← Chapters

အချိန်က ရပ်နေဆဲ(က)

Vol. 55 Ch. 842

အချိန်က ရပ်နေဆဲ(က)

Vol. 55 Ch. 842

ခရမ်းသလင်းကျောက်က သူ၏ သွေးမျိုးစက်နှင့် ပေါင်းစပ်ပြီးနောက် ဖွဲ့စည်းလာသော သက်စောင့်မီးအိမ်ကို ရွှီချင်း လေ့လာပြီးနောက် ၎င်း၏ စွမ်းရည်က အချိန်နှင့် အမှန်တကယ် ဆက်စပ်နေကြောင်း ရှာတွေ့သွားသည်။ သို့သော်လည်း ယင်းက အပြည့်အဝ မမှန်ကန်ချေ။

ဥပမာ ထီးနက်သက်စောင့်မီးအိမ်၏ ရုပ်ပိုင်းဆိုင်ရာ ခုခံကာကွယ်ခြင်းစွမ်းရည်သည် ပျောက်ကွယ်မသွားပေ။ ယင်းက အသစ်ဖြစ်ပေါ်လာသော သက်စောင့်မီးအိမ်ထဲသို့ ပျော်ဝင်သွားခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် ထိုစွမ်းရည်က ကျန်ရှိနေဆဲ ဖြစ်သည်။

ထို့ပြင် ယင်းက ယခင်ထက် ပိုပြီးအားကောင်းလာသည်။

နေနာရီနှင့် အပြင်လောကကြားမှ အချိန်ကွာခြားမှုသည် (၁၄)နာရီ ဖြစ်သည်။

ထိုအချိန်ကွာခြားမှုထဲမှာ မည်သည့်လျှို့ဝှက်ချက်များ ရှိနေကြောင်းကိုတော့ ရွှီချင်း မသိပေ။ အချိန်အတော်ကြာ စူးစမ်းလေ့လာပြီးသည့်တိုင် အဖြေကို သူရှာမတွေ့ခဲ့ပေ။

၎င်းကို ပြောင်းပြန်လှည့်ပတ်ရန် ကြိုးစားခြင်းသည် ထိုသို့ရလဒ်သာ ဖြစ်ပေါ်လာခဲ့သည်။

၎င်းကို ရပ်တန့်ရန် ကြိုးစားခြင်းသည်လည်း တူညီသော ရလဒ်သာ ဖြစ်ပေါ်လာခဲ့သည်။

နေနာရီသည် သူ့ထံမှ ဖြစ်တည်လာခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သို့သော်လည်း ၎င်းက သူ့ဘာသာ လှည့်ပတ်နေသည်။

ရွှီချင်းက ဝိညာဉ်နတ်သူငယ်ကို အပြင်သို့ ခေါ်ထုတ်ရန် ထိန်းချုပ်ခဲ့သော်လည်း သက်စောင့်မီးလျှံသည် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ဆက်လက် ရွေ့လျားနေလေသည်။

နေနာရီ၏ ထွက်ပေါ်လာမှုသည် ခရမ်းသလင်းကျောက်ကို ပထမဆုံးအကြိမ် ရွှီချင်းရရှိခဲ့စဉ်ကနှင့် ဆင်တူ၏။

ယင်းက ဖြေရှင်းချက်တစ်ခုကို ရွှီချင်း ရှာမတွေ့ခင်အထိသာ ဖြစ်၏။

သူသည် အလင်းဘောလုံး၏ လှည့်ပတ်မှုကို မပြောင်းလဲနိုင်သလို နေနာရီ၏ လှည့်ပတ်မှုကိုလည်း မထိန်းချုပ်နိုင်ပေ။ သို့သော်လည်း သူသည် နေနာရီလက်တံကို ထိန်းချုပ်နိုင်သည်။

မည်သို့ဖြစ်ပါစေ နေနာရီလက်တံသည် သူ့သွေးမျိုးစက်၏ သိပ်သည်းမှုမှ ဖြစ်တည်လာခြင်း ဖြစ်သည်။

သူက နေနာရီလက်တံကို ဒိုင်ကွက်ပြားပေါ်မှ ထွက်သွားစေပြီး အပြင်သို့ ပျံသန်းစေနိုင်သည်။

သူကြိုးစားကြည့်စဉ်အတွင်း နေနာရီလက်တံက ဒိုင်ကွက်ပြားပေါ်မှ ထွက်ခွာသွားသည့်အခိုက် နေနာရီသည် ၎င်း၏ ဦးတည်ရာနှင့် ညွှန်ကြားမှုကို ဆုံးရှုံးသွားဟန် ရသည်။ ရွေ့လျားနေသော အလင်းဘောလုံးသည်လည်း ရပ်တန့်သွားသည်။

နောက်ဆက်တွဲအနေဖြင့် အချိန်နှင့်ဆက်စပ်သော မည်သည့်သဲလွန်စမှ မရှိတော့ပေ။ သက်စောင့်မီးလျှံက တစ်နည်းနည်းဖြင့် ဆက်လက် လင်းထိန်နေဆဲဖြစ်သော်လည်း ယင်းက ပုံရိပ်ယောင်ပမာ ဖောက်ထွင်းကြည်လင်သော အခြေအနေတစ်ခုမျှသာ ဖြစ်သည်။

အမှန်မှာ နေနာရီက ယိုယွင်းပျက်စီးတော့မည့် လက္ခဏာများကိုပင် ရေးတေးတေး ပြလာသည်။

ရွှီချင်းက နေနာရီလက်တံကို ဒိုင်ကွက်ပြားပေါ်သို့ ပြန်တင်လိုက်သည့်အခါမှ နေနာရီသည် ပြန်လည်ကောင်းမွန်လာသည်။ အလင်းဘောလုံးသည် ဆက်လက် ရွေ့လျားသွားပြီး နာရီလက်တံ၏ အရိပ်သည် ပုံမှန်ပြန်ဖြစ်သွားသည်။

အချိန်သည် နေနာရီလက်တံ အပြင်သို့ ထွက်သွားသည့်အခိုက်အတန့်မှစ၍ တဖန်ပြန်လည်ပတ်လာသည်။

သေချာသောရှုထောင့်မှ ကြည့်မည်ဆိုလျှင် နေနာရီလက်တံ ထွက်သွားချိန်နှင့် ပြန်ရောက်လာချိန်ကြားမှ အချိန်ကာလသည် ပျောက်ကွယ်သွားဟန် ရသည်။

“ ဒီလိုဆို အချိန်က ရပ်တန့်သွားတာလို့ ပြောနိုင်မလား ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်စဉ် အနက်ရောင်အလင်းတန်းသည် သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ သူ၏ နည်းလမ်းက မမှန်ကန်နိုင်ကြောင်း သူခံစားမိသည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ ဤသည်မှာ နေနာရီသက်စောင့်မီးအိမ်ထံမှ ပထမဆုံး သူရှာတွေ့လာသော စွမ်းရည်ဖြစ်သည်။

နေနာရီက နာရီလက်တံကို ဆုံးရှုံးသွားသည့်အခိုက် အချိန်သည် ရပ်တန့်သွားဟန် ရသည်။ ထိုအခိုက်အတန့်မှာ လင်းအာက ရွှီချင်း၏ အင်္ကျီလက်အောက်မှ တိုးထွက်လာပြီး နားရွက်နားဆီသို့ တွားသွားတတ်လာနေစဉ် ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး ကြည့်လိုက်သည်။ ထိုအခါ လင်းအာ၏ ခန္ဓာကိုယ်သည် ချက်ချင်း ရပ်တန့်သွားသည်။

သူက လှုပ်ရှားမှုကင်းမဲ့သွားသည်။

ဤသည်မှာ လင်းအာပိုင်ဆိုင်သော အချိန်က ရပ်တန့်သွားဟန် ရသည်။

ထိုဖြစ်စဉ်သည် လျှပ်တစ်ပြက်မျှသာ ကြာမြင့်ခဲ့သော်လည်း ဤအဖြစ်အပျက်က နေနာရီ၏ ယိုယွင်းပျက်စီးမှုနှင့် ဆက်စပ်နေကြောင်း ရွှီချင်း သတိပြုမိသွားသည်။

ထိုရှာတွေ့မှုက ရွှီချင်း၏ နှလုံးသားကို အပြင်းအထန် လှုပ်ခါသွားစေသည်။

“ နေနာရီလက်တံကို ငါဆွဲထုတ်လိုက်တဲ့အခါ ဘေးပတ်ဝန်းကျင်က အချိန်က ငါ့အကြည့်အောက်မှာ ရပ်တန့်သွားတာလား ”

ရွှီချင်းသည် နောက်ထပ်အကြိမ်ရေအနည်းငယ် ကြိုးစားကြည့်လိုက်သည်။ လင်းအာသည် လှုပ်ရှားမှုကင်းမဲ့စွာ ရှိနေဆဲပင်။ မည်သို့ဖြစ်ပျက်နေကြောင်းကို သူမသိပေ။ သူက အကြိမ်ပေါင်းများစွာ အချိန်ရပ်တန့်ခံနေရကြောင်းကို မသိပေ။

လင်းအာသည် ရွှီချင်း၏ နားရွက်ဆီသို့ရောက်ရန် အကောင်းဆုံးကြိုးစားပြီး တွားသွားနေစဉ် မကြာခဏ ရပ်တန့်သွားသည်။ ယခင်က ခဏလေးနှင့် ရောက်ရှိခဲ့သော အကွာအဝေးသည် ယခု သူ့အတွက် အတော်လေး ဝေးကွာလာဟန် ရသည်။

အချိန်အတော်ကြာပြီးနောက် လင်းအာသည် နောက်ဆုံးမှာတော့ ရွှီချင်း၏ နားရွက်ဆီသို့ ရောက်ရှိသွားသည်။ သူက ရွှီချင်းကို ရှက်ရွံ့စွာ ကြည့်လိုက်သည်။

“ အကိုရွှီချင်း… ဘာလို့ ညီမကို အဲ့လိုကြည့်နေတာလဲ ”

ဤစကားက အနည်းငယ် ရင်းနှီးကျွမ်းဝင်သည်ဟု ရွှီချင်း ခံစားမိသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူ၏ အတွေးများသည် ပရမ်းပတာဖြစ်နေသည်။ သို့ဖြစ်၍ သူက အများကြီး စဉ်းစားမနေပေ။ သူက ခေါင်းညိတ်ပြပြီးနောက် မေးလိုက်သည်။

“ လင်းအာ စောစောတုန်းက တစ်ခုခုလွဲမှားနေတယ်လို့ ခံစားမိလား ”

လင်းအာသည် အံ့အားသင့်စွာဖြင့် ခေါင်းခါလိုက်သည်။

ရွှီချင်းသည် အတွေးနက်သွားပြီး ဆက်လက် လေ့လာသည်။

လင်းအာသည် စူးစမ်းလိုသော်လည်း ဤအခိုက်အတန့်မှာ အကိုရွှီချင်းက အလွန်အလုပ်များနေကြောင်း သူနားလည်သည်။ သို့ဖြစ်၍ သူက သက်တောင့်သက်သာရှိသော ကိုယ်နေဟန်ထားဖြင့် ထိုနေရာမှာ လဲလျောင်းလိုက်ပြီး တစ်ယောက်တည်း ဆော့ကစားနေလိုက်သည်။

ရွှီချင်းသည် တိတ်ဆိတ်သွားသည်။

‘ လင်းအာက သူရပ်တန့်သွားတာကို အာရုံမခံမိဘူး… ဒီလိုဆို ဒီစွမ်းရည်သက်ရောက်နိုင်တဲ့ အကျယ်အဝန်းက ဘယ်လောက်ရှိနိုင်မလဲ… ’

ရွှီချင်း၏ နှလုံးသည် ပရမ်းပတာ လှုပ်ခတ်လာသည်။ သူက ဂူအပြင်သို့ ထွက်လျှောက်သွားပြီး မည်းမှောင်နေသော ကောင်းကင်နှင့် ကုန်းမြေကို ကြည့်လိုက်သည်။

ဘေးပတ်ဝန်းကျင်မှာ တိုက်ခတ်နေသော လေနှင့် ထိုထဲမှာ ကိန်းအောင်းနေသော အပူဓာတ်ကို သူအာရုံခံမိသည်။ ထို့နောက် သူက အဝေးမှ မီးတောက်ပင်လယ်၏ ဦးတည်ရာသို့ ကြည့်လိုက်သည်။

သူက တစ်ချက်တွေးတောကြည့်လိုက်သည်။ သို့တိုင် သူက မစမ်းသပ်ကြည့်ဝံ့ချေ။

သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် အသစ်ဖြစ်တည်လာသော နေနာရီသက်စောင့်မီးအိမ်ကြောင့် အကယ်၍ သူသာ ရပ်တန့်ခြင်းစွမ်းအားကို ကျယ်ပြောသော ဧရိယာတစ်ခုအထိ ဖြန့်ကြက်လိုက်မည်ဆိုလျှင် ယင်းက ကြယ်တာရာကောင်းကင်၏ လည်ပတ်ပုံ၊ လေလမ်းကြောင်း၏ စီးဆင်းပုံ သို့မဟုတ် ကမ္ဘာ၏ ဂြိုလ်ပတ်လမ်းကြောင်း အစရှိသည်တို့ကို ကြည့်ရှုလိုက်သကဲ့သို့ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် ချက်ချင်း ဖျက်ဆီးခံရနိုင်ခြေ အလွန်များသည်။

အကယ်၍ ဝမ်ကူးကုန်းမြေ၏ လည်ပတ်ပုံကို ဧရာမသတ္တဝါကြီးဟု တင်စားမည်ဆိုလျှင် ကုန်းမြေထဲမှ မည်သည့်နိယာမမဆို ဧရာမသတ္တဝါကြီး၏ အစွမ်းတစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ ယခုအချိန်မှာ သူက မထင်မရှား ကြိုးတစ်ချောင်းမျှသာ ဖြစ်သည်။

အကယ်၍ သူက ထိုကြိုးတစ်ချောင်းဖြင့် ဧရာမသတ္တဝါကြီးကို လှုပ်ခါရန် ကြိုးစားမည်ဆိုလျှင် ရလဒ်ကို မှန်းဆကြည့်နိုင်ပေသည်။

“ မေ့ထားတာ ကောင်းမယ် ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သို့သော်လည်း ဤစွမ်းရည်ကို တိုက်ပွဲမှာ အသုံးပြုမည်ဆိုလျှင် ၎င်း၏ စွမ်းအားက အတော်လေး အံ့ဩဖွယ်ကောင်းလိမ့်မည်ဟု သူခံစားမိသည်။

“ ဒီစွမ်းရည်ကို အချိန်ရပ်တန့်ခြင်းလို့ နာမည်ပေးရအောင် ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ နေနာရီသက်စောင့်မီးအိမ်တွင် စွမ်းရည်များစွာ ထပ်ရှိနိုင်သေးသည်ဟု သူခံစားမိသည်။ ယင်းတို့ကို စူးစမ်းဖော်ထုတ်ရန် ဖြည်းဖြည်းချင်း သူလေ့လာရန် လိုအပ်ပေသည်။

“ အလျင်လိုဖို့မလိုဘူး… အခု အရေးကြီးဆုံးက တခြားသက်စောင့်မီးအိမ်လေးခုကို သန့်စင်ဖို့ပဲ ”

ဤခုနစ်ရက်အတွင်း သူ၏ ခန္ဓာကိုယ်သည် အတော်လေး ပြန်လည်သက်သာလာပြီး အထွတ်အထိပ် အခြေအနေမှာ ရှိသည်။

သူက သက်စောင့်မီးအိမ်များကို သန့်စင်ရန် ကောင်းကင်ဘုံမီးတောက်ပင်လယ်ဆီ ပြန်သွားနိုင်ပြီဖြစ်သည်။ ထို့ပြင် ချော်ရည်မီးတောက်၏ ဘေးပတ်ဝန်းကျင်နှင့် အနည်းငယ် ကျင့်သားရလာပြီဖြစ်သောကြောင့် ကောင်းကင်ဘုံမီးတောက်အပေါ် သူ၏ ခံနိုင်ရည်သည်လည်း တိုးမြှင့်သွားခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်၍ ရွှီချင်းသည် အချိန်မဖြုန်းတော့ပေ။ သူက အမှောင်ထဲမှာ အရှိန်တိုးမြှင့်လိုက်ပြီး မီးတောက်နေရာဆီသို့ တဖြည်းဖြည်း ဝင်ရောက်သွားသည်။ သူက မီးတောက်ပင်လယ်ထဲသို့ နောက်တစ်ကြိမ် ခြေချလိုက်သည်။

ဤတစ်ကြိမ်တွင် ရွှီချင်းသည် ယခင်တစ်ခေါက်က သင်ယူခဲ့ရသော သူ၏ အတွေ့အကြုံများကို အသုံးချလိုက်သည်။ သူက ပို၍ဝေးကွာသော နေရာများဆီသို့ ပျံသန်းသွားပြီး အနီရောင်သလင်းကျောက်များ၏ ပေါ်ထွက်လာမှုကို တစ်ချိန်လုံး အာရုံစိုက်ထားသည်။

တစ်ချိန်တည်းမှာ သူက တည်နေရာကို ပိုပြီးအကြိမ်ရေများပြားစွာ ပြောင်းရွှေ့ခဲ့သည်။

သို့မှသာ သူက ဘေးကင်းလုံခြုံစွာ သန့်စင်နိုင်လိမ့်မည် ဖြစ်၏။

အဆုံးသတ်မှာ ပေါ်ပေါက်လာမည့် ပေတစ်သောင်းဝဲကတော့ကိုတော့ ရွှီချင်းသည် မသေချာပေ။

ထိုကိစ္စကို ဖုံးကွယ်ရန် သူ့မှာ နည်းလမ်းမရှိပေ။ သို့ဖြစ်၍ သူက ပိုပြီးအစွန်အဖျားကျသော တည်နေရာတစ်ခုကို ရွေးချယ်လိုက်သည်။

ထိုသို့ဖြင့် ရက်ပေါင်း(၂၀) ကုန်လွန်သွားသည်။

နေနာရီ၏ အစွမ်းတိုးမြှင့်ပေးမှုကြောင့်လော သို့မဟုတ် သက်စောင့်မီးအိမ်ကိုယ်တိုင်ကြောင့်လော ရွှီချင်း မသိရသော်လည်း သက်တံ့လေသံစဉ်သက်စောင့်မီးအိမ်၏ သန့်စင်မှုအမြန်နှုန်းသည် ထီးနက်သက်စောင့်မီးအိမ်တုန်းကထက် အနည်းငယ် ပိုမြန်ဆန်သည်။

All Chapters