← Chapters

အချိန်က ရပ်နေဆဲ(ဂ)

Vol. 55 Ch. 844

အချိန်က ရပ်နေဆဲ(ဂ)

Vol. 55 Ch. 844

“ လဝတ်ပြုဒေသကြီးက သက်ရှိတွေက သူတို့ရဲ့ ကံကြမ္မာကို နားလည်သွားကြတဲ့အခါ ရက်စက်ကြမ်းကြုတ်လာကြတယ်… လူတိုင်းအပေါ် ကြင်နာသနားစိတ် ချို့တဲ့လာကြတယ် ”

“ တကယ်လို့ မင်းဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် နှစ်လမပြည့်ခင်မှာ မင်းရဲ့ခန္ဓာကိုယ်က ကြေးမုံပုံရိပ်ယောင်မျိုးနွယ်နဲ့ ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ရဲ့ မြင့်မြတ်မြို့တော်တွေမှာ ချိတ်ဆွဲခံရလိမ့်မယ်… သူတို့က မင်းရဲ့အသွေးအသားတွေကို အရသာခံရင်း နည်းနည်းချင်းစီ စားသောက်ကြလိမ့်မယ် ”

အဖိုးအိုသည် ရွှီချင်းကို ချက်ချင်း သတိပေးသည်။

ရွှီချင်းသည် အနောက်သို့ တည်တည်ငြိမ်ငြိမ် ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ပြောသည်။

“ ခင်ဗျား ဘာပြောချင်တာလဲ ”

“ ငါဘာပြောချင်တာလဲ ဟုတ်လား… သောက်ကောင်လေး မင်းဘာလို့ ငါပေးတဲ့သေတ္တာကို အဝေးကို လွှတ်ပစ်လိုက်တာလဲ… ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ရဲ့ မျိုးနွယ်စောင့်ရှောက်သူမှာ ဖုံးကွယ်မှုအများစုကို ဖောက်ထွင်းမြင်နိုင်တဲ့ ထူးခြားတဲ့အစွမ်း ရှိတယ်ဆိုတာ မင်းသိလား… ငါအစွမ်းတိုးမြှင့်ထားတဲ့ ငါ့ရဲ့သေတ္တာတစ်ခုတည်းကပဲ သူရဲ့ စိတ်အာရုံကို ပိတ်ဆို့နိုင်တယ် ”

“ ငါက မင်းကို ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ရောင်းပေးခဲ့တယ်… ဒါပေမဲ့ မင်းက အဝေးကို လွှတ်ပစ်ခဲ့တယ်… မင်းက အထဲမှာ အဆိပ်ကိုတောင် ထည့်ထားခဲ့သေးတယ် ”

“ ဖြေဆေးကို ထုတ်ပေး ”

နောက်ဆုံးမှာတော့ အဖိုးအိုသည် အဓိကအကြောင်းအရာကို ပြောလာသည်။

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက ဤနေရာမှာ အချိန်မဖြုန်းချင်ပေ။ သို့ဖြစ်၍ သူက ဆေးပုလင်းတစ်လုံးကို ထုတ်လိုက်ပြီး ပစ်ပေးလိုက်သည်။

“ ကျုပ်ရဲ့အဆိပ်က ဒြပ်ပေါင်းအမျိုးအစား အဆိပ်ပဲ… ဖြေဆေးကို ခုနစ်ရက်ဆက်တိုက် သောက်သုံးရမယ်… နေ့တိုင်း မနက်နေထွက်တဲ့အခါ ဆေးသုံးလုံးကို သောက်ပါ… ပြီးသွားရင် အဲ့ဒီနေရာမှာတင် ချီလှည့်ပတ်မှုကို ခုနစ်ကြိမ်ပြည့်အောင် လှည့်ပတ်ပါ ”

“ ဒါပေမဲ့ ဒီနေရာမှာက နေမရှိတာကြောင့် နေထွက်တဲ့အချိန်ကို ခင်ဗျားဘာသာ ခန့်မှန်းကြည့်ပါ… အကြိမ်အရေအတွက်ကိုတော့ နှစ်ဆလုပ်သင့်တယ် ”

“ အဲ့ဒီအတောအတွင်း ခင်ဗျားရပ်လို့မရဘူး ”

ရွှီချင်းသည် စကားပြောပြီးနောက် နောက်ထပ်ဆေးပုလင်းတစ်လုံးကို ပစ်ပေးလိုက်သည်။

“ အဆိပ်က အာနိသင်ပြနေပြီ… ခင်ဗျား အချိန်မဖြုန်းသင့်ဘူး… နို့မဟုတ်ရင် ခင်ဗျားအဆိပ်မဖြေနိုင်တဲ့အခါကျမှ ကျုပ်ကို အပြစ်မဆိုနဲ့ ”

ရွှီချင်းသည် စကားဆုံးသည်နှင့် တစ်ဖက်လူ၏ တိုက်ခိုက်ခြင်းနှင့် နောက်ဆုတ်ခြင်းကို ရင်ဆိုင်ရန် ချက်ချင်း အသင့်ပြင်ထားလိုက်သည်။

အဖိုးအိုသည် ဆေးပုလင်းကို ဖမ်းဆုပ်လိုက်သည်။ သူက စကားပြောတော့မည့်အချိန် အဝေးတစ်နေရာမှ ဤနေရာသို့ ပစ်မှတ်ထားလာနေသော စိတ်အာရုံတစ်ခုကို ခံစားမိသွားသည်။ သူ၏ အမူအရာသည် ပျက်ယွင်းသွားပြီး ရွှီချင်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။

ထို့နောက် သူက အနောက်လှည့်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း မထွက်သွားခင် သူက သက်ပြင်းချလိုက်ပြီး ရွှီချင်းကို သေတ္တာတစ်လုံး ပစ်ပေးလိုက်သည်။

“ မင်းပေးတဲ့ အဆိပ်ဖြေဆေးက အမှန်ဖြစ်မယ်လို့ ငါမျှော်လင့်တယ်… အဲ့ဒီသေတ္တာကို ယူထားလိုက်ပါ… အဲ့ဒါက ကောင်းကင်မီးသလင်းကျောက်တွေရဲ့ အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်တယ် ”

ထိုသို့ပြောပြီးနောက် အဖိုးအိုသည် မြန်မြန်ဆန်ဆန် ထွက်သွားသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက သေတ္တာကို ယူပြီးနောက် ထွက်ခွာသွားသည်။

လမ်းတစ်လျှောက်တွင် တစ်ဖက်လူ၏ စကားများကို ဆင်ခြင်သုံးသပ်ပြီးနောက် စိတ်ဆုံးဖြတ်ပြီးသော အရိပ်အယောင်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ သူက မီးသလင်းကျောက်များကို ထိုသေတ္တာထဲသို့ ထည့်သိမ်းလိုက်ပြီး (ဃ၁၃၂)ထဲသို့ ပို့လွှတ်လိုက်သည်။ သူက နတ်ဘုရားလက်ချောင်း၏ အရှိန်အဝါကို အသုံးပြု၍ သေတ္တာကို ဖိနှိပ်လိုခြင်း ဖြစ်သည်။

ထို့နောက် သူက သေတ္တာကို အပြင်ပြန်ထုတ်လိုက်ပြီး တားမြစ်အဆိပ်ဖြင့် ထပ်မံစစ်ဆေးလိုက်သည်။ နောက်ဆုံးအနေဖြင့် သူက ခရမ်းလဝိညာဉ်နတ်သူငယ်ကို ထုတ်လွှတ်လိုက်ပြီး ထပ်မံသန့်စင်စေသည်။

သို့မှသာ သူက စိတ်အေးသွားပြီး အရှိန်တိုးမြှင့်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ငါးရက်ကုန်ဆုံးသွားသည်။

ထိုငါးရက်အတွင်းတွင် ရွှီချင်းသည် သူ့တည်နေရာကိုသိဟန်ရသော မည်သည့်ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်ကိုမှ မတွေ့ခဲ့ပေ။ သူက တစ်ခါတစ်ရံ ထိုမျိုးနွယ်မှ ကျင့်ကြံသူများနှင့် တွေ့ဆုံခဲ့သော်လည်း တစ်ဖက်လူသည် သူ့ကို လျစ်လျူရှုပြီး အမြန်ဖြတ်ကျော်သွားလေ့ ရှိသည်။

“ တကယ်ပဲ အဖိုးအိုပြောတာ အမှန်လား ”

ရွှီချင်းသည် တုံ့ဆိုင်းသွားသည်။ တစ်ဖက်လူကို သူပေးလိုက်သော အဆိပ်ဖြေဆေးသည် အတုဖြစ်သည်။

တားမြစ်အဆိပ်ကို ဖြေနိုင်သော ဆေးလုံးသည် မရှိပေ။ အဆိပ်ဖြေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းသည် သူကိုယ်တိုင် အဆိပ်ပြန်ထုတ်ရန် ဖြစ်သည်။

ရွှီချင်းသည် တစ်ခဏ တွေးတောလိုက်သည်။ သို့သော်လည်း သူက ဤကိစ္စကို အနည်းငယ် သံသယဝင်နေသေးသောကြောင့် ဆက်လက် အာရုံမစိုက်တော့ပေ။ ယင်းအစား သူက တတိယသက်စောင့်မီးအိမ်ကို ဆက်လက်သန့်စင်ရန် နေရာတစ်နေရာကို ရှာဖွေလိုက်သည်။

ဤသည်မှာ ငရဲဝိညာဉ်သွေးအတောင်ပံသက်စောင့်မီးအိမ်၏ ဘယ်ဘက်အတောင်ပံဖြစ်သည်။

“ တခြားသက်စောင့်မီးအိမ်တွေက အတူတူပဲ… ဒီငရဲဝိညာဉ်သွေးအတောင်ပံ သက်စောင့်မီးအိမ်တစ်ခုတည်း ဘယ်ဘက်အတောင်ပံနဲ့ ညာဘက်အတောင်ပံဆိုပြီး ခွဲခြားထားတယ် ”

ရွှီချင်းသည် တတိယသက်စောင့်မီးအိမ်ကို ကြည့်လိုက်သည်။ မှန်းဆမှုတချို့သည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ ထို့နောက် သူက သက်စောင့်မီးအိမ်ကို စတင်သန့်စင်လိုက်သည်။

ဆယ့်ခုနစ်ရက်ကြာပြီးနောက် မီးတောက်ပင်လယ်၏ အနောက်ဘက်ပိုင်းမှ ကျယ်ပြောသော ချော်ရည်ဧရိယာတစ်ခုတွင် ပေတစ်သောင်းရှည်လျားသော ဝဲကတော့တစ်ခုသည် ထပ်မံပေါ်ထွက်လာသည်။

ဤတစ်ကြိမ်တွင် ချော်ရည်အောက်ထဲမှ မည်သည့်ကောင်းကင်မီးသလင်းကျောက်မှ ထွက်ပေါ်မလာခဲ့ပေ။ ဤနေရာက မီးတောက်ပင်လယ်ထဲမှ အစွန်အဖျားနေရာဖြစ်သောကြောင့် အားလှိုင်းအတတ်အကျများသည် အာရုံစိုက်ခြင်း မခံရပေ။

ခုနစ်နာရီကြာပြီးနောက် ပေတစ်သောင်းရှည်လျားသော ဝဲကတော့ကြီးက ပျောက်ကွယ်သွားသောအခါ ရွှီချင်းသည် အဝေးသို့ အပြေးသွားနှင့်ပြီးပြီ ဖြစ်သည်။

သူ၏ အမူအရာတွင် ပင်ပန်းနွမ်းနယ်မှုဖြင့် ပြည့်နှက်နေသည်။ ကောင်းကင်ဘုံမီးတောက်အပေါ် သူ၏ ခန္ဓာကိုယ်မှ ခံနိုင်ရည်သည် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူက သက်စောင့်မီးအိမ်များကို ဆက်လက်မသန့်စင်ခင် ကမ်းစပ်သို့ပြန်ပြီး အားအင်ပြန်ဖြည့်ရန် လိုအပ်နေသည်။

သို့သော်လည်း သူ၏ မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုသည် ပင်ပန်းနွမ်းနယ်မှုကြောင့် စိုးစဉ်းမျှလျော့မသွားချေ။ ယင်းအစား ပိုပြီးပင် တိုးမြှင့်လာသည်။

“ နေနာရီသုံးခု ”

ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ တတိယသက်စောင့်မီးအိမ်သည် တူညီသော နေနာရီသက်စောင့်မီးအိမ်၏ အစားထိုးခံလိုက်ရသည်။

၎င်း၏ မူလစွမ်းရည်ဖြစ်သော အလျင်တိုးမြှင့်ခြင်းသည် ယခု ပိုပြီးအားကောင်းလာသည်။ ယင်းက ရွှီချင်း၏ အလျင်ကို (၇၀)ရာခိုင်နှုန်းခန့် တိုးမြှင့်ပေးနိုင်သည်။

ယခု သူက အလျင်ကုန်သုံး၍ ရွေ့လျားနေသောကြောင့် သာမန်ကျင့်ကြံသူများသည် သူ့အား သာမန်မျက်စိဖြင့် ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ သူတို့သည် သူ၏ ကြွင်းကျန်ပုံရိပ်များကိုသာ မြင်နိုင်ကြသည်။

“ သက်စောင့်မီးအိမ်ငါးခုစလုံး သန့်စင်ပြီးသွားရင် ဘာဖြစ်လာမလဲ ငါသိချင်မိသား ”

မျှော်လင့်သော အရိပ်အယောင်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သက်စောင့်မီးအိမ်ငါးခုစလုံးကို သန့်စင်ပြီးသွားသည့်နောက် သူ၏ သွေးမျိုးစက်မှ ဖြစ်တည်လာသော နေနာရီသက်စောင့်မီးအိမ်များက ပြီးပြည့်စုံသော သက်စောင့်မီးအိမ်တစ်စုံဖြစ်လာသည့်အခါ ပိုပြီးထူးဆန်းသော အပြောင်းအလဲများ ဖြစ်ပေါ်လာလိမ့်မည်ဟု ရေးတေးတေး သူအာရုံရနေသည်။

ထိုသို့တွေးမိသောအခါ ရွှီချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အရှေ့သို့ အရှိန်တိုးမြှင့်လိုက်သည်။

ခုနစ်ရက်ကြာပြီးနောက် အရှိန်တိုးမြှင့်၍ ပျံသန်းနေသော ရွှီချင်းသည် ရုတ်တရက် အရှိန်သတ်လိုက်ပြီး မီးတောက်ပင်လယ်ပေါ်မှာ ရပ်လိုက်သည်။ သူက အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထူးဆန်းသော အမူအရာသည် သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သူ၏ အကြည့်က မီးတောက်ပင်လယ်ပေါ်သို့ ကျရောက်သွားသည့်အခါ ခပ်အုပ်အုပ်မြည်သံသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ မန္တန်တစ်ခု၏ စွမ်းအားက ပျံ့လွင့်ထွက်လာသည့်အလားပင်။ မီးတောက်ပင်လယ်သည် တစ်စုံတစ်ခု၏ ဆွဲယူခံလိုက်ရသည့်အလား ဦးတည်ရာတစ်ခုသို့ စုဝေးသွားသည်။ ထိုနေရာတွင် တစ်စုံတစ်ခုကို သန့်စင်နေသည့်အလားပင်။

ရွှီချင်း၏ အာရုံကို ဖမ်းစားသွားသည်မှာ ထိုအရပ်ဒေသမှ သူ၏ တားမြစ်အဆိပ်ကို အာရုံခံမိခြင်း ဖြစ်သည်။

ယခင်တစ်ခေါက်က အဖိုးအိုနှင့် သူတွေ့ဆုံခဲ့စဉ် တစ်ဖက်လူသည် အဆိပ်မိထားသော်လည်း သူ၏ အခြေအနေသည် ကြီးကြီးမားမား ဆိုးဝါးခြင်းမရှိသည်မှာ ထင်ရှားသည်။ ထို့ပြင် သူက သီးခြားခွဲထုတ်နိုင်သော ဂုဏ်သတ္တိရှိသည့် ကြေးမုံလက်အိတ်ကို ဝတ်ဆင်ထားသောကြောင့် သူ၏ အရှိန်အဝါသည် သိပ်မသိသာပေ။

သို့သော်လည်း ရက်ပေါင်းများစွာ ကြာပြီးနောက် တားမြစ်အဆိပ်စွမ်းအားသည် အတော်လေး သိပ်သည်းလာသည်။ ယင်းကို သီးခြားခွဲထုတ်ရန် မဖြစ်နိုင်တော့ပေ။ သို့ဖြစ်၍ ရွှီချင်းက ယင်းကို အာရုံခံမိသွားခြင်း ဖြစ်သည်။

“ အဆိပ်က အတော်လေး ပြင်းထန်နေပြီ… ”

တားမြစ်အဆိပ်က မည်မျှကြောက်စရာကောင်းကြောင်း ရွှီချင်း သိသည်။ သို့ဖြစ်၍ တစ်ခဏတွေးတောကြည့်ပြီးနောက် တစ်ဖက်လူက သူ့အပေါ် လိမ်ညာခဲ့ဟန်မရကြောင်း စဉ်းစားမိသွားသည်။

“ တစ်ချက်သွားကြည့်တာပေါ့ ”

ရွှီချင်းသည် ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ထိုနေရာဆီသို့ နီးကပ်သွားစေသည်။

အဆိပ်ဖြေပေးသင့် မသင့်ကြောင်း စဉ်းစားချင့်ချိန်ရန် အဖိုးအို၏ ယခင်က အပြုအမူနှင့် လက်ရှိအပြုအမူကို သူက နှိုင်းယှဉ်ကြည့်ချင်သည်။

သူက တဖြည်းဖြည်း နီးကပ်လာသည့်အခါ ရွှီချင်း၏ အမူအရာသည် တည်ကြည်လေးနက်သွားသည်။ သူက လုံးဝတုံ့ဆိုင်းမနေဘဲ ချော်ရည်ထဲမှာ ပုန်းအောင်းလိုက်သည်။

ကြေးမုံပုံရိပ်ယောင်မျိုးနွယ်မှ ကျင့်ကြံသူအများအပြားကို သူက မြင်သွားသည်။ သူတို့သည် ဒါဇင်နှင့်ချီပြီး ရှိသည်။ သူတို့ထဲမှ အများစုသည် ရွှေအမြူတေကျင့်ကြံခြင်းအဆင့်သာ ဖြစ်သော်လည်း ဝိညာဉ်နတ်သူငယ်အဆင့်ကျင့်ကြံသူ ရှစ်ယောက်ကိုးယောက်ခန့် ရှိသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် ပထမကောင်းကင်ကဒ်ဘေးဒုက္ခမှ တတိယကောင်းကင်ကဒ်ဘေးဒုက္ခအထိ ရှိသည်။

ရွှီချင်းကို ပိုပြီးသတိထားစေသည်မှာ ဤနေရာတွင် စည်းချအစီအရင်တစ်ခုရှိကြောင်း သူမြင်လိုက်ရသောကြောင့် ဖြစ်သည်။

All Chapters