အခန်း (၁၄၅)
Vol. 15 Ch. 145
မူဟိုင်ဖုန်းတောင်ကို ဖြတ်သွားစဉ် လီချန်ချင်းသည် မူဟိုင်ဖုန်းတောင်ပေါ်ရှိ ချင်ကျူးတောင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာ၌ သူ့သားရှိနေသည်ကို လီချန်ချင်းသိပေ၏။
သူ့မွေးစားသားကို မည်သည့်အချိန်တွင် တွေ့ရမလဲဟု လီချန်ချင်းတွေးနေမိသည်။ လီချန်ချင်း၏ ယခင်အစီအစဉ်အရ လုချောင်းချောင်းနှင့် ယန်ယုယွင်ထံမှ လီဟမ်ရှန်းအကြောင်းများစွာ လေ့လာခဲ့ပြီးဖြစ်သည်။သူ့သားကိုတွေ့ရရန် အချိန်အတော်ကြာတော့မည် မဟုတ်ဟု လီချန်ချင်း ခံစားမိသည်။
သားလေးတစ်ယောက်နဲ့ ပျော်ရွှင်စရာကောင်းသည့် မိသားစုပြန်လည်ဆုံဆည်းရသည့်ခံစားချက်ကို လီချန်ချင်း ခံစားချင်မိသည်။ သို့သော်လည်း လီဟမ်ရှန်း၏နောက်ဆုံးစာမှာ လီချန်ချင်းအား အချိန်မတန်သေးကြောင်း သဘောပေါက်စေခဲ့သည်။ သားငယ် လီဟမ်ရှန်းသည် သူ့အပေါ် သံသယများကို မစွန့်လွှတ်နိုင်သေးပေ။
လီချန်ချင်းသည် ရှေးဟောင်းတာအိုတောင်တန်းမြေမှ ထွက်ခွာလာပြီးနောက် ချန်ထင်မြို့သို့ တန်းတန်းမတ်မတ်ပြန်လာခဲ့လေသည်။ လမ်းတစ်လျှောက်တွင်လည်း ရှေးဟောင်းတာအိုတောင်တန်းမြေအတွက် ပြုလုပ်ပေးမည့် ယူနီဖောင်းများအား အရင်ယူဖို့အကြောင်းကို တွေးတောနေခဲ့သည်။ ၎င်းသည် ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီအတွက် ကြော်ငြာကမ်ပိန်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပေ၏။
ထို့နောက် ကုန်ကျစရိတ်နှင့် သီးသန့်စပွန်ဆာအစီအစဉ်ကို တွက်ချက်ရန် ကျောက်ရီချိုးနှင့် အခြားသူများအား တာဝန်ပေးရလိမ့်မည်။
လီချန်ချင်းသည် ဤကိစ္စကို အလွန်အလေးထားပြီး ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီအတွက် နာမည်တစ်ခုရရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် သူတို့နှင့်အတူမလိုက်နိုင်သဖြင့် လီချန်ချင်း စိတ်ပျက်မိသည်။ ထိုအချက်ကို သူသေသေချာချာ ပြန်လည်စဉ်းစားရမည်ဖြစ်၏။ လီချန်ချင်းသည် လီဟမ်ရှန်းကိုကာကွယ်ရန်သာမက ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီ ကြော်ငြာကမ်ပိန်း၏အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့်လည်းသွားချင်ခဲ့သည်။
ချန်ထင်မြို့သို့ ပြန်ရောက်သောအခါ လီချန်ချင်းသည် မြို့ကို ပတ်ပြီး လူအိုကြီးလောနှင့် တွေ့လိုတွေ့ငြား ရှာဖွေကြည့်ခဲ့သေးသည်။ သို့သော် လူအိုကြီးလောမှာ လေထုထဲတွင် ဒီအတိုင်း ပျောက်ကွယ်သွားသလိုကို ပျောက်နေခဲ့လေ၏။
ထို့နောက် လီချန်ချင်းသည် ယန်မိသားစုအိမ်တော်သို့ ပြန်လာခဲ့လေတော့သည်။
"မဟာအကြီးအကဲ...နောက်ဆုံးတော့ပြန်လာပြီပဲ။" တံခါးဝသို့ရောက်သောအခါတွင် ယန်မိသားစုမှ အကြီးအကဲနှစ်ယောက်သည် စိုးရိမ်ပူပန်မှုများနှင့်ပြည့်နေသော မျက်နှာများဖြင့် ထွက်လာကြလေ၏။
"ဘာဖြစ်တာလဲ။" လီချန်ချင်းအနည်းငယ် အံ့သြသွားသည်။ ယန်မိသားစု၏ အကြီးအကဲများကို စိတ်ပူစေရလောက်သည်ထိပင် ချန်ထင်မြို့ငယ်လေးမှာ မည်သည်တို့ဖြစ်ခဲ့သနည်း။
မိသားစုကို သုတ်သင်ဖို့ရန်သူများ ရောက်လာခဲ့ခြင်း ဖြစ်နိုင်သည်လော....။ ဖေးသည် အနီးအနားတွင် ရှိနေဆဲဖြစ်သဖြင့် ထိုသို့မဖြစ်နိုင်ပေ။ သို့ဖြစ်လျှင် အထူးအဆင့်တစ်ယောက်ယောက် ရောက်လာခဲ့၍လော။
"ကျန်းဟဲအိမ်တော်အကြီးအကဲက မဟာအကြီးအကဲကို လာတွေ့ပါတယ်။ သူတို့က နေ့လယ်ကတည်းက အကြီးအကဲကို ယန်အိမ်တော်အဓိကခန်းမမှာ စောင့်နေကြတာ။ မျိုးနွယ်ခေါင်းဆောင်လည်း သူတို့နဲ့အတူရှိနေပါတယ်။ အကြီးအကဲနှစ်ယောက်က မြန်မြန်ရှင်းပြလေသည်။
"ကျန်းဟဲအိမ်တော်..." လီချန်ချင်း မျက်ခုံးပင့်လိုက်သည်။ ကျန်းဟဲအိမ်တော်က ဘာလာလုပ်ပြန်သနည်း။ ထိုအခါ ပြီးခဲ့သည့်တစ်ခေါက် ကျန်းဟဲအိမ်တော်မှ ယင်ရှုယွီအမည်ရှိ အမျိုးသမီးတစ်ဦး ရောက်လာသည့် အချိန်ကို လီချန်ချင်း တွေးမိသည်။
ယင်ရှုယွီသည် မြောက်ပိုင်းအေးခဲနိုင်ငံ၏ တော်ဝင်မိသားစုဝင် ရင်ဖန်ချီ၏ သမီးဖြစ်နိုင်ပေသည်။ သို့သော် ကလေးများစွာရှိသည့် ရင်ဖန်ချီကဲ့သို့သော အမျိုးသားတစ်ဦး၌ အပြင်တွင်အားကိုးရာမဲ့ဖြစ်နေသော သူမကဲ့သို့ သမီးတစ်ယောက်ရှိနေခြင်းသည် အနည်းငယ် ထူးဆန်းနေခဲ့တော့သည်။
"သိပြီ...ငါသွားကြည့်လိုက်မယ်။" လီချန်ချင်းက ခေါင်းညိတ်လိုက်ပြီး ကျန်းဟဲအိမ်တော်မှလူကို တွေ့ဆုံရန် ပြင်ဆင်လိုက်သည်။ သို့သော် ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် လီချန်းချင်းသည် အကြီးအကဲနှစ်ယောက်စီ ပြန်လှည့်လာသည်။
"အကြီးအကဲ....တစ်ခုခုဖြစ်လို့လား။" နှစ်ယောက်သား လီချန်ချင်းကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။
"ခင်ဗျားတို့နှစ်ယောက်...." လီချန်ချင်းက အေးဆေးတည်ငြိမ်စွာပြောသည်။ "ယန်မိသားစုက အရင်လိုမဟုတ်တော့ဘူး။ ပိုအားကောင်းလာနေတဲ့ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက ကျုပ်တို့ကို ကျောထောက်နောက်ခံပြုထားတယ်။ ကျန်းဟဲအိမ်တော် သေးသေးလေးကနေ တစ်ယောက်ယောက်ရောက်လာတာလေးကိုတောင်မှ ခင်ဗျားတို့နှစ်ယောက် အထိတ်တလန့်ဖြစ်နေကြတယ်။ ရှက်စရာကောင်းလိုက်တာ။ နောင်ကျ သတိထားပါ။"
"အာ..ဟုတ်ကဲ့ပါ။" နှစ်ယောက်သား အလျင်အမြန် သဘောတူလိုက်ကြသည်။ ထို့နောက် လီချန်ချင်းထွက်သွားသည်ကို ကြည့်ပြီး တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်နေကြလေ၏။
"မဟာအကြီးအကဲပြောတာ အဓိပ္ပာယ်ရှိတယ်ကွ။ အရင်က ကျန်းဟဲအိမ်တော်ဟာ ငါတို့အတွက်လက်လှမ်းမမီတဲ့ အင်အားတစ်ခုဖြစ်ခဲ့တယ်။ ဒါပေမယ့် အခု ယန်မိသားစုကို ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီကကျောထောက်နောက်ခံပြုထားပြီ။ ဟိုင်မိသားစုက ဟိုင်စုန့်ထောင်လည်း ငါတို့ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီလက်ချက်နဲ့ သေဆုံးသွားခဲ့ရတယ်။ မင်ဟုန်ခရိုင်မှာလည်း နာမည်ကောင်းရှိနေပြီ။
ငါတို့က ကျန်းဟဲအိမ်တော်နှင့် မနှိုင်းယှဉ်နိုင်သေးပေမယ့် ငါတို့ အပြုအမူကို အာရုံစိုက်သင့်တယ်။ မဟုတ်ရင် နောင်မှာ အခြားသူတွေက ငါတို့ကိုရှုံ့ချလိမ့်မယ်။" အကြီးအကဲတစ်ယောက်က မျက်မှောင်ကြုတ်ပြီးပြောသည်။
"ငါတို့ဒီလိုဆက်လုပ်နေရင် ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီအတွက် မျက်နှာပျက်စေမှာမဟုတ်လား။"
အခြားအကြီးအကဲမှာလည်း လီချန်ချင်းထွက်ခွာသွားရာ လမ်းကြောင်းကို ရှုပ်ထွေးသောမျက်လုံးများဖြင့် ကြည့်နေမိသည်။
"ဘာဖြစ်လို့လဲ။"
"ဘာမှမဟုတ်ဘူး။" အကြီးအကဲတစ်ယောက်က သူ့ဘေးနားကလူကို မေးသည်။
"မဟာအကြီးအကဲကလေ မကြာသေးခင်အချိန်အတွင်းတင် အတော်လေးပြောင်းလဲသွားတာကို သတိထားမိလား။"
"အခု မင်းပြောမှပဲ သတိထားမိတော့တယ်။ အဲ့လိုပုံပေါ်တယ်။"
"သူ... ပိုပြီး ယုံကြည်မှုရှိလာတယ်လို့ အမြဲခံစားရတယ်။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက တိကျတဲ့ပုံစံရှိပုံရှိတယ်။ ဘာပဲဖြစ်ဖြစ် အရင်ကနဲ့ မတူတော့ဘူး။" နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တိုးတိုးလေးပြောနေကြလေသည်။