အချိန်က ရပ်နေဆဲ(ဃ)
Vol. 55 Ch. 845
ကောင်းကင်ဘုံမီးတောက်ပင်လယ်၏ ထူးခြားသော ပတ်ဝန်းကျင်ဒေသကြောင့် စည်းချအစီအရင်များ ခင်းကျင်းရန် အလွန်ခက်ခဲသည်။ ယင်းက ရွှီချင်းကို ဒုက္ခတွေ့စေသော အကြောင်းအရင်းများအနက် တစ်ခုလည်းဖြစ်သည်။ သို့သော်လည်း ယခု စည်းချအစီအရင်တစ်ခုသည် ဤနေရာတွင် အမှန်တကယ် ရှိနေ၏။
ဤသို့သော ပတ်ဝန်းကျင်တွင် ခင်းကျင်းနိုင်သော စည်းချအစီအရင်သည် သေချာပေါက် အစွမ်းထက်ရမည်။
ထိုစည်းချအစီအရင်သည် အလွန်ထူးခြားသည်။ ယင်းက ကြီးမားသော ကြေးမုံတစ်ချပ် ဖြစ်သည်။
ကြေးမုံသည် ပေတစ်ထောင်ရှည်လျားပြီး ကောင်းကင်ပေါ်မှာ မျောလွင့်နေသည်။ ဘေးပတ်ဝန်းကျင်မှ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်များသည် သူတို့၏ စွမ်းအင်များကို ကြေးမုံထဲသို့ ထည့်သွင်းနေကြသည်။
ဧရာမကြေးမုံသည် ချော်ရည်ကို မျက်နှာမူထားလျက် မီးတောက်ပင်လယ်ကို အလင်းပြန်နေပြီး လူတစ်ယောက်ကို ချုပ်နှောင်ထားသည်။
ကြေးမုံ၏ ချုပ်နှောင်ခံထားရသူသည် လူသားအဖိုးအိုမှလွဲ၍ တခြားလူမဟုတ်ပေ။
ဤအခိုက်အတန့်မှာ သူ၏ တစ်ကိုယ်လုံးကို စိမ်းပုပ်ရောင်အလင်းက လွှမ်းခြုံထားသည်။ ခန္ဓာကိုယ်ပေါ်မှ အစိတ်အပိုင်းအတော်များများသည် ပုပ်သိုးဆွေးမြေ့နေပြီး အရေပြားအောက်မှ အရိုးများပင် ထွက်ပေါ်နေသည်။
ဧရာမကြေးမုံ၏ စည်းချအစီအရင်ထံမှ ဖိအားကို တောင့်ခံနေစဉ် သူ၏ ခန္ဓာကိုယ်သည် တုန်ယင်နေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှ ဖုံးကွယ်မှုသည်လည်း ပယ်ဖျက်ခံလိုက်ရသည်။ သူက အဖိုးအိုတစ်ယောက်ပုံစံဖြင့် ဆက်ရှိနေသေးသော်လည်း အရိုးပေါ်အရေတင်သကဲ့သို့ ပိန်ခြောက်ကပ်ခြင်း မရှိတော့ပေ။ ယင်းအစား သူ၏ ခန္ဓာကိုယ်သည် ကြွက်သားအပြိုင်းပြိုင်းဖြင့် ထွားကြိုင်းသန်မာသည်။ သူက ဟိတ်ဟန်အပြည့်ဖြင့် သူ၏ အပေါ်မှ ဧရာမကြေးမုံကို စိုက်ကြည့်နေသည်။
ဧရိယာကြေးမုံသည် မီးတောက်ပင်လယ်နှင့် သူ၏ ပုံရိပ်ကို အလင်းပြန်နေသည်။ မျက်နှာတစ်ခုသည် ကြေးမုံထဲမှ တိုးထွက်လာပြီး အဖိုးအိုကို အေးစက်စက် စိုက်ကြည့်နေသည်။
“ သွမ့်မူကျန်း ”
“ ပုံမှန်ဆိုရင် မင်းက လေလို ပေါ်လာပြီး ဘာသဲလွန်စမှ မကျန်ဘဲ ပျောက်သွားတတ်တယ်… မင်းက ငါတို့မျိုးနွယ်က ကောင်းကင်ရွေးချယ်ခံတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်… ဒါပေမဲ့ အခုတော့ မင်းက ဘယ်လိုလုပ် ဆိုးဆိုးဝါးဝါး အခြေအနေထဲ ကျရောက်နေတာလဲ ”
“ အခု တကယ်လို့ မင်းသာ ဒူးထောက်ပြီး အညံ့ခံမယ်ဆိုရင် ငါတို့ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာဖို့ အခွင့်အရေးတစ်ခု ငါမင်းကို ပေးမယ်… နိမ့်ကျတဲ့ လူသားမျိုးနွယ်ကနေ မင်းလွတ်မြောက်နိုင်မယ်… ဝိညာဉ်သိုက်အဆင့်ကို မင်း နောက်တစ်ကြိမ် တတ်လှမ်းနိုင်အောင် ကူညီပေးဦးမယ် ”
“ သက်ရှိအားလုံးရဲ့ လမ်းကြောင်းပေါ်မှာ သေခြင်းနဲ့ ပြည့်နှက်နေတယ်ဆိုပေမဲ့ အနည်းဆုံးတော့ မင်းက အသက်ရှင်နေသေးမယ်ဆိုရင် လွတ်လွတ်လပ်လပ် သွားလာနိုင်မယ်… အရင်လို ခိုးကြောင်ခိုးဝှက် ပုန်းအောင်းစရာ မလိုတော့ဘူး ”
“ သေချာတွေးကြည့်စမ်းပါ… တကယ်လို့ မင်းက ခေါင်းမာနေဦးမယ်ဆိုရင် ငါ့မူလခန္ဓာကိုယ် ရောက်လာတဲ့အခါ မင်းမှာ ရွေးချယ်ဖို့ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး ”
ရှေးခေတ်အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ သို့သော်လည်း အဖိုးအိုက ရယ်မောလိုက်သည်။
“ ပေါက်ကရတွေ ”
“ ငါ့လူသားသွေးမျိုးစက်က အရမ်းမြင့်မြတ်တယ်… မင်းကများ ဘယ်လိုလုပ် ငါတို့ကို တခြားမျိုးနွယ်ခြားတွေနဲ့ နှိုင်းယှဉ်တာလဲ ”
“ မင်းတို့ကြေးမုံပုံရိပ်ယောင်မျိုးနွယ်က သက်တမ်းဘယ်လောက်ရှိလို့လဲ… ငါတို့လူသားမျိုးနွယ်ရဲ့ သမိုင်းမှတ်တမ်းက ဝမ်ကူးကုန်းမြေစတင်ကတည်းက ရှိခဲ့တာ… ရှေးဘုရင်ရွှမ်ယုံက ဝမ်ကူးကုန်းမြေတစ်ခုလုံးကို တစ်စုတစ်စည်းတည်း ပေါင်းစည်းခဲ့တဲ့အချိန်တုန်းက မင်းတို့ကြေးမုံပုံရိပ်ယောင်မျိုးနွယ်က မွေးတောင်မမွေးသေးဘူး ”
“ ခေါင်းမာလိုက်တာ ”
အေးစက်စက် နှာခေါင်းရှုံ့သံသည် ကောင်းကင်ပေါ်ရှိ ဧရာမကြေးမုံထဲမှ မြည်ဟိန်းထွက်လာသည်။
ဘေးပတ်ဝန်းကျင်မှ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်များသည် အခြေအနေကို နားလည်သွားကြသည်။ သူတို့က ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်ကြပြီး ဧရာမကြေးမုံထဲသို့ ပို့လွှတ်လိုက်ကြသည်။ ထိုအခါ စည်းချအစီအရင်၏ ဖိနှိပ်စွမ်းအားသည် ရုတ်တရက် တိုးမြှင့်သွားသည်။
အဖိုးအို၏ တစ်ကိုယ်လုံးသည် အပြင်းအထန် တုန်ယင်လာသည်။ သို့သော်လည်း သူက တတ်စွမ်းသမျှ ရုန်းကန်နေဆဲပင်။
အမှန်တကယ်တော့ သူသည် မျှော်လင့်ချက်မဲ့သော အခြေအနေသို့ ကျရောက်နေပြီ ဖြစ်သည်။ ထိုအကြောင်းအရင်းအားလုံး၏ ဇစ်မြစ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ အဆိပ်ကြောင့် ဖြစ်သည်။
ထိုအဆိပ်၏ ကြောက်မက်ဖွယ်ကောင်းပုံကို အစက သူလျှော့တွက်ခဲ့မိသည်။ သို့သော်လည်း အဆိပ်က မည်မျှကြောက်စရာကောင်းကြောင်း အမှန်တကယ် သူနားလည်သွားသည့်အခါ နောက်ကျလွန်းသွားချေ၏။
သူ၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် အရာအားလုံးသည် အဆိပ်၏ တိုက်စားခြင်းကို ဆိုးဆိုးဝါးဝါး ခံနေရသည်။ ယင်းက သူ၏ ဖုံးကွယ်မှုအတတ်ပညာကို ပျက်ပြယ်သွားစေပြီး ကြေးမုံပုံရိပ်မျိုးနွယ်၏ ခြေရာကောက်ခြင်းခံခဲ့ရသည်။
ထို့ကြောင့် သူက ဤနေရာမှာ ချုပ်နှောင်ခံခဲ့ရခြင်း ဖြစ်သည်။
“ အဲ့လူသားကောင်လေးက ဘာမှကောင်းကျိုးမပေးဘူး ”
သွမ့်မူကျန်းသည် သူ၏ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူ့မှာ အစက ကောင်းမွန်သော ရည်ရွယ်ချက် အမှန်တကယ်မရှိပေ။ သို့သော်လည်း ရွှီချင်းက လူသားတစ်ယောက်ဖြစ်ကြောင်း အာရုံခံမိသောအခါ သူ၏ စိတ်ကို ပြောင်းလဲလိုက်သည်။
သူက သူ့အပေါ်မှာ အမှတ်အသားပြုလုပ်ပြီး လုယက်ရန် အခွင့်အရေးတစ်ခု ရှာဖွေချင်ရုံမျှသာ ဖြစ်သည်။ သူ့မှာ သတ်ဖြတ်ရန် အစီအစဉ် လုံးဝမရှိပေ။
သို့သော်လည်း အဆိပ်၏ သက်ရောက်မှုက ထိုမျှပြင်းထန်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
“ ဖြေဆေးကလည်း အတုပဲ ”
သွမ့်မူကျန်းက စိတ်ထဲမှာ ခါးသီးစွာ ပြုံးလိုက်စဉ် အဝေးတစ်နေရာမှ ချော်ရည်အောက်မှာ ပုန်းအောင်းနေသော ရွှီချင်းသည် အဖြစ်အပျက်အားလုံးကို တိတ်တဆိတ် ကြည့်ရှုနေသည်။
ထိုကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်များသည် စည်းချအစီအရင်ကို အားဖြည့်ပေးပြီး ချုပ်နှောင်ခြင်းစွမ်းအင်ကို တိုးမြှင့်ပေးနေသောကြောင့် ချော်ရည်အောက်မှာ မည်သို့ဖြစ်ပျက်နေကြောင်း သတိမပြုမိကြချေ။
မည်သို့ဖြစ်ပါစေ ဤဧရိယာထဲတွင် မည်သည့်မျိုးနွယ်စုမှ သူတို့ကို ရန်မစဝံ့ကြချေ။ အထူးသဖြင့် မျိုးနွယ်စောင့်ရှောက်သူ၏ အစီအရင်ရတနာက ၎င်း၏ အစွမ်းသတ္တိကို ထုတ်ဖော်ပြနေစဉ် ဖြစ်သည်။ တခြားလူများက ၎င်းကိုမြင်သောအခါ ထုံးစံအားဖြင့် ရှောင်ဖယ်သွားကြသည်။
ရွှီချင်းသည် ဆုံးရှုံးမှုနှင့် အကျိုးအမြတ်ကို ချင့်ချိန်စဉ်းစားပြီးနောက် သူ့အား သေတ္တာပေးခဲ့သော အဖိုးအို၏ အကူအညီကို ပြန်တွေးမိသွားသောအခါ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည်။
“ သူ့ကို ဒီတစ်ကြိမ်တော့ ကယ်လိုက်မယ် ”
ထိုသို့အတွေးပေါ်လာသည်နှင့်ချက်ချင်း တားမြစ်အဆိပ်စွမ်းအားသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပျံ့လွင့်ထွက်လာသည်။ ယင်းက ချော်ရည်တစ်လျှောက် ပျံ့နှံ့သွားပြီး ဘေးပတ်ဝန်းကျင်သို့ စိမ့်ဝင်သွားသည်။
သူက ညာလက်ကို မြှောက်လိုက်သည့်အခါ နတ်ငါးအရိုးဆူးချွန်က လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ အရိပ်လေးသည်လည်း အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားနေလေရာ တိုက်ခိုက်ရန် အသင့်ဖြစ်နေ၏။
နောက်အခိုက်အတန့်မှာ ရွှီချင်းက ချော်ရည်အောက်ခြေမှ ပြေးထွက်လာသည့်အခါ အေးစက်စက်အလင်းသည် သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။
ဝိညာဉ်နတ်သူငယ်ဆယ့်သုံးကောင်သည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြသည်။ ထိုအခါ ကမ္ဘာတုန်ဟီးစေမည့် အင်အားတစ်ခုသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ နေနာရီသုံးခုပေါ်မှ နာရီလက်တံများသည်လည်း တုန်ယင်လာကြသည်။ အချိန်ရပ်တန့်ခြင်းစွမ်းအားကို ထုတ်လွှတ်ရန် မည်သည့်အချိန်၌မဆို သူတို့ကို ဒိုင်ကွက်ပြားပေါ်မှ ဆွဲထုတ်နိုင်ပေသည်။
“ သတ်ပစ် ”