အခန်း (၁၅၁)
Vol. 15 Ch. 151
"ဆရာ ပြန်လာပြီပဲ...." ရှမူဟိုင်ပြန်လာသည်ကို မြင်သောအခါ လီဟမ်ရှန်းသည် ရှေ့ကိုကိုင်းကာ ဦးညွှတ်လိုက်လေ၏။
"မင်းပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်သွားပြီ။" ရှမူဟိုင်က ခေါင်းညိတ်သည်. "မဆိုးပါဘူး။"
"ဒီလိုလေးနက်တဲ့ ပြန်လည်မွေးဖွားခြင်းအဆင့်ကို တစ်ခါမှ မတွေ့ဖူးဘူး။" ရှုခွေသည် အနားမှာရပ်နေပြီး လီဟမ်ရှန်းအား အကြိမ်ကြိမ် လှည့်ပတ်၍ကြည့်ကာ အံ့အားသင့်နေပေသည်။
လီဟမ်ရှန်းသည် ပြန်လည်မွေးဖွားခြင်းအဆင့်သာရှိသော်လည်း ၎င်း၏ ရောင်ဝါသည် ထို့အဆင့်ကို အပြည့်အဝကျွမ်းကျင်သောသူများထက်ပင် ပိုမိုအားကောင်းနေပေသည်။ ချီးမွမ်းသံကိုကြားသောအခါ လီဟမ်ရှန်း သက်ပြင်းချလိုက်သည်။ မည်မျှခက်ခဲသည်ကို သူသာသိပေ၏။ ရွှယ်ချမ်းပိုင်ပေးခဲ့သော အဆင့်ခြောက် အဆင့်ကျော်ဖြတ်ခြင်းဆေးလုံသာ မရှိပါက ပြန်လည်မွေးဖွားခြင်းအဆင့်ကို လီဟမ်ရှန်း ဖြတ်ကျော်နိုင်လိမ့်မည် မဟုတ်ပေ။
မထင်မှတ်ပဲ အဟန့်အတားတစ်ခုဖြစ်လာသည့် တက်လှမ်းခြင်းအဆင့်က သူ၏ကိုယ်ထည်သည် အရမ်းသန်မာလွန်းသည်။ ကံကောင်းထောက်မစွာပင် အဆင့်ကျော်ဖြတ်ခြင်းဆေးလုံးသည် အဆင့်၆ရှိပြီး
လုံလုံလောက်လောက် အစွမ်းထက်ပေ၏။ အဆင့်၅ဆေးလုံးဆိုလျှင်ပင် ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။ စန်းယွမ်နယ်မြေတစ်ခုလုံး၌ သူ့ထက် ပြန်လည်မွေးဖွားခြင်းအဆင့်ကို ဖြတ်ကျော်ရန် ခက်ခဲသောသူ အနည်းငယ်မျှသာ ရှိမည်ကိုပင် စိုးရွံ့မိလေသည်။
လီဟမ်ရှန်းသည် ရွှယ်ချမ်းပိုင်အား ကျေးဇူးတင်ရန် အခွင့်တစ်ခု ရှာဖွေသင့်သည်ဟု ထင်သည်။
"ရှုခွေ...မင်းအလုပ်မင်းသွားလုပ်တော့....ငါဟမ်ရှန်းနဲ့ စကားစမြည်ပြောချင်တယ်။" ရှမူဟိုင်က ရှုခွေကိုပြောသည်။
"ဟုတ်ကဲ့။" ရှုခွေက ခေါင်းညိတ်ပြီး ထွက်သွားလေ၏။
"လမ်းလျှောက်ကြရအောင်။" ရှမူဟိုင်သည် လီဟမ်ရှန်းကိုကြည့်လိုက်သည်။
"ဟုတ်ကဲ့ပါ...." ထို့နောက် နှစ်ဦးသား ချင်ကျူုးတောင်ပေါ်တွင် လမ်းလျှောက်ခဲ့ကြလေ၏။ ရာသီဥတုက တဖြေးဖြေး အေးလာပြီး ကြွေကျလာသည့် သစ်ရွက်ခြောက်များက မြေခကာ စုပုံလျက်ရှိပေသည်။
"သားရဲစုဆောင်းခြင်းမှာ မင်းလက်စွမ်းပြခဲ့တယ်လို့ ငါပြန်လာတုန်းက ကြားမိတယ်။" နှစ်ယောက်သား အေးအေးဆေးဆေး လမ်းလျှောက်ကြသည်။
ရှမူဟိုင်သည် သူ့ဘေးနားရှိ တပည့်ကို နှစ်သိမ့်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။
"ဒီတိုင်းပါပဲဗျာ...." လီဟမ်ရှန်းသည် ကို့ရိုးကားယားနိုင်စွာ ပြုံးလိုက်လေ၏။ အနည်းငယ်စိတ်ကြီးဝင်မိသော်လည်း နှိမ့်ချတတ်သည့်သဘောထားကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။
"မင်း ဆယ့်သုံးကျွန်းမြောက်ကို ရောက်အောင် လုပ်နိုင်ခဲ့တယ်။ ငါသာ မမှားရင် 'နှလုံးသားလှံတိုက်ကွက်"ဆိုတဲ့ အဆင့်ကို နားလည်ခဲ့သင့်တာမဟုတ်လား။" ရှမူဟိုင်က မေးသည်။
"ဟုတ်ပါတယ်။" လီဟမ်ရှန်းက ပြန်ဖြေ၏။
"ကျွန်တော် အဲဒါကို အပြည့်အ၀ နားမလည်ပေမယ့် ကျွန်တော်ကတော့ အဲဒါကို လက်ရည်စမ်းနိုင်နေပါပြီ။ ပြီးပြည့်စုံအောင်လုပ်ဖို့တော့ လိုပါသေးတယ်။"
လီဟမ်ရှန်းသည် ထိုတိုက်ကွက်ကို အမှန်တကယ် နားလည်ခဲ့ကြောင်း ဝန်ခံကြားသိရသော်လည်း ရှမူဟိုင်သည် သူ့၏ ယခင်သုံးသပ်ချက်များကြောင့် ရင်တမမ ဖြစ်နေမိသည်။
အဘယ်ကြောင့်ဆိုသော် လီဟမ်ရှန်း ထိုတိုက်ကွက်ကို နားလည်စဉ်က တက်လှမ်းခြင်းအဆင့်တွင် ရှိသေးသောကြောင့်သာ ဖြစ်သည်။ တက်လှမ်းခြင်းအဆင့်၌ပင် နှလုံးသားလှံတိုက်ကွက်ကို သူနားလည်သဘောပေါက်နိုင်သည့်အချက်အရ လီဟမ်ရှန်း၏နားလည်နိုင်စွမ်းသည် မည်မျှခိုင်မာကြောင်းပြသခဲ့သည်။
ထိုသို့သော ပါရမီရှင်သည် တစ်သန်းတွင် တစ်ဦးသာရှိပေ၏။ လီဟမ်ရှန်းသည် အနာဂတ်တွင် မူလအဆင်သို့ ဖြတ်ကျော်နိုင်ခဲ့ပါက သူ၏ အောင်မြင်မှုများသည် အကန့်အသတ်မရှိ ဖြစ်လာမည်ဖြစ်သည်။
ထိုအချိန်တွင် ရှမူဟိုင်သည် လီဟမ်ရှန်းအား ပျော်ရွှင်ဝမ်းမြောက်မှုများရော နောင်တများနှင့်ပါ ရောပြွမ်းလျက် ကြည့်နေမိသည်။ လီဟမ်ရှန်း၏ နားလည်နိုင်စွမ်းမှာ မြင့်မားပြီး အထင်ကြီးလောက်ဖွယ်ဖြစ်သောကြောင့် သူအံ့အားသင့်မိသည်။ သို့သော် သူ၏အရိုးအမြစ်မှာ အလွန်ညံ့ဖျင်းပြီး ကျင့်ကြံမှုအမြန်နှုန်းသည် အခြားသူများထက် အဆများစွာ နှေးကွေးသည့်အတွက် သနားစရာဖြစ်ပေ၏။
လီဟမ်ရှန်းအနေဖြင့် အရင်းအမြစ်များကို စုဆောင်းထားသည့် ကြီးမားသော ကျောထောက်နောက်ခံရှိနေလျှင်ပင် ၎င်းသည် သာမန်လူများထက် သိပ်ပိုမမြန်နိုင်ပေ။
ထို့ကြောင့် လီဟမ်ရှန်းအတွက် မူလအဆင့်သို့ ဖြတ်ကျော်ရန်မှာ ကောင်းကင်ဘုံသို့တက်လှမ်းရသကဲ့သို့ ခက်ခဲပေ၏။ မဟာသိုင်းဂိုဏ်းအဆင့်သို့ရောက်အောင် ကျင့်ကြံနေသော သာမန်လူထက်ပင် ပိုခက်ခဲသည်။
"မင်းရဲ့စီနီယာအစ်ကိုအပြင် ငါ့တပည့်တွေထဲမှာ မင်းက ငါ့ကို ခေါင်းသိပ်မကိုက်စေတဲ့ လူပဲ" ရှမူဟိုင်သည် လီဟမ်ရှန်း၏ ပခုံးကို ပုတ်လိုက်သည်။
ထို့နောက် သူသည် လီချန်ချင်းပေးထားသည့် သေတ္တာကို ထုတ်၍ လီဟမ်ရှန်းအား ပေးလိုက်သည်။
"မင်း ပြန်လည်မွေးဖွားခြင်းအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုဖို့ မင်းကို ရတနာတစ်ခု ပေးမယ်။"
ရှမူဟိုင်မှာ တွန့်တိုပြီး ချေးငှားထားသည့် လက်ဆောင်ကို ပေးချင်သည်မဟုတ်ပေ။ အဓိကအကြောင်းအရင်းမှာ ထျန်ဟိုင်းမြို့ခရီးစဉ်က သူ့စုဆောင်းငွေ အကုန်နီးပါးကုန်သွားပြီး လီဟမ်ရှန်းအတွက် လက်ဆောင်ဝယ်ဖို့ သူ့မှာ ပိုက်ဆံမကျန်တော့ချေေ
"ကျေးဇူးတင်ပါတယ် ဆရာ..." လီဟမ်ရှန်းသည် သေတ္တာကိုယူ၍ ၎င်း၏အလေးချိန်ကို ခံစားမိပြီး သိလိုစိတ်ဖြစ်မိသည်။ “ဆရာ...အထဲမှာ ဘယ်ရတနာပါတာလဲ။"
"အဲ့ဒီမှာ..." ရှမူဟိုင် ပြောမည့်ဟန်ပြင်နေစဉ်မှာပဲ သေတ္တာအား ဖွင့်မကြည့်ထားမိသည်ကို သတိရလိုက်သည်။
"ဖွင့်ကြည့်လိုက်ရင် သိရမှာပေါ့ကွာ...အခုပြောပြလိုက်ရင် ဘယ်လိုလုပ် အံ့ဩစရာဖြစ်တော့မလဲ။"
"ဟုတ်ကဲ့။" လီဟမ်ရှန်းလည်း အလျင်လိုမနေဘဲ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"တစ္ဆေနတ်ဆိုးစမ်းသပ်မှုအတွက် စာရင်းက ထွက်မလာသေးပေမယ့် မင်းက အခု ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်ပြီဆိုတော့ ရွေးချယ်ခံရမှာ သေချာပါတယ်။ အဲဒီအချိန်မှာ မင်း ကြိုးကြိုးစားစားနဲ့ မင်းအသက်ကို ကာကွယ်ရမယ်ဆိုတာ နားလည်လား။"
"တစ္ဆေနတ်ဆိုးစမ်းသပ်ခြင်းက ထျန်ဟိုင်းမြို့တော်က ကောင်းမှုရမှတ်တွေ ရရှိဖို့ အကောင်းဆုံးအခွင့်အရေးပဲ။ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ထား။ အနာဂတ်မှာ မင်းကို လမ်းလွှဲအများကြီးကနေ ကာကွယ်ပေးလိမ့်မယ်။" ရှမူဟိုင်က လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ...ဆရာ့ရဲ့သွန်သင်ဆုံးမမှုကို နာခံပါ့မယ်။" လီဟမ်ရှန်းက စိတ်အားထက်သန်စွာပြောလေ၏။
"ကောင်းပြီ မင်းလည်း ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်ပြီဆိုတော့ ကျင့်စဉ်တွေကို သေချာကျစ်လျစ်ခိုင်မာအောင် လုပ်သင့်တယ်။ မင်း များများလေ့ကျင့်လေ စမ်းသပ်မှုမှာ မင်းအသက်ကို ပိုကာကွယ်နိုင်လေပဲ။"
ရှမူဟိုင်က လီဟမ်ရှန်းကို သေတ္တာကို ပေးပြီးနောက် သူ့ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်သည်။
ရှမူဟိုင် ထွက်သွားပြီးနောက် လီဟမ်ရှန်းသည် သေတ္တာကို ခြံထဲသို့ပြန်ယူကာ စာဖတ်ခန်းသို့ ပြန်သွားပြီး သေတ္တာထဲတွင် ပါသည့်ရတနာများကို ကြည့်ရှုရန် စီစဉ်ခဲ့သည်။
သို့သော် သူလေ့လာဆောင်ကို မရောက်ခင်မှာပဲ ရှုခွေက အလောတကြီးပြောလေ၏။ "သခင်လေး....အထုပ်တစ်ခုရောက်နေပါတယ်။ ချန်ထင်မြို့ကနေ ပို့လိုက်တာ။"
"ကောင်းပြီ။" လီဟမ်ရှန်းသည် ယခင်က သူ့မိသားစုထံ စာနှစ်စောင်ရေးခဲ့သေးသော်လည်း လီချန်ချင်းက တစ်ခါမျှ ပြန်မဖြေခဲ့သဖြင့် အံ့အားသင့်မိသည်။ ယခု စာတစ်စောင်ရောက်လာသောအခါ လီဟမ်ရှန်းသည် ၎င်းတွင် ရေးထားသည်များကို ဦးစွာကြည့်ချင်သည်။
စာဖတ်ခန်းကိုပြန်ရောက်သည့်အခါ တံခါးကိုပိတ်ပြီး အထုပ်ကိုဖွင့်လိုက်လေ၏။ စာတစ်စောင်အပြင် အထုပ်ထဲတွင် ပုလင်းငယ်တစ်ခုလည်း ရှိသေးသည်။
စာအိတ်ကိုဖွင့်လိုက်သည်နှင့် ပိုက်ဆံများထွက်ကျလာလေ၏။လီချန်ချင်းမှာ စာတိုင်းနှင့် ငွေပို့ခြင်းကို လီဟမ်ရှန်း ကျင့်သားရလာပြီဖြစ်သည်။သူ့အတွက် အထူးတလည်ငွေပြတ်လတ်ခြင်းလည်း မရှိချေ။ လီဟမ်ရှန်းသည် စာကိုထုတ်ကာ လှုပ်ယမ်းလိုက်ပြီး လီချန်ချင်း၏ လေးလေးနက်နက် စတင်ဖတ်လေ၏။
ချစ်သားလေး...မင်းပြန်လည်မွေးဖွားခြင်းအဆင့်ကို ကျော်ဖြတ်တော့မယ်ဆိုတာ သိလိုက်ရတော့ အရမ်းစိတ်သက်သာရာရပြီး ဂုဏ်ယူမိပါတယ်။
ငါတို့မိသားစုဟာ ပြန်လည်မွေးဖွားခြင်းအဆင့် စွမ်းအားရှင်တစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီ။ ဒါက မင်းရဲ့အဆုံးသတ်မဟုတ်သေးမှန်း အဖေသိပါတယ်။ မင်းဟာ အင်မော်တယ်အဆင့်ထိ ကျင့်ကြံနိုင်ဖို့ အလားအလာရှိပြီး အနာဂတ်မှာ မင်း ဒီထက်ပိုပြီး တိုးတက်လာမယ်ဆိုတာ သေချာတယ်။ မူလအဆင့်ကို တက်လှမ်းဖို့အတွက် လက်တစ်ကမ်းပဲ လိုတော့တယ်။ အဲဒီအချိန်ရောက်ရင် ငါ့သားဟာ အထူးအဆင့် စွမ်းအားရှင်တစ်ယောက်လို့ လူတိုင်းကို ဂုဏ်ယူစွာပြောမယ်။ ဒီအကြောင်းတွေးတိုင်း အဖေပြုံးမိတယ်။ အဲ့နေ့ဟာ မကြာခင် ရောက်ရှိလာတော့မယ်လို့ မျှော်လင့်နေမိပါတယ်။
ဒါ့အပြင်မင်းဟာ အဖေတို့ လီမိသားစု၏ ဘိုးဘေးတွေရဲ့ မျှော်မှန်းချက်အတိုင်း ရှင်သန်နေထိုင်ခဲ့တဲ့အပြင် အရမ်းထူးချွန်ခဲ့တယ်။ ငယ်ငယ်ကတည်း က ပန်းချီပညာမှာ ထက်မြက်ပြီး ပန်းချီသူတော်စင်တစ်ယောက်ဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့တယ်။ ဒါပေမယ့် ခါးသီးတဲ့လက်တွေ့တရားက အဖေ့ပါးကို ရိုက်ခဲ့ပြီးတော့ တစုံတယောက်က သူနဲ့ မထိုက်တန်တဲ့အရာကို ဘယ်လောက်ပဲ အားထုတ်ထုတ် မရရှိနိုင်ဘူးဆိုတာကို အဖေသိလာခဲ့ရတယ် ငါ့သား။
ဒီဘဝမှာ ပန်းချီသူတော်စင်ဖြစ်မလာမှာကို အဖေ စိုးရွံ့ခဲ့ဖူးတယ်။ ဘိုးဘေးတွေရဲ့ မျှော်မှန်းချက်တွေကို စွန့်လွှတ်လိုက်ရတယ်လို့ စိတ်ပျက်လက်ပျက် ခံစားခဲ့ရဖူးတယ်။ အဖေသေရင်တောင် မျက်လုံးတွေမှိတ်ထားနိုင်မှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့်လည်း....ဟမ်ရှန်း...မင်းရဲ့အောင်မြင်မှုတွေက အဖေ့ကို မျှော်လင့်ချက်ရောင်ခြည် တဖျပ်ဖျပ် ပေးစွမ်းခဲ့တယ်။
အနာဂတ်မှာ အဖေသေခဲ့ရင်တောင် ဘိုးဘေးတွေနဲ့တွေ့ခွင့်ရရင် အရမ်းဂုဏ်ယူနေမိတော့မှာ။ လီချန်ချင်းရဲ့သားဟာ လီမိသားစုထဲမှာ အတော်ဆုံးလို့ သူတို့ကို မြင်စေချင်တယ်။
ဒါပေမယ့် မင်းရဲ့စာရဲ့ ဒုတိယတစ်ဝက်ကို ဖတ်ပြီး မင်းရဲ့အဆင့်ကျော်ဖြတ်ခြင်းအတွက် အခက်အခဲတွေ့နေတယ်လို့ ပြောတော့ အဖေ စိတ်ပူပြီး အိပ်မပျော်ခဲ့ဘူး။ ယန်မိသားစုအကြီးအကဲနဲ့ အခြားသူတွေကို အဆင့်၅ဆေးလုံးအကြောင်း လိုက်မေးခဲ့ပေမယ့် စုံစမ်းလေလေ ပိုစိတ်ပျက်ရလေလေ ဖြစ်ခဲ့တယ်။
အဆင့်၅ဆေးလုံးဟာ တကယ်ကို ရှားပါးပစ္စည်းတစ်ခုဆိုတာ သိလိုက်ရတယ်။ အဖေတို့ ချန်ထင်မြို့မှာတင်မဟုတ်ဘူး မင်ဟုန်ခရိုင်တစ်ခုလုံးမှာရော အဲ့လို အဆင့်မြင့်ဆေးလုံးမျိုး မရှိဘူး။ ရှိရင်တောင် ဒီလို အရည်အသွေးမြင့် ဆေးလုံးက အဖေ့လို သာမန်လူတွေ တတ်နိုင်တဲ့အရာ မဟုတ်ပါဘူး။ ဒီအချိန်မှာ စိတ်ထဲမှာ နည်းနည်းလေး ကြေကွဲသွားသလို ခံစားခဲ့ရတယ်။
မင်းရဲ့အခက်အခဲတွေကို တွေးကြည့်ပြီးတော့လည်း အရမ်းပဲ အပြစ်ရှိသလို ခံစားရတယ်။ အဆင့်ငါးဆေးလုံးကို ရှာနေတာကြောင့် မင်းဆီ စာရေးဖို့ အချိန်မရှိနေတာပါ။"ရိုးသားမှုက တောင်တွေကိုတောင် ရွှေ့နိုင်တယ်" ဆိုတဲ့ စကားကို အမြဲယုံတယ်။
ဒါကြောင့် တောင်ပိုင်းပြည်နယ်မြို့တော်ကို သွားပြီး လုကျင်းမြို့တော်ကိုသွားခဲ့ပေမယ့် ဘာမှမတွေ့ခဲ့ဘူး။ နောက်တော့ အဖေ ကျူန်းကျူကိုသွားခဲ့တယ်။ သဲလွန်စမရခဲ့ဘူး။ မရတဲ့အဆုံး အဖေ့ရဲ့ မာနတွေကို မျိုသိပ်ရင်း ချန်ချန်းကုန်သွယ်ရေးကုမ္ပဏီနဲ့ စီးပွားရေးအဆက်အသွယ်ရှိတဲ့ မဟာယွမ်မင်းဆက်က ကုန်သည်တွေကို ရှာဖွေဖို့ အကူအညီတောင်းခဲ့တယ်။
ဒါပေမယ့် ရှာမတွေ့သေးဘူး။ အဆင့်ငါးဆေးလုံးက ရှာရခက်တယ်။အဆုံးမှာတော့ ဒီအဆင့်၂ အဆင့်ကျော်ဖြတ်ခြင်းဆေးလုံးကိုပဲ ရှာတွေ့ခဲ့တယ်။
ဒါက အသုံးမဝင်ဘူးဆိုတာ အဖေသိပါတယ်။ အဆင့်၂ နဲ့ အဆင့်၅ကြားက ခြားနားချက်က ကိန်းဂဏန်းတစ်ခုတင်မဟုတ်ဘဲ တစ်ကမ္ဘာစာလောက် ကွာခြားတယ်ဆိုတာ အဖေသိပါတယ်။
ဒါပေမယ့် မင်းအဖေ့ကို အပြစ်မတင်ဖို့ မျှော်လင့်မိပါတယ် သားရယ်။ ဒီဆေးက အခုလောလောဆယ် ရှာတွေ့နိုင်တဲ့ အကောင်းဆုံးဆေးပါ။ အဖေက အရည်အချင်းမရှိတဲ့ အဖေပါ။ အခုဆို ယန်မိသားစုထဲဝင်ပြီး ယန်မိသားစုရဲ့ ကျွန်တစ်ယောက်ဖြစ်နေပါပြီ။
အဖေ ပိုက်ဆံလည်း နည်းနည်း ရနေပါပြီ။ မင်းအတွက် ဖြည်းဖြည်းချင်း ဖြည့်ဆည်းပေးပါ့မယ်။ နှစ်ပေါင်းများစွာ လျစ်လျူရှုခံရမှုတွေနဲ့ မင်းရဲ့စိတ်နှလုံးထဲမှာ အရည်အချင်းရှိတဲ့ ဖခင်တစ်ယောက်ဖြစ်လာပြီလို့ အဖေထင်ခဲ့ပေမယ့် မင်းတကယ် အခက်အခဲတွေနဲ့ ကြုံလာတဲ့အခါ အဖေက အသုံးမကျဖြစ်နေသေးလို့ မင်းရဲ့စိုးရိမ်ပူပန်မှုတွေက မျှဝေယူမပေးနိုင်ဘူးဖြစ်နေတယ်။
ဟမ်ရှန်း....အဖေမင်းကို တောင်းပန်စကားပြောချင်ပါတယ်။ လောလောဆယ်မှာ နည်းလမ်းမရှိပေမယ့်လည်း ကြိုးစားပြီး ဆက်လက်ရှာဖွေသွားမှာပါ။ အရှေ့ဘက်ဆိတ်ငြိမ်းခြင်းမြေ ဆေးဘုရင်တောင်ကြားမှာ တစ်ခုရှိတယ်လို့ ကြားတယ်။ သူတို့က ဆေးဝါးသန့်စင်ရာတွင် ကျွမ်းကျင်ကြတယ်လေ။ သူတို့မှာ ဒီလိုဆေးမျိုး ရှိကောင်းရှိနိုင်မယ်။ အဖေပိုက်ဆံနည်းနည်းစုပြီးရင် မင်းအတွက်ဆေးလုံးရှာဖို့ ဆေးဘုရင်တောင်ကြားကိုသွားမယ်။
မင်းကတော့ မင်းရဲ့ အိပ်မက်တွေနောက်ကိုသာ လိုက်နေပါ။ အဖေဟာ မင်းအတွက် အခိုင်မာဆုံး ကျောထောက်နောက်ခံ မဟုတ်ပေမယ့် မင်းအတွက် အခိုင်မာဆုံး အကာအကွယ် ဖြစ်ပေးပါမယ်။
ငါ့သား....သတ္တိရှိရှိ ရှေ့ဆက်ပါ။ ထိုစာကိုဖတ်ရင်း လီဟမ်ရှန်း၏ မျက်လုံးထဲတွင် မျက်ရည်များ စို့နင့်နေပြီဖြစ်သည်။
"အဖေက ငါ့အတွက် ဆေးပြားကို ရှာဖို့ လိုက်ရှာနေရတဲ့အတွက် ငါ့စာနှစ်စောင်ကို စာမပြန်တာဘဲ..."လီဟမ်ရှန်းသည် စာကိုကြည့်ရင်း လည်ချောင်းထဲ၌ တစ်ခုခုတစ်ဆို့နေသလို ခံစားရသည်။
အဆင့်ငါးဆေးလုံးရဖို့ မည်မျှခက်ခဲသည်ကို လီဟမ်ရှန်း သိပေ၏။ မင်ဟုန်ခရိုင်တစ်ခုလုံးတွင်ပင် အဆင့်ငါးဆေးလုံးကို ရရှိဖို့ မဖြစ်နိုင်ဟု ကျိုးကျွင်းပြောဖူးသည်။
လီဟမ်ရှန်း ယခင်စာ၏ရည်ရွယ်ချက်မှာ အဆင့်ငါးဆေးလုံးရရှိပုံကို ကြည့်ပြီး ဖခင်ဖြစ်သူ တစ်ခုခု မူမမှန်ဖြစ်နေသည်လောဟု စီစစ်ရန်ဖြစ်သည်။
အဆုံးတွင် လီဟမ်ရှန်း အဆင့်ခြောက်ဆေးလုံးတစ်လုံး ရခဲ့သော်လည်း ၎င်းသည် ရှမူဟိုင်ဆီမှ မဟုတ်ဘဲ ရွှယ်ချမ်းပိုင်ထံမှဖြစ်သည်။
ဖြစ်စဉ်မှာ အနည်းငယ် ယုတ္တိမတန်သော်လည်း ရွှယ်ချမ်းပိုင်နှင့် သူ့အဖေ ဆက်စပ်မှုမရှိဟု ခံစားရသည်။
ထိုသို့သော အဆင့်ရှိသော တန်ခိုးရှင် ရွှယ်ချမ်းပိုင်သည် သူ့အဖေ လီချန်ချင်းနှင့် သိကျွမ်းနိုင်သည့် လူမျိုးမဟုတ်ပေ။ ဆေးလုံးကိစ္စသည် လီချန်ချင်းနှင့် ဘာမှမဆိုင်ပေ။
သို့သော် လီဟမ်ရှန်းသည် စာထဲက သူ၏ စမ်းသပ်မှုထောင်ချောက်က သူ့အဖေအတွက် များစွာ နစ်နာစေလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားပေ။
သူ့အဖေသည် လုကျင်းမြို့တော်၊ တောင်ပိုင်းမြို့တော်ပြည်နယ်နှင့် ကျန်းကျူထိပင် သွားခဲ့ပြီး ကုန်သွယ်ရေးကုမ္ပဏီ၏ ကုန်သည်များအား တောင်းဆိုဖို့ သူ့မာနကိုပင် မျိုချခဲ့ရပေသည်။ ထိုအရာများအားလုံးက လီဟမ်ရှန်း၏ သံသယအနည်းငယ်ကြောင့် ဖြစ်ပေ၏။
သူ့အဖေ သူ့အတွက် ဆေးလုံး လှည့်လည်ရှာရင်း ကတီးကယိုင်ဖြစ်နေမည့် ပုံကိုမြင်ယောင်လာပြီး လီဟမ်ရှန်းသည် သူ့လက်ကို မြှောက်လိုက်ပြီး သူ့ကိုယ်သူ ခပ်ပြင်းပြင်း နှစ်ကြိမ်ရိုက်လိုက်လေ၏။
လူသားမဆန်လိုက်တာ.....အဖေက သာမာန်လူတစ်ယောက်ပဲလေ။ ဘယ်လိုလုပ်လှည့်စားနိုင်မှာလဲ....။
သူ့အဖေသည် အရင်တုန်းက ကဏ္ဍပေါင်းစုံမှာ ကောင်းကောင်းမစွမ်းဆောင်နိုင်သော်လည်း သူ့အပေါ် အဖေဖြစ်သူထားသည့် ချစ်ခြင်းမေတ္တာ၏ အတိမ်အနက်ကို မကြာသေးခင်ကမှ ခံစားမိခဲ့လေသည်
ဒါက ငယ်ငယ်ကတည်းက တောင့်တခဲ့ရတဲ့ အရာမဟုတ်လား..။ လီဟမ်ရှန်းသည် ငယ်ငယ်ကတည်းက မိခင်ကို ဆုံးရှုံးခဲ့ရပြီး မိခင်၏မေတ္တာကို မခံစားခဲ့ရပေ။ သူသည် သူ့အဖေအပေါ် မျှော်လင့်ချက်အားလုံးကို ထားခဲ့သည်။
သို့သော် သူမျှော်လင့်ခဲ့မိသည့် ဖခင်ထံမှ ချစ်ခြင်းမေတ္တာတို့သည် ဗလာနတ္ထိဖြစ်နေခဲ့ပေ၏။ ငယ်စဉ်က လီဟမ်ရှန်း ညသန်းခေါင်မှာ ငိုပြီး အိပ်ရာက နိုးလာတိုင်း လီချန်ချင်းသည် သူ့ဘေးနားတွင် ရှိမနေဘဲ ပန်းချီခန်းထဲတွင်သာ အချိန်ကုန်ခဲ့ပြီး သူ့အပေါ် စိတ်မရှည်ဖြစ်ခဲ့သည်။
ထိုအချိန်က အခြားကလေးများကဲ့သို့ မိခင်မေတ္တာနဲ့ ဖခင်၏ ထွေးပွေ့မှုကို လီဟမ်ရှန်း လိုချင်မိခဲ့လေသည်။
အသက်ကြီးလာသည်နှင့်အမျှ အိမ်မှ ရှေးဟောင်းတာအိုတောင်တန်းမြေဆီသို့ထွက်လာကာ အထီးကျန်ဘဝဖြင့် နေထိုင်ခဲ့သည်။ သို့သော် သူ့နှလုံးသားထဲတွင် ဖခင်မေတ္တာကို တောင့်တနေသည့် မီးတောက်က ဘယ်သောအခါမှ မငြိမ်းနိုင်ခဲ့ပေ။
ယခုမူ ... သူ ငယ်စဉ်ကတည်းက တောင့်တခဲ့သော အရာများကို နောက်ဆုံးတွင် ရရှိခဲ့ပြီဖြစ်၏။ သို့သော် သူကိုယ်တိုင်သည် ဖခင်၏ ချစ်ခြင်းမေတ္တာများကို မြိန်ရှက်စွာ စားသုံးနေမိသည်။
သူ၏ ထပ်ခါတလဲလဲ သံသယများက သူ့အဖေပေးသော မေတ္တာပန်းကို ညှိုးနွမ်းစေခဲ့သည်။ လီဟမ်ရှန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာကာ စာကို ရေးချလိုက်သည်။
လီချန်ချင်း၏စာပါအကြောင်းအရာကို လုပ်ကြံဖန်တီးထားသော်လည်း လီချန်ချင်းသည် လီဟမ်ရှန်းအတွက် ဆေးပြားကိုရှာဖွေရန် အခက်အခဲများစွာကို အမှန်တကယ်ပင် ကြုံတွေ့ခဲ့ရသည်။
ဖခင်ဖြစ်သူသည် မြောက်ပိုင်းအေးခဲနိုင်ငံသို့ တစ်ယောက်တည်း ပျံသန်းသွားပြီး မြောက်ပိုင်းအေးခဲနိုင်ငံသို့ ဝင်ရောက်ကာ အထူးအဆင့်တစ်ဦးကို သတ်ပစ်ခဲ့ခြင်း၊ မှောင်ခိုဈေးကွက်တွင် မွှေနှောက်ခဲ့ခြင်း၊ မြောက်ပိုင်းအေးခဲနိုင်ငံ၏ ဗိုလ်ချုပ် ကျောက်ပိုင်မင်အား အနိုင်တိုက်နိုင်ခဲ့ခြင်းတို့ကို လီဟမ်ရှန်းသာ သိခဲ့လျှင် ပါးစပ်အဟောင်းသားဖြစ်မိပေမည်။
"ဟူး..." အသက်ပြင်းပြင်းရှူလိုက်သည်။ လီဟမ်ရှန်းသည် သူ့စိတ်ခံစားချက်များကို ငြိမ်သက်သွားစေပြီးနောက် မဆိုင်းမတွပင် ဘောပင်နှင့် စာရွက်ကို အမြန်ကောက်ယူလိုက်သည်။ လီဟမ်ရှန်းသည် လီချန်ချင်းထံ စာတစ်စောင်ရေးချင်ပြီး ပြန်လည်မွေးဖွားခြင်းအဆင့်ကို ကျော်ဖြတ်သွားနိုင်ပြီဖြစ်ကြောင်း ပြောပြချင်သည်။
ထို့အပြင် လီချန်ချင်းအား ဆေးဘုရင်တောင်ကြားသို့ သွားခွင့်မပြုနိုင်ပေ။ လီဟမ်ရှန်သည် ဆေးဘုရင်တောင်ကြားရှိရာ တည်နေရာကို အတိအကျသိသည်။ ခရီးမှာ ရှည်လျားပြီး သာမန်လူတစ်ယောက် ပေါ့ပေါ့ဆဆ သွား၍ရသည့် နေရာမျိုး မဟုတ်ချေ။ ထို့အပြင် လမ်းပေါ်တွင် ဓားပြများနှင့် ကြုံတွေ့ပါက အန္တရာယ်ရှိနိုင်သည်။
အဆင့်ငါးဆေးလုံးကို မဆိုထားနှင့် ဆေးဘုရင်တောင်ကြားသည် သာမန်လူတစ်ယောက် ဆေးအလွယ်တကူရနိုင်သော နေရာမဟုတ်ပေ။
လီဟမ်ရှန်းသည် စာကို ရိုးရိုးသားသားပင် အမြန်ရေးခဲ့သည်။ လီဟမ်းရှန်းမှာ ပြန်လည်မွေးဖွားခြင်းအဆင့်ကို ကျော်ဖြတ်သွားပြီဖြစ်၍ သူ့အတွက် စိတ်မပူရန် ရေးခဲ့သည်။
ပြဿနာက ဖြေရှင်းပြီးသားဖြစ်၏။ ထို့နောက် လီဟမ်ရှန်းသည် လီချန်ချင်းအား စမ်းသပ်မှုတွင် ပါဝင်ခွင့်ရခဲ့ပြီဟု ပြောကြားခဲ့သော်လည်း စမ်းသပ်မှုမှာ အန္တရာယ်ရှိနိုင်သည်ဟု ဖော်ပြထားခြင်းမရှိပေ။
စစ်ဆေးမှုက သိပ်အန္တရာယ်မရှိကြောင်းနှင့် ဂိုဏ်းအကြီးအကဲများနှင့် သွားရမည်ဖြစ်သောကြောင့် စိတ်ပူစရာ မလိုကြောင်းသာ ပြောထားသည်။
စာအဆုံးနားရောက်သောအခါ လီဟမ်ရှန်း၏ ကလောင်တံသည် တုန်ယင်နေပုံရသည်။ အချိန်အတော်ကြာ တွေးတောဆင်ခြင်ပြီးနောက် ကလောင်တံမှ မှင်ခြောက်သွားသည့်တိုင်အောင် လီဟမ်ရှန်း စာကြောင်းတစ်ကြောင်းကို ရေးသားခဲ့သည်။
ကျေးဇူးတင်ပါတယ် အဖေ။ သားအဖေ့ကို အရမ်းလွမ်းတယ်။ တောင်ပေါ်ကဆင်းပြီး အိမ်ပြန်ရောက်ရင် ဝိုင်ကောင်းကောင်းတစ်ဘူးကို ယူလာပြီး အဖေနဲ့ အတူသောက်ကြမယ်။
ကျွန်တော်အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့။
စာရေးပြီးသည်နှင့် လီဟမ်ရှန်းသည် နောက်ဆုံးစာကြောင်းကို ခဏလောက် ကြည့်ပြီး ရယ်မောလျက် ရှုခွေအား စာကိုပေးလိုက်လေ၏။
စာပို့ပြီးနောက် လီဟမ်ရှန်းသည် ပုလင်းငယ်ကို ကောက်ယူကာ ဖော့ဘူးကိုဖွင့်၍ဆေးလုံးကို သွန်ချလိုက်သည်။ သူ့လက်ဖဝါးရှိဆေးလုံးမှာ အစင်းနှစ်ကြောင်းပါသော အဆင့်ဖြတ်ကျော်ခြင်း အဆင့်၂ဆေးလုံး ဖြစ်လေသည်။
လီချန်းချင်းမှာ သူ့အတွက် ပြည်နယ်များစွာကို ဖြတ်သန်းသွားလာခဲ့ရမည်ဟု တွေးကာ ဤဆေးပြား၏ အရေးပါမှုကို ခံစားမိပြီး အမှတ်တရအဖြစ် တန်ဖိုးထားရန် လီဟမ်ရှန်း ဆုံးဖြတ်ခဲ့သည်။
ထိုအချိန်တွင် လီဟမ်ရှန်းသည် စားပွဲပေါ်ရှိ သေတ္တာကို တစ်ချက်ကြည့်လိုက်ပြီး သူမဖွင့်ရသေးသော နောက်ထပ်သေတ္တာတစ်ဘူးကို သတိရမိသွားသည်။
ထိုသေတ္တာထဲတွင် မည်သည့်ရတနာများ ပါမည်ကို တွေးနေမိသည်။ ဒါက နောက်ထပ် ပန်းချီရတနာများလား...။