိုဈေးကွက်ကိုသွားမှာလဲ။" လီချန်ချင်းက ရွှယ်ချမ်းပိုင်ကို အသံတိုးတိုးဖြင့် မေးသည်။

"နေပါဦး....." ရွှယ်ချမ်းပိုင်က တအံ့တဩ ပြန်လည် တုံ့ပြန်လိုက်လေ၏။

"ဒီအချိန်မှာ မှောင်ခိုဈေးက မဖွင့်သေးဘူး။ နည်းနည်းကြာတဲ့အထိ စောင့်ရအောင်။ မနေ့ညက အဖြစ်အပျက်ကြောင့် အခု စစ်ဆေးမှုတွေ အရမ်းတင်းကြပ်နေတယ်။ မှောင်တဲ့အထိ စောင့်မယ်။"

"ငါ ကျောက်ပိုင်မင်နဲ့ မပတ်သက်ချင်ဘူး။" ရွှယ်ချမ်းပိုင် ခေါင်းယမ်းလိုက်သည်။

"မှောင်မှလား...." လီချန်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ "မှောင်ခိုဈေးက မြို့တွင်းမှာ ရှိနေတာ ဟုတ်တယ်မလား။"

"ဟုတ်တယ်။" ရွှယ်ချမ်းပိုင် ခေါင်းညိတ်လိုက်၏။

"မှောင်ရင် မြို့တံခါးတွေပိတ်တယ်ဆိုတာ မသိဘူးလား။"

"မြို့တံခါးတွေ ပိတ်ပြီးတာနဲ့ ငါတို့ ဝင်လို့မရဘူး။"

လီချန်ချင်း၏ စကားကိုကြားသောအခါ ရွှယ်ချမ်းပိုင် သိသိသာသာ အံ့အားသင့်သွားပြီး လီချန်ချင်းကို စက္ကန့်အတော်ကြာ စိုက်ကြည့်နေသည်။

"ဘာဖြစ်နေတာလဲ ငါ့မျက်နှာမှာ တစ်ခုခုရှိနေလို့လား။" လီချန်ချင်း သူ့မျက်နှာကို ထိကိုင်ကြည့်လိုက်သည်။

"လီချန်ချင်း..." ရွှယ်ချမ်းပိုင် ခဏလောက်စဉ်းစားပြီးနောက် မေးလိုက်သည်။

"ငါက မူလအဆင့်အထွတ်အထိပ်ရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်၊ ပြီးတော့ မင်းက ထိပ်တန်းပန်းချီသူတော်စင်တပါးပါ။ ငါတို့ရဲ့ ကျင့်ကြံမှုတွေအရ ငါတို့ဝင်လို့မရတဲ့ တံခါးရှိလို့လား။"

ထိုစကားကို ကြားသောအခါ လီချန်ချင်းလည်း အံ့အားသင့်သွားပြီး ဦးနှောက်သွေးကြောများ ပြတ်သွားသလို ခံစားလိုက်ရသည်။

လီချန်ချင်း ထိုအချက်ကို ထည့်မစဉ်းစားမိခဲ့ပေ။ သူ၏ အတိတ်ဘဝတစ်လျှောက်လုံး ဆယ်စုနှစ်ပေါင်းများစွာအထိ ဥပဒေလိုက်နာသော နိုင်ငံသားဖြစ်ခဲ့သည်။

ဂိတ်ပေါက်သို့ဝင်လျှင် မီးနီလျှင်ရပ်ပြီး သာမန်သူများအတိုင်းသာ စည်းကမ်းလိုက်နာခဲ့သည်။ လီချန်ချင်းသည် မိမိကိုယ်တိုင်မှာ စန်းယွမ်နယ်မြေ၏ ကျွမ်းကျင်သော ကျင့်ကြံသူတယောက် ဖြစ်နေပြီကိုပင် မေ့လျော့နေကာ စည်းမျဉ်းစည်းကမ်းများကို တစ်သွေမတိမ်းလိုက်နာခဲ့လေသည်။

သို့ဖြစ်၍ ရွှယ်ချမ်းပိုင် သူ့ကို ထူးဆန်းသည့် အကြည့်များနဲ့ ကြည့်မိသည်မှာ အံ့ဩဖွယ်ရာမရှိချေ။ သူ့အဖြစ်မှာ ကားသူခိုးဂိမ်းကို ဆော့နေသည့်အခိုက်၊ ဂိမ်းအတွင်းတွင် ယာဉ်စည်းကမ်းကို လိုက်နာနေသည့်အလား ဖြစ်နေသည် မဟုတ်ပါလား။

All Chapters