အခန်း (၁၂၇)
Vol. 13 Ch. 127
"ခင်ဗျား စမ်းကြည့်လို့ရတယ်။" ရွှယ်ချမ်းပိုင်က ထိုအမျိုးသမီးအား ပြောသည်။
"ဟား...ဟား..." ထိုအမျိုးသမီးက သူ့ကိုယ်သူ ပြက်ရယ်ပြုကာ လှည့်ထွက်သွားလေ၏။
ထိုအမျိုးသမီး၏အသက်အရွယ်ကို လျစ်လျူရှုထားပြီး သူမ၏ ပုံပန်းသွင်ပြင်တစ်ခုတည်းနှင့်ပင် မရေမတွက်နိုင်သော အမျိုးသားများစွာကို စွဲဆောင်ရန် လုံလောက်ပေသည်။
ထိုအမျိုးသမီးသည် လူစည်ကားသော ချောင်ဖန်အဆောက်အအုံကိုဖြတ်၍ တိတ်တိတ်ဆိတ်ဆိတ်ရှိရာသို့ ဖြည်ညှင်းစွာ လျှောက်သွားသည်။
ထို့နောက် သူတို့သည် အဆောက်အအုံ၏ နောက်ဖေးသို့ ရောက်လာခဲ့ကြလေ၏။
အမျိုးသမီးသည် တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်ကာ အဆောက်အအုံ၏ အပြင်ဘက်ရှိ လုံးဝခြားနားသော အနက်ရောင် မဟူရာကမ္ဘာကို ထုတ်ဖော်ပြသလိုက်လေသည်။
စီးဆင်းနေသော ရေစီးသံကို ကြားရပြီး တံခါးအပြင်ဘက်တွင် မြစ်တစ်စင်း ရှိနေသည်။ မြစ်သည် ကျယ်ပြောပြီး တစ်မျှော်တစ်ခေါ်ရှိလှသည်။
"ဒီနေရာထိပဲ ငါမင်းကို ခေါ်လာနိုင်မယ်။" ထိုအမျိုးသမီးက ပျင်းရိစွာ ဆံပင်ရှည်များကို ဖွလျက်ပြောသည်။
ထို့နောက် ထိုအမျိုးသမီးသည် စိတ်ပျက်လက်ပျက်အသံဖြင့် ပြောလေသည်။"အခြားဧည့်သည်တွေက ဘယ်လိုပျော်ရွင်ရမလဲဆိုတာ သိတယ်။ အချစ်ဇာတ်လမ်းကို နားမလည်တဲ့ ရွှယ်ချမ်းပိုင်လိုယောက်ျားမျိုးကို ငါမကြိုက်ဘူး။"
ရွှယ်ချမ်းပိုင်က မကြားချင်ယောင်ဆောင်ကာ တံခါးဆီကို တည့်တည့် လျှောက်သွားလိုက်သည်။
လီချန်ချင်းသည် ရွှယ်ချမ်းပိုင်နောက်မလိုက်မီ အမျိုးသမီးကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြသည်။
"ကောင်လေး...မင်းပြန်လာရင် ဒီကိုလာပျော်လိုက်ပါ။ ငါမင်းကိုအကောင်းဆုံးမိန်းကလေးကိုရှာပေးမယ်။ ဘယ်လိုလဲ...." ထိုအမျိုးသမီးက လီချန်ချင်းအား စနောက်လိုသည့် အပြုံးနှင့် ရယ်မောကာ ပြောသည်။
"ကျေးဇူးတင်ပါတယ် နောက်တစ်ခေါက်လာပါ့မယ်။" လီချန်ချင်းကလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်ပြောလေ၏။
"တောက်....အချစ်ဇာတ်လမ်းကို နားမလည်တဲ့ နောက်တစ်ယောက်ပဲ။ ရွှယ်ချမ်းပိုင်နဲ့ သူငယ်ချင်းဖြစ်နေတာ အံ့ဩစရာမရှိတော့ပါဘူး။ အကြင်နာကင်းမဲ့တဲ့ လူနှစ်ယောက်ဘဲ။" အမျိုးသမီးက ရေရွတ်ရင်း တံခါးကို ဆောင့်ပိတ်လိုက်သည်။
မြစ်သည် မှောင်မဲနေပြီး အလင်းရောင်မရှိပေ။ လီချန်ချင်းက မှောင်ခိုဈေး၏ တည်နေရာကို ပြောသောအခါ ရွှယ်ချန်ပိုင်က မြစ်ဘက်ဆီ လှည့်ပြီး လေချွန်လိုက်သည်။
ထိုအခါ ချက်ခြင်းပင် ကျယ်လောင်သော အသံတစ်ခုကြားရပြီး သစ်သားလှေငယ်တစ်စင်းသည် မြစ်ကမ်းပါးပေါ် ၌ ပေါ်လာလေသည်။
လှေပေါ်တွင် ဝါးဦးထုပ်ကို ဆောင်းထားသည့် ပုံရိပ်က ထူးဆန်းသောအသံဖြင့် မေးသည်။ "မင်းတို့က နှစ်ယောက်လုံး တက်ကြမှာလား။"
"ဟုတ်ပါတယ်။" ထို့နောက် ရွှယ်ချမ်းပိုင်သည် မဆိုင်းမတွဘဲ လှေပေါ်တက်ခဲ့သည်။
ထိုစဉ် လီချန်ချင်းလည်း ထိတ်လန့်မှုနှင့် စိတ်လှုပ်ရှားမှုများ ရောနှောခံစားလိုက်ရသည်။ မှောင်ခိုဈေးကွက်သည် အလွန်လျှို့ဝှက်ဆန်းကြယ်ပုံပေါ်ပေ၏။
"မင်းတို့နှစ်ယောက် မျက်နှာဖုံးဝတ်ချင်လား။" ဝါးဦးထုပ်ဆောင်းထားသောလူက မျက်နှာဖုံးတစ်ခုစီ ပေးလိုက်သည်။
ရွှယ်ချမ်းပိုင်က တစ်လုံးကိုယူ၍ ဝတ်ဆင်လိုက်၏။ လီချန်ချင်းသည် မည်သည့်မေးခွန်းမှ မမေးခဲ့ပေ။မှောင်ခိုဈေးကွက်သည် လူမျိုးစုံနှင့် ပြည့်နှက်နေသော အိတ်ကြီးတစ်လုံးဖြစ်ကြောင်း လီချန်ချင်း သဘောပေါက်ပေ၏။
မျက်နှာဖုံးဝတ်ဆင်ခြင်းသည် မိမိ၏ အထောက်အထားကို ဖုံးကွယ်ရန် အထောက်အကူ ဖြစ်စေပေသည်။
"မှောင်ခိုဈေးကွက်ကို တစ်လမှာ သုံးရက်ပဲဖွင့်တယ်။" ရွှယ်ချမ်းပိုင်က လီချန်ချင်းအား ရှင်းပြသည်။
"ဒီနေ့နောက်ဆုံးနေ့မို့ မင်းအချိန်မီလိုက်တာ။"
"ဒါ့အပြင် မှောင်ခိုဈေးကွက်မှာ ဘာပြဿနာမှ ခွင့်မပြုပါဘူး။ မင်းဘယ်သူဘယ်ဝါဆိုတာကို ဖော်ထုတ်လိုက်ရင် မင်းနာမည်ပျက်စာရင်းသွင်းခံရမှာဖြစ်ပြီး အနာဂတ်မှာ မှောင်ခိုဈေးကွက်ထဲကို ဝင်ခွင့်ရတော့မှာ မဟုတ်ဘူး။" ရွှယ်ချမ်းပိုင်၏ ရှင်းလင်းချက်ကို လီချန်ချင်းနားလည်သဖြင့် ခေါင်းညိတ်ပြသည်။
“အဲဒါ လုံးဝမမှန်ဘူး။” လှေလှော်နေသော ဝါးဦးထုပ်နှင့် အဖိုးအိုက ကြားဖြတ်ဝင်ပြောလေ၏။
"မှောင်ခိုဈေးကွက်မှာ မင်းပြဿနာရှာမိရင် မင်းဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မခွဲခြားဘဲ စည်းကမ်းထိန်းသိမ်းရေးသမားတွေက မင်းကို သတ်ပစ်လိမ့်မယ်။ မှောင်ခိုဈေးကွက်ကနေ ထွက်ပြေးဖို့ အခွင့်အလမ်းက နည်းတယ်။"
"သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ်။" လီချန်ချင်းက ကျေးဇူးတင်ကြောင်း ဦးညွှတ်ပြောဆိုလေသည်။
အတန်ကြာမျှ လှော်ခတ်လာပြီးနောက် အနက်ရောင်မြစ်ပေါ်တွင် မှိန်ဖျော့ဖျော့အလင်းရောင်များ ထွက်ပေါ်လာသည်ကို လီချန်ချင်း တွေ့လိုက်ရသည်။
ထို့နောက် သူတို့ရှေ့မှာ ချောက်ကြီးတစ်ခု ပေါ်လာလေ၏။ လှေသည် ချောက်အတွင်းသို့ ဖြည်းညှင်းစွာ လှော်ခတ်လာသည်။ ထိုအချိန်တွင် လီချန်ချင်းသည် ချောက်နှစ်ဖက်စလုံးရှိ ချောက်ကမ်းပါးများတွင် လူများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုလူများသည် မှုန်မှိုင်းသော ရောင်ဝါရှိ၍ ဖြတ်သွားသော လှေများကို ကြည့်နေကြသည်။ အချို့က သူတို့၏မျက်လုံးများတွင် မကောင်းသောအကြည့်များ ရှိနေကြပြီး အချို့မှာ ရိုးရှင်းစွာပင် စပ်စုနေကြခြင်းဖြစ်သည်။
ဆန့်ကျင်ဘက် မျက်နှာချင်းဆိုင်တွင် အခြားလှေများကလည်း ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်ကို လီချန်ချင်း မြင်နိုင်ပေသည်။ တခြားလှေများမှာလည်း ဝယ်သူများမှာ မျက်နှာဖုံးစွပ်ထားကြသည်။
"တစ္ဆေဂိုဏ်းရောင်ဝါတွေရှိနေတယ်..." လူသားနှင့်မတူသည့်ရောင်ဝါကို ခံစားလိုက်ရသဖြင့် လီချန်ချင်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
"မှောင်ခိုဈေးကွက်က လူတွေ အမျိုးမျိုး ရောနှောနေတဲ့ နေရာပါ။ ဝိညာဉ်ဂိုဏ်းတွေတင်မကဘဲ တခြားလူမျိုးတွေပါ ဒီမှာ ရှိတယ်။ ဘယ်သူမဆို အလင်းထဲမှာ မမြင်ဖူးတဲ့ အရာတွေကို ရောင်းနိုင်တယ်။"
"ဒါပေမယ့် လုံခြုံရေးကို အာမခံတယ်။ တစ်စုံတစ်ယောက်က ဒီမှာ လုယက်ဖို့ ကြိုးစားရင် မှောင်ခိုဈေးကွက်က တင်းတင်းကြပ်ကြပ် အရေးယူလိမ့်မယ်။" ရွှယ်ချမ်းပိုင်က လီချန်ချင်းအား ရှင်းပြသည်။
"ဘေးကင်းဖို့ အာမခံထားရင် ပြီးတာပဲ။ ဖြစ်နိုင်ခြေက နည်းတယ်ဆိုပေမယ့် ငါက ရတနာတခုကို ဈေးကြီးကြီးပေးဝယ်ပြီးတော့မှ တခြားလူက အပြန်လမ်းမှာ ခိုးသွားတာမျိုးကတော့ အဆင်မပြေဘူးလေ။ " လီချန်ချင်းက နားလည်ကြောင်း ညွှန်ပြရင်း ခေါင်းညိတ်လိုက်သည်။
“လှေပေါ်ကဆင်းလို့ရပါပြီ။" ကမ်းစပ်ကိုရောက်သည့်အခါ လှေသမားက ပြောလေ၏။
ထို့နောက် လီချန်ချင်းတို့ ဆိပ်ကမ်းတွင်ဆင်းလိုက်ကြသည်။
တံတားသည် ဟောင်းနွမ်းပျက်စီးနေပြီး ပျဉ်ပြားများမှာ ကွဲအက်နေပါပေ၏။
လှေပေါ်ကဆင်းပြီးသည်နှင့် လူအုပ်ကြီးက သူတို့ဆီကို ချဉ်းကပ်လာလေ၏။
လူအုပ်ကြီးဝိုင်းလာသောအခါ လီချန်ချင်းမှာ ဓားပြတိုက်ခံရတော့မည်ဟု လန့်ဖြန့်ကာ တွေးထားလိုက်သော်လည်း သူဘာမှမပြောခင် တစ်စုံတစ်ယောက်က သူ့ကို ပစ္စည်းတစ်ခု ပေးလိုက်လေသည်။
"ဒါက ပန်းချီပညာရှိက ဖန်တီးထားတဲ့ ပန်းချီရတနာတစ်ခုပါ။ ခင်ဗျားစိတ်ဝင်စားလား.." အမျိုးသားတစ်ဦးသည် ပုတီးစေ့တစ်ကွင်းကို တိုက်ရိုက်ကိုင်ဆောင်ကာ လီချန်ချင်းအား ရောင်းကုန်ကို ကြော်ငြာလေသည်။
အဆိုပါလက်ကောက်သည် အနက်ရောင်ရှိပြီး ပုတီးစေ့တစ်ခုစီသည် လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေလေ၏။
"ငွေသုံးသန်းနဲ့ရောင်းမယ်..." ထိုလူက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။
"ပန်းချီပညာရှင်ရဲ့ ရတနာ....." လီချန်ချင်းသည် လက်ကောက်ကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းသည် အမှန်ပင် ပန်းချီရတနာတစ်ခုဖြစ်ကြောင်း လီချန်ချင်း နားလည်နိုင်သော်လည်း ၎င်းတွင်ပါရှိသော ဝိညာဉ်စွမ်းအားသည် များစွာသုံးစွဲပြီးဖြစ်သည်။
တစ်ကြိမ်သာထပ်သုံး၍ ရပေတော့မည်။ ထိုပစ္စည်း၏ ဝိညာဉ်စွမ်းအားကို ဖြည့်တင်းရန် ပန်းချီစာလိပ်သာမရှိလျှင် ၎င်းသည် တစ်ကြိမ်သုံးပြီးနောက် အသုံးမဝင်သော အရာတစ်ခု ဖြစ်လာမည်ဖြစ်သည်။
'ငွေသုံးသန်း...' လီချန်ချင်းအံ့ဩသွားသည်။
လီချန်ချင်းမှာ မျက်နှာဖုံးတပ်ထားသော်လည်း သူ့မျက်နှာမှာ 'ငတုံးကြီး' ဟူသည့် စကားလုံးကို တစ်စုံတစ်ယောက်က လာရေးနေသလို ခံစားလိုက်ရလေသည်။
"ဒါက ရှားရှားပါးပါး စပျစ်နွယ်ပင်မျိုးစေ့ပါ။ စိုက်ပြီးတာနဲ့ ဝိညာဉ်သားရဲတစ်ကောင်အဖြစ် ကြီးထွားလာနိုင်ပါတယ်။ သူ့ရဲ့ကြီးထွားမှုကာလဟာ တက်လှမ်းခြင်းအဆင့်နဲ့တောင် ယှဉ်လို့ရပါတယ်။ ငွေနှစ်သန်းပဲကျတာပါ။" အခြားလူတစ်ဦးကလည်း လီချန်ချင်းကိုရောင်းရန်ကြိုးစားခဲ့သည်။
အမျိုးမျိုး၊ ထူးဆန်းထွေလာ အရာခပ်သိမ်းသည် လီချန်ချင်း၏ ဗဟုသုတအတွေးစက်ဝန်းကြီးကို အမှန်တကယ် ကျယ်ပြန့်လာစေပေသည်။
"မှောင်ခိုဈေးကွက်မှာ ရတနာတွေရှိတယ်။ ဒါပေမယ့် လူလိမ်တွေ ပိုများတယ်။ ဒီအမှိုက်တွေကို ငါအရင်က အကြိမ်ပေါင်းများစွာ တွေ့ဖူးပြီး အခုထိ မရောင်းရသေးဘူးလေ။ ဒါကြောင့် ဒီလူတွေ အကြံပေးတာကို မင်း ဘယ်တော့မှ မယုံရဘူး။" ရွှယ်ချမ်းပိုင်က လီချန်ချင်းကို သတိပေးလေ၏။
"ငါနားလည်ပါတယ်။" လီချန်ချင်းသည် ရွှယ်ချမ်းပိုင်ကဲ့သို့ အတွေ့အကြုံရှိသူမှ လမ်းပြပေးသည့်အတွက် ကျေးဇူးတင်မိပေသည်။ လီချန်ချင်းတစ်ယောက်တည်းသာ လာခဲ့ရင် ဈေးသည်တစ်ဦးဦးစီမှ အလိမ်ခံရနိုင်ပေသည်။
အမှန်တကယ်တွင်လည်း အကျွမ်းတဝင်မရှိသော ထိုပစ္စည်းများသည် အစစ် အတု ခွဲခြားရန် ခက်ပေ၏။
လီချန်ချင်းမှာ ရွှယ်ချင်းပိုင်၏ ကျောပြင်ကိုကြည့်ရင်း စကားနှစ်လုံးကို တွေးလိုက်မိသည်။
'စိတ်ချရတယ်......'
ရှေ့ကို ဆက်လျှောက်လာလေလေ သူတို့အားကုန်ပစ္စည်းရောင်းသူများနှင့် ပိုကြုံရလာလေလေဖြစ်လေသည်။ လီချန်ချင်းအား ပို၍ အံ့အားသင့်စေသည်မှာ အသင့်စား အစားအစာများကို ရောင်းသူပင် ရှိနေခြင်းဖြစ်သည်။
အကျွမ်းတဝင်ရှိသောသေတ္တာ၊ ရင်းနှီးသောထုပ်ပိုးမှု ၎င်းသည် ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီမှ ဝယ်ယူရရှိသော ပစ္စည်းဖြစ်ပေမည်။
"ကျုပ်ရဲ့ ရတနာတွေကို လာကြည့်ပါဦး။ ဒီဟင်းက ရှေးဟောင်မီးဖိုချောင်မှာ နတ်ဘုရားတပါးက ချက်ပြုတ်ထားတဲ့ အရသာရှိ ဟင်းလျာပါ။ နှစ်ရာနဲ့ချီပြီး သမိုင်းကြောင်းရှိပေမယ့် အလုံပိတ်ထားတာ။ အပူပေးရုံနဲ့ စားလို့ရတယ်။ ဒါ့အပြင် နတ်ဘုရားမီးဖိုချောင်ရဲ့ ကောင်းချီးတွေကိုလည်း ခံစားရမှာဖြစ်ပါတယ်။ အဲဒါကို စားပြီးရင် မင်းရဲ့ အသက်ကို အနှစ်နှစ်ဆယ် သက်တမ်းတိုးနိုင်ပြီး မင်းရဲ့ ကိုယ်ရည်ကိုယ်သွေးကိုတောင် တိုးတက်စေနိုင်ပါတယ်။ အမှိုက်တစ်ခုတောင်မှ ပါရမီရှင် ဖြစ်လာနိုင်တယ်။"
"အခု ကျုပ်က အရှုံးပေါ်ပြီး ရောင်းနေတာပါ။ နတ်ဘုရားဟင်းလျာငါးပြုတ်တစ်ပွဲက ငွေတစ်သိန်းပဲ ကျသင့်မယ်။"
အဓိပ္ပါယ်မဲ့သည်များကို ရွတ်ဆိုနေသောလူကို ကြည့်ပြီး လီချန်ချင်း ကြက်သေသေသွားမိသည်။
အနှီပုဂ္ဂိုလ်သည် ကုန်သွယ်ရေးကုမ္ပဏီတွင် အလုပ်လုပ်ရန် လွန်စွာ သင့်တော်သော ကိုယ်ရည်ကိုယ်သွေး ရှိသည် မဟုတ်ပါလား။
တစ်ခါစားရုံဖြင့် အနှစ်နှစ်ဆယ်ထိ အသက်ရှည်နိုင်တယ်တဲ့လား?....
ကျင့်ကြံမှုအတွက် ကိုယ်ရည်ကိုယ်သွေးကို တိုးတက်စေတယ်တဲ့လား?.....
အသင့်စား အစားအစာများသည် ဤမျှ အံ့သြဖွယ်ကောင်းပါက လီချန်ချင်းသည် ၎င်းတို့ကို နေ့တိုင်းစားနေမည်ဖြစ်သည်။ ဤအသင့်စား ဟင်းလျာရောင်းသူမှာ ယခင်အရာများထက်ပင် ယုံကြည်စိတ်ချရမှုနည်းသည်ဟု လီချန်ချင်း ခံစားမိသည်။
ရှေးဟောင်းနတ်ဘုရားမီးဖိုချောင်ဆိုတာကကော ဘယ်လိုပေါက်ကရတုန်း....။ လုပ်ကြံဇာတ်လမ်းများဖန်တီးရန် အကန့်အသတ်ပင် မရှိတော့ပါလား...။ ငတုံးတစ်ယောက်ပင် ထိုစကားလုံးများကို ယုံမည်မဟုတ်ပေ။
လီချန်ချင်းက ထိုရောင်းသူကို လျစ်လျူရှုဟန် ပြင်နေတုန်းမှာပဲ ရွှယ်ချမ်းပိုင်က စူးရှသော မျက်ဝန်းအစုံ၊ လေးနက်သည့် မျက်နှာထားနှင့် ချဉ်းကပ်လာသေလည်။ "ဒါက တကယ်ပဲ အကျိုးသက်ရောက်မှု ရှိလား။ ငွေတစ်သိန်းပဲရှိတာ။"
"မဝယ်နဲ့...." လီချန်ချင်းမှာ ထိုယုံတမ်းစကားကို ရွှယ်ချမ်းပိုင် ယုံလုနီးပါးဖြစ်သွားမည်ဟု မမျှော်လင့်ထားပေ။
ရွှယ်ချမ်းပိုင်မှာ အေးစက်ပုံရသော်လည်း အနည်းငယ် နုံအဟန်လေ၏။ လီချန်ချင်းသည် ရွှယ်ချမ်းပိုင်ကို အတင်းဆွဲထုတ်လာရသည်။
မှောင်ခိုဈေးကွက်မှာ ဖရိုဖရဲဖြစ်ခဲ့သော်လည်း လီချန်ချင်း များစွာ သင်ယူခဲ့ရပေသည်။ ချိုင့်ထဲကို ပိုနက်လာလေလေ စိတ်ဝင်စားစရာများကို ပိုမြင်လာလေလေဖြစ်ပေ၏။
မှောင်ခိုဈေးကွက်တွင် တစ္ဆေဂိုဏ်းများသည်သာမဟုတ် ထူးဆန်းသောအသွင်အပြင်များရှိသော အခြားသော မျိုးနွယ်များကိုပင် လီချန်ချင်း မြင်တွေ့ခဲ့ရသည်။
ချောက်ကမ်းပါးပေါ်၌ ဈေးဆိုင်ငယ်များလည်း ရှိသေးသည်။ ရွှယ်ချမ်းပိုင်သည် လီချန်ချင်းအား ချောက်ကမ်းပါးပေါ်၌ အချိန်မရွေးပြုတ်ကျသွားနိုင်သည့် တွဲလောင်းကျကာ ယိုယွင်းပျက်ဆီးနေသောဆိုင်တစ်ခုသို့ ခေါ်ဆောင်သွားသည်။
ပျက်စီးယိုယွင်းနေသော ဈေးဆိုင်သည် တံခါးပေါက်၌ အက်ကြောင်းများပင် ရှိနေသည်။ သို့သော် အတွင်းထဲက ဆေးရနံ့များနှင့် ရှုပ်ထွေးလှသည့် အနံ့တချို့ကို လီချန်ချင်းတို့ အနံ့ခံမိနေပါသည်။
"သူ့မှာမရှိရင် တခြားဘယ်သူဆီမှာမှရှိမှာမဟုတ်ဘူး။" ရွှယ်ချမ်းပိုင်က ထိုသို့ပြောပြီး တံခါးကိုဖွင့်ဖို့ လှမ်းဆွဲလိုက်သည်။ သို့သော် တံခါးမှာ ပိတ်နေဆဲဖြစ်ပြီး ရွေ့ပင်မရွေ့ပေ။
ထို့ကြောင့် ရွှယ်ချမ်းပိုင်သည် တံခါးကို အင်အားသုံး၍ ဖွင့်လိုက်လေသည်။
"ဘယ်သူလဲ....ဘယ်သူက ငါ့တံခါးကို ဖျက်ဆီးလိုက်တာလဲ။" အတွင်းမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာလေ၏။
ထို့နောက် လီချန်ချင်းသည် ကျည်ပွေ့ကိုကိုင်ထားသော အရပ်ပုပု အဘိုးအိုတစ်ဦးသည် လူသတ်တော့မည့်အတိုင်း ဒေါသတကြီး ထွက်လာသည်ကို မြင်လိုက်ရသည်။
"ကျုပ်လုပ်ခဲ့တာ...မကျေနပ်လို့လား...." ရွှယ်ချမ်းပိုင်သည် အဘိုးအိုကို ငုံ့ကြည့်ရင်း မသိချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
အဘိုးအိုသည် ရွှယ်ချမ်းပိုင်ကိုမြင်သောအခါ ထိတ်လန့်သွားပြီး သက်ပြင်းချကာ ကျည်ပွေ့ကို ဘေးသို့ ပစ်ချလိုက်သည်။
"မင်းကဘာလို့ဒီကို ရောက်နေတာလဲ။" အဘိုးအိုသည် ရွှယ်ချမ်းပိုင်နှင့် အကြည့်ချင်းမဆုံဘဲ ထိုနေရာတွင်သာ ထိုင်နေလေသည်။
"မင်းဘာလိုချင်လို့လဲ။"
"ဆေးဝယ်ဖို့လာတာ..." ထို့နောက် ရွှယ်ချမ်းပိုင်က လီချန်ချင်းအား လှည့်ကြည့်ကာ ပြောသည်။ "မင်း သူ့ကို အဘိုးလက်သမားလို့ ခေါ်လို့ရတယ်။"
"အဘိုးလက်သမား...." လီချန်ချင်းက ယဉ်ကျေးစွာပြောသည်။
"ငါ့ကို အဘိုးလက်သမားလို့ပဲခေါ်ပါ။ စီနီယာတွေဘာတွေ လုပ်မနေနဲ့။ ငါ့အတွက် ကြောင်တောင်တောင် နိုင်တယ်။" အရပ်ပုပု အဘိုးအိုမှာ ရွှယ်ချမ်းပိုင်မှလွဲ၍ မည်သူမျှ သူ့ကိုမနှိမ်နှင်းနိုင်သကဲ့သို့ ဒေါသကြီးသည်။
ထိုအခါ လီချန်ချင်းလည်း ရိုသေတမှုပြုမနေတော့ပေ။ "အဘိုးလက်သမား ကျွန်တော် အဆင့်ငါးဆေးလုံးလိုချင်လို့ပါ။ ခင်ဗျားမှာ ရှိလား။ ရွှယ်ချမ်းပိုင်က ခင်ဗျားဆီမှာသာ မရှိရင် အခြားဘယ်မှာမှ မရှိနိုင်တော့ဘူးတဲ့။"
"မရှိဘူး။" အဘိုးလက်သမားက ပြတ်ပြတ်သားသားပြောသည်။
ထိုစကားတစ်ခွန်းကြောင့် လီချန်ချင်း အလွန်စိတ်ပျက်သွားလေ၏။ ဤနေရာတွင် ဝယ်နိုင်မည်ဟု သူထင်ခဲ့သော်လည်း မရရှိနိုင်တော့ပေ။
ထို့အပြင် ရွှယ်ချမ်းပိုင်သည် အဘိုးလက်သမားဆီ၌ မရခဲ့ပါက အခြားနေရာတွင် ရှာတွေ့နိုင်ခြေ နည်းပါးလိမ့်မည် ဟုလည်း ဆိုခဲ့သည်။
လီချန်ချင်းမှာ မူချင်းကောကိုသာ အကူအညီတောင်းရတော့မည့် အခြေအနေရှိသည်။
"ငါ့မှာ အဆင့်ငါးဆေးလုံးမရှိဘူး။ ဒါပေမယ့် အဆင့်ခြောက်ဆေးလုံးရှိတယ်။ မင်းလိုချင်လား။"
အဘိုးလက်သမားသည် သူ့ဆေးကျည်ပွေ့ကို ကောက်ကိုင်ကာ အိမ်ထဲသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။
"အဆင့်ခြောက်ဆေးလုံး...." လီချန်ချင်းအံ့အားသင့်သွားသည်။ အဆင့်ငါးဆေးလုံးမှာ ရှာရခက်သော်လည်း အဘိုးလက်သမားဆီတွင်မူ အဆင့်ခြောက်ဆေးလုံးရှိနေပေသည်။
ထို့အပြင် တစ်စုံတစ်ဦးသည် အဆင့်ခြောက်ဆေးလုံးကို အမှန်တကယ် သန့်စင်ထားနိုင်ပေ၏။ သာမန်လူတစ်ယောက်တွင် ဤမျှလောက်သော အားလပ်ချိန်ရှိမည်မဟုတ်ပေ။
"အရင်က ဆေးလုပ်တုန်းက အပျော်သဘောနဲ့ သန့်စင်ထားတာ။ တစ်ခုလုပ်ထားပေမယ့် ဘယ်သူမှ မဝယ်ဘူးဆိုတော့ အခုချိန်ထိ သိမ်းထားတာလေ။" အဘိုးစကားပြောနေစဉ် အတွင်းမှ အက်ကွဲကွဲအသံတစ်ခုထွက်ပေါ်လာသည်။
ထို့နောက် အဘိုးလက်သမားသည် ဆေးပုလင်းကို ထုတ်ယူကာ ပေးလိုက်သည်။ “တွေ့ပြီ။ ဒီမှာပဲ ရှိသေးတယ်။"
"ကျွန်တော်ယူမယ်နော်။" လီချန်ချင်း ထိုဆေးလုံးကို လိုချင်ခဲ့ပေ၏။
အဆင့်ခြောက်ဆေးလုံး၏ အာနိသင်သည် အဆင့်ငါးဆေးလုံးထက် ပိုကောင်းသည်။ ၎င်းသည် သူ့သားအား အဆင့်မြန်မြန်ကျော်ဖြတ်နိုင်စေမည်မှာ သေချာပေ၏။
"ဘယ်လောက်ကျမလဲ။" လီချန်ချင်းက ဝမ်းသာအားရ မေးသည်။
"အဘိုးလက်သမား....ခင်ဗျားမရောင်းဘဲ သေတဲ့ထိ သိမ်းထားရင် ဒီပစ္စည်းက အသုံးမဝင်တော့ဘူးနော်။ ဈေးကို မိုးလောက်ထိ တင်မတောင်းနဲ့။" ရွှယ်ချမ်းပိုင်မှာ အဘိုးလက်သမား၏ သဘောသဘာဝကို သိနေသည့်အတိုင်း ဘေးကနေ သတိပေးလိုက်လေလည်။
အဘိုးလက်သမားမှာ သူ့လက်ထဲက ဆေးပြားကို ခဏလောက် စိုက်ကြည့်နေပေ၏။ လီချန်ချင်းကိုသာ မရောင်းလျှင် တခြားဘယ်သူမှ ဝယ်မည်မဟုတ်သည်ကို သူသိပုံရလေသည်။
အဆင့် ၃အဆင့်ကျော်ဖြတ်ခြင်းဆေးပြားကို အသုံးပြုခြင်းနှင့်ပင် စန်းယွမ်တိုက်ကြီးရှိ လူအများစုကို အဆင့်ချိုးဖြတ်နိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် အဆင့်ခြောက်ဆေးလုံးကို မည်သူဝယ်မည်နည်း။
ဤသည်မှာ အခွင့်ရေးအကြီးကြီးမိသည် မဟုတ်ပါလော။
"တစ်သောင်းငါးထောင်.... ဒီစျေးက မလျှော့တော့ဘူးနော်။" အဘိုးလက်သမားက လီချန်ချင်းကိုကြည့်ပြီး ပြောလိုက်သည်။
"တစ်သောင်းငါးထောင်...." လီချန်ချင်း အံ့ဩသွားလေ၏။
"ငွေတသောင်းငါးထောင်လား...."
၎င်းမှာ ဈေးအလွန်သက်သာသည် မဟုတ်ပါလော။ ကျသင့်ငွေမှ ရွှေတစ်သောင်းငါးထောင်ဆိုလျှင်ပင် တန်ပေ၏။
"တုံးလိုက်တာကွာ...." အဘိုးလက်သမားသည် ချက်ချင်းပင် ဒေါသတကြီးနှင့် ပြောပြန်လေသည်။ “ချမ်းပိုင်...မင်းဒီလိုငတုံးကို ဘယ်ကနေရှာတွေ့လာတာလဲ။ တစ်သောင်းငါးထောင်ဆိုတာ ကောင်းမှုရမှတ်တွေကို ပြောတာကွ..."
"ကောင်းမှုရမှတ်လား..." လီချန်ချင်း အံသြသွားသည်။ ထိုကောင်းမှုရမှတ်ဟု ခေါ်သော စာအုပ်များအကြောင်း လီချန်ချင်းဖတ်ဖူးသည်။
၎င်းကို စန်းယွမ်နယ်မြေရှိ အကြီးဆုံးမြို့ဖြစ်သည့် ထန်ဟိုင်းမြို့တော်၏ ခန်းမတွင် ပစ္စည်းများ လဲလှယ်ရန် အသုံးပြုခဲ့ကြသည်။ ထန်ဟိုင်းမြို့၏ နာမည်ဆိုးမှတ်တမ်းတွင်ရှိသော မိစ္များ သို့မဟုတ် သန်မာသောလူများကို သတ်ဖြတ်ခြင်းအပြင် ရှားပါးရတနာအချို့ကို အသုံးပြုခြင်းဖြင့် ကောင်းမှုရမှတ်များကို လဲလှယ်နိုင်ပေသည်။
ထို့အတူ ကောင်းမှုရမှတ်များကို အမျိုးမျိုးသော ရတနာများ၊ အရေးကြီး သတင်းအချက်အလက်များနှင့်သာမက၊ ပန်းချီသူတော်စင်များ ရေးဆွဲထားသော သူတော်စင်အဆင့်ပန်းချီရတနာများနှင့်ပါ ရတနာခန်းမ၌ လဲလှယ်၍ ရသည်။ ထို့ကြောင့် ကောင်းမှုရမှတ်များကို ခက်ခဲသည့် ငွေကြေးအဖြစ် သတ်မှတ်ကြပေ၏။
သို့သော် ၎င်းသည် စန်းယွမ်နယ်မြေရှိ ကျွမ်းကျင်သူများကြားတွင် လဲလှယ်ရန်အတွက်သာ ကန့်သတ်ထားသည်။ အားနည်းသော ကျင့်ကြံသူများအတွက် ကောင်းမှုရမှတ်များကို ရရှိနိုင်မည်မဟုတ်ပေ။
"ကျွန်တော့်မှာ အဲဒီပစ္စည်းတွေ မရှိဘူး။" လီချန်ချင်းစိတ်ပျက်သွားသည်။
"ငါ့မှာလည်း မရှိဘူး။ မင်းမှာ ရှိမယ်ထင်ခဲ့တာ..." ရွှယ်ချမ်းပိုင်လည်း ခေါင်းခါသည်။ ရွှယ်ချမ်းပိုင်သည် ဓားကျင့်ကြံသူဖြစ်သဖြင့် ကောင်းမှုရမှတ်များကဲ့သို့ အရာများကို အရေးမစိုက်ခဲ့ပေ။
"မင်းမှာမရှိရင် ထွက်သွား...." အဘိုးလက်သမားသည် အမှိုက်တစ်စကို စွန့်ပစ်လိုက်သကဲ့သို့ အိမ်ထဲသို့ ဆေးပြားကို တိတ်တဆိတ် ပစ်ချလိုက်ကာ လီချန်ချင်းကို စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းလိုက်သည်။
"နေပါဦး။" လီချန်ချင်းသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သိုလှောင်လက်စွပ်ကို လက်ဖဝါးနှင့် ပွတ်ဆွဲလိုက်ရာ ချက်ခြင်းပင် နတ်ဆိုးအိုကြီးရှန့် ၏ ဦးခေါင်းသည် လီချန်ချင်း၏လက်ထဲတွင် ပေါ်လာလေ၏။
၎င်းကိုမြင်သောအခါ အဘိုးလက်သမားသာမက ရွှယ်ချမ်းပိုင်လည်း မျက်လုံးပြူးသွားသည်။
"သိုလှောင်လက်စွပ်ဟ...." အဘိုးလက်သမားက အံ့သြစွာပြောသည်။ သူ့ရှေ့တွင်ရပ်နေသည့် ခပ်ရိုးရိုးလူတွင် ထိုကဲ့သို့သော ရတနာမျိုး ရှိနေမည်ဟု မျှော်လင့်မထားခဲ့မိပေ။
ရွှယ်ချမ်းပိုင်သည်လည်း လီချန်ချင်းတွင် အမှန်တကယ် ဤကဲ့သို့အဆင့်မြင့်ပစ္စည်းတစ်ခုရှိသည်ကို မယုံနိုင်ပေ။
သိုလှောင်လက်စွပ်များသည် စန်းယွမ် နယ်ပယ်တစ်ခုလုံးတွင် ရှားပါးရတနာတစ်ခုဖြစ်သည်။ ဤရတနာကို ပိုင်ဆိုင်ထားသူများသည် အမျိုးမျိုးသော အင်အားစုမှာ ထိပ်ပိုင်းစွမ်းအားရှင်များ ဖြစ်ကြပေ၏။
သိုလှောင်လက်စွပ်များသည် အဆင့်အတန်း၏ သင်္ကေတပြယုတ်တစ်ခုပင် ဖြစ်လေသည်။ ၎င်းသည် ပန်းချီရတနာ တစ်မျိုးလည်း ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော ပန်းချီရတနာကို ဖန်တီးနိုင်သည့် ပန်းချီပညာရှိ နည်းပါးလှလေသည်။
ထို့ကြောင့် ရွှယ်ချမ်းပိုင်အား ချင်းရွှယ်အာဏာဓားအရှင်ဟုလူသိများသော်လည်း သူ့တွင်ထိုကဲ့သို့သော ရတနာမျိုး မရှိချေ။
"ဒီလူရဲ့ဦးခေါင်းကို ကောင်းမှုရမှတ် အစားထိုး လဲလှယ်ပါ့မယ်။ လုံလောက်ပါ့မလားတော့ မသိဘူး။" လီချန်ချင်းသည် နတ်ဆိုးအိုကြီး၏ ဦးခေါင်းကို ညွှန်ပြပြီး ပြောလိုက်သည်။
"အလို....ဒါနတ်ဆိုးရှန်းရဲ့ ခေါင်းကြီးပဲ..." အဘိုးလက်သမားသည် လီချန်ချင်း၏လက်ထဲရှိ ဦးခေါင်းကို သတိထားမိသည်။ထို့နောက် သေသေချာချာကြည့်ပြီးနောက် မည်သူမည်ဝါ၏ ဦးခေါင်းဖြစ်သည်ကို ချက်ချင်းပင် မှတ်မိသည်။
"ခွင့်ပြုပါဦး..." အဘိုးလက်သမားသည် အိမ်ထဲသို့ ခဏဝင်သွားပြီး မှတ်စုစာအုပ်ငယ်ကို ထုတ်ကာ တစ်ခုခုကို ရှာနေပုံရသည်။
"ကြည့်ပါရစေဦး... ထန်ဟိုင်းနာမည်ပျက်စာရင်းထဲက ဆယ့်ကိုးယောက်မြောက် နတ်ဆိုးအိုကြီးရှန်း.."
"ဆုငွေက....ကောင်းမှုရမှတ်တစ်သောင်းရှစ်ထောင်...." အဘိုးလက်သမားက မျက်မှောင်ကြုတ်လိုက်သည်။
"ကောင်းမှုရမှတ် တစ်သောင်းရှစ်ထောင်....ဒါပေမယ့် ငါကိုယ်တိုင် လဲလှယ်ပေးရမှာက တော်တော်ဒုက္ခပဲ။ အဲ့တော့ ဒါကို တစ်သောင်းငါးထောင်အနေနဲ့ပဲ ယူဆလိုက်မယ်။ ဆေးလုံးက မင်းအတွက်ပဲ။ ဒါပေမယ့် မင်းအတွက် ကောင်းမှုရမှတ်ကိုတော့ ပြန်မအမ်းဘူးနော်။ ဝယ်ချင်ဝယ်...မဝယ်ချင်လည်း ထားလိုက်တော့။"
လီချန်ချင်းသည် ပြန်အမ်းငွေကို ထည့်တွက်မနေပေ။ အဆင့်ကျော်ဖြတ်ခြင်းဆေးလုံးကိုလက်ထဲတွင်ရှိခြင်းသည် အခြားအရာများထက် ပိုကောင်းသည်။
လီချန်ချင်းသည် ခေါင်းကို အဘိုးလက်သမားထံ တိုက်ရိုက် ပစ်ပေးလိုက်ပြီး အဘိုးလက်သမားကလည်း ဆေးလုံးကို လီချန်ချင်းထံ ပစ်ပေးလိုက်သည်။
လီချန်ချင်းမှာ ဆေးလုံးကို လက်ခံရရှိပြီးသည်နှင့် ၎င်းအား သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်းထည့်ကာ စိတ်သက်သာရာရသွားခဲ့သည်။
"လူလေး....မင်းဟာ ရွှယ်ချမ်းပိုင် ခေါ်လာတဲ့သူဖြစ်တဲ့အတွက် သတိပေးပါရစေ။ တခြားသူတွေရှေ့မှာ သိုလှောင်လက်စွပ်ကို သုံးပြီး မင်းရဲ့ချမ်းသာမှုကို ပေါ့ပေါ့တန်တန် ထုတ်မပြမိပါစေနဲ့။ မဟုတ်ရင် မင်းဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး။" ထို့နောက် အဘိုးလက်သမားသည် ရယ်မောလိုက်ပြီး အိမ်ထဲသို့ လှည့်ဝင်သွားလေသည်။
"ကျေးဇူးတင်ပါတယ်။" လီချန်ချင်း ခေါင်းညိတ်လိုက်သည်။
"စကားမစပ်.... ဘယ်မှာ သတ္တုရိုင်းတွေ ဝယ်လို့ရမလဲ။" လီချန်းချင်းသည် ရွှယ်ချမ်းပိုင်ကို ကြည့်ကာ မေးလိုက်သည်။
လီချန်ချင်းအနေဖြင့် ကောင်းမွန်သော ဓားများကို ထွင်းထုချင်သည်။ "သတ္တုရိုင်းကောင်းလား...."
ထိုအခါ ရွှယ်ချမ်းပိုင်ကလည်း ရုတ်တရတ် ပြန်ဖြေပေ၏။ " ချင်းရွှယ်ဓားကို ငါသွန်းလုပ်တုန်းက ငါ့မှာကျန်ခဲ့တဲ့ စိတ်ဝိညာဉ်အေးခဲခြင်းရေခဲသံ အပိုင်းတစ်ပိုင်းရှိတယ်။ မင်းလိုချင်ရင် ငါတို့ပြန်ရောက်တဲ့အခါ မင်းကိုပြန်ရောင်းပေးမယ်လေ..."
"စိတ်ဝိညာဉ်အေးခဲခြင်း ရေခဲသံ...."
လီချန်ချင်း၏ မျက်လုံးများ တောက်ပလာလေ၏။ ချင်းရွှယ်ဓားကို ဖန်တီးတုန်းက လက်ကျန်ပစ္စည်းတွေလား....
ချင်းရွှယ်ဓားသည် ဆဋ္ဌမအဆင့် ကြီးကျယ်မြင့်မြတ်လှသော နတ်ဘုရားလက်နက်ဖြစ်သည်။ ပစ္စည်း၏ ရှားပါးမှုမှာ သိသာထင်ရှားလှပေ၏။
"ဘယ်လောက်နဲ့လဲ။"
"မင်းလည်း ကောင်းမှုရမှတ်လိုချင်တာဆိုရင်တော့ ငါ့မှာ မကျန်တော့ဘူး။"
"ဒီသိုလှောင်လက်စွပ်ကို မင်းကိုယ်တိုင်လုပ်ခဲ့တာမဟုတ်လား။"
ရွှယ်ချမ်းပိုင်သည် လီချန်ချင်း၏လက်ရှိ လက်စွပ်များကို စိုက်ကြည့်နေလေ၏။"မင်းဟာ ပန်းချီနဲ့ ယှဉ်နိုင်တဲ့ မှော်ဆန်တဲ့ သစ်သားထွင်းထုတွေကို ဖန်တီးနိုင်တယ်ဆိုတာ ငါကြားဖူးတယ။"
"သိုလှောင်လက်စွပ် လိုချင်လို့လား..." လီချန်ချင်းသည် ရွှယ်ချန်းပိုင်ဆိုလိုသည်ကို နားလည်သည်။
မင်းလုပ်နိုင်သေးရင် ငါ့အတွက် သိုလှောင်လက်စွပ် တစ်ခုလုပ်ပေးပါ။ ငါမင်းကို စိတ်ဝိညာဉ်အေးခဲခြင်း ရေခဲသံပေးမယ်။ ပြီးတော့ မင်းကိုငါအခွင့်ကောင်းမယူပါဘူး။ ရေခဲသံအပိုင်းအစက သိုလှောင်လက်စွပ် ကို တန်ဖိုးပေးချေဖို့ မမျှတဘူးဆိုတာကို ငါသိပါတယ်"
"ဒီတော့....မင်းလိုချင်တဲ့ ပစ္စည်းမှန်သမျှကို အလကား ထုလုပ်နိုင်ဖို့ ငါကူညီပေးမယ်။ ဘယ်လိုလဲ....." ရွှယ်ချမ်းပိုင်က ပြောလိုက်သည်။
"မင်းသိထားသင့်တာက စိတ်ဝိညာဉ်အေးခဲခြင်း ရေခဲသံကို အသုံးပြုသူပြီး ပစ္စည်းလုပ်နိုင်သူက အနည်းငယ်ပဲ ရှိတယ်ဆိုတာပဲ။"