အခန်း (၁၂၉)
Vol. 13 Ch. 129
"ဒါက တကယ့်ကို ရတနာပဲ။" ထိုသို့ပြောနေစဉ် ယဲ့ကျိဖန်မှာ အနည်းငယ် စိတ်လှုပ်ရှားနေပေ၏။ "ဒါက ကျွန်တော်တို့ ချင်းလဲ့ဓားဂိုဏ်းရဲ့ ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံ လျှို့ဝှက်ချက်နှင့် ဆက်စပ်နေနိုင်တယ်။ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံအစီအရင်ကို အတွင်းပိုင်းမှာ ဝှက်ထားနိုင်တယ်။"
"ဒါဟာ ကောလဟာလတစ်ခုပါပဲကွာ။" ရွှယ်ချမ်းပိုင်သည် ယဲ့ကျိဖန်ကို စိုက်ကြည့်ပြီး ပြောသည်။ ယဲ့ကျိဖန်မှာ ငြင်းခုံချင်သော်လည်း ဘာမှမပြောဘဲသာ နေခဲ့လေသည်။
ချင်းလဲ့ဓားဂိုဏ်း ဖျက်ဆီးခံရပြီးနောက် ဂိုဏ်းတစ်ခုလုံး ပြိုကွဲသွားခဲ့သည်။ လူများစွာသည် ချင်းလဲ့ဓားဂိုဏ်း၏ ရတနာများကို လုယူခံခဲ့ရသော်လည်း ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံကို မည်သူမျှ ရှာမတွေ့ခဲ့ပေ။
နောက်ပိုင်းတွင် ဤအရာပေါ်လာသောအခါ လူအများက အဆိုပါပုံကြမ်းကို အတွင်း၌ဝှက်ထားသည်ဟု သံသယရှိခဲ့ကြသည်။ ကံမကောင်းစွာဖြင့်ပင် မည်သူမျှ ဤထူးဆန်းသော သစ်သားသေတ္တာကို ဖွင့်နိုင်ခဲ့ခြင်း မရှိပေ။
"ဘယ်လောက်လိုချင်လဲ။" လီချန်ချင်းက မေးသည်။ လီချန်ချင်းက ဈေးညှိနှိုင်းနေသည်ကို တွေ့သောအခါ ရွှယ်ချမ်းပိုင်သည် လီချန်ချင်းကို အံ့အားသင့်စွာကြည့်သော်လည်း ဘာမှထပ်မပြောပေ။
ယဲ့ကျိဖန်မှာမူ သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုကို အရိပ်အမြွက်များ ယှက်ပြေးနေပေ၏။ "ငွေ ရှစ်သန်း....ရှစ်သန်းပဲပေးပါ။ ဒီရတနာက ခင်ဗျားအပိုင်ပဲ။"
ယဲ့ကျိဖန် အံကြိတ်ပြီး ဈေးနှုန်းကို ပြောလိုက်လေ၏။ ထိုစျေးနှုန်းကိုကြားသောအခါ လီချန်ချင်း အံ့သြသွားလေသည်။ ထိုလူငယ်သည် သူ့မှာ ပိုက်ဆံဘယ်လောက်ရှိသည်ကို ဖောက်ထွင်းမြင်ခဲ့သည်လော။သူ့တွင် ငွေရှစ်သန်းရှိကြောင်း သူ မည်သို့သိပါသနည်း။
ထိုကဲ့သို့ သတ်ဖြတ်လိုစိတ်များ ပြည့်နေသော သစ်သားအပိုင်းအစသည် ရှားပါးပြီး အဖိုးတန် ရတနာတစ်ခုဖြစ်သည်။ ထိုသေတ္တာကို ဖွင့်ဖို့ ကြိုးစားနိုင်မည်ဟု လီချန်ချင်း ခံစားမိသည်။
အထဲမှာ တကယ်ပဲ ရတနာတစ်ခု ရှိကောင်းရှိနိုင်သလို သူလည်း ချမ်းသာလာနိုင်ပေ၏။ သို့သော် အထဲမှာ ဘာမျှ မရှိခဲ့လျှင်မူ.....
ပြတ်ပြတ်သားသားပြောရလျှင် ဤအရာသည် လျှို့ဝှက်ဆန်းကြယ်သောသေတ္တာတစ်ခုသာဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်သေတ္တာတစ်ခုအတွက် ငွေရှစ်သန်းကို လောင်းကြေးထပ်ရမည် မဟုတ်ပါလော။
မှောင်ခိုဈေးကွက်ဟု ခေါ်ကြသည်မှာ အံ့ဩစရာ မဟုတ်ချေ။ ဤနေရာက လူများပင်လျှင် အမှန်ပင် မှောင်ခိုဘက်တော်သားများ ဖြစ်ကြပေ၏။
"စျေးလျှော့ပါဦး။" လီချန်ချင်းခေါင်းခါလိုက်သည်။
"ပုပ်နေတဲ့ သစ်သားတုံးကြီးအတွက် ငွေရှစ်သန်းတဲ့လား။ အထဲမှာ ဘာရှိမှန်းတောင် မသိရသေးဘူးလေ။ ဆုံးရှုံးမှု အရမ်းများတယ်။"
"အစ်ကိုကြီးက ဘယ်လောက်ဆစ်ချင်လဲ။" ယဲ့ကျိဖန်သည် ပိုက်ဆံသုံးရန် အလျင်လိုနေသည်မှာ သိသာလှပြီး လီချန်ချင်း၏ ဈေးဆစ်မှုကို သဘောတူလိုက်သည်။
လွန်ခဲ့တဲ့ သုံးနှစ်ကဆိုလျှင် ငွေဆယ်သန်းပင် ရမည်မဟုတ်ချေ။ သို့သော် ယခုအချိန်တွင်မူ ထိုသစ်သားသေတ္တာကို လုံးဝဖွင့်၍မရဟု လူတော်တော်များများ သိကြပေသည်။
တချို့လူများက ပုဆိန်နှင့် ခုတ်ကြည့်ချင်ကြသော်လည်း အထဲမှာ ပန်းချီကားတစ်ချပ်ရှိရင် လွယ်လွယ်နဲ့ ပျက်ဆီးသွားမည်ကို စိုးသဖြင့် ဈေးမေးသည့်သူများပင် နည်းလာလေသည်။
ယဲ့ကျိဖန်မှာ ဤအရာကို ဆက်လက်ဆုပ်ကိုင်ထားပြီး ဤခြောက်ကပ်ကပ်တစ္ဆေအရပ်မှာ သုံးနှစ်လောက်နေခဲ့ပြီး အပြင်မထွက်ရဲခဲ့ချေ။ သူထွက်သွားလိုက်သည်နှင့် ထိုရတနာကို လုံးဝသိမ်းမထားနိုင်ဘဲ လုယက်ခံရမည်မှာ သေချာပေ၏။
ဤမှောင်ခိုဈေးကွက်တွင်မူ သူ့အား မည်သူကမျှ လာမရှုပ်နိုင်ချေ။ သို့သော် ယဲ့ကျိဖန်အတွက်မူ ယခုဘဝမျိုးနှင့် လုံလောက်ပေ၏။ ပိုက်ဆံအများကြီးကို ပိုက်၍ ဤနေရာက ထွက်သွားချင်မိသည်။ သာမာန်ဘဝနဲ့ အိမ်ဝယ်၊ လက်ထပ်၊ သားသမီးမွေးကာ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းချင်မိသည်။
သူ့အသက်မှာ ငယ်ရွယ်လွန်းလှပြီး အသက်နှစ်ဆယ်ပင် မပြည့်သေးပေ။ ဤပုပ်ပွနေသည့် သေတ္တာကိုပဲ တစ်သက်လုံး အစောင့်လုပ်မနေချင်ပေ။
"ငွေသုံးသန်း...." လီချန်ချင်းသည် လက်သုံးချောင်းကို ထောင်လိုက်သ်ည။
"ခုနစ်သန်း...." ယဲ့ကျိဖန်သည် ခေါင်းမာစွာ တင်းထားသည်။
"လေးသန်း...." လီချန်ချင်းကလည်း တန်ပြန်ကမ်းလှမ်းချက်တစ်ခုပေးခဲ့သည်။
ငွေလေးသန်းအား ယဲ့ကျိဖန်မက်မောသည်မှာ သိသာလှသော်လည်း လွန်ခဲ့သည့်နှစ်အနည်းငယ်က သူနေထိုင်ခဲ့တဲ့ဘဝအကြောင်းတွေးရင်း ယဲ့ကျိဖန်၏ အကြည့်များက တင်းမာလာပြန်သည်။
"ငါးသန်းအောက်တော့ မလျှော့ဘူးဗျာ...." ယဲ့ကျိဖန်အံကြိတ်လိုက်သည်။
ယဲ့ကျိဖန်၏ ခိုင်မာသော ရပ်တည်ချက်ကို ကြည့်ပြီး သူဆုံးဖြတ်ချက်ခိုင်မာစွာ ချထားသည်ဟု လီချန်ချင်း တွေးမိသည်။ထပ်ဈေးဆစ်လျှင် ရောင်းမည်မဟုတ်တော့ချေ။
သို့ဖြစ်၍ လီချန်ချင်း တုံ့ဆိုင်းမနေတော့ချေ။ လီချန်ချင်းသည် သူ့လက်စွပ်ထဲမှငွေလက်မှတ်ငါးစောင်ကို ထုတ်လိုက်သည်။ တစ်စောင်လျှင် ငွေတစ်သန်းတန်ကြေးရှိပေ၏။
"ဒါဆို ငါဝယ်လိုက်မယ်။" ငွေလက်မှတ်များကို ယဲ့ကျိဖန်အား ပေးရင်း ပြောလိုက်သည်။
ယဲ့ကျိဖန်မှာ အားတင်းကာ တံတွေးမျိုချလိုက်လေ၏။ ထို့နောက် ငွေလက်မှတ်များကိုယူရန် တုန်တုန်ယင်ယင်ဖြင့် လက်လှမ်းလိုက်သည်။
သို့သော် ဤအခိုက်အတန့်တွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာလေ၏။ "ငါလိုချင်တယ်။"
ထိုအသံနှင့်အတူ ငွေလက်မှတ်များပေးရန် ဆန့်တန်းထားသော လီချန်ချင်း၏ လက်တစ်ဖက်ကို ဝင်ဟန့်လိုက်သည်။ ငွေရောင်လက်မှတ်များမှာ လွင့်ပျံပြီး မြေပြင်ပေါ်သို့ လဲကျသွားလေတော့၏။
လီချန်ချင်း မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ မှောင်ခိုဈေးကွက်မှာ သူများကိစ္စကို မည်သူမျှ ဝင်မရှုပ်ဝံ့ကြသည် မဟုတ်ပါလော...."
ထိုအသံကိုကြားပြီးနောက်တွင် ဇိမ်ခံအဝတ်အစားများ ၀တ်ဆင်ထားသော ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ထို့အပြင် ဤလူငယ်သည် မျက်နှာဖုံးမတပ်ထားပေ။
တစ်ချိန်တည်းမှာပင် ပညာရှင်အများအပြားက သူ့နောက်ကို လိုက်လာကြသည်။ သူတို့တစ်ဦးချင်းစီမှာ မူလအဆင့်အရှိန်အဝါများ ရှိကြပေ၏။ သူတို့ထဲက တစ်ဦးဆိုလျှင် မူလအဆင့်အထွတ်အထိပ်သို့ပင် ရောက်နေခဲ့ချေပြီ.
လီချန်ချင်း၏လက်ထဲက ငွေလက်မှတ်များကို ဖြတ်ရိုက်လိုက်သူမှာ မူလအဆင့်အထွတ်အထိပ်လူပင် ဖြစ်သည်။ ဤလူများ အားလုံးသည် တိုက်ပွဲဝင်ချီစွမ်းအင်များ ထွင်းထွက်နေသဖြင့် ၎င်းတို့သည် စစ်သားများ ဖြစ်သည်မှာ ထင်ရှားလှပေ၏။
"ကျုပ်ဒီပစ္စည်းကို လိုချင်တယ်။" ထိုလူငယ်သည် ရှေ့သို့ လှမ်း၍ သစ်သားသေတ္တာကို လှမ်းကြည့်ကာ ပြုံးလျက်ပြောသည်။
"ချင်းလဲ့ဓားဂိုဏ်းရဲ့ ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံပါ၀င်တဲ့ ထူးဆန်းတဲ့ သေတ္တာတစ်ခု ရှိတယ်လို့ ကျုပ်ကြားဖူးတယ်။ အဲ့ပစ္စည်းကို ကြည့်ရတာ တကယ်ကို ထူးခြားပုံပဲ။"
"သခင်လေး.....ဒီရတနာသေတ္တာကို ဒီအစ်ကိုကြီးကို ရောင်းပြီးပါပြီ။" ယဲ့ကျိဖန်သည် လီချန်ချင်းကို ကြည့်လိုက်သည်။ လီချန်ချင်းလည်း ထိုလူငယ်ကို ကြည့်နေလေသည်။
ပတ်ဝန်းကျင်ရှိ မူလအဆင့် ပညာရှင်များသည် လီချန်ချင်းကို ကြည့်နေကြသည်။ အထူးသဖြင့် လီချန်ချင်း၏ ငွေလက်မှတ်များကို ဟန့်တားလိုက်သော အမျိုးသားကိုလည်း ကြည့်နေကြပေ၏။
ထိုလူ၏မျက်လုံးများသည် ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသကဲ့သို့ မထီမဲ့မြင်ပြုမှုများနှင့် ပြည့်နှက်နေပေ၏။
"အဲ့တော့ရော....ဘာဖြစ်လဲ။" ထိုလူငယ်က မထီမဲ့မြင်ပြောလေသည်။ “ဒီမြောက်ပိုင်းအေးခဲနိုင်ငံမှာ ငါလိုချင်ရင် မရတာမရှိဘူး။"
"ဓားသမားချင်း....သူ့ကို ငွေပေးချေလိုက်...." ထိုစကားကို ပြောပြီးနောက် လူငယ်သည် လှည့်ထွက်သွားသည်။
မူလအဆင့်ပညာရှင်သည် ငွေ လက်မှတ်ငါးသန်းကို ထုတ်ကာ ယဲ့ကျိဖန်ထံသို့ ပေးအပ်ခဲ့ပြီး လီချန်ချင်းကို မော့ကြည့်ကာ အသံအက်ကြီးဖြင့် ပြောသည်။ "လမ်းက ဖယ်ပေးစမ်း...."
လီချန်ချင်းမှာ ထိုမြင်ကွင်းကိုမြင်ပြီး နောက်သို့ ဆုတ်သွားလေ၏။ ယဲ့ကျိဖန်သည် ငွေလက်မှတ်များကိုကြည့်ကာ လီချန်းကျင်းကိုကြည့်ရင်း တုံ့ဆိုင်းသွားသည်။
သို့သော် လီချန်ချင်းက အပြုံးဖြင့်သာ တုံ့ပြန်သည်။ "ဘယ်သူကိုပဲရောင်းရောင်း အရေးမကြီးပါဘူးကွာ။ သူတို့ ပေးပြီးသားဆိုတော့ ယူသွားပါစေပေါ့။"
"ဟင်...." ယဲ့ကျိဖန် အံ့ဩမိသွားသည်။ လီချန်ချင်း၏စကားကိုကြားသောအခါ ရွှယ်ချမ်းပိုင်လည်း အံ့သြသွားသည်။
"မင်းက တော်တော် ပါးနပ်တာပဲ။" ဓားသမားချင်းက အေးစက်စွာပြောသည်။
"မင်းဘယ်သူကိုမှ ဝင်မရှုပ်ရင် အသက်ရှည်ရှည်နေရမယ်။ မင်းဟာ ထက်မြက်တဲ့သူပဲကွ။"
ထို့နောက် ဓားသများချင်းသည် ငွေလက်မှတ်များကို ယဲ့ကျိဖန်ရှေ့မှာ ပစ်ချလိုက်ပြီး သစ်သားသေတ္တာကို လက်ဖဝါးဖြင့် မြှောက်ကာ လူငယ်နောက်သို့ လိုက်သွားခဲ့သည်။
"ဒီပစ္စည်းကို မလိုချင်ဘူးလား။" ရွှယ်ချမ်းပိုင်သည် လီချန်ချင်းကို အတန်ငယ် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
ကျော်ကြားသော ပန်းချီပညာရှိတစ်ဦးသည် စော်ကားခံရသည်ကို ငြိမ်ခံနေပါသည်လော။ လီချန်ချင်းမှာမူ ပြုံးရုံသာ ပြုံးနေလေသည်။
ထို့နောက် သူ့လက်ကို မြှောက်လိုက်သည်နှင့် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ငွေလက်မှတ်ငါးသန်းသည် လွင့်ပျံလာပြီး သူ့လက်ထဲသို့ ပြန်ရောက်သွားလေသည်။
"လူအိုကြီးပိုင်....မင်း တစ်ချိန်က ငါတို့နှစ်ယောက် ဘာလို့ ဂိတ်ပေါက်ကနေ မြို့ထဲကို မဝင်လဲလို့မေးဖူးတယ်လေ။"
"အခု ငါမင်းကို မေးချင်တာက ငါတို့ရဲ့ကျင့်ကြံမှုတွေနဲ့ဆို ပစ္စည်းတွေ ဝယ်ဖို့ ပိုက်ဆံ တကယ်သုံးဖို့ လိုလို့လား။" ထိုစကားကို ကြားသောအခါ ရွှယ်ချမ်းပိုင်၏ မျက်လုံးများတွင် အံ့အားသင့်နေသည့် အကြည့်များ ပေါ်လာလေ၏။
"ဒါက မှောင်ခိုဈေးကွက်ကို ဒုက္ခဖြစ်စေတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တယ်။" ရွှယ်ချမ်းပိုင် မျက်မှောင်ကြုတ်လိုက်လေ၏။
"ဒါ့အပြင် ဒီလူငယ်က မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ ကိုးပါးမြောက်မင်းသားပဲ။ မင်းသူ့ကို သွားရှုပ်မိရင် မြောက်ပိုင်းအေးခဲနိုင်ငံက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး။"
"မျက်နှာဖုံးတပ်ထားတယ်လေ... ငါတို့ကိုဘယ်သူမှတ်မိမှာလဲ။"
လီချန်ချင်းက ခေါင်းခါလိုက်လေ၏။"ဒီမှောင်ခိုဈေးကွက်မှာ သြဇာကြီးတဲ့ ကျွမ်းကျင်သူတစ်ယောက်ရှိတယ်ဆိုတာ ငါနားလည်ပါတယ်။ ဒါပေမယ့် သူက သန်မာပေမဲ့ ငါတို့ကို ဒီနေရာမှာ ထိန်းထားဖို့ထိ အရည်အချင်းမပြည့်မီပါဘူး။ မစိုးရိမ်ပါနဲ့။ ငါလုပ်ရမှာက ပစ္စည်းကိုလုယက်ဖို့ပဲ။ မင်းသားကို မသတ်ဘူး။"
“ငါ့ကို စော်ကားပြီး ဒီအတိုင်းထွက်သွားနိုင်မယ်လို့ ထင်နေရင်တော့ သူတို့ မှားသွားပြီ”
အေးစက်မောက်မာသော အငွေ့အသက်များမှာ လီချန်ချင်း၏ မျက်လုံးများတွင် ဖြတ်ပြေးသွားတော့သည်။