အချိန်က ရပ်နေဆဲ(ခ)
Vol. 55 Ch. 843
တစ်စက်ပြီးတစ်စက် အရည်ပျော်လာသည်နှင့်အမျှ သက်စောင့်မီးအိမ်မှ ထူးခြားရုပ်ဝတ္ထုများ၏ သိပ်သည်းဆသည် ရွှီချင်း၏ သွေးမျိုးစက်ထဲမှာ ထပ်မံတိုးမြှင့်လာသည်။
ရင်းနှီးသော ထိုခံစားမှုက သူ၏ သက်စောင့်မီးအိမ်သည် စတင်ဖြစ်တည်လာတော့မည်ဟု သူ့အား အသိပေးနေသည်။
နောက်ဆုံးမှာတော့ (၂၃)ရက်မြောက်နေ့တွင် ချော်ရည်ထဲမှာ ကျင့်ကြံနေသော ရွှီချင်းသည် ရုတ်ခနဲ မျက်လုံးဖွင့်လိုက်သည်။
ပေတစ်သောင်းရှည်လျားသော ဝဲကတော့သည် သူ၏ ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာသည်။ မိုးခြိမ်းသံက ကျယ်လောင်စွာ မြည်ဟိန်းသွားသည်နှင့် သက်တံ့လေသံစဉ်သက်စောင့်မီးအိမ်သည် လုံးလုံးပျောက်ကွယ်သွားသည်။ ဒုတိယ နေနာရီသက်စောင့်မီးအိမ်သည် ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှ အသက်မြူခိုးထဲမှာ ဒြပ်ထည်ဖွဲ့စည်းလာသည်။
၎င်းက ပထမ နေနာရီနှင့် တစ်ပုံစံတည်း တူညီသည်။
သွေးမျိုးစက်မှ အစစ်အမှန် မွေးဖွားလာသော သက်စောင့်မီးအိမ်များသည် ထိုအတိုင်း ဖြစ်ရပေမည်။
ဤသည်မှာ ရှေးဟောင်းအုပ်ချုပ်သူများနှင့် သူတို့၏ နောင်သားမျိုးဆက်များထံတွင်လည်း အတူတူဖြစ်သည်။
အကယ်၍ အပြင်လူများက ပြီးပြည့်စုံသော သက်စောင့်မီးအိမ်တစ်စုံကို စုဆောင်းချင်သည်ဆိုလျှင် ယင်းက အမျိုးအစားမတူညီသော သက်စောင့်မီးအိမ်များကို စုဆောင်းခြင်းထက် အဆပေါင်းများစွာ ပိုပြီးခက်ခဲလိမ့်မည်။
သက်စောင့်မီးအိမ်ထွက်ပေါ်လာသည်နှင့် နေနာရီလက်တံ၏ အရိပ်လေးသည် စတင်ရွေ့လျားလာသည်။ အချိန်အရဆိုလျှင် ၎င်းနှင့် ပထမ နေနာရီသက်စောင့်မီးအိမ်ကြားမှာ (၁၄)နာရီ ကွာခြားသည်။
နေနာရီနှစ်ခုက တစ်ချိန်တည်း လှည့်ပတ်လာသည့်အခါ ယင်းက ပေတစ်သောင်းဧရိယာ၏ အပြင်ဘက်မှ အချိန်စီးဆင်းမှုကို ပိုပြီးပြင်းပြင်းထန်ထန် ပွတ်တိုက်သွားစေသည်။ ဆုတ်ဖြဲခံလိုက်ရသော လေဟာနယ်အက်ကွဲကြောင်းများကိုပင် မသဲမကွဲ မြင်နိုင်လာသည်။
အပြင်လောကမှာ ထိုသို့အံ့ဩဖွယ်ကောင်းနေစဉ် သူ၏ ဒုတိယ နေနာရီသက်စောင့်မီးအိမ်မှာလည်း သက်တံ့လေသံစဉ်ကဲ့သို့ ဝိညာဉ်ကို ကာကွယ်ပေးနိုင်သောစွမ်းရည် ဆက်ရှိနေသေးကြောင်း ရွှီချင်းနားလည်သွားသည်။
ထို့ပြင် နေနာရီသက်စောင့်မီးအိမ်နှစ်ခုကြားမှ အပြန်အလှန် အားဖြည့်ပေးမှုသည် အံ့ဩဖွယ်ကောင်းပြီး ယခင်က မှတ်တမ်းများထက် အများကြီး ကျော်လွန်သွားသည်။
မကြာသေးခင်ကမှ သူရှာတွေ့ခဲ့သော အချိန်ရပ်တန့်ခြင်းစွမ်းရည်သည် နှစ်ဆတိုးမြှင့်သွားသည်။
အနီရောင်သလင်းကျောက်များအတွက်တော့ ရွှီချင်းသည် ယင်းတို့ကို သေတ္တာထဲသို့ အမြန်ထည့်သိမ်းလိုက်ပြီး အရှိန်အဝါကို ပယ်ဖျက်လိုက်သည်။
ယေဘုယျအားဖြင့်ဆိုရလျှင် သူသည် သက်စောင့်မီးအိမ်သန့်စင်ခြင်းနှင့် ပတ်သက်ပြီး မည်သည့်သဲလွန်စမှမကျန်စေရန် အကောင်းဆုံး ကြိုးစား၍ ဖုံးကွယ်ထားခဲ့သည်။
ဤဝဲကတော့တစ်ခုတည်းသာ အာရုံဆွဲဆောင်နိုင်၏။ သို့သော်လည်း သူ၏ တည်နေရာက အစွန်အဖျားနေရာတွင်ရှိနေသောကြောင့် အများကြီး အာရုံစိုက်ခြင်းမခံရပေ။ ယင်းက သံလိုက်အိမ်မြှောင်ဖြင့် ကောင်းကင်မီးသလင်းကျောက်များကို ထောက်လှမ်းခြင်းကဲ့သို့မျိုး စိုးရိမ်ရန် မလိုပေ။
အစက ရွှီချင်းသည် မည်သည့်ပြဿနာမှ ဖြစ်မလာနိုင်လောက်ဘူးဟု တွေးထင်ခဲ့သည်။ သို့သော်လည်း တစ်ခါတစ်ရံမှာ ကံကြမ္မာသည် မှန်းဆထားသည့်အတိုင်း ဖြစ်မလာတတ်ပါချေ။
ဥပမာ ဤအခိုက်အတန့်မှာ ပေတစ်သောင်းအချင်းဝက်ရှိသော ဝဲကတော့အတွင်း၌ မြန်ဆန်လွန်းသော လှည့်ပတ်မှုကြောင့် အနီရောင်သလင်းကျောက်သုံးခုသည် ချော်ရည်၏ အနက်ပိုင်းထဲမှ မြှောက်တတ်လာကြပြီး ဝဲကတော့နှင့်အတူ လှည့်ပတ်နေကြသည်။
ဤသည်ကို ရွှီချင်းမြင်သောအခါ သူ၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက အနီရောင်သလင်းကျောက်သုံးခုကို အလိုအလျောက် အမြန်သိမ်းဆည်းချင်သည်။ သို့သော်လည်း တစ်ခဏတွေးတောပြီးနောက် သူက လက်လျော့လိုက်လေသည်။
သူက သလင်းကျောက်များကို သေတ္တာထဲထည့်၍ သိမ်းဆည်းမည်ဆိုလျှင်ပင် သံလိုက်အိမ်မြှောင်က ယင်းတို့ကို အာရုံခံမိပြီးသွားပြီ ဖြစ်သည်။
သို့ဖြစ်၍ ရွှီချင်းသည် အံကြိတ်လိုက်ပြီး ယင်းတို့ကို မစုဆောင်းတော့ဘဲ ဤနေရာမှ အမြန်ဆုံး ထွက်ခွာသွားသည်။
သူသည် ထိုသလင်းကျောက်များကို မမက်မောချေ။
အကယ်၍ သူသာ ထိုအရာများကိုအသုံးပြုပြီး အာရုံစိုက်နေကြသော လူများကို အဝေးသို့ မျှားခေါ်နိုင်မည်ဆိုလျှင် သူ့အတွက် ပုန်းအောင်းရသည်မှာ ပိုပြီးလွယ်ကူလိမ့်မည်။
လွန်ခဲ့သော တစ်လခန့်က ကောင်းကင်ဘုံမီးတောက်ပင်လယ်ထဲမှာ ဖြစ်ပျက်ခဲ့သော အရာများသည် သတင်းအချက်အလက် နည်းပါးသောကြောင့် အဆုံးမှာ မည်သူမှ အာရုံမစိုက်ကြတော့ချေ။ သို့သော်လည်း ကြေးမုံပုံရိပ်ယောင်မျိုးနွယ်နှင့် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်သည် လက်မလျော့ခဲ့ကြချေ။
အဘယ့်ကြောင့်ဆိုသော် ထွက်ပေါ်လာခဲ့သော ကောင်းကင်မီးသလင်းကျောက်၏ အရေအတွက်သည် ဒါဇင်ပေါင်းများစွာ ရှိလိမ့်မည်ဟု သူတို့က တွက်ချက်ထားသောကြောင့် ဖြစ်သည်။
ယင်းက ထပ်ခါတလဲလဲဖြစ်နေလျှင်ပင် စစ်မှန်သော အရေအတွက်သည် မသေးငယ်ပေ။ မည်သို့ဖြစ်ပါစေ နောက်ဆုံးအကြိမ်တွင် တစ်ခါတည်းဖြင့် ကောင်းကင်မီးသလင်းကျောက်(၂၀)ကျော် ပေါ်ထွက်လာခဲ့သည် မဟုတ်ပါလော။
ထိုအရေအတွက်သည် သူတို့၏ ကြီးမားသော အာရုံစိုက်မှုကိုရရန် လုံလောက်ပေသည်။ ထိုအတွက် မျိုးနွယ်စောင့်ရှောက်သူပင် ကောင်းကင်ဘုံမီးတောက်ပင်လယ်ဆီသို့ ကိုယ်တိုင်ရောက်ရှိလာခဲ့သည်။
ထို့ကြောင့် ကောင်းကင်မီးသလင်းကျောက်များက ဝဲကတော့ကြောင့် မီးတောက်ပင်လယ်ပေါ်သို့ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်များသည် ဤဧရိယာကို ချိပ်ပိတ်လိုက်ကြပြီး ဖြစ်သည်။
ထိုကောင်းကင်မီးသလင်းကျောက်များသည် ယခင်အတိုင်း ပေါ်ထွက်လာသည်နှင့်ချက်ချင်း ပေါက်ကွယ်သွားလိမ့်မည်ဟု အစက သူတို့ထင်ခဲ့ကြသည်။
သို့သော်လည်း အနီရောင်အစက်များက သံလိုက်အိမ်မြှောင်ပေါ်မှာ ဆက်ရှိနေသေးကြောင်း မြင်တွေ့သွားသောအခါ သူတို့သည် ထိုတည်နေရာဆီသို့ အလျှင်အမြန် ပြေးသွားကြသည်။
ဝဲကတော့နှင့်ဝေးရာသို့ ရောက်ရှိနေသော ရွှီချင်းသည် ရပ်တန့်ခြင်းမရှိဘဲ အလွန်မြန်ဆန်စွာ ရွေ့လျားနေသည်။ သို့သော်လည်း မကြာမီ တစ်စုံတစ်ခုက လွဲမှားနေသည်ဟု သူခံစားမိသွားသည်။
အဝေးမှ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၏ အုပ်စုတစ်စုသည် ရွှီချင်းထံသို့ ဦးတည်ပြေးလာနေဟန် ရ၏။ သူတို့သည် တခြားဦးတည်ရာဘက်မှ သူ့ကို လိုက်မီသွားကြသည်။ သူတို့ထဲတွင် ရွှေအမြူတေအဆင့်ကျင့်ကြံသူလေးယောက်ရှိပြီး နှစ်ယောက်သည် ဝိညာဉ်နတ်သူငယ်အဆင့် အားလှိုင်းအတတ်အကျကို ထုတ်လွှတ်နေသည်။
တစ်ယောက်သည် ပထမကောင်းကင်ကဒ်ဘေးဒုက္ခဖြစ်ပြီး တခြားတစ်ယောက်သည် ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခ ဖြစ်သည်။
ရွှီချင်းကို သတိပြုမိသွားသောအခါ သူတို့၏ အမူအရာသည် စိတ်လှုပ်ရှားလာကြသည်။ ရွှေအမြူတေအဆင့် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်များသည် အနောက်ဆုတ်သွားကြပြီး သူတို့၏ မျိုးနွယ်ထံသို့ ချက်ချင်း အကြောင်းကြားလိုက်သည်။ ဝိညာဉ်နတ်သူငယ်အဆင့် မျိုးနွယ်ဝင်နှစ်ယောက်သည်တော့ ရွှီချင်းထံသို့ ဦးတည်ပျံသန်းသွားကြသည်။
“ ငါ့ကို ရှာနိုင်သေးတာလား ”
ရွှီချင်းသည် မျက်မှောင်ကြုတ်သွားသည်။ မရင်းနှီးသော ပတ်ဝန်းကျင်တွင် သတင်းအချက်အလက် နည်းပါးခြင်း၏ ဆိုးကျိုးများကို သူစတင်ခံစားမိလာပြီ ဖြစ်သည်။
“ မဟုတ်မှ အဲ့ဒီမီးသလင်းကျောက်တွေကို သေတ္တာထဲ ထည့်ထားရင်တောင် အာရုံခံလို့ရသေးတာလား ”
သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ဤအတောအတွင်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် သူ၏ နှလုံးသားထဲမှာ အတော်လေး စုပုံများပြားနေ၏။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူ၏ သတ်ဖြတ်ချင်သော စိတ်ဆန္ဒသည် အတော်လေး ပြင်းထန်လာသည်။
“ ငါ့မှာ သတင်းအချက်အလက် နည်းပါးနေမှတော့ လူနည်းနည်းပိုသတ်ပြီး အကြောင်းအရင်းကို ရှာဖွေရတာပေါ့ ”
တားမြစ်အဆိပ်သည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပျံ့လွင့်ထွက်လာပြီး အရိပ်လေးသည် စိတ်အားထက်သန်စွာ ဖြန့်ကြက်လာသည်။ နတ်ငါးအရိုးဆူးချွန်သည် ထက်ရှသော အလင်းတန်းကို ထုတ်လွှတ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်နတ်သူငယ်အားလုံးသည် စွမ်းအင်လှိုင်းအတတ်အကျများကို ထုတ်လွှတ်လာကြသည်။
သူက တိုက်ခိုက်တော့မည် ဖြစ်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ရင်းနှီးသော ဝေဝေဝါးဝါး ပုံရိပ်သည် ရွှီချင်းထံသို့ ပျံသန်းလာနေကြသော ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်နှစ်ယောက်၏ အနောက်မှာ ရုတ်တရက် ပေါ်လျှိုးလာသည်။ ၎င်းက လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး သူတို့ကို ဖိချလိုက်သည်။
အကြွင်းမဲ့စွမ်းအားနှင့် ရင်ဆိုင်ရသည့်အခါ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်နှစ်ယောက်သည် ရှောင်တိမ်းရန်ပင် အခွင့်အရေးမရခဲ့ကြပေ။
သူတို့က အော်ဟစ်ရန် ပါးစပ်ဟလိုက်သည့်အခိုက် ခန္ဓာကိုယ်သည် တိုက်ရိုက် ပေါက်ကွဲထွက်သွားသည်။ သူတို့၏ အသွေးအသားသည် သူတို့၏ ဝိညာဉ်နတ်သူငယ်များနှင့်အတူ အတူတကွ အက်ကွဲသွားကြသည်။ ထို့နောက် အတိတ်မှာ ရွှီချင်း မြင်တွေ့ခဲ့ရသည့်အတိုင်း သူတို့၏ အသွေးအသားသည် အလျှင်အမြန် စုဝေးသွားသည်။
ဤတစ်ကြိမ်တွင် ယင်းတို့က မျက်နှာဖုံးထဲသို့ စုဝေးသွားခြင်းမဟုတ်ဘဲ ထိုမျိုးနွယ်၏ ကြေးမုံထဲသို့ စုဝေးသွားကြသည်။ ထို့နောက် ကြေးမုံများသည် အဖိုးအို၏ ယူဆောင်သွားခြင်းခံလိုက်ရသည်။
အဖိုးအိုသည် ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားလိုက်သည်။ သူတို့၏ မျိုးနွယ်ထံသို့ သတင်းပို့နေကြသော ရွှေအမြူတေအဆင့် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်များသည် ခုခံနိုင်ခြင်းမရှိဘဲ ချက်ချင်း သေဆုံးသွားကြသည်။ ထို့နောက် ကြေးမုံများသို့ ပြောင်းလဲသွားကြပြီး အဖိုးအို၏ သိမ်းဆည်းခြင်းခံလိုက်ရသည်။
ထိုသို့လုပ်ဆောင်ပြီးနောက် အဖိုးအိုသည် ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး တစ်ဖက်လူကို ပြန်ကြည့်လိုက်သည်။ အဖိုးအို၏ ညာဘက်လက်တွင် သီးခြားခွဲထုတ်သော အစွမ်းသတ္တိပါရှိဟန်ရသည့် ကြေးမုံပုံသဏ္ဍာန် လက်အိတ်တစ်ခုရှိသည်ကို သူသတိပြုမိသွားသည်။
“ ကောင်လေး မင်းဘာလို့ ပြဿနာတွေ မီးခွက်ထွန်းရှာနေတာလဲ ”
အဖိုးအိုက ဒေါသတကြီး ပြောသည်။
“ မင်းသာ လူသားမျိုးနွယ်ဝင်မဟုတ်ဘူးဆိုရင် ငါက မင်းကို အဖက်တောင်မလုပ်ဘူး ”
“ မင်းကြည့်ရတာ တခြားဒေသကြီးက လူသားဖြစ်မယ့်ပုံပဲ… မင်းက လူသားမျိုးနွယ်ရဲ့ မဟာနန်းမြို့တော်ဒေသကြီးက ရောက်လာတာလား… မင်းက အဲ့ဒီက အထက်တန်းစားမျိုးနွယ်ဝင်တွေရဲ့ မျိုးဆက်တစ်ယောက်လား ”
“ မင်းမှာ ပြီးပြည့်စုံတဲ့ သက်စောင့်မီးအိမ်တွေနဲ့ ကောင်းမွန်တဲ့ ပါရမီအရည်အသွေးရှိတယ်ဆိုပြီး ဒီနေရာမှာ ထင်တိုင်းကြဲနေတာလား ”
“ ဒီမှာ ငါမင်းကို ပြောပြမယ်… ဒီနေရာက လဝတ်ပြုဒေသကြီး… ဒီနေရာမှာ လူသားမျိုးနွယ်ရဲ့ အဆင့်အတန်းက ဟိုးအောက်ခြေမှာရှိပြီး လူသားတွေက အစားအစာသက်သက်ပဲ ”