အခန်း (၁၃၃)
Vol. 14 Ch. 133
ထိုအသံကို ကြားသောအခါ ရွှယ်ချမ်းပိုင်သည် ခေါင်းကိုပင် လှည့်မကြည့်ပင်။ သူ၏ မျက်ခုံးများမှာမူ တွန့်ကွေးနေခဲ့လေပြီ။
"ပြဿနာတော့ ရောက်လာပြီ…" လီချန်ချင်း နောက်သို့ လှည့်ကြည့်လိုက်ရာ ခပ်ထွားထွားဗိုလ်မှူးတစ်ယောက်ရောက်နေသည်ကို တွေ့လိုက်ရသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် သံချပ်ကာသည် နေရောင်အောက်၌ မျက်စိကျိန်းလောက်အောင်ပင် တောက်ပြောင်လွန်းလှသည်။ သို့သော် လီချန်ချင်းအား အံ့အားသင့်သွားစေသည့် အရာမှာ ထိုလူ၏ နောက်ကျောရှိ ရှည်လျားလှသော လှံတံဖြစ်ပေ၏။
အဲ့တာ လှံကြီလား….။ ၎င်းမှာ တိုင်လုံးတစ်လုံးနီးပါး ထူသည်။
ထိုလှံကြီးကို ဝှေ့ယမ်းလိုက်လျှင် အင်မတန် စွမ်းအားကြီးပေမည်။ ထို့အပြင် ယင်းလှံတံကြီးမှာ ကြောက်မက်ဖွယ်ရာခွန်အားနှင့်မတူ အင်မတန် လေးပုံလည်း ပေါ်ပေသည်။
"အဲ့လူက ကျောက်ပိုင်မင် မဟုတ်လား…" လီချန်ချင်း သူ့စိတ်ထဲတွင် တွေးလိုက်မိသည်။ ထိုလူမှာ ရွှယ်ချမ်းပိုင်ကိုပင် ဒုက္ခများစေနိုင်သော လူဖြစ်ပေ၏။
အမှန်တကယ်ပင် ထိုလူ၏ ပုံပန်းသဏ္ဍာန်သည် ပြဿနာအကြီးကြီး ပေးနိုင်ပုံပေါ်သည်။ ကံကောင်းမစွာပင် ထိုလူမှာ ရွှယ်ချမ်းပိုင်ကိုသာ အာရုံစိုက်ပြီး လီချန်ချင်းအား ကြည့်ပင်မကြည့်ပေ။ လီချန်ချင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ရွှယ်ချမ်းပိုင်အား မသိချင်ယောင်ဆောင်လိုက်သည်။
"ဗိုလ်မှူးကျောက်…ကျုပ်တို့က မိတ်ဆွေတွေလို့ သတ်မှတ်လို့မရပါဘူး " ရွှယ်ချမ်းပိုင်သည် ကျောက်ပိုင်မင်အား လှည့်ကြည့်လိုက်လေ၏။ ကျောက်ပိုင်မင်၏အနောက်တွင် သူတို့ဗိုလ်မှူးမှ မိတ်ဆွေဟု ခေါ်လိုက်သော ရွှယ်ချမ်းပိုင်အား သိလိုစိတ်အပြည့်ဖြင့် ကြည့်နေကြသော စစ်သားအနည်းငယ်ရှိသည်။
"အဲ့တာက ချင်းရွှယ်အာဏာဓါးအရှင်လား။" သူတို့ ချင်းရွှယ်အာဏာဓါးအရှင်ကို အဘယ်ကြောင့် မကြားဖူးကြပါသနည်း။
ရွှယ်ချမ်းပိုင်မှာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ချဉ်းကပ်ရန် ခက်ခဲမည်ဟု ထင်ရသည့် အေးစက်စက် ဟန်ပန်အမူအရာနှင့်အတူ လွတ်လပ်မှုအပြည့်နှင့် ကျက်သရေရှိလှပေသည်။
ရွှယ်ချမ်းပိုင်တွင် သန်မာသော အရှိန်အဝါထွက်ပေါ်မနေသည့်တိုင် သူ့ဆီမှ မယုံနိုင်ဖွယ်ရာ ထက်မြက်သည့် အငွေ့အသက်များကို အမြဲတမ်း ခံစားမိစေပေသည်။
တယောက်ယောက်က ရွှယ်ချမ်းပိုင်ကို စတင်၍ တိုက်ခိုက်လိုက်ပါက တစက္ကန့်အတွင်းမှာပင် တိုက်ခိုက်သူမှာ သေဆုံးသွားနိုင်သည့် ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့တော့သည်။
"ချင်းရွှယ်အာဏာဓါးအရှင်ဆီက ဒီလိုစကားမျိုး ကြားလိုက်ရတာ ဝမ်းနည်းစရာပဲ။" ကျောက်ပိုင်မင်က သူ့လက်ချောင်းများဖြင့် သူ့နားကိုကလော်နေရင်းနှင့် ရွှယ်ချမ်းပိုင်ဆီသို့ ချဉ်းကပ်သွားလေသည်။
သူ့အရပ်အမြင့်မှာ ရွှယ်ချမ်းပိုင်ထက် နှစ်မီတာခန့် ပိုရှည်ပြီး ယှဉ်ကြည့်လျှင်ပင် အင်အားမမျှတပုံ ပေါ်သည်။
"ဘာပဲဖြစ်ဖြစ်ကွာ….ငါတို့တွေ တိုက်ပွဲတစ်ခုမှာ ဆုံခဲ့ကြတာလေကွာ…" ကျောက်ပိုင်မင်က ပြုံးလျက်ပြောသည်။ "ချင်းရွှယ်အာဏာဓါးအရှင်က ငါ့ရဲ့ မြောက်ပိုင်းအေးခဲနိုင်ငံဆီ ဒီတစ်ခေါက်ရော ဘာတွေယူဆောင်လာဦးမလဲလို့ ငါသိချင်မိတယ်။"
"ဖြတ်သွားဖြတ်လာတင်ပါ…." ရွှယ်ချမ်းပိုင်က တည်ငြိမ်စွာ တုံ့ပြန်သည်။
"ဖြတ်သွားဖြတ်လာတင်တဲ့လား…" ကျောက်ပိုင်မင်မှာ စကားပြောရင်း ရွှယ်ချမ်းပိုင်နှင့် မနီးမဝေးဆီက လီချန်ချင်းဆီလျှောက်သွားကာ မေးလေသည်။ "သူက မင်းမိတ်ဆွေလား။"
"ကျုပ်သူ့ကို မသိဘူး။" ရွှယ်ချမ်းပိုင်က လီချန်ချင်းကို မျက်စိတစ်ချက်ဝှေ့ကြည့်လိုက်ကာ ခေါင်းခါလိုက်သည်။
လီချန်ချင်းကလဲ လည်၏။ ပြူးကျယ်ကာ အံ့အားသင့်နေသည့် မျက်ဝန်းအစုံနှင့် သူ့ကိုယ့်သူ လက်ညှိုးထိုးပြကာ ကျောက်ပိုင်မင်အား ပြန်မေးလိုက်သည်။
"ခင်ဗျားစကားပြောနေတာ ကျုပ်ကို မဟုတ်လား။ကျုပ်သူ့ကို မသိဘူး။ ကျုပ် မြောက်ပိုင်းအေးခဲနိုင်ငံကို အလည်လာတာပါ ဗိုလ်မှူးကြီး နားလည်မှုမလွဲပါနဲ့ဗျာ။"
ထိုသို့ ပြုမူလိုက်ခြင်းသည် လီချန်ချင်းမှာ သစ္စာမရှိ၍ မဟုတ်ချေ။ သို့သော် ရွှယ်ချမ်းပိုင် မြောက်ပိုင်းအေးခဲနိုင်ငံသို့ အလည်လာသည် ဆိုသည်မှာလည်း အဓိပ္ပါယ်မရှိလှချေ။ ထို့အပြင် ရွှယ်ချမ်းပိုင်၏ ခွန်အားနှင့်ဆိုလျှင် မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်။ လီချန်ချင်းက ဘေးမှသာ ပွဲထိုင်ကြည့်နေရုံသာ ဖြစ်သည်။ အကယ်၍ ရွှယ်ချမ်းပိုင်ကသာ မဖြေရှင်းနိုင်ခဲ့ပါက လီချန်ချင်းက ဝင်ပါမည်သာ ဖြစ်သည်။
"ဒီတော့ မင်းက ခရီးသွားပေါ့။ ငါနားလည်မှုလွဲသွားတာ နေမှာပါ။" ကျောက်ပိုင်မင်က ကိုယ်ဟန်အမူအရာဖြင့် ပြုံးလျက်ပြောသည်။ "နားလည်မှုလွဲသွားတဲ့အတွက် တောင်းပန်ပါတယ်။ သွားလိုရာ သွားနိုင်ပါပြီ။"
"ကောင်းပါပြီ။ ကျုပ်ခင်ဗျားတို့ ပြန်ဆုံကြချိန်လေးကို မနှောက်ယှက်တော့ပါဘူး။" လီချန်ချင်းသည် သူ့ခြေဖျားလေးဖြင့် ဖေးအား ကန်လိုက်ကာ ပြောလိုက်သည်။ "သွားကြရအောင် ငါမင်းကို အသားဝယ်ကျွေးမယ် ပြီးရင် အိမ်ပြန်ကြမယ်။" ထိုသို့ပြောပြီးနောက် လီချန်ချင်းမှာ လူအုပ်အတွင်း၌ ပျောက်ကွယ်သွားလေ၏။
သို့သော် ကျောက်ပိုင်မင်းသည် ပြုံးကာ သူ့နောက်က စစ်သားများကို အချက်ပြသည်။ စစ်သားများကလည်း ၎င်းကို နားလည်သဘောပေါက်ပြီး ခေါင်းညိတ်ကာ ထွက်သွားကြလေသည်။ ကျောက်ပိုင်မင်၏အမြင်တွင်မူ လီချန်ချင်းမှာ သံသယဖြစ်ဖွယ်ကောင်းလေသည်။ ထို့ကြောင့် လီချန်ချင်းနောက်ကို လူလွှတ်ကာ နောက်ယောင်ခံလိုက်စေပြီး သူဘယ်သွားသည်ကို ကြည့်စေလိုသည်။
စစ်သားများသည် လီချန်ချင်းထွက်သွားသည်နှင့် သူ့ဦးတည်ရာနောက်သို့ နောက်ယောင်ခံလိုက်ကြသည်။ ရွှယ်ချမ်းပိုင်လည်း ၎င်းတို့ကို မတားပေ။ စစ်သားအနည်းငယ်မှာ ပြန်လည်မွေးဖွားခြင်းအဆင့်စစ်သားများဖြစ်၍ စိတ်ပူစရာ မလိုပေ။ အမှန်တကယ် ပြဿနာတွင်းထဲ ရောက်နေသူမှာ ရွှယ်ချမ်းပိုင်ဖြစ်သည်။ ကျောက်ပိုင်မင်နှင့် အချေအတင်ဖြစ်ခြင်းသည် ကောင်းသော အရာမဟုတ်ပေ။
"ခင်ဗျားမှာ ပြောစရာရှိရင် ပြောပါ။ ပြောစရာမရှိဘူးဆို ကျုပ်သွားတော့မယ်။" ရွှယ်ချမ်းပိုင်ကာ လျစ်လျူရှုကာ ပြောလိုက်လေသည်။
"အထူးတလည်ပြောစရာတော့ မရှိပါဘူးကွာ…မိတ်ဆွေဟောင်းတစ်ယောက်ကို အမိဖမ်းပြီး တစ်ခွက်လောက် သောက်ချင်ရုံပါပဲ။ ချင်းရွှယ်အာဏာဓါးအရှင်ကို ကြည့်ရတာ အတော်အလုပ်များနေပုံပဲ။ အလုပ်တွေကို ထားလိုက်စမ်းပါကွာ။ ငါမင်းနဲ့ နှစ်ကိုယ်ကြား ဆွေးနွေးစရာလေး ရှိတယ်။" ကျောက်ပိုင်မင်က သူ့လည်ပင်းကို အကြောဖြေလိုက်လေသည်။
"လွန်ခဲ့တဲ့ညက နတ်ဆိုးအိုကြီးရှန်းက အပြင်ပိုင်းမြို့တော်မှာ အသတ်ခံခဲ့ရတယ်။ ငါ့စူးစမ်းလေ့လာမှုတွေအရဆိုရင် အဲ့ဒါက ဓားပညာရှင်တစ်ယောက်ရဲ့ လက်ချက်ပဲ။ ဘယ်လိုမျိုး ဓားပညာရှင်က နတ်ဆိုးအိုကြီးရှန်းလို အထူးအဆင့်ကို သတ်ပစ်နိုင်လဲဆိုတာ ငါသိချင်မိတယ်။ ပြီးတော့ ငါဒီနေ့ ချင်းရွှယ်အာဏာဓါးအရှင်ကို တွေ့တာပဲ။ ဒါကတိုက်ဆိုင်မှုတခု ဟုတ်ပါ့မလား….."
"အဲ့လိုလား…ဒါက တိုက်ဆိုင်မှုပါဗျာ ဒါပေမယ့် အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ကျုပ်သိပ်တော့ မရှင်းလင်းဘူး။ ဘာနတ်ဆိုးရှန်ကိုမှလည်း ကျုပ်မသိဘူး။ ကျုပ်သွားပြီ။" ရွှယ်ချမ်းပိုင်က စကားကို အဆုံးသတ်ကာ လှည့်ထွက်လိုက်သည်။
"ချွမ်…" လှံတံဆင်းသက်လာသည့် လေဟာနယ်မှာ တုန်လှုပ်သွားပြီး ရွှယ်ချမ်းပိုင်၏ လမ်းကြောင်းကို တားဆီးလိုက်သည်။
"ချင်းရွှယ်အာဏာဓါးအရှင် ….မင်း မြောက်ပိုင်းအေးခဲနိုင်ငံမှာ လူသတ်မှုကို ကျူးလွန်တာက ငါတို့ရဲ့ ဥပဒေကို ဆန့်ကျင့်လိုက်တာပဲ။ ငါဒီကိစ္စကို မကျေအေးနိုင်ဘူး။ ငါဒီနေ့ မင်းကို လွယ်လွယ်နဲ့ သွားခွင့်မပြုဘူး။"ကျောက်ပိုင်မင်းက အပြုံးပန်းဆင်လျက် ပြောသည်။
ကျောက်ပိုင်မင် သူ့လှုပ်ရှားမှုကို ပြုလုပ်လိုက်သည်နှင့် လမ်းပေါ်မှ လူများသည် ရုတ်တရတ် ထိတ်လန့်သွားကြပြိး သူ့အမိန့်အောက်က စစ်သားများမှာလည်း လူစုခွဲကြလေသည်။
ထို့နောက် စစ်သားများသည် ပြည်သူများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးကြသည်။ အချိန်အနည်းငယ်အတွင်းမှာပင် လမ်းကြီးတစ်ခုလုံး ရှင်းလင်းသွားလေ၏။
သို့သော် အမှောင်တွင်းက စောင့်ကြည့်နေကြသော ကျင့်ကြံသူအချို့မှာ ဤနေရာတွင် မည်သည်တို့ ဖြစ်နေသည်ကို သတိပြုမိကြသည်။ ကျောက်ပိုင်မင်၏ လှံတံကြောင့် လူတိုင်းကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့တော့၏။
"အဲ့တာ ကျောက်ပိုင်မင် မဟုတ်လား။ ဒီလိုအချိန်ကြီးမှာ ဘယ်လိုမျိုး ခွတီးခွကျနိုင်တဲ့သူကို ဖမ်းမိတာများပါလိမ့်။" မလှမ်းမကမ်းမျှော်စင်ပေါ်မှာ လူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
နှစ်ဦးသားသည် လက်ဖက်ရည် သုံးဆောင်နေကြလေသည်။ ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်မှ ဆံပင်ဖြူများရှိပြီး အနက်ရောင်အင်္ကျကို ဝတ်ဆင်ထားသည်။ ထိုလူသည် မလှမ်းမကမ်းအကွာအဝေးသို့ ဖျော်ဖြေပွဲတစ်ခုကို ကြည့်နေသကဲ့သို့ ပြုံးလျက်သား ကြည့်နေလေသည်။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသောလူမှာမူ လူလတ်ပိုင်းအရွယ်အမျိုးသား တစ်ဦးဖြစ်သည်။ သူ့လှုပ်ရှားမှု တစ်ခုချင်းစီသည် ဘုရင့်ဘုန်းတန်ခိုးတို့ကို အထင်းသား ခံစားရစေသည်။ သူ၏ ချွန်မြသော ဓားအသွင် မျက်ခုံးမွှေးများနှင့် ရီဝေဝေမျက်ဝန်းတို့က လူတစ်ဦး၏ စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်စေနိုင်ပေသည်။ ထိုအမျိုးသား၏ အရှိန်အဝါမှာ ပြိုင်ဘက်ကင်းလှပေ၏။
"ချင်းရွှယ်အာဏာဓါးအရှင်ရွှယ်ချမ်းပိုင်……" ထိုလူက တည်ငြိမ်စွာ ပြောသည်။ "သူတကယ်ကြီး မြောက်ပိုင်းအေးခဲနိုင်ငံကို လာခဲ့တာပဲ။ ပြီးခဲ့တဲ့ညက နတ်ဆိုးအိုကြီးရှန်းရဲ့ သေဆုံးမှုက သူ့လက်ချက်ဖြစ်ပုံပဲ။"
"ကျုပ်မျက်လုံးတွေက မကောင်းတော့ အဲ့လူက ချင်းရွှယ်အာဏာဓါးအရှင်မှန်းတောင် မသိခဲ့ဘူး။" သက်ကြီးပိုင်းလူက တခစ်ခစ်ရယ်မောကာ ပြောလေသည်။
"ဒါပေမယ့် ကျုပ် နတ်ဆိုးအိုကြီးရှန်းရဲ့ အလောင်းကို မြင်ခဲ့ရတယ်။ အဲ့အလောင်းက ဓားဘုရင်တစ်ယောက်တည်းရဲ့ လက်ချက်တင်မဟုတ်ဘူး။ အခြားသူရော ပါရမယ်။ နတ်ဆိုးရှန်းရဲ့ အတွင်းပိုင်းအင်္ဂါတွေက သူမသေခင် ရိုက်ချက်တစ်ခုကြောင့် ပျက်စီးခဲ့တာ။"
"စွမ်းအားကြီးလွန်းတဲ့ လက်ဖဝါးသိုင်းရိုက်ချက်တစ်ခုကြောင့် ဖြစ်မယ်ထင်တယ်။ ချင်းရွှယ်အာဏာဓါးအရှင်က အခြားကိုယ်ခံပညာတွေကို လျစ်လျူရှုပြီး သူ့ဘဝကို ဓားမှာပဲ မြှုပ်နှံထားခဲ့တာ။ ဒါကြောင့် လက်ဖဝါးရိုက်ချက်ဟာ သူ့လက်ချက် မဖြစ်နိုင်ဘူး။" အသက်ကြီးပိုင်းလူကြီးသည် သူ့မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ ပြောသည်။
"ဟင်…" ထိုလူ၏ အမူအရာမှာ တအံ့တဩ ဖြစ်သွားလေ၏။ "သူတို့ပြောတော့ ဓားဘုရင်က တစ်ကိုယ်တည်းသမားဆို…ဒါပေမယ့် သူက တခြားလူနဲ့ ပူးပေါင်ခဲ့တယ်လား….။"
"ဟား…ဟား…ဟား…." အဘိုးအိုက ရယ်မောလေ၏။ "ပူးပေါင်းစရာမလိုပါဘူး။ နတ်ဆိုးရှန်းလောက်နဲ့တင် ဓားဘုရင်က အခြားသူနဲ့ ပူးပေါင်းဖို့ မလိုပါဘူး။"
"ဒါ့အပြင် သူက အဆင့်မြင့်ဆရာသခင်အဆင့်ရဲ့ 'အဟုန်နိယာမ'သဘောတရားကို နားလည်တဲ့ လူနည်းစုထဲက တစ်ယောက်ပဲ။ ဓားဘုရင်နဲ့ယှဉ်ရင် နတ်ဆိုးရှန်းက သူ့ဖိနပ်ကိုတောင် ကိုင်ပေးဖို့အတွက် အရည်အချင်းရှိတဲ့ကောင်တောင်မဟုတ်ဘူး။" အဘိုးအိုက ပြောလေသည်။
"အဆင့်မြင့်ဆရာသခင်အဆင့်မှာ 'အဟုန်နိယာမ' သဘောတရားကို နားလည်တဲ့သူကို သိပ်များများစားစား မရှိဘူး။" သက်လတ်ပိုင်းအမျိုးသားသည် အံ့ဩမှုများနှင့် ပြောသည်။ "ဒီနေ့က စိတ်ဝင်စားစရာ ကောင်းမယ့်ပုံပဲ။ ကျောက်ပိုင်မင်ကလည်း 'အဟုန်နိယာမ'ရဲ့ သဘောတရားကို နားလည်တဲ့ သူတွေထဲက တစ်ယောက်ပဲလေ။ သူတို့ ထိပ်တိုက်တွေ့ဆုံတာက စိတ်ဝင်စားစရာပဲ။"
လမ်းမပေါ်၌ ကျောက်ပိုင်မင်သည် ရွှယ်ချမ်းပိုင်၏ လမ်းကို သူ့လှံတံရှည်ဖြင့် ပိတ်လိုက်သည်။
" ချင်းရွှယ်အာဏာဓါးအရှင် ….မင်း ငါ့ရဲ့ မြောက်ပိုင်းအေးခဲနိုင်ငံက အကျဉ်းထောင်ထဲမှာ အချိန်တွေ ကုန်ဆုံးရတော့မယ့်ပုံပဲ။" ကျောက်ပိုင်မင်က မျက်ခုံးများကို ပင့်ကာ ပြောလိုက်သည်။
"အဓိပ္ပာယ်မရှိလိုက်တာ" ရွှယ်ချမ်းပိုင်သည် အေးစက်သောအကြည့်နှင့် ကျောက်ပိုင်မင်ကို ကြည့်လိုက်လေ၏။
သူ့ခါးရှိ ချင်းရွှယ်ဓားကို ချက်ချင်းပင် ဆွဲထုတ်လိုက်လေသည်။ ယနေ့တိုက်ပွဲကို ရှောင်လွှဲ၍မရတော့ကြောင်း ရွှယ်ချမ်းပိုင်သိလေသည်။ သူ့ဓားကို လျှပ်စီးကဲ့သိုပင် လျင်မြန်စွာ ရွေ့လျားလိုက်လေ၏။
ရွှယ်ချမ်းပိုင်၏ ဓားမှာ အင်မတန်မြန်လွန်းလှပြီ ကျောက်ပိုင်မင်၏ သစ္စာကိုးပါး လှံတံပေါ်သို့ တိုက်ရိုက် ဟက်တက်ခွဲချလိုက်လေလည်။ ဓားပေါ်မှ အေးစက်သော အလင်းတန်းသည် 'ချီ'စွမ်းအားဓားသည် လေဟာနယ်ကို ပိုင်းချလိုက်လေတော့သည်။
လှံတံကို ကိုင်ထားသည့် ကျောက်ပိုင်မင်၏ လက်မောင်းမှာ ရုတ်တရတ် သွေးကြောများ ဖောင်းထွက်လာလေသည်။
ရွှယ်ချမ်းပိုင်၏ ဓားချီမှာ ထောင်နှင့်ချီသော အလေးတန်ချိန်ရှိပြီး တောင်များကိုပင် ပိုင်းခြမ်းပစ်နိုင်ပေသည်။
သို့သော် ကျောက်ပိုင်မင်သည် ရွှယ်ချမ်းပိုင်၏ ဓားချက်ကို ပိတ်ဆို့နိုင်နေဆဲပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ၏ သစ္စာကိုးပါး လှံတံကြီးကို လွှဲရမ်းလိုက်လေ၏။ ကျောက်ပိုင်မင်၏လက်ထဲက လှံတံကြီးသည် ရှည်လျားသော တုတ်ချောင်းကြီးနှင့်တူသည်။
ခွန်းအားမှာ ထောင်ချီသော မြစ်များကဲ့သို့ လေးလံလှလေ၏။ ယင်းစွမ်းအားမှာ အရာအားလုံးကိုပင် အမြစ်ဖြတ်ချေမှုန်းပစ်နိုင်ပုံပေါ်ပေသည်။ နှစ်ဦးသား ထိပ်တိုက်တွေ့ဆုံနေချိန် ဘေးဝန်းကျင်ရှိ လှိုင်းလုံးကြီးသည် လေပွေရိုင်းများ ထန်လာသကဲ့သို့ရှိကာ မြေပြင်ပေါ်ရှိ ကျောက်တုံးများပင် ပျံတက်လာပြီး လေပြင်းထဲတွင် အက်ကွဲကုန်လေသည်။
ကျောက်ပိုင်မင်သည် လူ့သားရဲကြီးကဲ့သို့ပင်ရှိပြီး သူ့လှံတံဝှေ့ယမ်းချက်များမှာ လေးလံလှကာ တစ်ချက်စီတိုင်းသည် တောင်တစ်ခုကိုပင် ဖြိုချပစ်နိုင်စွမ်းရှိသည်။
သို့သော် ရွှယ်ချမ်းပိုင်၏ ဓားမှာ ပို၍ပင် အရှိန်အဟုန်ပြင်းလှပေ၏။ တိုက်ပွဲအား တိတ်တဆိတ် စောင့်ကြည့်နေကြသော စွမ်းအားရှင်များပင် သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်ကာ ဆွံ့အသွားမိကြသည်။
အဘယ်ကြောင့်ဆိုသော် ရွှယ်ချမ်းပိုင်၏ ဓားချက်များသည် သူတို့မြင်ဖူးသည်များထက် လျင်မြန်လှသောကြောင့် ဖြစ်သည်။ ရွှယ်ချမ်းပိုင်၏ လက်ထဲတွင် မိုးကြိုးသွားကို ကိုင်ထားသည့်နှယ် သူ့ဓား၏ စွမ်းအားနှင့်အရှိန်မှာ မိုးကြိုးလျှပ်စီး၏စွမ်းအားအပြည့် ပါပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လှုပ်ရှားမှု ဒါဇင်ပေါင်းများစွာကို ပြုလုပ်ခဲ့ကြလေ၏။ သူတို့နှစ်ယောက်စလုံးသည် အင်အားများကို အကုန်အစင်အသုံးပြုနေခဲ့ကြတော့သည်။ ရွှယ်ချမ်းပိုင် ဓား၏အဟုန်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလှပေ၏။ ရွှယ်ချမ်းပိုင်၏ နယ်နိမိတ်အတွင်း မရေမတွက်နိုင်သော 'ချီ 'ဓားသွားများဖြင့် ဦးတည်ရာ ပေါင်းစုံကို အကန့်အသတ်မရှိ ကျယ်ပြောစွာ တိုက်ခိုက်နေသော ဧရိယာအတွင်း ဝင်သွားမိလျှင် ရှောင်တိမ်းစရာ အလျင်းမရှိသည်ကို ကျောက်ပိုင်မင် ခံစားမိသည်။
ထိုအချိန်တွင် ရွှယ်ချန်းပိုင်သည် သူ၏ ဓားနယ်မြေအတွင်းတွင် အရာအားလုံးကို ထိန်းချုပ်နိုင်သည့် အရှင်သခင်တပါးကဲ့သို့ပင် ဖြစ်နေခဲ့တော့သည်။ သူ၏ စိတ်ခံစားချက်ကင်းမဲ့နေသော မျက်ဝန်းများက အလင်းရောင်များ တောက်ပနေပြီး အကန့်အသက်မဲ့သော ဓားချီများ တလူလူနှင့် ထွက်ပေါ်နေခဲ့တော့၏။
ချင်းရွှယ်ဓားသွားအောက်၌ သူတို့ဂိုဏ်းသို့ပြန်သွားနေကြသော ဓားသွားပေါင်းသောင်းကျော်ကဲ့သို့ 'ချီ'ဓားသွားသည် ရှည်လျားသောမြစ်တစ်စင်းပမာ ကျောက်ပိုင်မင်အား တိုက်နေကြပေသည်။
"စွမ်းအားကြီးလိုက်တဲ့ ဓားပါလား…." ထိုအခိုက်အတန့်၌ ဤဓားချက်များကို တောင့်ခံနိုင်သူ အထူးအဆင့် များများစားစားရှိလှမည်မဟုတ်ဟု ကျောက်ပိုင်မင် တွေးနေမိသည်။
မဟာသိုင်းဂိုဏ်းအဆင့်ရောက်လာလျှင်ပင် ဤဓားချက်များကို တိုက်ရိုက် တောင့်ခံနိုင်မည် မဟုတ်ပေ။ ရွှယ်ချမ်းပိုင်နှင့် နောက်ဆုံးတိုက်ခိုက်မှုနှင့် ယှဉ်ကြည့်လျှင် ရွှယ်ချမ်းပိုင်မှာ ဤတစ်ကြိမ်တွင် အဆပေါင်းများစွာ ပို၍သန်မာလာပေ၏။
သို့သည့်တိုင် ကျောက်ပိုင်မင်၏ မျက်ဝန်းများတွင်လည်း တိုက်ခိုက်လိုစိတ်များ ပြင်းပြစွာ လောင်ကျွမ်းနေပေ၏။
"ဓားဘုရင်ရဲ့ အဟုန်နိယာမကို စမ်းကြည့်ကြသေးတာပေါ့။" ကျောက်ပိုင်မင်က သူ၏ သစ္စာကိုးပါးလှံကို အကြမ်းပတမ်းရမ်းခါကာ ရယ်လျက်သား ပြောလေသည်။ ထိုအခိုက်အတန့်၌ လှံတံအလင်းရောင်တွင် စည်းမျဉ်းဥပဒေအနည်းငယ်ပါသည့်နှယ် ဖရိုဖရဲနိုင်နေသော်လည်း ဝန်းကျင်ရှိရောင်ဝါများမှာ ရှေးဟောင်းအဟုန်အဖြစ် မွှေရမ်းနေပေသည်။
"ဒါက ကျောက်ပိုင်မင်ရဲ့ အဟုန်ပဲ။" မျှော်စင်ပေါ်ရှိ အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုက ထိုမြင်ကွင်းကို ကြည့်လျက် အံ့ဩမှင်သက်မိသွားသည်။
ရွှယ်ချမ်းပိုင်ဓားသွား၏အဟုန်မှာ အလွန်ပင် ပြင်းထန်လှပြီး အရာအားလုံးကိုပင် ချေမှုန်းပစ်နိုင်စွမ်းရှိသည်။ သို့သော် ကျောက်ပိုင်မင်၏ အဟုန်မှာလည်း ညီမျှသော အဖျက်အား ရှိပေ၏။ ကျောက်ပိုင်မင်၏ ကြီးမားလှသော အဟုန်မှာ သူ့နယ်ပယ်ထဲတွင် သူ့ကိုယ်သူ တိုက်ရိုက်နေရာချထားပြီး ရွှယ်ချမ်းပိုင် ဓားသွား 'ချီ' အပြင်ဘက်၌ 'ချီ'ဓားသွားတိုက်ကွက်များကို ပိတ်ဆို့နေလေသည်။
ရွှယ်ချမ်းပိုင်၏ ဓားသွား မည်မျှပင် အားကောင်းစေကာမူ ကျောက်ပိုင်မင်အား အနာတရဖြစ်စေမည် မဟုတ်ချေ။
တစ်ဦးနှင့်တစ်ဦး လမ်းအဆုံး၌ တိုက်ခိုက်နေကြရာ 'ချီ'ဓားသွား၏ တိုက်ချက်များသည် ကောင်းကင်၌ လေကိုပင် ဆုတ်ဖြဲပစ်နိုင်သည့် မီးရှူးမီးပန်းများဖြင့် ပြည့်နှက်နေသကဲ့သို့ ရှိလေသည်။
သို့သော် ကျောက်ပိုင်မင်၏ ခုခံမှုများမှာ ထူးခြားပြောင်မြောက်လှပေ၏။ သူ၏ လှံတံရှည်ကြီးသည် ရွှယ်ချမ်းပိုင်၏ ဓားချက်များကို တိုက်ရိုက် ခုခံကာ ၎င်းအား အပိုင်းပိုင်း ကွဲသွားစေသည်။
သို့သော် ခြားနားချက်မှာ ဤအခိုက်အတန့်သည် ကျောက်ပိုင်မင်အတွက် အကျိုးအမြတ်မရှိသည်မှာ ထင်ရှားလှပေသည်။ ကျောက်ပိုင်မင်မှာ ရွှယ်ချမ်းပိုင်အား တိုက်ခိုက်ဖို့ နည်းလမ်းပင် မရှိချေ။ အကယ်၍ ကျောက်ပိုင်မင် ခဏနားလိုက်လျှင်ပင် ရွှယ်ချမ်းပိုင်၏ 'ချီ'ဓားသွားသည် သူ့အား ထိခိုက်ဒဏ်ရာရစေမည်ဖြစ်သည်။
ထိုအခိုက်အတန့်သည် ကျောက်ပိုင်မင်အား ရွှယ်ချမ်းပိုင်မှ ထိုးစစ်ဖြင့်တိုက်နေသည်ဟု ဆိုရပေမည်။ "ကျောက်ပိုင်မင်တော့ ဖိအတိုက်ခံနေပြီဟေး…" မျှော်စင်ပေါ်မှလူသည် တခစ်ခစ်ရယ်ကာပြောသည်။
"နှစ်ယောက်လုံးအတွက် ခံနိုင်ရည်ကို စမ်းသပ်တဲ့ပွဲပဲ။ အဟုန်ကို ဖျက်လိုက်တဲ့သူက ရှုံးမှာပဲ။" အဘိုးအိုက ထိုင်လျက် လက်ဖက်ရည်ကို ငှဲ့ကာ ပြောလေသည်။
သို့သော် များစွာသော စွမ်းအားရှင်များသည် တိုက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြသေးပေ၏။ နှစ်ဦးစလုံးမှာ ထိပ်တန်းစွမ်းအားရှင်များဖြစ်ပြီး သူတို့တိုက်ပွဲမှ သင်ယူစရာများစွာ ရှိပေသည်။
ထိုကဲ့သို့သော စိတ်လှုပ်ရှားဖွယ်တိုက်ပွဲကို သူတို့ ဘယ်နေရာတွင် မျက်မြင်တွေ့နိုင်ပါသည်။ သူတို့သည် အသေးစိတ်ကိုပင် မလွတ်တမ်းစောင့်ကြည့်နေကြလေသည်။
ဓားတစ်စင်း….လှံတံတစ်ချောင်း….။ အမှန်ပင် ကမ္ဘာမြေကိုပင် တုန်လှုပ်နိုင်ပေ၏။ ကျောက်ပိုင်မင်မှာ ကြီးမားလှသည့် လိပ်ခွံခဲ့သို့ မာကျောသော ပြိုင်ဘက်ဖြစ်ပြီး သူက ခြစ်ရာပင် ထင်အောင် မလုပ်နိုင်ကြောင်းကို ရွှယ်ချမ်းပိုင် ခံစားမိသည်။
သို့သော် ယခုတွင်မူ လွတ်မြောက်နိုင်သည့် လမ်းစကို ရှာတွေ့ပြီဖြစ်၏။ လီချန်ချင်းသည်လည်း ယခုလောက်ဆိုရင် မြို့ထဲမှ ထွက်သွားလောက်ပြီ ဖြစ်သည်….။ ရွှယ်ချမ်းပိုင်သည် သူ့ဓားကိုရုတ်သိမ်းပြီး ထွက်သွားဟန် ပြင်နေစဉ်မှာပဲ ခပ်ဖျော့ဖျော့အသံတစ်ခုထွက်လာသည်။
“လျှပ်တပြက်လေပြင်း….."
ထိုအသံထွက်လာသည်နှင့် ကောင်းကင်ယံတွင် ဓားအရှိန်အဝါတခုမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ တပြိုင်ထဲလိုလိုပင် ရွှေအိုရောင် ဓားတချောင်းမှာ မိုးကုပ်စက်ဝိုင်းမှ ဆင်းသက်လာခဲ့သည်။
ထိုဓားအရှိန်အဝါသည် ကောင်းကင်ကို ဝဲဂယက်အလား ဖြတ်ပိုင်း၍ ကျောက်ပိုင်မင်ထံသို့ ဦးတည်ချိန်ရွယ်လာလေသည်။