← Chapters

အခန်း (၁၂၆)

Vol. 13 Ch. 126

အခန်း (၁၂၆)

Vol. 13 Ch. 126

"အဟွတ်..အဟွတ်....." လီချန်ချင်းသည် ရှက်ရမ်းယမ်းကာ ချောင်းဟန့်လိုက်သည်။

"မင်းပြောတဲ့အတိုင်း မှောင်မှပေါ့ကွာ..."

"ဒါပေမယ့် မင်းကြောက်နေရလောက်အောင်ထိ ကျောက်ပိုင်မင်က တကယ်ကြောက်စရာကောင်းတာလား။"

လီချန်ချင်းသည် အမှန်တကယ်ပင် သိချင်နေခဲ့သည်။ မနေ့က ရွှယ်ချမ်းပိုင်၏ခွန်အားကို လီချန်ချင်း မြင်တွေ့ခဲ့ရပေ၏။

အဆင့်တူဖြစ်သော နတ်ဆိုးအိုကြီး ရှန့် ပင်လျှင် ရွှယ်ချမ်းပိုင်၏တိုက်ခိုက်မှုနှစ်ချက်ကို မခံနိုင်ပေ။

"မင်း ကျောက်ပိုင်မင်ကို ရန်စမိတဲ့နေ့ရောက်ရင် မင်းလည်း သူ့ကို ကြောက်ရကောင်းမှန်း သိလိမ့်မယ်။" ရွှယ်ချမ်းပိုင်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

"ထားလိုက်ပါကွာ...ငါက ပြသနာလိုက်ရှာမယ့်သူမဟုတ်ပါဘူး။" လီချန်းချင်းက ခေါင်းခါလိုက်သည်။ ထိုသို့သော အန္တရာယ်ရှိသူကို သူကလည်း ရန်မစလိုပေ။

"တစ်ခါတလေ မင်းဒုက္ခမရှာပေမယ့် ဒုက္ခက မင်းကိုရှာနေတာလေ။"

ရွှယ်ချမ်းပိုင်သည် လီချန်ချင်းကို ဝိုင်တစ်ခွက် ထည့်ပေးလိုက်သည်။ "မင်းရဲ့ ကျင့်ကြံမှု အားကောင်းလာလေလေ မင်းရဲ့ ရပ်တည်မှု မြင့်မားလေလေ မင်းဆီလာမယ့် ပြဿနာတွေ ပိုများလာလေလေပဲ။"

လီချန်ချင်းသည် ရွှယ်ချမ်းပိုင်ပြောသည့်စကားမှန်ကြောင်း တွေးတောရင်း ဝိုင်သောက်လိုက်သည်။ "သန်းခေါင်ယံမတိုင်ခင် မင်းဓားကို ဘာလို့ ဓားအိမ်က မထုတ်နိုင်ခဲ့တာလဲ။"

လီချန်ချင်းသည် ရွှယ်ချမ်းပိုင်အကြောင်း ရုတ်တရက် သတိရသွားသည်။ ရွယ်ချမ်းပိုင်မှာ ရန်သူများ၏ လိုက်လံ တိုက်ခိုက်ခြင်းကို ခံနေခဲ့ရသည်မှာ ကြာပြီဖြစ်ပြီး သန်းခေါင်ကျော်မှသာ ဓားကို ဓားအိမ်က ဆွဲထုတ်နိုင်ခဲ့လေသည်။

"ငါ ဓားကို သုံးရက်လောက် ရေချိုးပေးနေတာ..." ရွှယ်ချမ်းပိုင်က ဖြည်းညှင်းစွာ ပြန်ဖြေလိုက်လေ၏။

"သန်းခေါင်ယံဆိုရင် သုံးရက်မြောက်ပြီလေ။ အဲဒါမတိုင်ခင်ထိ ငါ့ဓားကို ဓားအိမ်က မထုတ်ဘူး။"

"ဓားကို ရေချိုးပေးတာတဲ့လား...." လီချန်ချင်းသည် ဝမ်ရှုမျှော်စင်ရှိ စာအုပ်တစ်အုပ်တွင် သူဖတ်ဖူးသည့် အသုံးအနှုန်းကို ပြန်သတိရမိသည်။

"ဓားကို ရေချိုးခြင်းသည် ဓားအကကသော သိုင်းသမားတို့၏ လုပ်ထုံးဖြစ်၏။" စာအုပ်ထဲက အကြောင်းအရာကို လီချန်ချင်း ရေရွတ်လိုက်မိသည်။

"ဓားရေချိုးတဲ့ ဓားအကသမားတွေရဲ့ ရိုးရာဓလေ့ကို ချင်းယန်မင်းဆက်နန်းတော်ထဲမှာပဲ ကျင့်ကြံကြတယ်လို့ ငါဖတ်ဖူးတယ်။"

"မင်းက အသုံးမဝင်တဲ့ ဗဟုသုတတွေ အများကြီး သိနေတာပဲ..." ရွှယ်ချမ်းပိုင် ရယ်မောလိုက်သည်။

"အနာဂတ်မှာ အခွင့်ကြုံရင် ငါမင်းကို ထပ်ပြောပြဦးမယ်ကွာ။"

ရွှယ်ချမ်းပိုင်က စကားစမြည်ကို ဆက်မပြောလိုပေ။ ထိုအချိန်တွင် လီချန်ချင်းမှာကြားထားသည့် ဟင်းလျာများ ရောက်လာပေပြီ။ လီချန်ချင်း ဗိုက်ဆာနေပြီဖြစ်၏။

ကောင်းကင်ကြီးသည် တဖြည်းဖြည်း မှောင်ရီပျိုးလာကာ အမှောင်ထုက တစ်စတစ်စ ဝါးမျိုလျက်ရှိသည်။

အတွင်းမြို့တံခါးများကို စောလျင်စွာ ပိတ်ကြလေသည်။ မြောက်ပိုင်းအေးခဲမြို့တော်၏ အပြင်ဘက်ပိုင်းသည် အကြီးဆုံးဧရိယာကို ပိုင်ဆိုင်ပြီး ထိုနေရာတွင်နေထိုင်သူအများစုမှာ သာမန်ပြည်သူများနှင့် ရာထူးနိမ့်အရာရှိအချို့ဖြစ်သည်။

အတွင်းပိုင်းတွင်မူ အဆင့်မြင့်အရာရှိများနှင့် မှူးမတ်များ နေထိုင်ကြပေ၏။ ထိုနေရာသည် မြောက်ပိုင်းအေးခဲနိုင်ငံ၏ တော်ဝင်နန်းတော် တည်ရှိရာနေရာဖြစ်သလို မင်းညီမင်းသားများစွာတို့၏ နေအိမ်လည်းဖြစ်သည်။မြို့တွင်းရှိ အစောင့်များကိုပင် တင်းကြပ်ထားလေသည်။

အတွင်းပိုင်းအစောင့်များ၏ ခွန်အားအားလုံးသည် ပြန်လည်မွေးဖွားခြင်းအဆင့်မှစရှိ၍ တော်ဝင်နန်းတွင်း၌ အထွတ်အထိပ်ကျွမ်းကျင်သူများစွာ ရှိပေသည်။

ဘုန်း.....

မြို့တွင်းမြို့တံခါးကြီးကို ပိတ်လိုက်လေသည်။

မြို့တွင်း ဂိတ်များ ပိတ်လိုက်သည်နှင့် လုံခြုံရေးမှာ ပိုမိုတင်းကျပ်လာသည်။

မြို့ရိုးသည် မီတာငါးဆယ်မှ ခြောက်ဆယ်ခန့်ထိမြင့်၏။ သာမာန်လူများ လုံးဝမတက်နိုင်ဘဲ မြို့မျှော်စင်ပေါ်တွင် မူလအဆင့်ကျွမ်းကျင်သူများရှိသည်။ အခြားသော မူလအဆင့် ပညာရှင်များသည် မြို့ရိုးကို ကျော်တက်လိုလျှင်ပင် ၎င်းတို့ကို မြို့မျှော်စင်ပေါ်ရှိ မူလအဆင့်များက ခြေရာခံနိုင်မည်ဖြစ်သည်။

လုံခြုံရေးများမှာ လွန်စွာ တင်းကြပ်ထားသောကြောင့် လေထုတခုလုံးမှာ အေးစက်လေးလံနေခဲ့တော့သည်။

ထိုအချိန်တွင် မြို့ရိုးအပြင်ဘက်တွင် ရွှယ်ချမ်းပိုင်နှင့် လီချန်ချင်းတို့သည် နံရံဘေးတွင် ရပ်နေကြသည်။

လီချန်ချင်းသည် ဖေးကို တည်းခိုခန်းမှာ စောင့်ခိုင်းစေခဲ့သည်။ အကယ်၍ ဖေးက သူ့ဘေးမှာရှိနေလျှင်ပင် ထူးထူးခြားခြား အန္တရာယ်ကျရောက်မည်မဟုတ်ပေ။ ရွှယ်ချမ်းပိုင်တယောက်လုံး ရှိနေသည် မဟုတ်ပါလား။

"အရမ်းမြင့်လွန်းတယ်..."လီချန်းချင်း ကောက်ချက်ချမိသည်။

အတွင်းမြို့၌ လေးနက်သော လေထုက ဖုံးလွှမ်းလျက် ရှိပေ၏။

"သွားကြစို့...." ရွှယ်ချမ်းပိုင်က ဖြည်းညှင်းစွာပြောကာ လေထဲသို့ ပျံတက်သွားလိုက်သည်။ လရောင်အောက်တွင် ရွှယ်ချမ်းပိုင်၏အဖြူရောင်ဝတ်ရုံမှာ အင်မတန်ကျက်သ‌ရေရှိလှပေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှယ်ချမ်းပိုင်သည် မြို့ရိုးပေါ်သို့ ပြေးတက်သွားပြီး လီချန်ချင်း၏ မြင်ကွင်းမှာ ပျောက်ကွယ်သွားသည်။

"ဒီကောင်က ပျံသန်းနိုင်တာလား။" လီချန်ချင်း အံ့သြသွားသည်။

သိုင်းပညာရှင် အများအပြားသည် မပျံသန်းနိုင်ကြပေ။ လီချန်ချင်းတွေ့ကြုံဖူးသမျှတွင်လည်း ပျံသန်းနိုင်ခြင်းမရှိပေ။

မူလအဆင့်၏အထွတ်အထိပ်တွင်ရှိနေသည့် နတ်ဆိုးအိုကြီးရှန့်ပင်လျှင် မပျံသန်းနိုင်ပေ။ သို့ရာတွင် ရွှယ်ချမ်းပိုင်ကမူ ပျံသန်းနိုင်ခဲ့ပေ၏။

လီချန်ချင်း အံ့အားသင့်နေသည့်တိုင် သစ်ပင်သစ်ကိုင်းတစ်ကိုင်းပေါ်တက်ကာ လေထဲသို့ ပျံတက်သွားပြီးနောက် မြို့ရိုးပေါ်တက်သွားလေသည်။

အစောင့်အကြပ်များ သတိလစ်ဟင်းနေသည်ကို အခွင့်ကောင်းယူပြီး သူတို့နှစ်ဦးသည် မြို့တွင်းလမ်းများပေါ်သို့ ဆင်းသက်ခဲ့ကြသည်။

"ဒါက မြို့အတွင်းပိုင်းလား..." လီချန်ချင်းသည် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အတွင်းနှင့် အပြင်သည် လုံးဝခြားနားသော ကမ္ဘာကြီးဖြစ်ကြောင်း နားလည်ခဲ့ရပေသည်။

မြို့ပြင်မှာ စည်ကားနေသော်လည်း မြို့တွင်းနဲ့ ယှဉ်လျှင်မူ တူညီသည့် အဆင့်တစ်ခုတွင် မရှိချေ။

အဝေးမှ မီးရောင်များက ကောင်းကင်ထက်ဝက်နီးပါး လင်းလက်နေပေ၏။ ဆူဆူညံညံအသံများကလည်း နေ့ခင်းကြောင်တောင်သဖွယ် ခံစားရစေသည်။

လမ်းပေါ်မှာ လမ်းလျှောက်ရင်း သတိထားမိသည်မှာ မီးရောင်များနဲ့ ဝိုင်တို့သည် နေရာအနှံ့တွင် နေရာယူထားကြပေသည်။

အနီးနားရှိ ဆိုင်များ အားလုံးဖွင့်ထားပြီး လူများ လမ်းပေါ်တွင် သွားလာနေကြသည်။ သားရဲနတ်ဆိုးဆွဲသော ရထားအမျိုးအစား အမျိုးမျိုးကို တွေ့မြင်နိုင်ပြီး ဤနေရာရှိ အရာတိုင်းသည် လွန်ကဲသော ခံစားချက်ကို ပေးစွမ်းနေလေသည်။

"ဒီနေရာက ချဲ့ကားထားလွန်းတယ်။" လီချန်ချင်းပြောလိုက်သည်။

“မြောက်ပိုင်းအေးခဲနိုင်ငံရဲ့အတွင်းပိုင်းမြို့က အရမ်းကြီးတယ်။ ရွှေလိုဏ်ဂူလို့ ခေါ်တဲ့ နာမည်ကြီးနေရာတွေ အများကြီးရှိတယ်။ ပိုက်ဆံရှိသရွေ့ ဒီမှာ လိုချင်တာမှန်သမျှ ရနိုင်တယ်။ ယေဘုယျအားဖြင့်ပြောရရင် ဒီမှာရှိတဲ့ စားသုံးသူအများစုက မြို့အတွင်းပိုင်းက မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ ဒေသခံတွေမဟုတ်ဘူး။" ရွှယ်ချမ်းပိုင်က ရှင်းပြလေသည်။

ထို့နောက် ရွှယ်ချန်းပိုင်သည် လီချန်ချင်းအား လူစည်ကားသောလမ်းကြားသို့ ခေါ်သွားခဲ့သည်။ "ဒါက မြောက်ပိုင်းအေးခဲနိုင်ငံ အနီရောင်မိုးမခလမ်းကြားမှာရှိတဲ့ ရွှေအများဆုံးသုံးစွဲတဲ့ လှိုဏ်ဂူကြီးပဲ။ တစ်ခါတုန်းကဆို လူတစ်ယောက်က တစ်ညတည်းနဲ့တင် ဒီနေရာမှာ ရွှေဆယ်သန်းလောက် သုံးစွဲခဲ့ဖူးတယ်။"

"ရွှေဆယ်သန်း..." များပြားလှသော ပမာဏကြောင့် လီချန်ချင်း ထိတ်လန့်သွားမိသည်။

လီချန်ချင်းသည် မူလက ငွေရှစ်သန်းပိုင်ဆိုင်သော သူ့ကိုယ်သူ ချမ်းသာလှပြီဟု ထင်မှတ်ခဲ့ဖူးသည်။

သို့သော် ဤနေရာကို ရောက်လာပြီးနောက်တွင်မူ ငွေရှစ်သန်းဟာ ပိုက်ဆံအများကြီးမဟုတ်မှန်း လီချန်ချင်း သိလာရပေသည်။ သူဌေးတစ်ယောက် တစ်ညစာ သုံးစရိတ်ပင် မရှိချေ။"

"ဒါက မိန်းမတွေရှာဖို့အတွက် နေရာမဟုတ်လား..."

ရွှယ်ချမ်းပိုင်ဦးဆောင်သောနောက်သို့ လီချန်ချင်းလိုက်ပါသွားပြီးနောက်အနီရောင်မိုးမခလမ်းကြားထဲတွင် မတူညီသော တူရိယာအမျိုးမျိုးဖြင့် ကခုန်နေကြသူများကို တွေ့သောအခါ ပြည့်တန်ဆာများဖြစ်မည်ဟု နားလည်သဘောပေါက်ခဲ့သည်။

"ဟုတ်တယ်။" ရွှယ်ချမ်းပိုင်ခေါင်းညိတ်သည်။

“ရွှေ ဆယ်သန်း တန်တဲ့ မိန်းမက ဘယ်လိုမိန်းမမျိုးမလို့လဲ။" လီချန်ချင်းမှာ နားမလည်နိုင်ဖြစ်နေမိသည်။

"မင်းချစ်ရတဲ့သူဆိုရင်..." ရွှယ်ချမ်းပိုင်သည် ရုတ်တရတ် လီချန်ချင်းဘက် လှည့်လာကာ လေးလေးနက်နက်ပြောလိုက်လေသည်။ "တန်ဖိုးဖြတ်လို့တောင် မရဘူးလေ..."

ရွှယ်ချမ်းပိုင်၏ ထက်သန်သောအမူအရာကိုမြင်လိုက်ရသောအခါ လီချန်ချင်းသည် ဓားသမားတစ်ယောက်လိုမဟုတ်တော့ဘဲ အပျော်အပါးလိုက်စားသူ တစ်ယောက်ဟုပင် ရုတ်တရက်ခံစားလိုက်ရသည်။

"မင်း ငါ့ကို ဘာအတွက် မှောင်ခိုဈေးကို ခေါ်လာတာလဲ။"

လီချန်ချင်းသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ နုပျိုလှပသော အမျိုးသမီး အများအပြားက သူ့ကို လက်ယပ်ခေါ်နေကြပေ၏။သူတို့သည် အလွန်ဆွဲဆောင်မှုရှိပြီး ချိုသာငြိမ့်ညောင်းသော အသံများ ရှိကြသည်။

ကိုယ့်ကိုယ်ကို ချုပ်တည်းနိုင်စွမ်းသာ မရှိပါက ၎င်းတို့၏ ဆွဲဆောင်ရာသို့ လိုက်ကရတော့မည် ဖြစ်ပေ၏။

"ငါတို့ရောက်ခါနီးပြီ။" ရွှယ်ချန်းပိုင်သည် လီချန်ချင်းကို ရှေ့သို့ ဦးဆောင်ခေါ်သွားခဲ့သည်။

"ဒီကအမျိုးသမီးတွေက ဆွဲဆောင်မှုရှိတဲ့ နည်းလမ်းတစ်မျိုးကို သိပုံရတယ်။"

လီချန်ချင်းလည်း အနည်းငယ်ထူးဆန်းနေသည်ကို ခံစားမိသည်။ "မှန်တယ်...."

"ဒါပေမယ့် မင်းရဲ့ စိတ်ဝိညာဉ်က သန်မာပါတယ်။ မင်း ဒါကို ခုခံနိုင်ပါတယ်ကွာ...."

ရွှယ်ချမ်းပိုင်စကားဆုံးသည်နှင့် လီချန်ချင်းလည်း ရပ်သွားသည်။ ထို့နောက် သူ့အကြည့်များက အနီးနားက ပြည့်တန်ဆာစံအိမ်တခုဆီ ရောက်သွားလေ၏။

ထိုဆောင်ကြာမြိုင်၏ ဆိုင်းဘုတ်သည် ချောင်ဖန်စံအိမ်တော်ဟု ရေးသားထားသည်။

လီချန်ချင်း၏အမြင်တွင် ဤချောင်ဖန်အဆောက်အအုံသည် အခြားသော ပြည့်တန်ဆာအိမ်များနှင့် မခြားနားလှပေ။

ထိုစဉ် ရွှယ်ချမ်းပိုင်တစ်ယောက် ၎င်းဆီသို့ အမှန်တကယ် ဝင်ရောက်သွားမည်ဟု မည်သူ တွေးမိမည်နည်း။

လီချန်ချင်းလည်း နောက်မှ လိုက်သွားရန်မှ လွဲ၍ ရွေးချယ်စရာမရှိတော့ချေ။

လီချန်ချင်းသည် တစ်ကိုယ်တည်းသမားဖြစ်နေသော်လည်း ၎င်း၏အတိတ်အတွေ့အကြုံများက ထိုသို့သောနေရာကို လာရခြင်းအတွက် အနည်းငယ် စိတ်မသက်မသာဖြစ်စေသည်။

ချောင်ဖန်အဆောက်အအုံထဲကို ဝင်လိုက်သည်နှင့် မလုံမလဲဝတ်ထားသည့် အမျိုးသမီးအုပ်စုက သူတို့အား ဝိုင်းရံနေသည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီးများ၏ ပခုံးဗလာကျင်းနှင့် ဟန်ပန်သည် မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိသည့်အပြင် လှပလွန်းသောမျက်ဝန်းများနှင့် ခြေတံရှည်တို့မှာလည်း ညှို့ယူဖမ်းစားနိုင်စွမ်းရှိပေ၏။

"သခင်လေး....သခင်လေးက အရမ်းချောတာပဲ။ သခင်လေးရဲ့ ပုံစံလေးကို ကျွန်မ အရမ်းသဘောကျတယ်။ ခန္ဓာကိုယ်‌ တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ သဘောထားကြီးမယ့်ပုံပဲ။ တကယ့်ကို ကျွန်မ အကြိုက်လေး။"

အမျိုးသမီးတစ်ဦးသည် ရွှယ်ချမ်းပိုင်ထံသို့ တိုက်ရိုက်သွားခဲ့သည်။

သို့ရာတွင် ရွှယ်ချမ်းပိုင် နားမကပ်ခင်မှာ စွမ်းအင်တံတိုင်းကြီးတစ်ခုက သူ့နဲ့ ငါးပေအကွာမှာ ပေါ်လာပြီး ပိတ်ဆို့တားဆီးလိုက်ပေသည်။

"ပျင်းစရာကြီး။" ထိုအမျိုးသမီး၏ စူးစူးရှရှ အကြည့်များသည် ချက်ချင်း ငြိမ်းကျသွားသည် ။

“မင်းတို့နှစ်ယောက် ဒီကို အပျော်သဘာနဲ့ လာတာမဟုတ်ဘဲ ကုန်ပစ္စည်းတွေကြည့်ဖို့ပဲမလား။" သူတို့နောက်မှ အသံတစ်ခု ထွက်လာလေ၏။

ထိုအခါ အမျိုးသမီးအားလုံး ဘေးသို့ဖယ်ပေးကြကာ အသက်အနည်းငယ်ကြီးသော အမျိုးသမီးတစ်ဦးထွက်လာသည်။

သူမသည် ရင့်ကျက်သော အလှနှင့်ဟန်ပန်ရှိပြီး ဆေးလိပ်ပိုက်ကို သူမ၏လက်ထဲတွင် ကိုင်ထားသည်။

ထို့အမျိုးသမီးသည် ရွှယ်ချန်းပိုင်ကို ကြည့်လိုက်ပြီးနောက် လီချန်ချင်းကို ကြည့်လိုက်သည်။

"ငါက ဘယ်သူလဲလို့ တွေးနေမိတာ.....ရှားရှားပါးပါး ဧည့်သည်တစ်ယောက်ဖြစ်တဲ့ ချင်းရွှယ်အာဏာဓားအရှင်ပဲ...."

"လမ်းပြပေးပါ..." ရွှယ်ချမ်းပိုင်သည် စကားအပိုပြောမနေတော့ဘဲ ပတ်ဝန်းကျင်ရှိ အမျိုးသမီးများကို စိုက်ကြည့်ရန်ပင် အချိန်မပေးခဲ့ပေ။

"ရှင်က သာမာန်လူကို ခေါ်လာတာလား၊ အဲ့ဒါက အဆင်ကောပြေလို့လား။" ထိုအမျိုးသမီးက လီချန်ချင်းကိုကြည့်ကာ မေးလေ၏။

All Chapters