← Chapters

အခန်း (၁၃၅)

Vol. 14 Ch. 135

အခန်း (၁၃၅)

Vol. 14 Ch. 135

ဓားခုနစ်စင်းမှာ အတူတကွစုရုံးသွားပြီး ဝေဟင်ယံမှာ ဓားပုံစံအစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်လေ၏။ ယင်းနောက် ဓားရောင်ဝါသည် တဟုန်းဟုန်းတောက်လာကာ ဓားခုနစ်လက်သည် တစ်လက်ချင်းစီသို့ ပြန်ယှက်ဖြာသွားကြကာ ကြာပန်းပြာကဲ့သို့ ပွင့်လန်းလာလေသည်။

အံ့အားသင့်ဖွယ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများမှာ ကောင်းကင်တစ်ခွင် လှိုင်းထန်နေသည့် ပင်လယ်ပြင်ကဲ့သို့ ရှိလေသည်။ မြောက်ပိုင်းအေးခဲနိုင်ငံ တော်ဝင်မိသားစုမှ သန်မာသူများသည်ပင် ဤဓားရောင်ဝါကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ကြပြီး ကျင့်ကြံနေရာမှ နှိုးထလာခဲ့ကြသည်။

“ဒီဓားရောင်ဝါက…”

"မဖြစ်နိုင်ဘူး..." စွမ်းအားရှင် တစ်ဦးပြီးတစ်ဦး ကမ္မဋ္ဌာန်းရှုမှတ်ကျင့်ကြံရာမှာ နိုးထလာကြသည်။ အဘယ်ကြောင့်ဆိုသော် ချင်းလဲ့ဓားအရှင်ခုနစ်ပါး၏ ဓားဖွဲ့စည်းပုံရောင်ဝါကို သူတို့ခံစားမိကြသောကြောင့် ဖြစ်ပေ၏။

ဓားရောင်ဝါသည် ကြာပန်းပြာတစ်ပွင့် ပွင့်လန်းလာသကဲ့သို့ ချက်ချင်းပင် အရှိန်မြင့်လာကာ အရှေ့သို့ တဟုန်ထိုး ချီတက်သွားလေသည်။

၎င်းသည် ကျောက်ပိုင်မင်၏ ဒီရေလှိုင်းကိုတိုက်ရိုက်ချိုးဖျက်ခဲ့ပြီး မြွေကြီးအား ကြာပန်းပြာဓားရောင်ဝါက ဝါးမျိုသွားလေ၏။

ကျောက်ပိုင်မင်မှာ သူ့အား ဝန်းပတ်ရန် ကြာပန်းပြာကျဆင်းလာသည်ကို မြင်လိုက်ရသည်နှင့် ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားပြီး သူ့မျက်နှာ သိသိသာသာ ပြောင်းလဲသွားလေသည်။

ကျောက်ပိုင်မင်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။ ထို့နောက် ကျောက်ပိုင်မင်သည် ကောင်းကင်နှင့် မြေကြီးကိုပင် တိုက်ရိုက်ထိုးဖောက်သွားသည့် သစ္စာကိုးပါးလှံအလင်းတန်းကို တိုက်ရိုက်ပစ်လွှတ်လိုက်ရာ ချင်းလဲ့ဓားရောင်ဝါနှင့် ထိပ်တိုက်တွေ့ကြလေသည်။

ကျောက်ပိုင်မင်အား ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်းလှသော ဓား 'ချီ"က လွင့်ထွက်သွားစေခဲ့ပြီး၊ ပြိုင်ဘက်သည် ချင်းလဲ့ဓားခုနစ်ချောင်းဖွဲ့စည်းခြင်းပုံစံကို လက်တစ်ဖက်တည်းဖြင့် အသုံးချနိုင်လိမ့်မည်ဟု သူဘယ်သောအခါမျှ မမျှော်လင့်ထားပေ။

"ချင်းလဲ့ဓားခုနစ်စင်း ဖွဲ့စည်းပုံအစီအရင်။"

"ဒါက ချင်းလဲ့ဓားခုနစ်ချောင်း ဖွဲ့စည်းပုံပဲ။" မြောက်ပိုင်းအေးခဲနိုင်ငံကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားလေ၏။ ဤဓားသည် တစ်ချိန်က သူတို့နိုင်ငံကို ကာကွယ်ပေးခဲ့ဖူးလေသည်။

ချင်းလဲ့ဓားဂိုဏ်း ဖျက်ဆီးခံရပြီးကတည်းက၊ မည်သူမျှ ဤဖွဲ့စည်းပုံကို အသုံးပြုနိုင်ခြင်း မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် ထိုဖွဲ့စည်းပုံမှာ ချင်းလဲ့ဓားဂိုဏ်းအတွက် ပြိုင်ဘက်ကင်းတိုက်ကွက်တစ်ခု ဖြစ်ပေ၏။

ချင်းလဲ့ဓားအရှင်ခုနစ်ပါး၏ ချင်းလဲ့ဓားခုနစ်စင်းပျောက်ဆုံးနေသည်ကို မဆိုထားနှင့် ဤဖွဲ့စည်းမှု ပျောက်ဆုံးသွားသည်မှာ အချိန်အတော်ကြာညောင်းခဲ့ပြီဖြစ်သည်။

ချင်းလဲ့ဓားအရှင်ခုနစ်ပါးက ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံဖြင့် မဟာသိုင်းဂိုဏ်းအား သုတ်သင် သတ်ဖြတ်ခဲ့သည် ဇာတ်လမ်းမှာ ယခုထိတိုင် သတင်းမွှေးနေဆဲ ဖြစ်ပေ၏။ လူအများသည် ဤဖွဲ့စည်းပုံ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကောင်းကောင်းကြီး သိကြပေ၏။

သို့ဖြစ်၍ ယခုကဲ့သို့ ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံ ပေါ်လာသည်ကို ဘယ်လိုမှ မအံ့ဩဘဲ မနေနိုင်ကြပေ‌။

"ဘုန်း...."

ကျယ်လောင်သောအသံနှင့်အတူ ကျောက်ပိုင်မင်သည် သစ္စာကိုးပါးလှံကို ကိုင်ဆောင်ကာ လီချန်ချင်း၏ ကျန်းလန် ဓားသွားနှင့် ဓားဖွဲ့စည်းပုံကို တိုက်ရိုက်ချိုးဖောက်လိုက်လေသည်။

သို့သော် ထိုအခိုက်အတန့်၌ ကျောက်ပိုင်မင်၏ အသွင်အပြင်မှာ အလွန်အမင်း စုတ်ပြတ်နေခဲ့ပြီ။ ကျောက်ပိုင်မင်၏ အနက်ရောင် ချပ်ဝတ်တန်ဆာ ကွဲအက်သွားကာသူ၏ ရှည်လျားသော ဆံပင်များ လွင့်ပျံသွားပြီး ခန္ဓာကိုယ် အပေါ်ပိုင်း ကြွက်သားများပင် ပေါ်နေ၍ ဒဏ်ရာ သေးသေးလေး များ ရှိနေသည်။

ကျောက်ပိုင်မင်မှာ အလွန်မောဟိုက်နေပြီဖြစ်ပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကာ သူ့အမူအရာမှာ ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းမှုသည် ကျောက်ပိုင်မင်အား အခက်တွေ့စေခဲ့သည်။

မျှော်စင်ပေါ်ရှိ အနက်ရောင်ဝတ် အဘိုးအိုနှင့် လူလတ်ပိုင်းအမျိုးသားတို့ပင် ထိုင်မနေနိုင်ကြတော့ဘဲ အဝေးမှ ခုန်ဆင်းလာကြသည်။

ထိုလူနှစ်‌ယောက်၏ အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ရွှယ်ချမ်းပိုင်နှင့် လီချန်ချင်းတို့သည်လည်း လှမ်းကြည့်လိုက်ကြရာ နောက်ထပ်ရောက်လာသူများထဲမှ တစ်ဦးသည် အဆင့်မြင့်ဆရာသခင် ဖြစ်ပေ၏။

"ကျမ်းယွမ်ကျိ....."

"ရင်ဖန်ချီ...." သူတို့နှစ်ဦးကို မြင်သည်နှင့် ရွှယ်ချမ်းပိုင် နှုတ်မှ ရေရွတ်လိုက်မိသည်။

"အရှင်မင်းမြတ်ကို နှုတ်ခွန်းဆက်သပါတယ်။" ကျင့်ကြံသူအတော်များများသည် ထိုလူကို မြင်သည်နှင့် တလေးတစား ဒူးထောက်ထိုင်ကြလေသည်။

“ဟားဟား...ဘုရင်မင်းမြတ်ကို နှုတ်ခွန်းဆက်သပါတယ်ဗျာ....." ထိုအချိန်၌ ကျောက်ပိုင်မင်သည် ဒူးမထောက်ဘဲ ရယ်မောလျက် တလေးတစား နှုတ်ဆက်လိုက်သည်။

"အဲ့ဒါ ရင်ဖန်ချီလား...." လီချန်ချင်းသည် ထိုလူကိုကြည့်ကာ သူ့စိတ်ထဲတွင်လည်း ထိတ်လန့်သွားသည်။ရင်ဖန်ချီမှာ အမှန်တကယ်ပင် ထူးကဲပြီး အဆင့်မြင့်အရှိန်အဝါ ရှိပေ၏။

ထို့ပြင် သူ့ဆီက တော်ဝင်သွေးအရှိန်အဝါကိုပင် ခံစားမိစေသည်။ ထိုရက်စက်ကြမ်းကြုတ်သူ ရင်ဖန်ချီသည် ဂိုဏ်းနှင့် ချောင်းမြောင်းတိုက်ခိုက်သူတို့ကြား အငြင်းပွားမှုကို အခွင့်ကောင်းယူခဲ့ပြီး ချီရှန်းအမိန့်ပြားတစ်ခုတည်းနဲ့တင် ချီရှန်းတစ္ဆေသခင်အား ချင်းလဲ့ဓားအရှင်ခုနစ်ဦးကို သတ်ပစ်စေခဲ့သောသူ ဖြစ်ပေ၏။

ရင်ဖန်ချီမှာ ရိုးရှင်းပုံ မပေါ်ချေ။

ဝူး....ဝူး....ဝူး....

ထိုအခိုက်အတန့်တွင် ဓားခုနစ်စင်းသည် ကွဲထွက်သွားပြီး လီချန်ချင်းဆီသို့ ပြန်သွားကာ အနားတွင် ရစ်ဝဲနေလေ၏။

အားလုံး၏ အကြည့်များသည် လီချန်ချင်းဆီသို့ ကျရောက်နေပြီး လူတိုင်းက သူမည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းနေကြသော်လည်း ခန့်မှန်းမရဖြစ်နေကြသည်။

ဤဓားခုနစ်ချောင်းကို သူမည်သို့ရရှိခဲ့ပါသနည်း...။ ထို့အပြင် ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံကိုပင် သိနေလေသည်။ ရွှယ်ချမ်းပိုင်သည်ပင် လီချန်ချင်းကို ကြည့်ပြီး ဤလူသည် အမှန်တကယ် လီချန်ချင်း ဖြစ်သည်လောဟု သံသယဝင်မိသည်။

ရွှယ်ချမ်းပိုင် မှတ်မိသမျှမှာ လီချန်ချင်းသည် မနေ့ညကမှသာ ချင်းလဲ့ပန်းချီကားကို လက်ခံရရှိခဲ့သည်။ လီချန်ချင်းသည် တစ်ညတည်းနှင့်ပင် ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံကို အမှန်တကယ်ပင် နားလည်ခဲ့သည်လော....။

ယခုနက ကျောက်ပိုင်မင်နှင့် တိုက်ပွဲအရ ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံသည် အပြည့်အဝဖွဲ့စည်းထားခြင်းမျိုး မဟုတ်ဘဲ ရှေ့ပြေးဖွဲ့စည်းပုံတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း မယုံနိုင်လောက်အောင်ပင် အစွမ်းထက်လှပေသည်။

အကယ်၍ ၎င်းသည်သာ ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံအပြည့်ဖြစ်ခဲ့ပါက ကျောက်ပိုင်မင်သည် အလွယ်တကူ လွတ်မြောက်နိုင်တော့မည်မဟုတ်ဘဲ ကျောက်ပိုင်မင်၏ ကြောက်မက်ဖွယ်ကောင်းသော ခုခံမှုကိုပင် ဖျက်ပစ်နိုင်မည်ဖြစ်သည်။

"မင်းဆက်တိုက်ချင်သေးလား...." လီချန်ချင်းသည် ကျောက်ပိုင်မင်ကိုကြည့်ကာ မေးသည်။

"မတိုက်တော့ဘူး။ မတိုက်တော့ပါဘူးကွာ...." ကျောက်ပိုင်မင်က ရယ်မောလျက် ပြန်တုံ့ပြန်သည်။ "ဘာလို့လဲဆိုတော့ အချိန်ပြည့်ပြီလေ....."

"အချိန်....." လီချန်ချင်း အံ့သြသွားမိသည်။ မည်သည့်အချိန်ကို ဆိုလိုပါသနည်း။

ထိုအခါ ကျောက်ပိုင်မင်က နေကို ညွှန်ပြပြီး ပြောသည်။ "အချိန်ကျပြီ...ငါအလုပ်နားချိန်ရောက်ပြီ။ အိမ်ပြန်ပြီး ငါ့မိန်းမအတွက် ထမင်းချက်ပေးရဦးမယ်။"

"အင်း...ငါ့အဝတ်အစားတွေက ဒီလိုအနေအထားနဲ့ဆိုရင် ငါတော့ နားပူခံရတော့မှာပဲ။" ကျောက်ပိုင်မင်က မျက်မှောင်ကြုတ်၍ ပြောလိုက်ပြီး အိမ်ခေါင်မိုးပေါ်ကနေ ခုန်ချလိုက်လေသည်။

လီချန်ချင်း အံ့အားသင့်သွားသည်။ အလုပ်နားသည်.....ထိုကဲ့သို့ ကစား၍ ရသည်လော...။

သို့သော် သူ့ပတ်ဝန်းကျင်ကလူများကို ကြည့်လိုက်သောအခါ ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံဖူးသကဲ့သို့ ဘယ်သူမှ အံ့ဩပုံမပေါ်ကြချေေ။

"တာအိုရောင်းရင်း...." ထိုအချိန်တွင် ရင်ဖန်ချီသည် ရှေ့သို့ တိုးလာပြီး လီချန်ချင်းအား မေးသည်။ "တာအိုရောင်းရင်းက ဘယ်သူများလဲ။ ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံကို ဘာကြောင့် အသုံးပြုနိုင်ရတာလဲ။"

"ကျုပ် ဘယ်လို ဓားပုံစံကို အသုံးပြုနိုင်တယ်ဆိုတာ ခင်ဗျားနဲ့ဘာမှမဆိုင်ဘူးမဟုတ်လား။" လီချန်ချင်းမှာ ဖွဲ့နွဲ့ရှင်းလင်း‌အောင် မပြောပေ။

"တာအိုရောင်းရင်း....အထင်လွဲနေပြီနော်။" ရင်ဖန်ချီမှာ ဒေါသမထွက်ဘဲ ပြုံးလျက်သာ ပြောသည်။ "တာအိုရောင်းရင်းရဲ့ ကျင့်ကြံမှုက ထူးထူးခြားခြားပါဘဲ။ ကျုပ် ရင်ဖန်ချီက တာအိုရောင်းရင်းကို အရမ်းလေးစားမိတယ်။ ဒါကြောင့် တာအိုရောင်းရင်းရဲ့နာမည်ကို သိချင်မိပါတယ်။"

"ကျုပ်နာမည်က..." လီချန်ချန်းက လျစ်လျူရှုကာ ပြောလိုက်သည်။ "ကျုပ်နာမည်က လီထိုက်ဖူ...." ထိုနာမည်ကို ကြားသောအခါ ရွှယ်ချမ်းပိုင်၏ အကြည့်များ လီချန်ချင်းဆီသို့ ရောက်သွားလေသည်။ အဘယ်ကြောင့် သူ့ကိုယ်သူ လီထိုက်ဖူဟု သုံးနှုန်းရပါနည်း။

ထိုက်ဖူ- သန့်စင်မြင့်မြတ်သော ဟူသည့် စကားလုံးကို အရှက်မရှိ သုံးစွဲရဲသော လီချန်ချင်းကို ရွှယ်ချမ်းပိုင်က ပြောစရာစကားပင် မရှိပါတော့ချေ။

"လီထိုက်ဖူ...." ထိုနေရာတွင် ရောက်ရှိနေသောလူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်မိကြသည်။ သူတို့ ထိုနာမည်ကို တစ်ခါမျှ မကြားဖူးကြပေ။

"လူတွေက ကျုပ်ကို ချင်းလဲ့ဓားသခင်လို့လည်း ခေါ်တယ်။ ချင်းလဲ့ဓားသခင်ဆိုတာ ကျုပ်ပဲ...." လီချန်ချင်းသည် ထေ့ငေါ့ပြောလိုက်လေ၏။ ထိုစကားသည် လူတိုင်းအား မျက်လုံးအပြူးသား ဖြစ်စေသည်။

"ဓားသခင်...." လီချန်ချင်းမှာ လုံးဝ အရှက်ကင်းမဲ့လွန်းလှသည်ဟု ရွှယ်ချမ်းပိုင် ခံစားမိသည်။ ဓားသခင်ဟူသည် ဓားစွမ်းအားရှင်များအတွက် ဘွဲ့အမည်တစ်ခုဖြစ်ပြီး ထိုဘွဲ့အမည်အား စန်းယွမ်နယ်မြေရှိ ကျော်ကြားမှုနှင့် ရဲစွမ်းသတ္တိပြည့်ဝသော သန်မာသူများကိုသာ ကမ္ဘာက အသိအမှတ်ပြုခေါ်ဆိုခြင်း ဖြစ်ပေသည်။

တော်တော်ဟုတ်တဲ့ကောင် ဘွဲ့နာမည်ကို သူ့ကိုယ်သူ ပြန်ပေးလိုက်သေး…..

သို့သော် ယခုနက လီချန်ချင်း၏ ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံကို ကြည့်လျှင် လီချန်ချင်းမှ သူ့ကိုယ်သူ ဓားသခင်ဟု ခေါ်ဆိုခြင်းမှာ ပြဿနာတစ်ခုမဟုတ်ကြောင်း ရွှယ်ချမ်းပိုင် တွေးမိသည်။

ဓားခုနစ်ချောင်းကို သူကိုယ်တိုင် ထိန်းချုပ်ပြီး သူ့ကိုယ်သူ ဓားသခင်ဟု ခေါ်ဆိုခြင်းသည် 'ဓားသခင်'ဟူသော ဂုဏ်ပုဒ်ကို အသရေပျက်စေခြင်းမျိုး မဟုတ်ပေ။

"ဒါဆို တာအိုရောင်းရင်းက ချင်းလဲ့ဓားသခင်ပေါ့....ရောင်းရင်းအကြောင်း ကျုပ်အများကြီးကြားပြီးပါပြီ။" ရင်ဖန်ချီက ယဉ်ကျေးစွာပြောသည်။ သူ့ဘေးနားက ကျမ်းယွမ်ကျိပင်လျှင် လက်သီးကို ဆုပ်ကာ အရိုအသေပေးလေသည်။

မှန်ကန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ လီချန်ချင်း ယခုအသုံးပြုခဲ့သော ဓားပုံစံသည် သူ့အား ဓားသခင်ဂုဏ်ပုဒ်နှင့် အရည်အချင်းပြည့်မီရန် လုံလောက်ပေသည်။

"ကျုပ်ဖြတ်သွားရင်းနဲ့ ကျောက်ပိုင်မင်က ဓားသမားတစ်ယောက်ကို အနိုင်ကျင့်နေတာကို တွေ့လိုက်ရတော့ ကျုပ်ဝင်မစွက်ဖက်ဘဲ မနေနိုင်တော့ဘူး။ အခုတော့ အားလုံး ပြေလည်သွားပြီဆိုတော့ ကျုပ်သွားပါတော့မယ်။" လီချန်ချင်း၏ အကြည့်များသည် လူအုပ်ဆီသို့ လွှမ်းသွားသည်။

"ဒါမှမဟုတ်... ကျုပ်ရဲ့ ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံကနေ သင်ယူချင်တာလေးတွေ ရှိသေးလို့လား။" လီချန်ချင်း စကားပြောနေစဉ် ဓားခုနစ်ချောင်းသည် တစ်ဖန်တုန်ခါလာသည်။ ထိုအချိန်တွင် ထိုနေရာရှိလူအားလုံး အံ့အားသင့်သွားကာ လွှမ်းမိုးနိုင်စွမ်းရှိသော ဖိအားကို ခံစားလိုက်ကြရတော့သည်။

"မလိုပါဘူး။" ရင်ဖန်ချီက ဝင်ဟန့်လိုက်သည်။

"လေးစားစရာကောင်းလောက်တဲ့ ချင်းလဲ့ဓားအစွမ်းက ပြိုင်ဘက်ကင်းပါပဲ။ ကျုပ်တို့ မယှဉ်ရဲပါဘူး။" ကျောက်ပိုင်မင်သည် ရှုံးနိမ့်နေပြီဖြစ်ပြီး သူ့ဘေးတွင်ရပ်နေသော ကျန်းယွမ်ကျိသည် အဆင့်မြင့်ဆရာသခင်ဖြစ်သည်ဆိုသော်လည်း သူ၏ကန့်သတ်ချက်များကို သူကောင်းကောင်းသိသည်။

ကျန်းယွမ်ကျိသည် လီချန်ချင်းနှင့် မယှဉ်နိုင်မှန်း သူသိသည်။ ထို့အပြင် ရွှယ်ချမ်းပိုင်လည်း ရှိနေပေသည်။ အမှန်တကယ် တိုက်ပွဲဖြစ်လျှင် မြောက်ပိုင်းအေးခဲနိုင်ငံသည် ၎င်း၏ ဝှက်ဖဲကို သေချာပေါက် အသုံးချနိုင်သော်လည်း ထိုသို့ပြုလုပ်ရန် မလိုအပ်သေးပေ။

"ဒါပေမယ့် ချင်းလဲ့ဓားရဲ့ ပြောင်မြောက်လှတဲ့ ဓားသိုင်းကို ကျုပ်အရမ်းလေးစားမိတယ်။ အနာဂတ်မှာ အခွင့်အရေးရရင် မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ တော်ဝင်မြို့တော်ကနေ ကြိုဆိုနေပါမယ်။" ရင်ဖန်ချီသည်ဤအချိန်ထိ အလွန်ယဉ်ကျေးဆဲဖြစ်သည်။

"ကောင်းပြီ။" ထိုစကားကို ပြောပြီးနောက် လီချန်ချင်း လှည့်ထွက်သွားသည်။ ရွှယ်ချမ်းပိုင်လည်း လီချန်ချင်းနောက်သို့လိုက်ကာ မြောက်ပိုင်းအေးခဲနိုင်ငံမှ ထွက်ခွာခဲ့လေတော့သည်။

သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ရင်ဖန်ချီ၏ မျက်နှာပေါ်ရှိ အပြုံးများသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ ရင်ဖန်ချီသည် လီချန်ချင်းကို အတော်လေး သတိထားနေမိသည်။

လီချန်ချင်း၏ အစွမ်းသတ္တိနှင့် ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံကို မြင်သောအခါ သူတကယ် ထိတ်လန့်သွားမိသည်။ ရင်ဖန်ချီသည် ချင်းလဲ့ဓားအရှင်ခုနစ်ပါးကို သတ်ရန် ချီရှန်းအမိန့်ပြားကိုအသုံးပြုခဲ့ပြီး အကြီးမားဆုံးပြဿနာကို ဖယ်ရှားခဲ့သည်။

ယခုမူ တစ်စုံတစ်ယောက်သည် ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံကို ထပ်မံထုတ်ဖော်ခဲ့သဖြင့် သူမည်သို့ မထိတ်လန့်ဘဲ နေမည်နည်း။ ရင်ဖန်ချီသည် ချက်ချင်းပင် လီချန်ချင်း၏ ကိုယ်ရေးရာဇဝင်ကို စုံစမ်းခဲ့သည်။

ထိုလူသည် ချင်းလဲ့ဓားဂိုဏ်း၏ အကြွင်းအကျန်ဖြစ်မည်ကို ရင်ဖန်ချီ စိုးရိမ်နေမိသည်။ ကံကောင်းထောက်မစွာပင် ထိုလူသည် မြောက်ပိုင်းအေးခဲနိုင်ငံအပေါ် ရန်လိုမှုတစ်စုံတစ်ရာ မပြခဲ့ပေ။ နှစ်ဦးသားတိုက်နေသည့်တိုက်ပွဲကို မြင်သောကြောင့် ကြားဝင်စွက်ဖက်ခဲ့ရကြောင်းကိုလည်း ရင်ဖန်ချီ မယုံချေေ

သူ့အမြင်တွင်မူ ထိုလူနှင့် ရွှယ်ချမ်းပိုင်သည် တစ်ယောက်နဲ့တစ်ယောက် သိနေနှင့်ပြီးသူများ ဖြစ်ရပေမည်။

"ချင်းလဲ့ဓားအရှင်သခင်....." ရင်ဖန်ချီသည် သူ့ဘေးမှ ကျန်းယွမ်ကျိကိုကြည့်ကာ ပြောသည်။ "ယွမ်ကျိ....အဲ့ဒီ ချင်းလဲ့ဓားက ဘယ်ကလာတာလဲ။"

"သူဘယ်ကလာတာပဲဖြစ်ဖြစ်။ သူ့ကိုသွားရန်စမိတာမျိုး ကျုပ်တို့တက်နိုင်သလောက် ရှောင်ရမယ်။" ကျန်းယွမ်ကျိ၏အသုံးအနှုန်းမှာ လေးနက်တည်ကြည်ပလှပေသည်။

"ချင်းလဲ့ဓားခုနစ်စင်း ဖွဲ့စည်းပုံကို ထိန်းချုပ်ထားတဲ့လူတစ်ယောက်အနေနဲ့ ဖွဲ့စည်းပုံကို အသားမကျသေးပေမယ့် ကြောက်ခမန်းလိလိပါဘဲ။"

"ဒီလူဟာ မနေ့ညက မှောင်ခိုဈေးကွက်မှာ ဟဲအာကို ဒဏ်ရာရစေခဲ့တဲ့နှစ်ယောက်နဲ့ ပတ်သက်နေတယ်လို့ ခင်ဗျားထင်လား။" ရင်ဖန်ချီက ညည်းညူလိုက်သည်။

ထိုအချိန်တွင် လီချန်ချင်းနှင့် ရွှယ်ချန်းပိုင်တို့သည် မြောက်ပိုင်းအေးခဲမြို့တော်မှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။လီချန်ချင်းသည် တောင်ပေါ်ရှိ အဆောက်အအုံတစ်ခုတွင် ရပ်ကာ သူ့မျက်နှာဖုံးကို ချွတ်လိုက်သည်။

ဖေးလည်း ထိုနေရာတွင် စောင့်နေပြီဖြစ်၏။

"မင်းတကယ်ကြီး ပြဿနာရှုပ်အောင်လုပ်ရတာကို သိပ်ကြိုက်တဲ့လူပဲ။" ခဏအကြာတွင် ရွှယ်ချမ်းပိုင်လည်း ရောက်လာလေသည်။

All Chapters