အခန်း (၁၄၀)
Vol. 14 Ch. 140
ဝုန်း....ဝုန်း....ဝုန်း...
လီဟမ်ရှန်းသည် ပေါ်လာသည့်အရာကို မမြင်ခင်မှာပဲ လေးလံလှသည့် ခြေသံများကို ပထမဆုံးကြားလိုက်ရသည်။
ထို့နောက် လီဟမ်ရှန်းသည် ရုတ်တရက် သူ့ဆီသို့ ဦးတည်ပျံသန်းနေသော သစ်ပင်တစ်ပင်ကို တွေ့လိုက်ရသည်။ အရှိန်မှာ အံ့မခန်းပင် ဖြစ်ပေ၏။
"ဖောက်ထွင်းစေ....." လီဟမ်ရှမ်းသည် သူ့လှံကို ပစ်ပေါက်လိုက်ရာ သူ့ဆီ တစ်ရှိန်ထိုးဝင်လာသည့် သစ်ပင်၏ ပင်စည်မှာ အခင်းဖြစ်နေရာမှာတင် ကွဲကြေသွားလေသည်။ ထို့နောက် တောထဲမှ မျောက်ဝံကြီးတစ်ကောင် ထွက်လာသည်ကို သူတွေ့လိုက်ရသည်။ ထိုမျောက်ဝံကြီးမှာ သုံးမီတာမြင့်ပြီး ရွှေရောင်သားမွေးများရှိကာ ကြွက်သားများမှာလည်း သန်မာလှပြီး လီဟမ်ရှန်၏မျက်လုံးများကို စိုက်ကြည့်နေလေသည်။
ဝိညာဉ်သားရဲများစွာ ထွက်ပေါ်လာသည်နှင့်အမျှ ခြေသံများကလည်း အရပ်ရပ်မှ ထွက်ပေါ်လာသည်။
"ရွှေရောင်သံအရိုးမျောက်ဝံ...." ထိုဝိညာဉ်သားရဲကိုမြင်သောအခါ လီဟမ်ရှန်း အံ့သြသွားမိသည်။ စာအုပ်များတွင်သာ ဖတ်ဖူးသော ဤကဲ့သို့သော သတ္တဝါမျိုးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရခြင်း ဖြစ်သည်။
ရွှေရောင်သားမွေးများ၊ သံမဏိအရိုးများနှင့် သန်မာလှသည့်ခွန်အား..... ထိုမျောက်ဝံကြီးပြင်းလာချိန်တွင် ၎င်းသည် မူလအဆင့်စွမ်းအားရှင်နှင့်ပင် ယှဉ်ပြိုင်နိုင်သည်။
သို့သော် အရွယ်ရောက်ပြီးသားအကောင်မှာ ဆယ်မီတာထက် မြင့်သည်။ ယခုမျောက်ဝံမှာ လေးမီတာအောက်သာရှိ၍ ၎င်းသည် ငယ်ရွယ်သေးကြောင်း သိနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ရွှေရောင်သံအရိုးမျောက်ဝံတိုင်းသည် သာမန် ပြန်လည်မွေးဖွားခြင်းအဆင့်လေ့ကျင့်သူနှင့် ယှဉ်ပြိုင်ရန်ပင် ခွန်အားရှိကြသည်။
သာမာန် တက်လှမ်းခြင်းအဆင့် စွမ်းအားရှင်တိုင်း ဤနေရာမှ ဆက်မသွားနိုင်တော့ပေ။ လီဟမ်ရှန်းသတိရမိသည်မှာ သားရဲစာရင်းပေါ်ရှိ နဝမကျွန်းပေါ်သို့ရောက်သော တပည့်များမှာ ထိပ်တန်းအယောက်နှစ်ရာရှိသည်။ တာအိုရှေးဟောင်းတောင်တန်းမြေသည် အမှန်တကယ်ပင် ပါရမီရှင်များစွာ ပေါက်ဖွားလာရာ နေရာတစ်ခုဟု ဆိုရပေမည်။
"စမ်းကြည့်ကြတာပေါ့ကွာ...." လီဟမ်ရှန်းသည် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပြီး ယခုနက သူ့ဆီကို အရှိန်နှင့်တိုးဝင်လာသည့်သစ်ပင်ကို ရွှေရောင်သံအရိုးမျောက်ဝံထံ ချိန်ရွယ်ပစ်ခွင်းလိုက်လေသည်။
"ဝူး....." ရွှေရောင်သံအရိုးမျောက်ဝံက ကြုံးဝါးကာ ချဉ်းကပ်လာသည့် လီဟမ်ရှန်းထံ လက်သီးကို ချိန်ရွယ်လိုက်သည်။
၎င်း၏လက်သီးအရွယ်အစားသည် လီဟမ်ရှန်း၏ ကိုယ်ထက်ဝက်နီးပါးရှိသည်။ ထိုကဲ့သို့ လက်သီးမျိုးသည် တောင်များကို လှုပ်ခါစေသည့်ထိပင် အစွမ်းသတ္တိရှိပေ၏။
"ဖောက်ထွင်းစေ....." လီဟမ်ရှန်းက အော်လိုက်ရာ သူ့အရှိန်အဝါများ ပေါက်ကွဲထွက်သွားလေသည်။ သူ၏ အင်မော်တယ်အရှင်သခင်လှံသည် ရှေ့သို့ အဟုန်ဖြင့် ချီတက်သွားကာ ပြင်းထန်သည့် မုန်တိုင်းအရှိန်အဟုန်တစ်ခုကို ဖန်တီးလိုက်သည်။
ထိုနေရာမှာပင် ရွှေရောင်သံအရိုးမျောက်ဝံ၏ လက်ဖဝါးမှာ ထုတ်ချင်းပေါက်သွားလေ၏။
လီဟမ်ရှန်းသည် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ လက်ကိုမြှောက်ကာ မျောက်ဝံ၏လည်ချောင်းကို လှံဖြင့်ထိုးလိုက်သည်။
"ဒီကောင်ရဲ့ ခွန်အားက တကယ်ကို ကြီးတယ်။" လီဟမ်ရှန်းဝန်ခံလိုသည်မှာ ဤရွှေရောင်သံအရိုးမျောက်ဝံသည် ယခင်က သူကြုံတွေ့ခဲ့ရသည့် ဝိညာဉ်သားရဲများထက် ပိုမို သန်မာပေသည်။
သို့သော် သူ့အတွက်မူ မလုံလောက်သေးပေ။ ရွှေရောင်သံအရိုးမျောက်ဝံအုပ်ကြီးက သူ့ဆီ ပစ်မှတ်ထားချိန်ရွယ်ချီတက်လာကြလေ၏။
လက်ရုံးရည်ပြိုင်ပွဲတစ်ခု၌ သူ၏ခန္ဓာကိုယ်သည် ပြန်လည်မွေးဖွားခြင်းအဆင့် စွမ်းအားရှင်ထက်ပင် သန်မာနေသောကြောင့် လီဟမ်ရှန်း ကြောက်မနေခဲ့ပေ။ လီဟမ်ရှန်းသည် ရွှေရောင်သံအရိုးမျောက်ဝံအုပ်ထဲသို့ တိုက်ရိုက်ဝင်လုံးလိုက်ပြီး သူ၏လှံသည် ကြယ်မိုးများဖန်တီးကာ အပြင်းအထန်တိုက်ခိုက်လေတော့သည်။တစ်နာရီ၏ လေးပုံတစ်ပုံအတွင်းမှာ ရွှေရောင်သံအရိုးမျောက်ဝံများကို အပြီးတိုင်ချေမှုန်းနိုင်ခဲ့လေသည်။
ခဏအကြာတွင် လီဟမ်ရှန်းသည် နဝမမြောက်ကျွန်းပေါ်သို့ ခြေလှမ်းချလိုက်သည်။ ထိုအချိန်တွင် နှလုံးသားကြေးမုံရေကန်၌ လီဟမ်ရှန်းသည် သားရဲစုဆောင်းခြင်းအား စိန်ခေါ်နေသည်ကို လူများက မြင်သောအခါ လီဟမ်ရှန်းစာရင်းတွင် ဝင်နိုင်မည်လောဟု သားရဲစာရင်းကို အာရုံစိုက်လာကြသည်။
လီဟမ်ရှန်း၏ အဆင့်သတ်မှတ်ချက်ပေါ်လာသောအခါ ယင်းသည် သားရဲစာရင်း၌ အဆင့်၄၉၆အထိ တက်လှမ်းနိုင်ခဲ့လေသည်။ယခုအချိန်တွင် လီဟမ်ရှန်အား ကြည့်ရှုနေသူများသည် ယင်းအပေါ် အထူးတလည် မခံစားမိဘဲ လီဟမ်ရှန်းသည် သားရဲစာရင်းတွင် ဖော်ပြခံရမည်ဟု ကြိုတင်ကောက်ချက်ချခဲ့ကြသဖြင့် မအံ့ဩကြတော့ပေ။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ လီဟမ်ရှန်း၏အဆင့်သတ်မှတ်ချက်ကို အသစ်တင်သွင်းတိုင်း ၎င်း၏ အဆင့်တက်မှုမှာ ကြီးမားလှပြီး ပို၍ပင် တုန်လှုပ်မိစေသည်။
"သူ အခု ၂၄၇ကို ရောက်သွားပြီ။"
"ဘုရားရေ...သူအဆင့် ၂၂၄ကို ရောက်သွားပြီ။
"အစ်ကိုလီက နဝမမမြောက်ကျွန်းကို ရောက်နေပြီ။" လီဟမ်ရှန်းသည် နဝမမြောက်ကျွန်းသို့ရောက်သောအခါတွင် တပည့်များစွာ အံ့သြသွားကြသည်။
စာရင်းကိုကြည့်ရှုသူအများစုမှာ တက်လှမ်းခြင်းအဆင့် တပည့်များဖြစ်သည်။ လီဟမ်ရှန်းအား သံမျက်နှာဖုံးစွပ်လူကို သတ်ပြီးကတည်းက တက်လှမ်းခြင်းအဆင့် တပည့်များ၏ သူတို့၏ကျင့်ကြံမှုတွင် စံနမူနာ ထားကြလေသည်။ လီဟမ်ရှန်းမှာ သံမျက်နှာဖုံးစွပ်လူသားကို အနိုင်ယူဖို့ မမျှော်လင့်ထားဘဲ အနည်းဆုံးတော့ သူနဲ့ ဆန့်ကျင်ဘက် တိုက်ကွက်အချို့ကိုသာ ထုတ်နိုင်မည်ဟု မျှော်မှန်းထားကြသည်။
ယခုမူ လီဟမ်ရှန်းသည် သားရဲစုဆောင်းခြင်းအား စိန်ခေါ်နေသည်ကို တွေ့ရသဖြင့် ကြည့်ရှုရန် စုရုံးရောက်လာကြသည်။ တစ်ချို့က သူငယ်ချင်းများဆီပင် အလျင်အမြန် အကြောင်းကြားကြသည်။
"ဘာ....အစ်ကိုလီက သားရဲစုဆောင်းခြင်းကို စိန်ခေါ်နေတာလား။ ငါချက်ချင်းသွားကြည့်မယ်။" လေ့ကျင့်နေသော တပည့်တစ်ယောက်သည် သူ့ဓားကို ချက်ချင်းချပြီး နှလုံးသားကြေးမုံရေကန်ဆီသို့ အပြေးသွားလေ၏။
"အစ်ကိုလီက သားရဲစုဆောင်းခြင်းကို စိန်ခေါ်နေတာလား။ ဒါဆို သွားကြည့်ရမယ်။" တောင်ထိပ်ရှိ ယန်ယုယွင်သည် သတင်းကြားသောအခါ ယန်ယုယွင်၏ မျက်လုံးများ တောက်ပလာပြီး တောင်ထိပ်မှ နှလုံးသားကြေးမုံရေကန်ဆီသို့ အပြေးသွားလေသည်။
နှလုံးသားကြေးမုံရေကန်တွင် လီဟမ်ရှန်း၏စိန်ခေါ်မှုရလဒ်ကိုကြည့်ရှုရန် လူအများအပြား ထိုင်စောင့်နေကြသည်။
"အစ်ကိုလီက တကယ်ကို အံ့သြစရာကောင်းတယ်။ သူ အဌမမြောက်ကျွန်းကို ဘယ်လိုကျော်ဖြတ်နိုင်ခဲ့တာလဲဆိုတာ သိချင်မိတယ်။ အဲဒီ ရွှေရောင်သံအရိုးမျောက်ဝန်တွေက တကယ်ကို သန်မာတယ်။ တစ်ကောင်ချင်းစီမှာ အံ့ဩဖို့ကောင်းတဲ့ ခွန်အားတွေရှိတယ်။ တစ်ကောင်ချင်းဆိုရင်တော့ ငါလည်းလုပ်နိုင်မှာ။ ဒါပေမယ့် အုပ်လိုက်ကြီးဆိုရင်တော့ ငါလည်း ကိုင်တွယ်နိုင်မှာမဟုတ်ဘူး။ လက်သီးနှစ်ချက်လောက်နဲ့တင် ချေမွခံလိုက်ရမှာ။" တက်လှမ်းခြင်းအဆင့် စွမ်းအားရှင် တပည့်တစ်ယောက်က မနာလိုသည့် အကြည့်များဖြင့် ပြောလေသည်။
"ငါ့လည်း အဲ့လိုပဲ ခံစားရတယ်။ ငါ့ရဲ့ အကောင်းဆုံး မှတ်တမ်းက သူတို့ထဲက နှစ်ဆယ့်ရှစ်ကောင်ကို သတ်ခဲ့တာ။ ဒါပေမယ့် အဲ့တုန်းက ငါမောပန်းနွမ်းနယ်နေပြီး အဲဒီမှာပဲ သေဆုံးသွားခဲ့တာလေ။" နောက်ထပ် တပည့်တစ်ယောက် သက်ပြင်းချကာ ပြောသည်။ "နဝမမြောက်ကျွန်းက ကိုင်တွယ်ရမလွယ်ဘူးလေကွ။" ပြင်ပဂိုဏ်းဝင် တပည့်တစ်ယောက်က တခစ်ခစ်ရယ်ကာပြောလေ၏။
"လီဟမ်ရှန်းက တကယ့်ကို လုပ်နိုင်စွမ်းရှိတယ်။ ဒါပေမယ့် သားရဲစုဆောင်းခြင်းနဲ့ ကိုးလွှာတိုက်ပွဲခန်းမက မတူဘူး။ သူက အင်မော်တယ်အရှင်သခင်လှံသိုင်းကို လေ့ကျင့်တယ်လို့ ငါကြားဖူးတယ်။ အဲ့တိုက်ကွက်က စွမ်းအားအရမ်းကြီးပြီး တစ်ဦးချင်းတိုက်ပွဲတွေမှာ မယှဉ်နိုင်လောက်အောင် လွှမ်းမိုးနိုင်ပေမယ့် အုပ်စုလိုက်တိုက်ပွဲတွေမှာတော့ အစွမ်းသိပ်မပြနိုင်ဘူး။"
"အင်မော်တယ်အရှင်သခင်လှံသိုင်း.....စွမ်းအားကြီးမယ့်ပုံပဲ။ ငါလည်း လေ့လာချင်တယ်။" တက်လှမ်းခြင်းအဆင့်၏ ပဉ္စမအဆင့် စွမ်းအားရှင်တပည့်တစ်ဦးသည် တောက်ပနေသော မျက်ဝန်းများဖြင့် ပြောလေသည်။
"ကိုယ့်ခေါင်းကို သုံးပေါ့ကွာ...." သူ့ဘေးနားက တပည့်တစ်ယောက်က ခေါင်းကို ပုတ်ချလိုက်လေသည်။ "မင်းသိသမျှကို ဘာမဆိုလေ့လာ၊ သတ်ရမယ့်အရာကို မြန်မြန်သတ်ပစ်။" လီဟမ်ရှန်းသည် နဝမမြောက်ကျွန်းတွင် အချိန်ကြာနေပြီဖြစ်ပြီး ဒသမမြောက်ကျွန်းသို့ မတက်နိုင်သေးသောကြောင့် အပြင်မှ အချက်အလက်များကို ကြည့်ရှုနေသည့် လူအုပ်ကြီးလည်း စိုးရိမ်စပြုလာသည်။
နဝမမြောက်ကျွန်းပေါ်တွင် လီဟမ်ရှန်းလက်ချက်ဖြင့် သေဆုံးခဲ့ရသည့် ရန်သူ အရေအတွက်မှာလည်း သိသာထင်ရှားစွာ နှေးကွေးသွားသည်ကို သူတို့မျက်မြင်တွေ့နေရပေသည်။ အမွှေးတိုင်တစ်တိုင်စာ အချိန်ကုန်ဆုံးသွားပြီဖြစ်ပြီး လီဟမ်ရှန်းသည် နှစ်ဆယ့်နှစ်ယောက်သာ သတ်နိုင်ခဲ့လေသည်။
ကျွန်းတစ်ကျွန်းစီတွင် စိတ်ဝိညာဉ်သားရဲတစ်ရာရှိသည်။ သတ်ဖြတ်ခြင်းအရှိန်နှေးသွားပါက ကျရှုံးမှုသည်လည်း မဝေးတော့ပေ။
"ဒါက ပုံမှန်ပါပဲ။" အတွင်းစည်းတပည့် တစ်ဦးက ရယ်မောလိုက်လေသည်။ "လီဟမ်ရှန်း နဝမမြောက်ကျွန်းကို ရောက်သွားနိုင်တာနဲ့တင်ပဲ အတော်လေး တော်နေပါပြီ။ အခု သူ ၂၂ကောင်သတ်ပြီး အဆင့် ၂၀၄ဖြစ်နေပြီ။ နဝမမြောက်ကျွန်းမှာက သံမြှီးကြံ့ဝံပုလွေတွေရှိတယ်။ အဲ့ကောင်တွေက ကိုင်တွယ်ရမလွယ်ဘူး။"
"သံမြှီးကြံ့ဝံပုလွေ...." လူအုပ်၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားသည်။ ၎င်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် သတ္တဝါကြီးဖြစ်ပေ၏။ သံအမြှီးကြံ့ဝံပုလွေသည် အရွယ်အစားကြီးမားရုံသာမက ၎င်းတို့၏ အမြှီးသည် ၎င်းတို့အတွက် အစွမ်းထက်ဆုံး လက်နက်ဖြစ်ပေသည်။ ၎င်းတို့၏အမြီးသည် သုံးမီတာမှ လေးမီတာခန့်ရှိ၍ အလွန်ရှည်လျားကာ သံမဏိထက်ပင် မာကျောပြီး ဓားသွားများကဲ့သို့ ချွန်ထက်လှပေ၏။
ပြီးပြည့်စုံသော မူလအဆင့်ရှိ တပည့်များစွာသည်ပင် ဤနဝမမြောက်ကျွန်းတွင် မရှင်သန်ပေ။ ယခုအချိန်တွင် လီဟမ်ရှန်းသည် အမှန်တကယ်ပင် ခက်ခဲသောတိုက်ပွဲကို ရင်ဆိုင်နေရပေသည်။
နဝမမြောက်ကျွန်း၌ သံအမြှီးကြံ့ဝံပုလွေများသည် လီဟမ်ရှန်းကိုဝိုင်းရံထားပြီး ရှည်လျားလှသော ၎င်းတို့၏ အမြှီးများကို ကြာပွတ်သဖွယ် ဝှေ့ယမ်းနေကြသည်။
လီဟမ်ရှန်း၏လက်ထဲက အင်မော်တယ်အရှင်သခင်လှံသည် သစ္စာကိုးပါးလှံသိုင်းအရ ပုံစံချထားခြင်းမျိုး မဟုတ်သော်လည်း သစ္စာကိုးပါးလှံသိုင်းကို အသုံးပြုရန်ပင် စွမ်းအားများမှာ လျော့နည်းနေပြီဖြစ်သည်။
ထို့ပြင် ထိုတိုက်ခိုက်မှုများနှင့် ထိမိလိုက်သည်နှင့် လီဟမ်ရှန်းမှာ ဒုက္ခအကြီးအကျယ်ရောက်မည်ဖြစ်သည်။
သို့သော် လီဟမ်ရှန်းသည် အခွင့်အရေးကို ဆုပ်ကိုင်ထားကာ တစ်ကောင်ကိုသတ်လိုက် တစ်ကောင်ကို ရှောင်တိမ်းလိုက်ဖြင့် အခြေအနေများကို ထိန်းထားဆဲ ဖြစ်လေ၏။
လီဟမ်ရှန်းယခုအသုံးပြုနေသောနည်းလမ်းသည် အခြားသူများ လုံးဝတုနှိုင်းမရသောနည်းလမ်းဟု ဆိုနိုင်ပေသည်။ ထို့အပြင် လူတိုင်းသည် လီဟမ်ရှန်းကဲ့သို့ သူ့အားအကာအကွယ်ပေးပြီး သန်မာသည့် သွေးစွမ်းအားကို ထောက်ပံ့ပေးနိုင်သည့် နေလအင်မော်တယ်နတ်ဆိုးကိုယ်ထည်နှင့် အင်မော်တယ်အရှင်သခင်လှံလည်း မရှိချေ။
"ဇွက်....." လီဟမ်ရှန်းသည် လှံတစ်ချောင်းဖြင့် သံအမြှီးကြံ့ဝံ့ပုလွေကို ဇီဝိန်ချုပ်ပေးလိုက်လေသည်။ သတ်ဖြတ်မှုအရှိန်က နှေးကွေးသော်လည်း ထိရောက်မှုရှိပေ၏။
ဤနည်းလမ်းကို လီဟမ်ရှန်း၏ စိတ်စွမ်းအားက အပြည့်အဝထောက်ပံ့ပေးထားလေ၏။ လီဟမ်ရှန်းမှာ နန်ဟောင်ဖေးတစ်ယောက် ဆယ့်တစ်ကျွန်းမြောက်ကို မည်သို့ရောက်အောင် လုပ်နိုင်ခဲ့သည်ကို တွေးပင်တွေးမကြည့်ဝံ့ပေ။
လီဟမ်ရှန်း သံအမြှီးကြံ့ဝံပုလွေများအား တစ်ကောင်ပြီးတစ်ကာင်သတ်နေသည်ကို အပြင်တွင် စောင့်ကြည့်နေကြသည့်တပည့်များ၏ အမူအရာများသည် တဖြည်းဖြည်း ထူးဆန်းလာပေ၏။
လီဟမ်ရှန်းသည် လူသားတစ်ဦးဖြစ်နေဆဲသည်လော.....။ လီဟမ်ရှန်းနဝမမြောက်ကျွန်းတွင် သတ်ဖြတ်နေသည်မှာ နှစ်နာရီခန့်ကြာပြီဖြစ်သည်။ သူ့မှာ စွမ်းအားများ ရှိနေသေးသည်လော။
လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှာ အလွန်သန်မာလှသည်လော။ လီဟမ်ရှန်း နှစ်နာရီကြာအောင် အဆက်မပြတ်တိုက်နေပုံကို တိုက်ရိုက် ထုတ်လွှင့်မှုဖြင့်ပင် ကြည့်ရှုချင်ကြသည်။
"အစ်ကိုလီ…” တပည့်အမျိုးသမီးမှာ မျိုသိပ်မထားနိုင်တော့ပေ။ “သူက အဲ့လောက်တောင် ခံနိုင်ရည်ရှိတာလား။"
"ကျွန်မ အစ်ကိုလီရဲ့ လှံတိုက်ကွက်ကို တကယ်စမ်းကြည့်ချင်တယ်..." ထိုသို့ ပြောပြီးသည်နှင့် သူမ၏ မျက်လုံးများ တောက်ပလာလေ၏။ ယန်ယုယွင်သည် လီဟမ်ရှန်း၏ အောင်မြင်မှုများကို ကြည့်ပြီး သူမ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပေ၏။ယန်ယုယွင်သည် နဝမမြောက်ကျွန်းကို စိန်ခေါ်ခဲ့သော်လည်း မကျော်ဖြတ်နိုင်ခဲ့ပေ။
ရလဒ်အနေဖြင့် လီဟမ်ရှန်းသည် နဝမမြောက်ကျွန်းပေါ်၌ သံအမြှီးကြံ့ဝံပုလွေ လေးကောင်သာ ကျန်ရှိတော့တဲ့အချိန်အထိ တကယ်ပဲ တိုက်ခိုက်နိုင်ခဲ့သည်လော။ အတန်အနည်းငယ်ကြာသောအခါ သံအမြှီးဝံပုလွေ တစ်ကောင်မျှပင် မကျန်ရှိတော့ပေ။
လီဟမ်ရှန်း၏ နာမည်သည် ယခုနက အဆင့်သတ်မှတ်ချက်မှ ပျောက်ကွယ်သွားပြီး ထိပ်တန်းအယောက်၂၀၀အဆင့်သို့ ဝင်ရောက်သွားခဲ့လေသည်။
ဒသမမြောက်ကျွန်း၌......
အပြင်ဘက်၌ သက်ပြင်းချသံများ ထွက်လာပေ၏။ တက်လှမ်းခြင်းအဆင့်၏ တပည့်များအနက် လီဟမ်ရှန်းသည်လည်း ထိပ်တန်း သုံးယောက်သို့ ဝင်ရောက်နိုင်ခဲ့သည်။ လီဟမ်ရှန်၏ ခွန်အားများသည်လည်း ယခုအချိန်တွင် ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်၏။ နဝမမြောက်ကျွန်းပေါ်တွင် နှစ်နာရီကြာ အဆက်မပြတ်တိုက်ခိုက်ခဲ့စဉ်က သူ၏ခွန်အားများ ကုန်ဆုံးလုနီးပါးဖြစ်ခဲ့ရသည်
ကံကောင်းထောက်မစွာပင် ဒသမမြောက်ကျွန်းသို့ရောက်သောအခါတွင်သူ၏အခြေအနေပြန်လည် ကောင်းမွန်လာသည်။ ယောက်ျားသားတစ်ယောက်အနေဖြင့် သူ့ယုံကြည်မှုများကို ပြန်လည်ရရှိလာခဲ့သည်။သို့သော် လီဟမ်ရှန်းသည် ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ပြန်လည်ကောင်းမွန်လာသော်လည်း ယခုအချိန်တွင် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ခံစားခဲ့ရသည်။
ဒသမမြောက်ကျွန်း၏အသွင်အပြင်မှာ ဝိညာဉ်သားရဲများ အလွန်များပြားခြင်းမရှိပေ။ မြေပြင်သည် တဟုန်ထိုး တုန်ခါနေပြီး လီဟမ်ရှန်း၏ ရှေ့တွင် ဧရာမ သတ္တဝါကြီးပေါ်လာပေ၏။
ထိုသတ္တဝါကြီးများ၏ တစ်ကိုယ်လုံးကို ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး ခြောက်မီတာကျော် မြင့်လေသည်။
"ရှေးဟောင်းကျောက်တုံးနတ်ဆိုး....." ထိုသားရဲကြီးကို တွေ့သောအခါ ဤဒသမမြောက်ကျွန်းပေါ်၌ ဝိညာဉ်သားရဲ ရာချီမရှိသော်လည်း အလွန်အစွမ်းထက်သောဝိညာဉ်သားရဲတစ်ကောင်တည်းသာရှိကြောင်း ရုတ်တရက်သိလိုက်ရသည်။
ထိုဝိညာဉ်သားရဲကို အနိုင်ယူနိုင်မည်ဟု ယူဆရပေမည်။ ထိုသို့သောသတ္တဝါမျိုး အကောင်တစ်ရာရှိလျှင် လီဟမ်ရှန်းအတွက် ခေါင်းကိုက်စရာဖြစ်သော်လည်း ယခုမူ တစ်ကောင်တည်းသာ...
အပြင်က တပည့်များသည် လီဟမ်ရှန်း ဒသမမြောက်ကျွန်းကို ကျော်နိုင်မည်လောဟု ခန့်မှန်းချက်ထုတ်နေကြစဉ်မှာပင် လီဟမ်ရှန်းသည် အဆင့်၁၈၉သို့ ရောက်သွားလေ၏။
ဖော်ပြပါအချက်များသည် ဆယ့်တစ်ကျွန်းမြောက်နှင့်လည်း သက်ဆိုင်ပေသည်။
"အစ်ကိုလီက ဒသမမြောက်ကျွန်းကို အသာလေးရှင်းပစ်လိုက်ပြီ။" ဤအခိုက်အတန့်တွင် လူတိုင်း ထိတ်လန့်သွားကြသည်။ သို့သော် ဒသမမြောက်ကျွန်းကို ရှင်းလင်းကျော်ဖြတ်ဖူးသူများကမူ မအံ့ဩကြပေ။
ဒဿမမြောက်ကျွန်း၏ အခြေအနေကို သူတို့အားလုံး ကောင်းကောင်းသိကြပေ၏။ ကျွန်းပေါ်ရှိ ရှေးဟောင်းကျောက်တုံးနတ်ဆိုးသည် သန်မာသော်လည်း တစ်ကောင်တည်းသာရှိသည်။
လီဟမ်ရှန်းအတွက်မူ တစ်ကောင်တည်းသောဝိညာဉ်သားရဲနှင့်ရင်ဆိုင်ရခြင်းသည် အုပ်စုလိုက်ကို ရင်ဆိုင်ရခြင်းထက် ပိုမိုလွယ်ကူပေ၏။ ထို့ပြင် သူ၏ အင်မော်တယ် အရှင်သခင်လှံကိုလည်း လျှော်မတွက်သင့်ပေ။
ရှေးဟောင်းကျောက်တုံးနတ်ဆိုး၏ ခွန်အားသည် သံမျက်နှာဖုံးစွပ်လူသားထက် ပို၍ အားနည်းပေ၏။ လီဟမ်ရှန်းသည် သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ရုံဖြင့် ရှေးဟောင်းကျောက်တုံးနတ်ဆိုးကို သတ်ပစ်နိုင်ခဲ့လေသည်။
သို့သော်လည်း လီဟမ်ရှန်းသည် ဆယ့်တစ်ကျွန်းမြောက်သို့ရောက်သောအခါ စိန်ခေါ်မှုကို ဆက်လက်မလုပ်ဆောင်တော့ဘဲ သားရဲစုဆောင်းခြင်းမှ ထွက်လာလေ၏။
လီဟမ်ရှန်းသည် စိန်ခေါ်မှုကို ကြောက်ရွံ့၍မဟုတ်ဘဲ နဝမမြောက်ကျွန်းပေါ်၌ စိန်ခေါ်မှုများကို ဆက်တိုက်ရင်ဆိုင်ခဲ့ရသဖြင့် သူ၏ စွမ်းအင်များ ကုန်ဆုံးလုနီးပါး ဖြစ်နေပေသည်။
နှလုံးသားကြေးမုံရေကန်သည် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို သက်သာပျောက်ကင်းနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို မဖယ်ရှားပေးနိုင်ချေ။
"အစ်ကိုလီ..." လီဟမ်ရှန်းမတ်တပ်ရပ်နေသည်ကို မြင်သောအခါ တပည့်များစွာ ထွက်လာကြလေ၏။
"ငါ စိန်ခေါ်မှုကို မနက်ဖြန်မှာဆက်မယ်။ ငါ အခု အနားယူရမယ်။" လီဟမ်ရှန်းသည် ထိုစကားကိုပြောပြီး လှည့်ထွက်သွားလေ၏။ ထိုကဲ့သို့သော စိန်ခေါ်မှု မှတ်တမ်းမျိုးရှိလျှင် နောက်ရက်တွင် စိန်ခေါ်မှုကို ဆက်လက်လုပ်ဆောင်နိုင်ပေသည်။
လီဟမ်ရှန်းသည် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်ကြောင်း အခြားတပည့်များက နားလည်ကြသည်။ နာရီပေါင်းများစွာ အဆက်မပြတ် တိုက်ပွဲဝင်ဖို့ တွေးပင်မတွေးဝံ့ကြပေ။
ချင်ကျူးတောင်သို့ ပြန်ရောက်ပြီးနောက် လီဟမ်ရှန်းသည် ချက်ချင်း အိပ်ပျော်သွားခဲ့သည်။ ပြီးခဲ့သည့်တိုက်ပွဲတွင် စွမ်းအင်များစွာ သုံးစွဲခဲ့မိပေ၏။
သို့သော်လည်း ဤတိုက်ပွဲအပြီး၌ လီဟမ်ရှန်းသည် သူ့အားနည်းချက်များကို သုံးသပ်နိုင်ခဲ့ပေသည်။ အုပ်စုတိုက်ပွဲများတွင် သူ၏စွမ်းရည်မှာ အားနည်းနေပေသေး၏။ သစ္စာကိုးပါးလှံတိုက်ကွက်သည် အဖွင့်အပိတ် လှံနည်းပညာတစ်မျိုးဖြစ်သည်။ လီဟမ်ရှန်း၏ အင်မော်တယ်အရှင်သခင်လှံသည် ၎င်း၏ စစ်မှန်သော စွမ်းအားကို မစွမ်းဆောင်နိုင်သေးဘဲ သစ္စာကိုးပါးလှံတိုက်ကွက်အပေါ် နားလည်နိုင်စွမ်း အားနည်းနေဆဲ ဖြစ်ပေ၏။ လီဟမ်ရှန်း အပြည့်အ၀ မလုပ်ဆောင်နိုင်ခဲ့သည့် စွမ်းအားကြီးသည့် လှုပ်ရှားမှုများပင် ရှိခဲ့သည်။
ယင်းသည် လှံကြောင့်ဖြစ်ကောင်းဖြစ်နိုင်သလို ထိုအဆင့်အပေါ် လီဟမ်ရှန်း၏ ထိန်းချုပ်မှု မလုံလောက်သေးသောကြောင့်လည်း ဖြစ်နိုင်ပေသည်။ သစ္စာကိုးပါးလှံသည် မိမိကိုယ်ကို ခုခံကာကွယ်ရန်ကို ပိုမို ဦးတည်လေသည်။ အဆင့်တစ်ခုသို့ လေ့ကျင့်သောအခါ ၎င်းသည် ပဏာမအဟုန်တစ်မျိုးကို ထိန်းချုပ်နိုင်သော်လည်း ထိုအဆင့်ကို ထိတွေ့ရန်မူ ဝေးကွာနေဆဲဖြစ်ပေ၏။
ထိုသို့သာမဟုတ်ပါက လီဟမ်ရှန်းသည် နဝမမြောက်ကျွန်းတွင် အချိန်ဖြုန်းနေမည် မဟုတ်ပေ။ ထိုအချိန်တွင် ရွှယ်ချမ်းပိုင်သည် သူ့ရှေ့က စာရွက်ကို ကြည့်နေလိုက်သည်။ ရွှယ်ချမ်းပိုင်သည် တစ္ဆေနတ်ဆိုးစမ်းသပ်မှုကို ကျင်းပပေးတော့မည်ဖြစ်သည်။ ရွှယ်ချမ်းပိုင်သည် ဒုဂိုဏ်းချုပ်အဖြစ် တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် မည်သူပါဝင်မည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။
အထွတ်အထိပ်စွမ်းအားရှင်တစ်ဦးစီမှ ပေးပို့သော တပည့်များ၏ စာရင်းနှင့် မိတ်ဆက်အကျဉ်းချုပ်ကို ကြည့်လိုက်ပြီး နာမည်အနည်းငယ်ကို ရွှယ်ချမ်းပိုင် ရေးမှတ်ထားပြီးဖြစ်သည်။
ဂိုဏ်းချုပ်သည် ထိုနေရာတွင် မရှိသည့်အတွက် ရွှယ်ချမ်းပိုင်သည် တစ္ဆေနတ်ဆိုးစမ်းသပ်မှု ကျင်းပရေးအဖွဲ့ကိုလည်း ဦးဆောင်ရမည်ဖြစ်သည်။ ရှမူဟိုင်ပေးပို့သောစာရင်းကို သူမြင်သောအခါ စာရင်းတွင် လူဆယ်ယောက်ရှိသည်။
သူတို့အားလုံးသည် မုဟိုင်ဖုန်းတောင်၏တပည့်များဖြစ်သည်။ ဤသည်မှာလည်း ရှမူဟိုင်သည် မထွက်ခွာမီ စာရေးပြီး တစ်စုံတစ်ယောက်ကို ရွှယ်ချမ်းပိုင်အား ပေးဖို့ တောင်းဆိုခဲ့လေသည်။
ယခုတစ်ကြိမ်တွင်မူ ရှေးဟောင်းတာအိုတောင်တန်းမြေကို နေရာခြောက်ဆယ် ခွဲဝေပေးခဲ့သည်။ မုဟိုင်ဖုန်းတောင်ရှိရေးထားသည့် လူဆယ်ယောက်ကိုကြည့်ပြီး မုဟိုင်ဖုန်းတောင်အား အများဆုံး သုံးနေရာသာ ပေးနိုင်လေသည်။
"လီဟမ်ရှန်း......" ထိုနာမည်ကိုမြင်သောအခါ ရွှယ်ချမ်းပိုင် မျက်လုံးပင့်လိုက်မိသည်။ လီဟမ်ရှန်းသည် ပြန်လည်ဝင်စားခြင်းအဆင့်သို့ မရောက်ရှိသေးပေ။ သို့ဖြစ်ရာ သူ့နာမည်ကို အဘယ်ကြောင့် ချရေးထားပါသနည်း။
သို့သော် အဆင့်ခြောက်ဆေးလုံးဖြင့် ပြန်လည်ဝင်စားခြင်းအဆင့်သို့ ဝင်ရောက်ရန် အမှန်တကယ် ကြိုတင်လျာထားပြီးဖြစ်သည်။ သို့ရာတွင် လီချန်ချင်းသည် သားဖြစ်သူအား စမ်းသပ်မှုမှာ ပါဝင်စေချင်သည်လောဟူသည်ကိုတော့ ရွှယ်ချမ်းပိုင် မသိချေ။
ထို့ကြောင့် ရွှယ်ချမ်းပိုင်သည် တစ္တေနတ်ဆိုးစမ်းသပ်မှုအကြောင်း စာတစ်စောင် အတိုချုံးရေးပြီး သူ့၏ နှင်းလင်းယုန်အား ချန်ထင်မြို့ဆီ ပို့ပေးလိုက်သည်။
နှင်းလင်းယုန်ထွက်သွားပြီး အချိန်အတော်ကြာသည့်တိုင် နာမည်များချရေးနေသော ရွှယ်ချမ်းပိုင်သည် သူ့ကလောင်ကို ရုတ်တရက် ရပ်လိုက်လေ၏။
"အင်း...လီဟမ်ရှန်းက ငါ့ရဲ့ရှေးဟောင်းတာအိုတောင်တန်းနယ်မြေကတပည့်ပဲ။ သူ တစ္ဆေနတ်ဆိုးစမ်းသပ်မှုကိုပါချင်လားလို့ မေးလိုက်ရင်ရတာပဲ။" ရွှယ်ချမ်းပိုင်သည် စာပို့ပြီးနောက် တစ်ခုခုမှားနေပြီဟု ခံစားမိသည်။
လီချန်ချင်းအား အဘယ်ကြောင့် မေးနေဦးမည်နည်း။ ဤသည်မှာ လုံးဝကို အဓိပ္ပါယ်မဲ့ခဲ့လေသည်။ ရွှယ်ချမ်းပိုင်သည် ထိုအချက်ကိုတွေးပြီး စုတ်တံကိုကောက်ကိုင်ကာ လီဟမ်ရှန်း၏ အမည်ကို ချရေးလိုက်တော့သည်။