အခန်း (၁၃၂)
Vol. 14 Ch. 132
ဓားခုနစ်ချောင်းသည် စက်ဝိုင်းအသွင် ထောင်လျက်သားရှိနေကြသည်။ ထိုအချိန်၌ လီချန်ချင်းသည် သူ့ဖုန်းကို ထုတ်ပြီး ဆယ်လ်ဖီးရိုက်ကာ သူ၏ချောမောမှုနှင့်အတူ ဤမြင်ကွင်းကို ဆိုရှယ်မီဒီယာအပေါ် တင်ချင်မိသည်။
ယင်းမှာ အင်မတန် လန်းပေမည်။ သူ၏ ငယ်ဘဝအိပ်မက် ကိုယ်ခံပညာလူစွမ်းကောင်းတစ်ယောက် အမှန်တကယ် ဖြစ်လာပြီလော….။ ထို့အပြင် ဓားတစ်ချောင်းတင်မကဘဲ ခုနစ်ချောင်းဖြစ်၏။
၎င်းသည် လီချန်ချင်း၏ ကိုယ်ခံပညာအိပ်မက်ကိုပင် ကျော်လွန်၍ မသေမျိုးတစ်ဦး၏ အိပ်မက် ဖြစ်လာလေ၏။ ထိုအချိန်တွင် လီချန်ချင်းသည် လှုံ့ဆော်မှုတစ်ခုကို ခံစားမိသည်။ ဓားခုနစ်ချောင်းကို သူ့အတွက်သူ သိမ်းထားချင်မိသည်။
သူ့သားသာ ပို၍ သန်မာလာပါက သူကိုယ်တိုင်လည်း ပို၍သန်မာလာမည် ဖြစ်ပေ၏။ ထိုသို့ မဟုတ်ပါက အန္တရာယ်တွင်းကျရောက်နေလျှင် သူ့သားကို မည်သို့ ကာကွယ်နိုင်မည်နည်း။
သူ့လက်ရှိခွန်အားမှာ လုံလောက်သော်လည်း သူ့တွင် ထိရောက်သည့် တိုက်ကွက်မျိုး မရှိသေးဟု လီချန်ချင်း သဘောပေါက်နားလည်သည်။ ယခင် နတ်ဆိုးရှန်းနှင့် တိုက်ခိုက်ချိန်က သူ၏ နဂါးနိုင်လက်ဝါးသိုင်းတိုက်ကွက်သည် နတ်ဆိုးရှန်းအား မြေပြင်ပေါ် လဲကျကာ ဒဏ်ရာရသည်အထိ တိုက်နိုင်ခဲ့သော်လည်း အသေမသတ်နိုင်ခဲ့ပေ။
မူလအဆင့် စွမ်းအားရှင်တစ်ယောက်၏ အရိုးများမှာ ဒုတိယအဆင့်ပြောင်းလဲမှုများကို ကြုံခဲ့ရကာ အရိုးတို့အား ပို၍ပင် မာကျောလာစေကာ ဓားများလှံများဖြင့်ပင် ထိုးဖောက် မတိုက်ခိုက်နိုင်တော့ပေ။
လီချန်ချင်း၏ နဂါးနိုင်လက်ဝါးသိုင်းကွက်သည် လုံးဝ အထိနာစေသည့် တိုက်ကွက်မျိုး မဟုတ်ချေ။ လီချန်ချင်းသည် တိမ်တိုက်လက်ဝါးတိုက်ကွက်ကို နတ်ဆိုးရှန်းဆီမှ ခိုးသင်ယူခဲ့ပြီး အထိနာစေမည့် တိုက်ကွက်မျိုးဖြစ်မည်ဟု ထင်ထားခဲ့သော်လည်း သေနိုင်သည်အထိ စွမ်းအားမပြင်းထန်လှပေ။
ထို့အပြင် လီချန်ချင်း ထိုလက်ဝါးကျင့်စဉ်ကို သုံးစွဲနေမှန်း ရှန်မိသားစုသိလျှင် သူ့အား ဒုက္ခများစေမည်ဖြစ်သည်။ သူ့လက်ထဲရှိ ဓားခုနစ်ချောင်းနှင့် ဓားကျင့်စဉ်များအား လေ့လာနိုင်ခဲ့လျှင်မူ သူ့တိုက်ကွက်များ၏ ထိရောက်မှုကို ပိုမို တိုးမြှင့်နိုင်မည်ဖြစ်သည်။ ထို့အပြင် ရွှယ်ချမ်းပိုင်ဆီမှ အထောက်အထားများအရ ထိုဓားကျင့်စဉ်များမှ အလွန်ပင် စွမ်းအားကြီးလှပေ၏။
ဓားကျင့်စဉ်ကို လေ့လာရန်အတွေးများဖြင့် လီချန်ချင်း၏ အကြည့်များသည် သတ်ဖြတ်လိုခြင်းခုနစ်ပါးနှင် အစိမ်းရောင်ကြာပန်းပုံဆီသို့ ကျရောက်သွားလေ၏၊ ပန်းချီကားကို လီချန်ချင်း အပြည့်အဝနားမလည်သေးသော်လည်း ၎င်းမှ သတ်ဖြတ်လိုခြင်းခုနစ်ပါးနှင့် ဓားခုနစ်ချောင်းဖွဲ့စည်းပုံကို နားလည်နိုင်ခဲ့လျှင်မူ သူမည်မျှ စွမ်းအားကြီးလာမည်ကိုလည်း မသိပေ။
လီချန်ချင်းသာ လေ့လာနိုင်ခဲ့ပါက သူ၏ နတ်ဘုရားစိတ်ဝိညာဉ်ဖြင့် ဓားခုနစ်ချောင်းကို ထိန်းချုပ်ခြင်းသည် အင်မတန် စွမ်းအားကြီးမားလှမည်ဖြစ်ပေသည်။
လီချန်ချင်းသည်လည်း အစီအစဉ်ချပြီးဖြစ်သည်။ သို့သော် လီချန်ချင်း၏ အတွေးများကို ရွှယ်ချမ်းပိုင်သာ သိခဲ့လျှင်မူ လီချန်ချင်း၏ ကို့ရိုးကားယားနိုင်သော အတွေးများအပေါ် ရွှယ်ချမ်းပိုင် အံ့ဩတုန်လှုပ်မိပေမည်။
တစ်စုံတစ်ဦးက ဓားခုနစ်ချောင်းကိုထိန်းချုပ်ပြီး ဓားခုနစ်ချောင်းဖွဲ့စည်းပုံ ဖြစ်လာစေလိုသည်လော….။ ထိုအခြင်းအရာကို မည်သည့် နတ်ဘုရားစိတ်ဝိညာဉ်အဆင့်က လိုအပ်ပါသနည်း။
ရွှယ်ချမ်းပိုင်တွေ့ဆုံဖူးခဲ့သော ပန်းချီသူတော်စင် တစ်ဦးတစ်ယောက်မျှ ထို့သို့သော အရာမျိုးကို မလုပ်နိုင်ပေ။
"ကျန်းလန်၊ ချင်းလျူ၊ ရှီယု၊ ရန်ချူး၊ ရူချန်၊ ကျူရှန်၊ ရှုကုန်….ပြန်လှည့်ကြစမ်း…." လီချန်ချင်း၏ လက်ညှိုးညွှန်ရာနှင့်အတူ ဓားခုနစ်ချောင်းသည် လေအဟုန်ဖြင့် သူတို့၏ ဓားအိမ်ဆီသို့ ပြန်သွားကြကုန်လေသည်။
ဓားအိမ်မှာလည်း ချက်ချင်း ပိတ်သွားလေ၏။
"တကယ့်ကို ရတနာတွေပဲ …." ဓားခုနစ်ချောင်းကို လီချန်ချင်း ကြည့်လေလေ ပိုသဘောကျမိလေလေ ဖြစ်နေပေသည်။
"ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့နော်။ မဟုတ်ရင် ဘယ်သူမှ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး။" ရွှယ်ချမ်းပိုင်က လီချန်ချင်းအား အမိန့်ပေးသည်။ ထို့အပြင် ချင်းလဲ့ဓားအရှင်ခုနစ်ပါး ဓားခုနစ်စင်း၏သတင်းမှာ သာမန်ကိစ္စရပ်မျိုးဟုတ်မနေခဲ့ပေ။
လီချန်ချင်း၏ ကျင့်စဉ်မှာ ကောင်းမွန်သည်ဟု ရွှယ်ချမ်းပိုင် ခံစားမိသော်လည်း သူ့အတွေ့အကြုံမှာမူ မလုံလောက်သေးပေ။
ထို့အပြင် ပြီးခဲ့သည့် နတ်ဆိုးရှန်နှင် တိုက်ခိုက်မှု၌ လီချန်ချင်းသည် ကိုယ်ခံပညာကို ကောင်းကောင်း နားလည်တက်ကျွမ်းပုံ မပေါ်သေးပေ။ အကယ်၍ လီချန်ချင်းကိုသာ ပစ်မှတ်ထားခံရလျှင် အင်မတန် အန္တရာယ်များပေမည်။
လီချန်ချင်းလည်း ရွှယ်ချမ်းပိုင် ဆိုလိုသည့်အဓိပ္ပါယ်ကို သဘောပေါက်ပြီး ခေါင်းညိတ်လိုက်သည်။ သူ့တွင် ဓားခုနစ်ချောင်းရှိသည်ကို လူအများသာ သိသွားလျှင် ဝံပုလွေတစ်သိုက်ကို ဆွဲဆောင်မိသလို ဖြစ်ပေမည်။
သူ့အခန်းကိုပြန်ရောက်ပြီးနောက် လီချန်ချင်း မအိပ်သေးပေ။ ဓားခုနစ်ချောင်းကို ရရှိခြင်းအတွက် လီချန်ချင်း အနည်းငယ် စိတ်လှုပ်ရှားနေမိပြီး သတ်ဖြတ်လိုခြင်း ခုနစ်ပါးနှင့် အစိမ်းရောင်ကြာပန်း ပန်းချီကို လီချန်ချင်း ထုတ်လိုက်ကာ ပန်းချီထဲက ကြာပန်းကို ကြည့်နေမိသည်။
လီချန်ချင်း၏ နတ်ဘုရားဝိညာဉ်မှာ ၎င်းထဲသို့ စိမ့်ဝင်သွားပြီး သတ်ဖြတ်လိုခြင်းခုနစ်ပါးနှင့် အစိမ်းရောင်ကြာပန်း ပန်းချီကို နားလည်ရန် ကြိုးပမ်းချင်မိသည်။
လီချန်ချင်း၏ အမြင်တွင်မူ ပန်းချီနှင့် သစ်သားပန်းပုထုလုပ်ခြင်းတို့မှာ ဆက်စပ်နေသည်ဟု ထင်မိသည်။ နောက်တစ်နေ့မနက်၌ လီချန်ချန်းတို့ နှစ်ဦးသားသည် မြို့မှ စောစီးစွာ ထွက်ခွာခဲ့ကြသည်။ အဖြစ်အပျက်များ အနည်ထိုင်သွားပြီးနောက် လီချန်ချင်းနှင့် ရွှယ်ချမ်းပိုင်တို့သည် မင်ဟုန်ခရိုင်သို့ ပြန်လာခဲ့ကြသည်။
ထို့အပြင် မြောက်ပိုင်းအေးခဲနိုင်ငံတွင် ပြဿနာဖြစ်စေခဲ့သောကြောင့် ဤနေရာမှ အနှေးနှင့်အမြန် ထွက်သွားသည်က ပိုကောင်းပေမည်။
သို့သော် သူတို့နှစ်ဦးသား မြို့အပြင်သို့ရောက်ပြီး အတွင်းဂိတ်နှင့် မလှမ်းမဝေးရောက်နေစဉ်မှာပဲ နောက်မှ အသံတစ်ခု ကြားလိုက်ရလေ၏။
"ချင်းရွှယ်အာဏာဓားအရှင် မင်းမြောက်ပိုင်းအေးခဲနိုင်ငံကိုရောက်တုန်း မိတ်ဆွေဟောင်းကိုတောင် လာမတွေ့ဘူးလား။" အသံမှာ နက်နဲလှပြီး ပျင်းရိပျင်းတွဲနိုင်ပေသည်။