အခန်း (၁၃၆)
Vol. 14 Ch. 136
"ငါသာ ပြဿာနာမရှာရင် မင်းအဝိုင်းခံထားရတာကို ဘယ်လိုဖြေရှင်းမလဲ။" လီချန်ချင်းက ထိုင်ချလိုက်ပြီး သူ့သိုလှောင်လက်စွပ်ကွင်းထဲက အသားအရိုးတစ်ပိုင်းကို ထုတ်ကာ ဖေးဆီ ပစ်ချပေးလိုက်သည်။ ဖေးသည် အသားကို မြိန်ရေရှက်ရေစားနေသည်ကို မြင်သောအခါ လီချင်းချင်းသည် ဖေး၏ခေါင်းလေးကို ပွတ်ပေးနေလိုက်လေသည်။
ရွှယ်ချမ်းပိုင်လည်း ဇရပ်တွင်း လှမ်းဝင်ထိုင်လိုက်သည်။ "မင်း ပြဿနာဝင်မရှာရင်တောင် ကျောက်ပိုင်မင် ငါ့ကို မကိုင်တွယ်နိုင်ပါဘူးကွာ။"
"ဒါပေမယ့် မင်းဘာလို့ ကျောက်ပိုင်မင်ကို ပြဿနာအကြီးစားလို့ ပြောလဲဆိုတာ ငါနားလည်သွားပြီကွ။သူက တကယ်ကို တိုက်နိုင်တာပဲ။ ငါ့ရဲ့ ချင်းလဲ့ဓားဖွဲ့စည်းပုံက သူ့ကို ခြစ်ရာတောင် ထင်အောင် မလုပ်နိုင်ခဲ့ဘူး။" လီချန်ချင်းလည်း သက်ပြင်းချလိုက်သည်။
"အဲ့ဒါက မင်းရဲ့ ဓားခုနစ်စင်းဖွဲ့စည်းပုံဟာ အပြည့်အဝမဟုတ်သေးလို့ပဲ။" ရွှယ်ချမ်းပိုင် စကားကို ခေတ္တရပ်လိုက်သည်။ "ဒါပေမယ့် မင်းက တစ်ညတည်းနဲ့တင် ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံကို နားလည်နိုင်ခဲ့တယ်။ မင်းအဲ့ဒါကို ဘယ်လိုများ လုပ်ခဲ့တာလဲ။"
"အဲ့ပန်းချီက ငါ့လက်ရာလောက် မကောင်းပါဘူးကွာ။" လီချန်ချင်းက ရယ်လျက်သား ပြောသည်။ "အဲ့တော့ ငါကောင်းကောင်းကြီးနားလည်တာပေါ့။ ပထမဆုံး အကြိမ် စသုံးတုန်းကတော့ သိပ် မကျွမ်းကျင်ပေမယ့် ဒီနေ့ အသုံးပြုပြီးနောက်တော့ အတော်လေးမိုက်တယ်လို့ ခံစားမိတယ်ကွ။ ဓားခုနစ်လက်ရဲ့ စွမ်းအားက တကယ်ကို ပြောင်မြောက်တယ်။ ဒီနေ့ ငါသာ သာမန်ဓားခုနစ်ချောင်းကိုပဲ သုံးခဲ့မယ်ဆိုရင် ကျောက်ပိုင်မင်ကို သေချာပေါက် တိုက်ခိုက်နိုင်မှာမဟုတ်ဘူး။"
"ဒါပေမယ့် ချင်းလဲ့ဓားသခင်ဘွဲ့က မကြာခင် လောကတခုလုံးကို ပျံ့နှံ့သွားတော့မှာကိုတော့ ငါစိုးရိမ်မိတယ်။" ရွှယ်ချမ်းပိုင်က ပြောသည်။ "မင်းဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဆက်ပြီး ဖုံးကွယ်ထားမှာလား ဒါမှမဟုတ် ထုတ်ဖော်မှာလား။ ဘယ်လိုနည်းနဲ့မဆို အဆင်ပြေမယ်ထင်တာပဲ။ မင်းက ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံကို ထိန်းချုပ်ပြီး ဓားခုနစ်ချောင်းကို ကာကွယ်နိုင်စွမ်းရှိတယ်လေ။ မင်းရဲ့ပစ္စည်းတွေကို ခိုးဖို့ကြိုးစားနေတဲ့ သူလောက်ကိုတော့ စိတ်ပူစရာမလိုဘူး။"
"ငါက သာမန်လူတစ်ယောက်ပဲ ဖြစ်ချင်တယ်။" လီချန်ချင်း မတ်တပ်ထရပ်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ "ငါ့သားလေး ဘေးကင်းကင်း ကြီးပြင်းလာပြီး သူ့အိပ်မက်တွေ အကောင်အထည်ဖော်တာကို ကြည့်နေတဲ့ အေးချမ်းတဲ့ဘဝလေးဆိုရင်ပဲ ငါကျေနပ်ပါပြီကွာ။ ပြီးတော့ ဒီစန်းယွမ်နယ်မြေအကြောင်းကိုလည်း ငါနားလည်တယ်။ အထူးသဖြင့် မင်းနဲ့ငါလိုလူတွေအတွက် ဒီလိုဘဝမျိုးနေထိုင်ရတာ ပိုခက်တယ်။"
"ဒါပေမယ့်လည်း ငါတို့ ရှင်သန်နိုင်တယ်လေ။ ချင်းလဲ့ဓားသခင် လီထိုက်ဖူဆိုတာ နာမည်တစ်ခုသပ်သပ်ပါပဲ။ ပြဿနာတွေကို ကြုံတွေ့ရတဲ့အခါ ငါ့ကို ကူညီဖြေရှင်းပေးမယ့် ကိုယ်ခွဲတစ်ခုပါပဲ။ ငါ့ရဲ့ သရုပ်မှန်က ချန်ထင်မြို့က ယန်မိသားစုလို့ခေါ်တဲ့ မိသားစုငယ်လေးက မဟာအကြီးအကဲပါပဲကွာ။"
" ချင်းလဲ့ဓားသခင်ဆိုတဲ့ ကိုယ်ရေးအချက်အလက်ကို ငါ ဖုံးကွယ်လို့မရတော့တဲ့ အချိန်ရောက်လာရင်တောင် အဲ့အကြောင်းကို ထုတ်ပြောဖို့ အရမ်းနောက်ကျမှာ မဟုတ်ပါဘူးကွာ။ ငါ့သား လီဟမ်ရှန်းကိုငါ့ရဲ့ သရုပ်မှန်ကို သိစေချင်တာ မဟုတ်ဘူး။" လီချန်ချင်းသည် ထိုသို့ပြောပြီးသည်နှင့် ရွှယ်ချမ်းပိုင်ကိုကြည့်လိုက်သည်။
"ဒီလျှို့ဝှက်ချက်ကို မင်းထိန်းသိမ်းပေးထားမယ်မဟုတ်လား လူအိုကြီးပိုင်..."
"ဘာလို့လဲ။" ရွှယ်ချမ်းပိုင် အနည်းငယ် ပဟေဠိဖြစ်သွားသည်။။
"ငါ့မှာ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်လေးတွေ ရှိလို့ပါ။ ငါ သူ့ကို မသိစေချင်ဘူး။" လီချန်ချင်းသည် တစ်စုံတစ်ယောက်က မေးလာပါက ထုံးစံအတိုင်း သားဖြစ်သူ လီဟမ်ရှန်း၏ ရည်မှန်းချက်အိပ်မက်များကို ဆုံးရှုံးစေနိုင်မည့် ဖခင်ဖြစ်သူ မည်မျှတော်ကြောင်းကို မသိစေလိုခြင်းဖြစ်ကြောင်းကိုသာ အကြောင်းပြချက် ပေးမိမည်ဖြစ်သည်။
သို့သော် ရွှယ်ချမ်းပိုင်ကိုမူ လီချန်ချင်းက ထိုသို့မပြောဘဲ သူ့မှာ ကိုယ်ပိုင်အကြောင်းပြချက်ရှိသည်ဟူ၍ပင် ပြောခဲ့သည်။။
"ကောင်းပြီ။" လီချန်ချင်းက သူ့တွင် ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်အချို့ရှိကြောင်း ဖြေသောအခါ ရွှယ်ချမ်းပိုင် ဆက်မမေးတော့ပေ။လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်ကိုယ်စီ ရှိကြပေ၏။ ရွှယ်ချမ်းပိုင်တွင်လည်း သူ့ကိုယ်ပိုင် လျှို့ဝှက်ချက်ရှိပေသည်။
"မင်းရှေးဟောင်းတာအိုတောင်တန်းနယ်မြေကို ပြန်ရောက်တဲ့အခါ ဒါကို ရှမူဟိုင်ဆီ ပေးပေးပါ။ ပြီးရင် ရှမူဟိုင်ကို ငါ့သားဆီ ပေးခိုင်းလိုက်..." လီချန်းချင်းသည် အဆင့်ခြောက်ဆေးလုံးကို ရွှယ်ချမ်းပိုင်အား ပေးခဲ့သည်။
ရွှယ်ချမ်းပိုင်သည် သူ့လက်ထဲက ဆေးပြားကို ကြည့်လိုက်သည်။
"သားအတွက် အများကြီး စွန့်လွှတ်အနစ်နာခံတဲ့ ဖခင်ကို တွေ့ရခဲပါတယ်ကွာ...." လမ်းတစ်လျှောက်တွင် လီချန်ချင်းမည်မျှ ခက်ခဲစွာ ဖြတ်သန်းခဲ့ရသည်ကို ရွှယ်ချမ်းပိုင် သိလေသည်။
ထာဝရရှင်သန်ခြင်းဂိုဏ်း၊ မှောင်ခိုဈေးကွက်၊ မြောက်ပိုင်းအေးခဲနိုင်ငံ..... ထိုဆေးလုံးတွက် လီချန်ချင်း စွန့်စားခဲ့လေသည်။
"မင်းက အဖေမဖြစ်ဘူးသေးတော့ နားလည်မှာ မဟုတ်ပါဘူးကွာ။" လီချန်ချင်း ရယ်လျက်သား ပြောသည်။"မင်းချစ်တဲ့သူအတွက်ဆိုရင် မင်းဒီလိုပဲလုပ်မှာပါ။ ငါသေချာတော့ မသိပေမယ့် မင်းနှလုံးသားထဲမှာ လည်း မင်းသိပ်ချစ်ရတဲ့သူတစ်ယောက်ရှိရမယ်။ လူအိုကြီးပိုင်....သူ့နာမည်က ဘာပါလိမ့်....."
ထိုစကားကို ကြားသောအခါ ရွှယ်ချမ်းပိုင်သည် ဝန်မခံသော်လည်း မငြင်းဆန်ပေ။ ရွှယ်ချမ်းပိုင်၏ နှလုံးသားထဲမှာ သဘောကျနေသည့် သူတစ်ယောက်ရှိသော်လည်း သူ ဘယ်သူ့ကိုမှ မပြောဝံ့ချေ။ထိုအကြောင်းကို သိသူမှာလည်း အင်မတန်နည်းပေသည်။
အဘယ်ကြောင့်ဆိုသော် သူနှလုံးသားဖြင့် မြတ်နိုးရသည့်အရာလေးသည် သူ့အားနည်းချက်ဖြစ်လာဖြစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သူ့ရန်သူများက သူမကို အန္တရာယ်ပေးမှာကိုလည်း စိုးရွံ့မိပေ၏။
ရွှယ်ချမ်းပိုင်က ဘာမှပြန်ပြောသောအခါ လီချန်ချင်းလည်း ဆက်မမေးတော့ချေ။ "ငါ ချန်ထင်မြို့ကို ပြန်တော့မယ်။ မင်းစီးချင်လား။" လီချန်ချင်းသည် ရွှေလင်းလန်သားရဲကို ညွှန်ပြလိုက်သည်။
"မလိုပါဘူးကွာ။" ရွှယ်ချမ်းပိုင် ခေါင်းခါလိုက်သည်။ "ငါ့မှာ ပြန်ဖို့ နည်းလမ်းရှိပါတယ်ကွ။"
"ဒါဆို ဆေးလုံးကိစ္စကို မင်းဆီ အပ်ထားခဲ့ပြီနော်။" လီချန်ချင်းသည် ထိုသို့ပြောကာ ရွှေလင်းလန်သားရဲကို စီးကာ ထွက်သွားလေ၏။
လီချန်ချင်း ထွက်သွားတော့မည်အချိန်တွင် ရွှယ်ချမ်းပိုင်သည် နောက်ကနေ ရုတ်တရတ် လှမ်းအော်ပြောလိုက်လေသည်။
"သူမနာမည်က ချင်းရန် လို့ခေါ်တယ်......"
ထိုအခါ ရွှေလင်းလန်သားရဲပေါ်တွင် ပျံသန်းနေပြီဖြစ်သော လီချန်ချင်းသည် နောက်သို့လှည့်မကြည့်ဘဲ ပြန်အော်ပြောလိုက်သည်။
"နာမည်လေးက သိပ်လှတာပဲ....." ထို့နောက် လီချန်ချင်း၏ ရုပ်အသွင်သည် မိုးကုတ်စက်ဝိုင်းဆီမှ ပျောက်ကွယ်သွားခဲ့လေ၏။
ရွှယ်ချမ်းပိုင်သည် အဝေးကိုလှမ်းမျှော်ကြည့်ကာ ချောက်ကမ်းပါးစွန်းတွင် အကြာကြီးရပ်နေမိသည်။ ထို့နောက် ရွှယ်ချမ်းပိုင် လေချွန်လိုက်ရာ လင်းယုန်ဖြူကြီးတစ်ကောင်သည် ကောင်းကင်မှ ပျံဆင်းလာပြီး ရွှယ်ချမ်းပိုင်အနားသို့ ဆင်းသက်လာသည်။
"သွားကြရအောင်။" ရွှယ်ချမ်းပိုင်သည် လင်းယုန်ပေါ်သို့ တက်လိုက်ရာ လင်းယုန်ငှက်ကြီးကလည်း ၎င်း၏ အတောင်ပံများကို ခတ်ကာ ကောင်းကင်ယံ၌ ပျောက်ကွယ်သွားလေတော့သည်။
နှစ်ရက်ကြာ ပျံသန်းပြီးနောက် လီချန်ချင်းသည် ချန်ထင်မြို့ရှိ ယန်မိသားစုအိမ်တော်ထံ ပြန်လည်ရောက်ရှိခဲ့သည်။
"သခင်ကြီး ပြန်လာပြီ...."
လီချန်ချင်း ပြန်လာသည်ကို မြင်သောအခါ ကျန့်ဖုကွမ်းက အပြုံးပန်းဖြင့် ကြိုဆိုသည်။ "သခင်ကြီး....ခရီးအဆင်ပြေချောမွေ့ခဲ့ရဲ့လား။"
"ချောမွေ့ပါ့ဗျာ...." လီချန်ချင်းက ခေါင်းညိတ်ပြသည်။ "ဒီရက်ပိုင်းတွေအတွင်း အိမ်ရော အထူးအလည် ဘာမှ မဖြစ်ဘူးမလား။"
"စိတ်မပူပါနဲ့ သခင်ကြီး..... အိမ်မှာ အားလုံးအဆင်ပြေပါတယ်။" ကျန့်ဖုကွမ်းက ပြန်ဖြေသည်။ “စားပြီးပြီလား သခင်ကြီး။ အစားအသောက်တွေ ပြင်ပေးမယ်လေ။"
"ကောင်းပါပြီကွာ....ကျေးဇူးပါ။" လီချန်ချင်းသည် မနက်စာ စားပြီးသည်နှင့် အခြားဘာမှမစားဘဲ တန်းတန်းမတ်မတ် ပျံသန်းခဲ့လေသည်။
အပြင်၌ အစားအသောက်နဲ့ အိပ်စရာ နေရာက အဆင်မပြေပေ။ သို့ဖြစ်၍ လီချန်ချင်း သူ့အိမ်က အိပ်ယာကို လွမ်းမိသည်။
စားသောက်ပြီးနောက် လီချန်ချင်း စောစောအနားယူသည်။ အန္တရာယ်ကြီးကြီးမားမား မရှိခဲ့သော်လည်း အနည်းငယ်တော့ ကြုံတွေ့ခဲ့ရပေသေးသည်။ လီချန်ချင်းမှာ အနည်းငယ် ပင်းပန်းသလို ခံစားမိသည်။
ထို့ကြောင့် လီချန်ချင်း လျင်မြန်စွာပင် အိပ်မောကျသွားပေ၏။ သို့သော်လည်း လီချန်ချင်း အိပ်ပျော်ပြီး မကြာခင်မှာပဲ သူ့နာမည်ကို တိုးတိုးလေးခေါ်နေသည့် လူတစ်ယောက်အသံကို ကြားလိုက်ရသည်။
"လုချောင်းချောင်း....." ထိုအသံသည် လုချောင်းချောင်း၏ အသံဖြစ်သည်ကို လီချန်ချင်း သိလိုက်သည်။ လုချောင်းချောင်း မလာဖြစ်သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်၏။
သိုဖြစ်၍ လီချန်ချင်းသည် သူ၏ နတ်စွမ်းအား စိတ်ဝိညာဉ်ရေကန်ကို တစ်ချက်ကြည့်လိုက်ရာ လုချောင်းချောင်းက ရေကန်၏ တစ်ဖက်ခြမ်းတွင် သူ့ကို စောင့်နေသည်ကို တွေ့လိုက်ရလေသည်။
"ဟုတ်ပါတယ်....ကျွန်မ အလုပ်တွေများနေလို့ လာမလည်ဖြစ်တာပါ။ ဒါပေမယ့် ကျွန်မ ဟိုနေ့က အကြီးအကဲကို လိုက်ရှာသေးတယ်။ မနေ့ကဆို မင်ဟုန်ခရိုင်မှာ အကြီးအကဲရဲ့ ခြေရာလက်ရာကိုတောင် မတွေ့ဘူး။အကြီးအကဲ တစ်ခုခုများ ဖြစ်နေလားလို့တောင် စိတ်ပူနေမိတာ။ ဒီနေ့ အကြီးအကဲဘေးကင်းကင်း ရှိနေတာကို တွေ့ရတော့ စိတ်သက်သာရာရပါပြီ။" လုချောင်းချောင်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
"ငါခဏလောက် ထွက်သွားရုံတင်ပါ။" လီချန်ချင်းက ရှင်းပြသည်။ "ဟမ်ရှန်းက ပြန်လည်ဝင်စားခြင်းအဆင့်ကို ကျော်ဖြတ်ခါနီးမှာ အဆင့်ငါးဆေးလုံးမရှိဖြစ်နေတာကြောင့် ဆေးလုံးရှာတာ သွားခဲ့တာပါ။
"အဆင့်ငါးဆေးလုံး....." လုချောင်းချောင်းက အံ့အားသင့်သည့် အမူအရာဖြင့် မေးသည်။ "ဒီလိုအရာမျိုးက တော်တော်ရှားတယ်။"
"ကံကောင်းချင်တော့ ငါတစ်ခုတွေ့ခဲ့တယ်လေ။" လီချန်ချင်းက ပြုံးလျက်ပြောသည်။
"အစ်ကိုလီက အကြီးအကဲဆီ စာတစ်စောင်ရေးခဲ့တာလား။" လုချောင်းချောင်း ရုတ်တရက် မေးလိုက်သည်။
"ဟုတ်တယ်" လီချန်ချင်း အံ့ဩသွားမိသည်။ "ပြဿနာရှိလို့လား။"
"မရှိပါဘူး။ ကျွန်မ အတွေးလွန်နေတာပဲနေမှာပါ။" လုချောင်းချောင်းက ခေါင်းခါလိုက်သော်လည်း သူမ၏ စကားများက လီချန်ချင်းကို သံသယ ဖြစ်စေသည်။
လီချန်ချင်းက ခပ်မြန်မြန်ပဲ မေးလိုက်သည်။ " မင်းဘယ်လိုထင်လဲ ငါ့ကိုပြောစမ်းပါ။ ဘာက အဆင်မပြေဖြစ်နေတယ်လို့ မင်းထင်တာလဲ။"
"ဘာရယ်လို့တော့ မဟုတ်ပါဘူး။ အဲ့ဒါက အစ်ကိုလီရဲ့ အကျင့်စရိုက်နဲ့ မကိုက်ညီဘူးလို့ ခံစားရလို့ပါ။" လုချောင်းချောင်း တွေးဆမိသည်။ "ကျွန်မသိတဲ့ အစ်ကိုလီက စာတစ်စောင်မှာ ဒီလိုမျိုး ပြောမှာ မဟုတ်ဘူး။ ဒါသေချာပေါက် စိုးရိမ်စရာပဲ။ အကြီးကဲအတွက် အဆင့်ငါးဆေးလုံးကို ရဖို့ဆိုတာ ကောင်းကင်ဘုံကို တက်လှမ်းရသလိုပဲ ခက်ခဲတယ်။ အစ်ကိုလီက အကြီးအကဲကို ဘာလို့ စိုးရိမ်စရာအခက်အခဲတွေ ပေးမှာလဲ။"
"အရင်က အကြီးအကဲပိုက်ဆံနည်းနည်းရှာပြီး အစ်ကိုလီကို ပေးဖူးတယ်လေ။ အကြီးအကဲမှာ ငွေရေးကြေးရေးအရ စွမ်းဆောင်နိုင်ရည်ရှိတယ်ဆိုတာ သူသိတယ်။ ဒါပေမယ့် အဆင့်ငါးဆေးလုံးကျတော့ ရှားပါးပစ္စည်းပဲ။ အစ်ကိုလီရဲ့စိတ်ထဲမှာတော့ အကြီးအကဲကို ပူဆာရင်တောင်မှ အဲ့ဒါကို အကြီးအကဲက ရအောင်မယူနိုင်ဘူးလို့ တွေးမှာပဲ။ အကြီးအကဲက အစ်ကိုလီအတွက် ဆေးလုံးကို ယူပေးနိုင်ခဲ့တယ်ဆိုရင် သူသံသယဖြစ်လာမှာကို မကြောက်ဘူးလား။" လုချောင်းချောင်း၏ စကားများသည် လီချန်ချင်းအား လေးနက်သော အတွေးနယ်ထဲသို့ ရောက်သွားစေသည်။
ယင်းသည် မှန်ပေ၏။ သူ့သား၏ အဆင့်ကျော်ဖြတ်မှုကို စိတ်ပူလွန်း၍ သူ့သား၏ ကလိမ်ကကျစ် အကျင့်များကို မေ့သွားမိသည်။
စာထဲမှာ ထိုသို့သောအရာကို ပြောခြင်းသည် အင်မတန် ထူးဆန်းပေ၏။ ယခင်ကမူ သူ့သားသည် ပြင်ပကမ္ဘာ၌ မည်သို့သော အခက်အခဲများကို ကြုံတွေ့ရင်ဆိုင်ရသည်ကမူ မိသားစုဝင်များ စိုးရိမ်ပူပန်မည်ကို စိုးရိမ်သဖြင့် သတင်းကောင်းများကိုသာ ပြောလေ့ရှိသည်။
လီဟမ်ရှန်းသည် အမျိုးမျိုးသော ထက်မြက်သည့် စရိုက်များနှင့် သားတစ်ယောက်ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူ၏အောင်မြင်မှုအတွက် အဆင့်ငါးဆေးလုံးကို ရှာမတွေ့ခြင်းနှင့်ပတ်သက်၍ ညည်းညူနေခြင်းမှာ အမှန်ပင် ထူးဆန်းနေလေ၏။
"ငါသူနဲ့ လူချင်းတွေ့ပြီး ပေးခဲ့တာတော့ မဟုတ်ဘူး။ ငါရှမူဟိုင်ကို ပေးခဲ့တာ။" လီချန်ချင်းက လုချောင်းချောင်းအား ပြောသည်.
လုချောင်းချောင်း ခဏလောက်စဉ်းစားပြီး တွေးဆကြည့်သည်။"အစ်ကိုလီက အရမ်းထက်မြက်တယ်။ အစ်ကိုလီရဲ့ လတ်တလောအခြေအနေအကြောင်း ကျွန်မနဲ့ အကြီးအကဲ ဆွေးနွေးမိသလာက်ဆိုရင် အစ်ကိုလီဟာ မကြာသေးခင်ကနဲ့ နှိုင်းယှဉ်ရင် ပိုပြီး အဆင်ပြေပြေရှိနေပါတယ်။ အကြီးအကဲအနေနဲ့ သူ့ကို နောက်ကွယ်ကနေ ကူညီပေးခဲ့တာ အများကြီးရှိပြီး အစ်ကိုလီက သူလိုချင်သမျှကို ရေထဲက ငါးတစ်ကောင်လို အကုန် လိုတရခဲ့တာပဲ။"
"အဆင့်ငါးဆေးလုံးကို ရုတ်တရတ်တောင်းဆိုတာက တကယ့်ကို သံသယဖြစ်စရာပဲ။" လုချောင်းချောင်း သုံးသပ်မိသည်။ သို့သော် ထိုစကားကို ပြောပြီးနောက် လုချောင်းချောင်းသည် သူမ၏ စကားများက မသင့်လျော်ကြောင်း ခံစားလာမိသည်။ "အကြီးအကဲ.....ကျွန်မ မိုက်မဲပြီး ရိုင်းစိုင်းတဲ့ မှန်းဆချက်တွေကို လုပ်နေမိတယ်။ အကြီးအကဲနဲ့ သားဖြစ်သူနဲ့ကြား သဘောထားကွဲလွဲဖို့ ကုန်းတိုက်၊ ရည်ရွယ်တာမျိုး မဟုတ်ပါဘူး။"
"စိတ်မပူပါနဲ့။ မင်းဘာကိုဆိုလိုလဲဆိုတာ ငါနားလည်ပါတယ်။" လီချန်ချင်းသည် လုချောင်းချောင်းအား စိတ်အေးအေးထားရန် ပြောလိုက်သည်။ သို့သော တစ်ချိန်တည်းမှာပင် လီချန်ချင်းလည်း သတိဝင်လာခဲ့သည်။
အခြေအနေတွေသာ လွဲမှားကုန်လျှင် အကုန်သောက်ပြသနာများ တက်ကုန်ပေလိမ့်မည်။
အဆင့်ငါးဆေးလုံးဆိုတာက…
သူ့သားဖြစ်သူထံမှ နောက်ထပ်စမ်းသပ်မှုတခု ဖြစ်ရပေလိမ့်မည်။
လီချန်ချင်း သူ့သားနှင့်ပတ်သတ်၍ အလုံအလောက် သတိကြီးကြီး မထားခဲ့မိပေ။ ထိုကလေးသည် ဖအေဖြစ်သူနှင့်ရင်ဆိုင်ဖို့ သူ၏ ပါးနပ်မှုအားလုံးကို အသုံးပြုခဲ့သည်လော။
သို့သော် ဆေးလုံးမှာ ပေးလိုက်ပြီဖြစ်၍ ထိုကိစ္စအတွက် ခြေတစ်လှမ်း နောက်ကျသွားပြီဖြစ်သည်။
"စကားမစပ် စီနီယာလီ....ကျွန်မ မကြာသေးမီက ထာဝရရှင်သန်ခြင်းဂိုဏ်းနှင့်ပတ်သက်တဲ့ အချက်အလက်အချို့ကို ရခဲ့တယ်။ စီနီယာလီနဲ့ အချက်အလက်တွေ မျှဝေဖို့ လာခဲ့တာပါ။" လုချောင်းချောင်း၏ လေသံမှာ လေးနက်လာသည်။
“ပြောပါ...." လီချန်ချင်းသည် ထာဝရရှင်သန်ခြင်းဂိုဏ်းအကြောင်း ကြားသောအခါ လေးနက်လာသည်။