← Chapters

အခန်း (၁၅၂)

Vol. 15 Ch. 152

အခန်း (၁၅၂)

Vol. 15 Ch. 152

ပြီးခဲ့သည့်အခေါက်က ပန်းချီရတနာသည် လီဟမ်ရှန်းကို အမှန်တကယ် အံ့အားသင့်စေခဲ့သည်။ ဝူတောက်ကျီဟုခေါ်သော လူသားဆန်လှသည့်ပန်းချီရတနာကို သူနားလည်ပြီးနောက်တွင် ရတနာများကို ထပ်မံမရှာခဲ့တော့ပေ။

လီဟမ်ရှန်းအနေဖြင့် ထိုရတနာ ပျောက်ဆုံးသွားခြင်း ဟုတ်မဟုတ် မသေချာသော်လည်း ထူးထူးခြားခြား ပျောက်ကွယ်သွားခဲ့လေသည်။ ဝူတောက်ကျီ၏ရုပ်သွင်သည် သူ၏စိတ်ဝိညာဉ်ထဲသို့ ပေါင်းစပ်သွားသကဲ့သို့ သူ့စိတ်ထဲတွင် ဆက်လက်တည်ရှိနေပေ၏။

ထို့ကြောင့် ယင်းတို့ကို သူနားလည်ပြီးနောက် ရတနာများ ပျောက်ကွယ်သွားတော့မည်ဟု သံသယဖြစ်မိသည်။ လီဟမ်ရှန်းသည် ထိုသို့သော မှော်ဆန်သည့်အရာကို မည်သို့ရှင်းပြရမည်ကို မသိပေ။ ပန်းချီရတနာများကို လီဟမ်ရှန်း၏နားလည်မှုသည် အပေါ်ယံသာရှိသေးပေ၏။ လီဟမ်ရှန်းမှာ တစ်ကြိမ်တစ်ခါသာ နားလည်ဖူးခဲ့ပြီး ပျောက်ကွယ်သွားသော ထိုပန်းချီရတနာများ အမှန်တကယ်ရှိမရှိကို သူမသိချေ။ သို့သော် ဤအရာအားသည် ပကတိစင်စစ် ရတနာပစ္စည်းများ ဖြစ်သည်ဟု လီဟမ်ရှန်း နားလည်ခဲ့သည်။

ထိုအတွးများဖြင့် လီဟမ်ရှန်းသည် သစ်သားသေတ္တာအဖုံးကို ဖွင့်လိုက်သည်။ သို့သော် သူ့မျက်စိရှေ့တွင်ပေါ်လာသည့်အရာက သူ့ကို လုံးဝအံ့အားသင့်သွားစေခဲ့ပေ၏။

သူမြင်နေရသည့်အရာကိုပင် လီဟမ်ရှန်း မယုံနိုင်ဖြစ်မိသည်။ ထွင်းထုသစ်သားမှာ ထွင်းထုသစ်သားတစ်ခုသာ ဖြစ်သော်လည်း ၎င်းတွင်ထွင်းထားသည့်အရာသည် လီဟမ်ရှန်းအား ထိတ်လန့်စေသည်။

ဤအရာကို ယခင်က တစ်ခါမှ မမြင်ဖူးသော်လည်း ရှေးစာအုပ်များတွင် မြင်တွေ့ခဲ့ဖူးပြီး သူ့မျက်စိရှေ့တွင်ရှိနေသော အရာနှင့် အတူတူပင် ဖြစ်သည်။

“ငါမမှားနိုင်ဘူး....." လီဟမ်ရှန်းသည် သေတ္တာထဲရှိ ထွင်းထုသစ်သားကို စိုက်ကြည့်နေမိသည်။ ယင်းသည် စိတ်ဝိညာဉ်သားရဲဖြစ်ပေ၏။ သို့သော် ယင်းအား စိတ်ဝိညာဉ်သားရဲဟု မခေါ်သင့်သေးပေ။ စာအုပ်များတွင် ရေးထားသည့်အတိုင်း အထွတ်အမြတ်သားရဲဟု ခေါ်ရပေမည်။

ယင်းသည် မီးတောက်အသွင် ရဲရဲတောက် အတောင်ပံကြီးများကို ဖြန့်ထားကာ ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်သည့် ဖီးနစ်ငှက်တစ်ကောင်ဖြစ်ပေ၏။ ဒဏ္ဍာရီများတွင် တည်ရှိခဲ့သော အထွတ်အမြတ်သားရဲ ဖြစ်ပေသည်။

ထိုသားရဲသည် နဂါးကဲ့သို့ပင် တွန်းလှန်ရန် ခက်ခဲပြီး ကမ္ဘာပေါ်၌ လှည့်လည်သွားလာခဲသည်။ ဤကမ္ဘာပေါ်ရှိ စာအုပ်များတွင်ပင် ဖီးနစ်ရုပ်ပုံမှာ ရှားပါးလှပေ၏။

လီဟမ်ရှန်းမှာ ယခုတစ်ကြိမ် သူ့ရှေ့တွင်ပေါ်လာသည့်အရာသည် ဤသို့သော ဖီးနစ်ငှက်ဖြစ်လိမ့်မည်ဟု မထင်ခဲ့ပေ။ ဒီပန်းချီရတနာကို ရေးဆွဲတဲ့သူက ဖီးနစ်အစစ်ကို မြင်ဖူးတဲ့သူများလား။

ရှမူဟိုင်က ဒီလောက်အဖိုးတန်တဲ့အရာကို ဘယ်ကများ ရခဲ့တာပါလိမ့်။ တကယ်ပဲ အဖိုးတန်တဲ့အရာကို ပေးခဲ့တာလား။

လီဟမ်ရှန်း နားမလည်နိုင်ဖြစ်မိသည်။ အမွေးတစ်ခုစီသည် အသက်သွေးကြောတစ်ခုနှင့်တူပြီး အပူလှိုင်းတစ်ခုက သူ့ဆီလာနေသကဲ့သို့ ခံစားရသည်။ ကြည့်လိုက်ရုံဖြင့်ပင် ဖီးနစ်ဟာ အချိန်မရွေး အသက်ပြန်ဝင်လာနိုင်သကဲ့သို့ လီဟမ်ရှန်း ခံစားမိပေသည်။

ထိုအချိန်တွင် လီဟမ်ရှန်းသည် ဖီးနစ်မျက်လုံးများအတွင်း ရွှေရောင်အလင်းတန်းတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်သည်။

"ဟမ်...." လီဟမ်ရှန်းသည် အနီးကပ် စိုက်ကြည့်လိုက်လေ၏။ သို့သော် ဤအခိုက်အတန့်တွင် ဖီးနစ်ငှက်ငိုသံက လီဟမ်ရှန်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာလေ၏။

လီဟမ်ရှန်း၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး ရုတ်တရက် ခေါင်းကိုက်လာသည်။ တစ်ကမ္ဘာလုံးပြိုကျတော့မည့်အတိုင်း ခံစားရပြီး သူ့ခန္ဓာကိုယ်မှာ အလေးချိန်မဲ့လာကာ မဟူရာချောက်နက်ကြီးထဲသို့ တလဆတ် ပြုတ်ကျနေသလို ခံစားရပေ၏။

သူ့ပတ်ဝန်းကျင်က ကောင်းကင်နဲ့ မြေကြီးမှာ ကွဲအက်လာပြီး သွေးနီရောင် မီးတောက်ပင်လယ်ကြီးကြောင့် လောင်ကျွမ်းနေလေသည်။ မီးတောက်များသည် ကောင်းကင်နှင့် မြေကြီးကိုပင် လင်းထိန်သွားစေပြီး အရာအားလုံးကို သွေးပင်လယ်အဖြစ် ပြောင်းလဲစေခဲ့သည်။

လီဟမ်ရှန်းသည် မီးတောက်များကြားတွင် ရှိနေပြီး အပူလှိုင်းများသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို အရည်ဖျော်ချရန်အတွက်ပင် လုံလောက်ပေသည်။ လီဟမ်ရှန်းမှာ ပြင်းထန်စွာ နာကျင်နေပြီး မီးတောက်များက သူ့အားမျိုချတော့မည့်အတိုင်း ခံစားရသည်။

သူ့ဝိညာဉ်ကိုပင် မီးတောက်များဖြင့် လောင်ကျွမ်းတိုက်စားနေပေ၏။ လီဟမ်ရှန်းသည် နေလအင်မော်တယ်ကိုယ်ထည်ကို အသက်သွင်းခဲ့ပြီး နေနှင့်လ၏ အလင်းရောင်က သူ့ကို ဖုံးအုပ်ထားသည်။ ထို့နောက် မီးတောက်ထဲ၌ ကမ္ဘာငယ်လေးတစ်ခု ကွဲသွားသကဲ့သို့ပင် သူနဲ့တူသည့် ရုပ်အသွင်တစ်ခုက နေနဲ့လမှာ ရောထွေးနေပ၏။ သူ့ရင်ဘတ်တွင်လည်း သွေးကြောများ ဆယ်ခုခန့် ပေါ်လာသည်။

လီဟမ်ရှန်းသည် သူ့မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်ပြီး သူ၏ နတ်စွမ်းအား ကိုယ်ထည်ဖြင့် မီးတောက်များကို တွန်းလှန်ရန် ကြိုးစားသည်။ သို့သော် ယခုအချိန်တွင် လီဟမ်ရှန်း

၏ နတ်စွမ်းအားကိုယ်ထည်သည် မည်မျှပင် အားကောင်းနေပါစေ မီးတောက်လောင်မှုကို မခံနိုင်ပေ။

မီးလှိုင်းလုံးများက အရှိန်ပြင်းပြင်းဖြင့် သူ့လမ်းကြောင်းမှာရှိသည့် အရာအားလုံးကို မျိုချလိုက်သည့်အခါ လီဟမ်ရှန်း၏ နေနှင့်လသည် မီးပင်လယ်ထဲမှာ နစ်မြုပ်သွားရလေသည်။ ပုံရိပ်ငယ်၏ သွေးမျိုးဆက်ကလည်း ပြယ်ပျက်လာကာ ဝမ်းနည်းပူဆွေးသော အော်ဟစ်သံနှင့်အတူ မီးတောက်အောက်တွင် ပျောက်ကွယ်သွားခဲ့လေသည်။ ယင်းနောက် အကန့်အသတ်မရှိသော သွေးနီရောင်တို့သည် လီဟမ်ရှန်း၏ ခန္ဓာကိုယ်ကို ချက်ချင်း ကွဲကြေသွားစေသည်။

လီဟမ်ရှန်းသည် ခဏတာမျှ ပြင်းထန်စွာ နာကျင်နေခဲ့ပြီး တစ်ချိန်တည်းမှာပင် ကြီးမားကျယ်ပြန့်သော သွေးရောင်မီးပင်လယ်ကြီးထဲ၌ ဖီးနစ်ကြီးတစ်ကောင် ဖြစ်ပေါ်လာလေ၏.

ဖီးနစ်ငှက်၏ ငိုသံက ကမ္ဘာကိုပင် တုန်လှုပ်စေသည်။ ဤကမ္ဘာကြီးတွင် ၎င်း၏လွှမ်းမိုးမှုကို ပြသနေသကဲ့သို့ပင် ဖြစ်လေ၏။

"အား...." လီဟမ်ရှန်းမှာ မီးပင်လယ်ထဲတွင် ရုန်းကန်နေရပေ၏။ လီဟမ်ရှန်းသည် အော်ဟစ်သံနှင့်အတူ စာကြည့်ခန်း၏ ကြမ်းပြင်မှ ထိုင်လျက်သားဖြစ်နေသည်ကို သိလိုက်ရသည်။

လီဟမ်ရှန်းသည် ချွေးများရွှဲရွှဲစိုနေသည့် သူ့ခန္ဓာကိုယ်ကို လက်ဖြင့်ထိကာ အသက်ရှင်နေသေးကြောင်း စမ်းစစ်ခဲ့လေသည်။ သူ့အသွေးအသားတို့သည်သာ ထိုနေရာသို့ ရောက်ရှိခဲ့သော်လည်း လီဟမ်ရှန်း၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေဆဲဖြစ်သည်။

လီဟမ်ရှန်းမှာ သူအဆင်ပြေပြေရှိနေသည်ကို မြင်လိုက်ရသောအခါ ကပ်ဆိုးဘေးကနေ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူကြုံတွေ့ခဲ့ရသည့်အရာမှာ လက်တွေ့ဆန်လှပေ၏။ လီဟမ်ရှန်းသည် ပြန်လည်ကောင်းမွန်လာဖို့ အချိန်အတော်ကြာယူခဲ့ရပြီး အိပ်မက်တစ်ခုသာဖြစ်ကြောင်းကို မယုံနိုင်လောက်အောင်ပင် ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားနေရဆဲဖြစ်သည်။

အပြင်မှာ မှောင်ရိပ်ပျိုးနေပြီဖြစ်ပြီး လီဟမ်ရှန်း ကြမ်းပြင်ပေါ်မှာ မည်မျှကြာကြာ သတိလက်လွတ်ထိုင်နေမိပြီး မည်သည်တို့ဖြစ်ခဲ့သည်ကို မသိတော့ပေ။

လီဟမ်ရှန်း ဖီးနစ်ရုပ်ကို ထရှာသောအခါ ဖီးနစ်မှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သေတ္တာမှာ ဗလာကျင်းနေပေ၏။

သူ၏ စာကြည့်ခန်းတွင်လည်း မည်သူမျှ မရှိပေ။ လီဟမ်ရှန်းသည် လေ့လာဆောင်ကို ရှာဖွေခဲ့သော်လည်း ဖီးနစ်၏ ခြေရာကိုပင် မတွေ့ခဲ့ရပေ။

ထိုအခါ လီဟမ်ရှန်းသည် ဤ ဖီးနစ်ငှက်သည် ဝူတောက်ကျီ၏ပုံသဏ္ဍာန်နှင့်အတူတူပင်ဖြစ်ပြီး နှစ်ခုလုံးပျောက်ကွယ်သွားကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဒါပေမယ့် ဖီးနစ်ငှက်က ဘယ်လိုသက်ရောက်မှုမျိုးတွေ ပေးနေတာလဲ။ ငါ့ရဲ့ နိမ့်ကျတဲ့ စိတ်ဝိဉာဉ်အရင်းအမြစ်နဲ့ ပါရမီကို ပြောင်းလဲပေးနိုင်တာများလား

လီဟမ်ရှန်း၏ မျက်လုံးများ တောက်ပလာသည်။ အဲ့ရတနာဟာ တကယ်ပဲ ဒီလိုမျိုး ကောင်းကင်ဘုံကို အံတုနိုင်တဲ့ အရာများလား။ ထို့ကြောင့် လီဟမ်ရှန်းသည် တင်ပျဉ်ခွေထိုင်ကာ သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များကို ပြန်လည်သန့်စင်ကြည့်၍ သူ၏ ကျင့်ကြံမှုအရှိန်မည်မျှ မြန်နေပြီလဲဆိုတာကို သိလိုခဲ့လေသည်။

သို့သော်လည်း နေ့တစ်ဝက်ကြာ ကျင့်ကြံပြီးနောက် လီဟမ်ရှန်း၏ အရှိန်သည် ယခင်အတိုင်းပင်ဖြစ်ပြီး သူက ယခုထက်ထိ အမှိုက်တစပင် ဖြစ်နေသေးသောကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။

ထိုအချိန်တွင် ချန်ထင်မြို့ရှိ ယန်မိသားစုအိမ်တော်၌ လီချန်ချင်းသည် တံခါးကိုတွန်းဖွင့်ကာ အဝေးမှကောင်းကင်ကို မျှော်ကြည့်နေပေ၏။

ထွင်းထုသစ်စသား ပျောက်ကွယ်သွားသည်နှင့်အမျှ လီချန်ချင်းသည် သူ့နှလုံးသားထဲတွင် တုံ့ပြန်မှုကို ခံစားလိုက်ရသည်။ ထိုအရာကို သန့်စင်နေသည်မှာ သူ့သားဖြစ်ပေ၏။ ဤသည်မှာ လီချန်ချင်းတယောက် များစွာ အားထုတ်ထွင်းထုထားသည့် ရတနာတစ်ခုဖြစ်သည်။

ဖီးနစ်ကို လီဟမ်ရှန်း သန့်စင်နေသည်ဟု ခံစားရသဖြင့် လီချန်ချင်းအနည်းငယ် စိတ်သက်သာရာရသွားသည်။

ထိုအချိန်တွင် ကောင်းကင်ယံ၌ ပုံရိပ်တစ်ခု ပျံဝဲလာသည်။ လီချန်ချင်းမော့ကြည့်လိုက်သောအခါ ယင်းသည် နှင်းလင်းယုန်ဖြစ်ပြီး ရွှယ်ချမ်းပိုင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ရွှယ်ချမ်းပိုင်သည် လီချန်ချင်းကို အမြင့်မှ ငုံ့ကြည့်ကာ မရပ်တန့်ဘဲ ချန်ထင်မြို့အစွန်ဘက်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားလေ၏။

"သူကဘာလို့ ဒီရောက်နေရတာလဲ။" လီချန်ချင်းရေရွတ်မိကာ ဓားကို ဆွဲထုတ်၍ လင်းယုန်ဝဲပျံသွားသော မြို့ပြင်သို့ ပြေးသွားလေသည်။

မြို့ပြင် ဆယ်မိုင်အကွာသို့ ပျံသန်းလာသောအခါ အဆောက်အအုံတစ်ခု၌ သူ့ကိုစောင့်နေသော ရွှယ်ချမ်းပိုင်ကို တွေ့လိုက်ရသည်။

"မင်းဘာလို့ရုတ်တရတ်ကြီး ရောက်ချလာတာလဲ။" လီချန်ချင်း မြေပြင်သို့ ဆင်းသက်လာပြီး အဆောက်အအုံတွင်းသို့ ဝင်သွားလေသည်။

"ချလောက်...." ရွှယ်ချမ်းပိုင်က သူ့ သိုလှောင်လက်စွပ်ကို စားပွဲပေါ်ပစ်ချလိုက်သည်။ "ဒါက ဘာကိုကိုယ်စားပြုတယ်ဆိုတာ မင်းသိလား။"

"ဘာကိုကိုယ်စားပြုတာလဲ။" လီချန်ချင်း အံ့အားသင့်သွားမိသည်။ "ဒါက မင်းဒီပုံစံကို မကြိုက်ဘူးလို့ ဆိုလိုတာလား။"

"မင်းရဲ့ သိုလှောင်လက်စွပ်မှာရှိတဲ့ နေရာက ကုဗသုံးဆယ်အပြည့်ပဲ။"

ရွှယ်ချမ်းပိုင်က အထူးလေးနက်သော အမူအရာဖြင့် ပြောသည်။

"အင်း..." လီချန်ချင်းသည် ရွှယ်ချမ်းပိုင်၏ လေးနက်သောအမူအရာကို ကြည့်ပြီး နားမလည်နိုင်ဖြစ်မိသည်။ "ငါ ပိုကြီးအောင် မလုပ်နိုင်သေးဘူး။ လောလောဆယ်တော့ ဒါလေးပဲ သုံးထားပါလား။"

"မင်းတကယ်နားမလည်ဘူးထင်တယ်။" ရွှယ်ချမ်းပိုင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး စန်းယွမ်နယ်မြေရှိ သိုလှောင်လက်စွပ်များအကြောင်း လီချန်ချင်းအား ရှင်းပြသည်။

ယင်းသည် လီချန်ချင်းအား အံ့အားသင့်မိစေ၏။ ပုံမှန်သိုလှောင်လက်စွပ်တွေက ကုဗဝက်ပဲ ရှိတာလား။ ပိုကြီးတဲ့ လက်စွပ်တွေတောင် ကုဗမီတာ အနည်းငယ်ပဲ ရှိတာတဲ့လား။

ဒါက ရှားပါး ရတနာ ဖြစ်နေတာလား။ ရွှယ်ချမ်းပိုင် ပိုပြောလေလေ ရွှယ်ချမ်းပိုင် သူ့ကိုရှာဖို့ အဘယ်ကြောင့် လာခဲ့သည်ကို ပိုနားလည်လာလေလေဖြစ်လေသည်။

လီချန်ချင်း၏ သိုလှောင်လက်စွပ်မှာ အမှန်ပင် ကြီးပေ၏။ ယင်းသည် သာမာန်လူတို့၏ နားလည်နိုင်မှုကိုပင် ကျော်လွန်နေပေသည်။ ယင်းကို မတော်မဆ ထုတ်ဖော်လိုက်မိပါက မိသားစုတစ်ခုလုံး ကပ်ဘေးကြုံရမည်ကို စိုးရိမ်မိပေသည်။

ယင်းသည် ထိုကဲ့သို့သော ရတနာတစ်ခုဖြစ်ပြီး ထိုသို့သော ပစ္စည်း အများအပြားရှိခြင်းသည် အထူးအဆင့်တစ်ဦးပင် ဟန့်တားနိုင်သည့် အရာမဟုတ်ချေ။ ထိုအခါ ထျန်ဟိုင်းမြို့တော်ကပင် ရန်စလာမည်ကို စိုးရွံ့မိသည်။

လီချန်ချင်းသည် အသက်ပြင်းပြင်းရှူရင်း ချိန်ကိုက်ဗုံးများကို ထုလုပ်နေသကဲ့သို့ ခံစားမိသည်။ ထိုအရာများကို ယခင်က ရောင်းဖို့ပင် လီချန်ချင်း စိတ်ကူးခဲမိသည်။

ထိုအရာများကို ရောင်းခြင်းသည် ကိုယ့်ဒုက္ခကိုယ်ရှာခြင်း မဟုတ်ပါလော။အသေးဆုံး ခုနစ်ကုဗခန့်ကိုပင် ရောင်း၍ မရပေ။

"ကျေးဇူးတင်ပါတယ်။" လီချန်ချင်းသည် ရွှယ်ချမ်းပိုင်အား ကျေးဇူးတင်စွာဖြင့် ကြည့်နေသည်။ အကယ်၍ ရွှယ်ချမ်းပိုင်သာ သူ့ကို အန္တရာယ်ပြုရန် အမှန်တကယ် စိတ်ကူးရှိပါက ယခုအချိန်သည် လီချန်ချင်းအတွက် သေကိန်းဖြစ်ပေ၏။

"စန်းယွမ်နယ်မြေမှာ ရှင်သန်ရတာက မင်းထင်သလောက် မရိုးရှင်းဘူး။" ရွှယ်ချမ်းပိုင်က အေးအေးဆေးဆေး ပြောလိုက်သည်။ လီချန်ချင်းက ခေါင်းညိတ်ပြလေ၏။ အမှန်ပင် သတိမထားမိလျှင် အလွယ်တကူ ဒုက္ခတွင်းထဲ ကျသွားနိုင်ပေသည်။

"မင်းက ကျန်းဟဲအိမ်တော်ရဲ့ အကြီးအကဲဖြစ်လာတယ်လို့ ငါကြားတယ်။" ထိုစဉ် ရွှယ်ချမ်းပိုင်က လီချန်ချင်းကို ကြည့်လိုက်သည်။ ရွှယ်ချမ်းပိုင်လည်း ထိုသတင်းကို ကြားတုန်းက အံ့အားသင့်မိသည်။ ချင်းလဲ့ဓားသခင်သည် ကျန်းဟဲအိမ်တော်၏အကြီးအကဲဖြစ်လာပြီး တပည့်များအား တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင်ပါဝင်ရန် ဦးဆောင်မည်ဖြစ်သည်။

ချင်းလဲ့ဓားသခင် မည်သူဖြစ်သည်ကို သိသော်လည်း လီချန်ချင်းနှင့် ကျန်းဟဲအိမ်တော်တို့ ရုတ်တရတ် ပတ်သတ်မှုဖြစ်လာရန် မမျှော်လင့်ခဲ့ပေ။

"ဒါက တိုက်ဆိုင်မှုပါ။ ဒီနည်းလမ်းနဲ့ ငါတစ္ဆေနတ်ဆိုးစမ်းသပ်မှုကို ပါဝင်နိုင်တယ်လေ။" လီချန်ချင်းက ပြုံးပြုံးလေးပြောလိုက်သည်။

"ကျန်းဟဲအိမ်တော်အကြောင်းကြားဖူးတယ်။ စီမာယန် ဒဏ်ရာရတဲ့အတွက် ထျန်ဟိုင်းမြို့တော်က စမ်းသပ်မှုပါ ပါဝင်ဖို့ သူတို့အရည်အချင်းတွေကို စစ်ဆေးဖို့ လာခဲ့တာ။ အဲ့အချိန် စီမာယန်က မင်းကို ရှာတွေ့သွားပြီး ကျန်းဟဲအိမ်တော်ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်စေချင်တယ်။

ပြီးတော့ သူတို့ရဲ့ တပည့်တွေရဲ့ စမ်းသပ်မှုမှာ ပါဝင်နိုင်ခွင့်ကို ကာကွယ်ပေးစေချင်တယ်။ အဲ့လိုမဟုတ်လား။ ဒီတစ်ခါ ထျန်ဟိုင်းမြို့တော်က ဘယ်သူလာတာလဲ။" ရွှယ်ချမ်းပိုင်က သိလိုစိတ်များဖြင့် မေးလိုက်သည်။ မည်သူလာခဲ့သည်ဟူသော သတင်းအတိအကျကို ရွှယ်ချမ်းပိုင် မရခဲ့ပေ။

အကြောင်းမှာ ထျန်ဟိုင်းမြို့မှ သတင်းအချက်အလတ်များကို လူအများက မပေါက်ကြားဝံ့ကြသောကြောင့် ဖြစ်သည်။

"လင်းချင်းရီ..." လီချန်ချင်းက ပြောည်။

"အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့လူပဲ...."

"သူလား...." ထိုနာမည်ကို ကြားသည်နှင့် ရွှယ်ချမ်းပိုင်၏ မျက်နှာမှာ လေးနက်လာသည်။"ဒီလူကို မင်းသတိထားရမယ်။ သူက ကြင်နာတတ်တဲ့လူမဟုတ်ဘူး။ စန်းယွမ်နယ်မြေသခင်ရဲ့ ယုံကြည်ရဆုံးသူတွေထဲက တစ်ယောက်အနေနဲ့ လင်းချင်းရီဟာ ဆက်ဆံရခက်တဲ့သူပဲ။"

"ဒီလူက ခန့်မှန်းလို့ မရသလို သူ့ရဲ့ ခွန်အားကိုလည်း မသိနိုင်ပါဘူး။ ငါ့ရဲ့ ခန့်မှန်းချက် မှန်ရင် သူက မဟာသိုင်းဂိုဏ်းအဆင့် ဖြစ်လိမ့်မယ်။" ရွှယ်ချမ်းပိုင်က ဖြည်းညှင်းစွာပြောသည်

"ဒီလူကို ငါတစ်ခါလောက်တွေ့ဖူးတယ်။ သူက ငါ့ကို အန္တရာယ်များတဲ့ ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်တယ်။ အနည်းဆုံးတော့ မင်းသူနဲ့ ထိပ်တိုက်ရင်ဆိုင်တာမျိုးတွေ မလုပ်သင့်ဘူး။"

"ငါနားလည်ပါတယ်။" လီချန်ချင်းကလည်း လေးလေးနက်နက် ခေါင်းညိတ်ပြပြီး ရွှယ်ချမ်းပိုင်၏ ဝေဖန်ပိုင်းခြားပြမှုကို ယုံကြည်သည်။

ရွှယ်ချမ်းပိုင်၏ အတွေ့အကြုံသည် သူ့ထက် များစွာ ပိုကြွယ်ဝသည်။ လင်းချင်းရီသည် အမှန်ပင် ခန့်မှန်း၍မရသော လူတစ်ယောက်ဖြစ်သည်။ လီချန်ချင်းသည် လင်းချင်းရီထွက်ခွာခါနီးတွင် ကြက်သားစားရန် လင်းချင်းရီအား ဖိတ်ခေါ်ခဲ့သေးကြောင်း ရွှယ်ချမ်းပိုင်သာသိပါက ဦးနှောက်မရှိသည့်လုပ်ရပ်အတွက် လီချန်ချင်းအား ကြိမ်းမောင်းပေလိမ့်မည်။

"ဒါပေမယ့် ထူးဆန်းတယ်။" ရွှယ်ချမ်းပိုင်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး အဆောက်အအုံအနားသို့ လျှောက်သွားကာ ကြယ်ရောင်စုံတောက်ပနေသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"စာရင်းစစ်ရုံအတွက်နဲ့ လင်းချင်းရီကို လွှတ်လိုက်တာတဲ့လား။ သူတို့ဘာလို့ လင်းချင်းရီကို လွှတ်တာများလဲ။ လင်းချင်းရီ အရှေ့ပိုင်း ဆိတ်ငြိမ်ခြင်းမြေကိုလာတာ အခြားအကြောင်းကြောင့်များလား။"

"ကျန်းကျူ ကြက်သားအမွှေးနုတ်ကို မြည်းစမ်းကြည့်ဖို့ လာခဲ့တာများလား။" လီချန်ချင်းက အံ့သြစွာပြောသည်။ ရွှယ်ချမ်းပိုင် - "မင်းကြည့်ရတာ ကြက်သားအမွှေးနုတ်သမားကျနေတာပဲကွာ။"

ထျန်ဟိုင်းမြို့တော်မှာ အဆုံးမဲ့အကျဉ်းထောင် ဖြစ်ပေ၏။

စန်းယွမ်နယ်မြေ၏ ကြီးလေးသော ရာဇ၀တ်ကောင်များကို ဤနေရာတွင် ချုပ်နှောင်ထားသည်။ မရေမတွက်နိုင်သောနှစ်များတစ်လျှောက်၊ စန်းယွမ်နယ်မြေအရှင်သခင်၏မရေမတွက်နိုင်သောမျိုးဆက်များတစ်လျှောက်၊ ဤနေရာတွင် ကြီးလေးသောရာဇ၀တ်ကောင်များ အရေအတွက်သည် မရေမတွက်နိုင်အောင်များပြားလာသည်။

အဆုံးမဲ့အကျဉ်းထောင်တွင် အဆင့်ခြောက်ဆင့်ရှိပြီး ဆဋ္ဌမအဆင့်မှာ သေမင်း အကျဉ်းထောင်ဖြစ်ပြီး အခြေခံအားဖြင့် ဆဋ္ဌမအဆင့်တွင် ဖိနှိပ်ခံထားရသူများသည် ဤဘဝတွင် မည်သည့်အခါမျှ ထွက်လာနိုင်တော့မည် မဟုတ်ပေ။

စန်းယွမ်နယ်မြေ မွေးဖွားလာစဉ်ကတည်းက ဤကဲ့သို့ ဖြစ်လေ၏။ အဆုံးမဲ့ထောင်၏ ဆဌမအဆင့်မှ တစ်စုံတစ်ယောက် ထွက်လာနိုင်သည်ဟူ၍ မကြားခဲ့ပေ။

ထိုအဆင့်မှာ အချိန်မရှိ၊ အလင်းရောင်မရှိ၊ လေလည်းမရှိ၊ အသံလည်း မရှိသကဲ့သို့ အဆုံးမရှိသောကမ္ဘာကြီး၌ သင့်ကိုယ်ပိုင်အသက်ရှုသံများကိုသာ ကြားနိုင်မည်ဖြစ်သည်။

မြေပြင်မှာလည်း အနက်ရောင်...သစ်တော်မှာလည်း အနက်ရောင်နှင့် အမှောင်ကမ္ဘာမှ လွှမ်းခြုံထားကာ လူများကို အဆုံးမဲ့သော ဖိနှိပ်မှု ခံစားချက်များကို ပေးစွမ်းလေ၏။

အမှောင်ထုသည် လမ်းကြောင်းအားလုံးကို ဝါးမြိုသွားသောကြောင့် ဤနေရာသည် အထူးကြောက်စရာကောင်းလှသည်။ ထိုစဉ် ထိုလောက၌ လေဟာနယ်တံခါးတစ်ခု ဖြည်းညှင်းစွာ ပွင့်လာည်။

တံခါးပေါက်မှ ထွက်လာသော အသွင်သည် သေးသွယ်ပြီး သူမ၏ မျက်နှာပေါ်တွင် ယုန်မျက်နှာဖုံး ဝတ်ဆင်ထားပြီး ချောမောလှပသော သူမ၏ ပုံသဏ္ဍာန်မှတဆင့် သူမသည် အမျိုးသမီးဖြစ်ကြောင်း ပြောနိုင်သည်။

သူမသည် ကြီးမားသော လသင်္ကေတကို ရေးဆွဲထားသည့် ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမရောက်လာသည်နှင့် အဆုံးမဲ့ငရဲ၏ ကောင်းကင်ယံ၌ သွေးလရောင်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို အုပ်မိုးထားလေ၏။ သူမ တဖြည်းဖြည်း ရွေ့လျားလာပြီး အနက်ရောင် တောအုပ်အနားကို ရောက်လာသည်။

"မင်းရောက်လာပြီပဲ။" တည်ငြိမ်သော အသံတစ်ခုနှင့်အတူ သံကြိုးများ ချည်နှောင်ထားသံများ ထွက်ပေါ်လာလေ၏။

တောတွင်းရှိ ထူးဆန်းသောသစ်ပင်တစ်ခုစီတွင် အလယ်ဗဟိုနှင့် ချိတ်ဆက်ထားသော သံကြိုးငယ်တစ်ခုစီရှိသည်။

ထိုသံကြိုးများမှာ ထူထဲပြီး စုတ်ပြတ်သတ်နေသော လူတစ်ယောက်ကို ချည်နှောင်ထားသည်။ သူ့ပုံသဏ္ဍာန်မှာ မသဲမကွဲဖြစ်နေသော်လည်း သူ့အသံကို ရှင်းရှင်းလင်းလင်းနဲ့ ကြားနေရဆဲ ဖြစ်ပေ၏။

"အစ်ကိုကို့ ခံစားရစေမိပြီ။" မျက်နှာဖုံးစွပ် အမျိုးသမီး၏ အသံသည် အနည်းငယ် ယိမ်းယိုင်သွားသည်။

"တကယ်တော့ မင်းငါ့ကို လာမတွေ့စေချင်ဘူး။" ထိုလူက ကူကယ်ရာမဲ့စွာ ပြောလေ၏။

"ဘာလို့လဲဆိုတော့ မင်းရောက်လာတာက သတင်းကောင်းမရှိတဲ့ အဓိပ္ပာယ်လို့ ပြောရမယ်။" မျက်နှာဖုံးစွပ်အမျိုးသမီးက ခဏလောက်စဉ်းစားလိုက်သည်။

"လင်းချင်းရီက အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေကို သွားပြီ။ ဒီကိစ္စ အစ်ကို့ကို အကြောင်းကြားဖို့ လိုအပ်မယ်ထင်လို့ပါ။"

ထိုသို့ ပြောပြီးသည်နှင့် သစ်တောသည် တိတ်ဆိတ်သွားလေ၏။

"ဘာအတွက်လဲ။" အသံမှာ အေးဆေးတည်ငြိမ်လှသည်။

"ကျန်းဟဲအိမ်တော်ရဲ့ တစ္ဆေနတ်ဆိုးစမ်းသပ်မှုအရည်အချင်းနဲ့ ပတ်သက်ပြီး စီစစ်ဖို့လို့ ပြောတယ်။" မျက်နှာဖုံးစွပ်အမျိုးသမီးက ပြန်ဖြေလေ၏။

"ဟမ်...တစ္ဆေနတ်ဆိုးစမ်းသပ်မှုအရည်အချင်းက လင်းချင်းရီကိုယ်တိုင် သွားရလောက်တဲ့အထိ အကြောင်းအရာခိုင်လုံမှုရှိလို့လား။။" ထိုလူက ရယ်သည်။ "ဒါဆို သူက ကျန်းခရိုင်ပြီးရင် မင်ဟုန်ခရိုင်ကို သွားတာလား။"

"ကျွန်မလည်း မသိပါဘူး။ ကျန်းစီရင်စုက ထွက်သွားပြီးနောက်ပိုင်း လင်းချင်းရီပျောက်သွားတယ်။ သူဘယ်သွားမှန်း ဘယ်သူမှ မသိသလို ထျန်ဟိုင်းမြို့ကိုလည်း ပြန်မလာသေးဘူး။" မျက်နှာဖုံးစွပ်အမျိုးသမီးက ခဏလောက်စဉ်းစားကာ ပြန်တုံ့ပြန်သည်။

"သူလီချန်ချင်းကို သွားရှာမှာကို အကိုစိတ်ပူနေတာ မဟုတ်လား။"

တောထဲကလူက မတုံ့ပြန်ပေ။

မျက်နှာဖုံးစွပ် အမျိုးသမီးသည် အသက်ပြင်းပြင်းရှူလိုက်သည်။

"အစ်ကို...အစ်ကို ရှုံးနိမ့်ပြီဆိုတာကို ဘာလို့ လက်မခံတာလဲ။"

"ရှုံးနိမ့်မှုကို လက်ခံရမယ်တဲ့လား။ အဲဒီ့အဖိုးကြီး ကျန်းထျန်ယွမ်အတွက်လား။ ဟားဟား..." သူ့ရယ်သံမှာ အထူးရယ်စရာကောင်းသည့် ကိစ္စတစ်ခုခုကို ကြားလိုက်ရသကဲ့သို့ပင် ကျယ်လောင်လာပေ၏။

အနည်းငယ် ကြောင်တောင်တောင်နိုင်သည်ဟုပင် ဆိုရပေမည်။

"လင်းချင်းရီ ထွက်သွားရင်တောင် လီချန်ချင်းဆီကို သူ့အနေနဲ့ ဘာမှ ခြေရာခံဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သဲလွန်စတွေ ရှာတွေ့ခဲ့ရင်တောင်မှ ဘာဖြစ်လဲ ငါ့အတွက် ရှုံးနိမ့်မှုကို ဝန်ခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။"

"ချင်းဝူ...ငါမကြာခဏပြောလေ့ရှိတဲ့ စကားတစ်ခွန်းကို နင် သတိရသင့်တယ်..."

သူပြောပြီးသည်နှင့် သစ်တောမှာ တဖန်ပြန်လည် တိတ်ဆိတ်သွားပြန်၏။

မျက်နှာဖုံးစွပ်အမျိုးသမီးက ဘာမှထပ်မပြောတော့ဘဲ အဆုံးမဲ့အကျဉ်းထောင်၏ ဆဌမအဆင့်ကနေ ထွက်ခွာသွားခဲ့လေသည်။ သူမ ပြောသမျှစကားတိုင်းမှာ အရာမရောက်ဖြစ်မည်ကို သူမသိသွားခဲ့လေပြီ။

အဘယ်ကြောင့်ဆိုသော် ထိုသူ ပြောလိုက်သည့်် နောက်ဆုံးစကားက သူမအား သတိပေးနေလေသည်။ ထောင်ထဲရှိလူသည် ယခင်အချိန်များတုန်းက သူမအား အမြဲလိုလို ပြောခဲ့ဖူးသော စကားတခွန်းရှိနေလေပေ၏။

"ငါရှုံးချင်ရှုံးလိမ့်မယ်။ ဒါပေမယ့် အရှုံးကို ဝန်မခံနိုင်ဘူး။ ကောင်းကင်ကြီးက ကျယ်ပြောပြီး လေးလံပေမယ့် ငါ့ကို ဦးညွတ်စေနိုင်မှာမဟုတ်ဘူး "

မျက်နှာဖုံးစွပ်အမျိုးသမီး ထွက်သွားသည်နှင့်အမျှ အဆုံးမဲ့အကျဉ်းထောင်၏ ဆဋ္ဌမအဆင့်သည် ထာဝရအမှောင်ထုအတွင်းသို့ တစ်ဖန် ထိုးဆင်းသွားကာ တောတွင်းရှိရုပ်သွင်သည်လည်း သူ့ဟာသူ တီးတိုး ရေရွတ်လိုက်တော့လေသည်။

"လီချန်ချင်း...မင်းဒါကို ကိုင်တွယ်နိုင်မှာလား။"

"ကျန်းထျန်ယွမ် မင်းက စန်းယွမ်နယ်မြေသခင်ဖြစ်နေတော့ကော ဘာအရေးလဲ။ မင်းက တိုက်ခိုက်ချင်နေမှတော့ ငါဆိုတဲ့ ယွဲ့ဟန်ကျွင်းကလည်း အဆုံးအထိအဖော်ပြုပေးရတာပေါ့ကွာ "

All Chapters