မင်းဒီလောက်သန်မာတာ ဘာလို့ စောစောမပြောတာလဲ(က)
Vol. 55 Ch. 846
ဝိညာဉ်နတ်သူငယ်အဆင့်တွင် ကျင့်ကြံသူများကြားမှ ကွာခြားမှုသည် အတော်လေး အံ့ဩစရာကောင်းသည်။ မတူညီသော အခြေခံအုတ်မြစ်ချမှုနှင့်အတူ အတိတ်တွင် သေးငယ်သော ကွာခြားမှုများက အဆပေါင်းများစွာ ကြီးမားလာလိမ့်မည်။
ယင်းထဲတွင် ဝိညာဉ်နတ်သူငယ်များ၏ အရေအတွက်၊ ကောင်းကင်ကဒ်ဘေးဒုက္ခ၏ အကြိမ်ရေနှင့် မတူညီသော မျိုးနွယ်စုများနှင့် လူတစ်ဦးချင်းစီမှ အတွေ့အကြုံများလည်း ပါဝင်သောကြောင့် စွမ်းအားကွာခြားမှုကို ရွှေအမြူတေအဆင့်မှာကဲ့သို့ အကြည့်တစ်ချက်ဖြင့် မမြင်နိုင်တော့ပေ။
အကယ်၍ ကွာခြားမှုက အလွန်မကြီးမားလျှင် တစ်စုံတစ်ယောက်၏ အရှိန်အဝါကို အာရုံခံနိုင်လိမ့်မည်။
သို့မဟုတ်လျှင် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူအချင်းချင်း တိုက်ခိုက်သည့်အခါ အရှုံးအမြတ်ကို ချင့်ချိန်စဉ်းစားရလိမ့်မည်။
သို့သော်လည်း မျိုးနွယ်စုအားလုံးတွင် တူညီသော အခြေခံနားလည်မှုတစ်ခု ရှိသည်။
ပထမကောင်းကင်ကဒ်ဘေးဒုက္ခသည် အတုအယောင် ဝိညာဉ်နတ်သူငယ်ထံ အစစ်အမှန် အနှစ်သာရကို အပ်နှင်းပေးပြီး စစ်မှန်သည့် တာအိုနတ်သူငယ်တစ်ကောင် ဖြစ်လာရန် ခွင့်ပြုပေးသည်။
ထိုအခါ ကျင့်ကြံသူသည် ဝိညာဉ်နတ်သူငယ်တစ်ကောင်၏ စွမ်းအားကို ပိုင်ဆိုင်လာလိမ့်မည်။
ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခတွင် ဝိညာဉ်နတ်သူငယ်သည် စွမ်းအားနှစ်ဆတိုးမြှင့်လာမည်ဖြစ်ပြီး တတိယကောင်းကင်ကဒ်ဘေးဒုက္ခတွင် စွမ်းအားသုံးဆတိုးမြှင့်လာမည် ဖြစ်သည်။
ဥပမာ ယခင်က ရွှီချင်းကို တိုက်ခိုက်ခဲ့သော ကောင်းကင်မျက်နှာဖုံးမျိုးနွယ်မှ ကျင့်ကြံသူ ဖြစ်သည်။ သူသည် မျိုးနွယ်စု၏ ကောင်းကင်ရွေးချယ်ခံတစ်ယောက် ဖြစ်သည်။ သူ့မှာ သက်စောင့်မီးအိမ်တစ်ခုမှ မရှိသော်လည်း တာအိုနတ်သူငယ်ခုနစ်ကောင်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခကို ကျော်လွှားနိုင်ခဲ့သည်။
သို့ဖြစ်၍ အခြေခံအားဖြင့် သူ၏ တိုက်ပွဲစွမ်းအားသည် ဝိညာဉ်နတ်သူငယ်(၁၄)ကောင်နှင့် ညီမျှသည်။
ထိုအကြောင်းအရင်းကြောင့်ပင် သူက ရွှီချင်း၏ ဝိညာဉ်နတ်သူငယ်(၁၃)ကောင်ကို အာရုံခံမိသည့်တိုင် ဆက်လက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုမှတဆင့် သူ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို မြင်နိုင်ပေသည်။ သူသည် အခြေတည်အဆင့်တွင် အသက်မီးတောက်ဘောလုံး(၄)ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး ရွှေအမြူတေအဆင့်တွင် နတ်နန်းတော်(၇)ခုကို ဖွဲ့စည်းနိုင်ခဲ့ရပေမည်။
သူ၏ ဓမ္မအလင်းပေါက်သည် သေချာပေါက် (၁၂၀)ခုဖြစ်ရပေမည်။
သူသည် အထွတ်အထိပ်ဖြစ်သော အလင်းပေါက် (၁၂၁)ခုထိ မရောက်ရှိခဲ့ပေ။
မည်သို့ဖြစ်ပါစေ ရွှီချင်း၏ ကျင့်ကြံခြင်းခရီးတစ်လျှောက်တွင် အင်ပါယာကြယ်နှင့် ခုန်းရှန်းလုံမှလွဲ၍ ဓမ္မအလင်းပေါက် (၁၂၁)ခုထိ ရောက်ရှိဖူးသူကို တစ်ခါမှ သူမတွေ့ဆုံဖူးချေ။
ထိုထက်ပိုရှိနိုင်လောက်သည်။ သို့သော်လည်း ရွှီချင်းသည် သူတို့နှင့် မတွေ့ဆုံဖူးသောကြောင့် မဆုံးဖြတ်နိုင်ပေ။
သို့သော်လည်း ယင်းက အခြေခံသဘောတရားအရသာ ဖြစ်၏။ ရွှေအမြူတေအဆင့်တွင် နတ်နန်းတော်များဖြင့် စွမ်းအားကို သတ်မှတ်နိုင်သည်။ သို့သော်လည်း ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူများကြားမှ တိုက်ပွဲတွင် အပြောင်းအလဲများသည် အလွန်အမင်း ကြီးမားသည်။
အဆင့်ကွာခြားမှုအပြင် ဓမ္မရတနာများနှင့် ကျင့်ကြံခြင်းအတတ်ပညာများလည်း ရှိသေး၏။ မျိုးနွယ်အသီးသီး၏ မတူကွဲပြားသော မွေးရာပါစွမ်းရည်များနှင့် သူတို့၏ လိုက်လျောညီထွေနိုင်စွမ်းကို တကယ့်တိုက်ပွဲတွင် ထည့်သွင်းစဉ်းစားရပေမည်။
ထိုထဲမှ အချက်တစ်ခုစီသည် အလွန်အရေးကြီးပြီး တိုက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်သည်။
သို့ဖြစ်၍ ဝိညာဉ်နတ်သူငယ်များ၏ စွမ်းအားကို တိုက်ပွဲစွမ်းအားအဖြစ် လုံးဝဥဿုံ မသတ်မှတ်နိုင်ပေ။ ယင်းကို အခြေခံနှိုင်းဆမှုတစ်ခုမျှသာ အသုံးပြုနိုင်သည်။
မည်သူက ပို၍သန်မာပြီး မည်သူက ပို၍အားနည်းကြောင်း သိရှိရန် တိုက်ခိုက်ကြည့်ရလိမ့်မည်။
ယင်းက ရွှီချင်းအတွက်လည်း အတူတူ ဖြစ်သည်။
သူ၏ ဝိညာဉ်နတ်သူငယ်(၁၃)ကောင်စလုံးသည် ပထမကောင်းကင်ကဒ်ဘေးဒုက္ခကို ရင်ဆိုင်ကျော်လွှားပြီးပြီဖြစ်၍ သီအိုရီအရဆိုလျှင် ယခု သူ့မှာ ဝိညာဉ်နတ်သူငယ်(၁၃)ကောင်၏ တိုက်ပွဲစွမ်းအား ရှိသည်။
သို့သော်လည်း သူ၏ တာအိုနတ်သူငယ်များသည် အလွန်ထူးခြားသည်။ တစ်ခုသည် အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာမှ ဖြစ်တည်လာခြင်းဖြစ်ပြီး တချို့သည် နတ်ဘုရားများနှင့် ဆက်စပ်နေသည်။ ကောင်းကင်ဘုံတာအို၏ အစွမ်းတိုးမြှင့်ပေးခြင်းနှင့် အချိန်ပုလင်းကဲ့သို့ အထွတ်အမြတ်ရတနာအပြင် ကျောက်ရှာအလင်းနှင့် နေနာရီသက်စောင့်မီးအိမ်များလည်း ရှိသေးသည်။
ထိုအချက်အားလုံးက ဝိညာဉ်နတ်သူငယ်အဆင့်တွင် ရွှီချင်း၏ တိုက်ပွဲစွမ်းအားကို ပုံမှန်စံသတ်မှတ်ချက်ထက် ကျော်လွန်သွားစေသည်။ သူ၏ တာအိုနတ်သူငယ်များ၏ စွမ်းအားသည် ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခကို ကျော်လွှားဖူးသည့် ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည်။
တစ်နည်းအားဖြင့် ရွှီချင်း၏ အခြေခံအကျဆုံး တိုက်ပွဲစွမ်းအားသည် ဝိညာဉ်နတ်သူငယ် (၂၄)ကောင်စွမ်းအား ဖြစ်သည်။
(၂၆)ကောင်မဟုတ်ရသည့် အကြောင်းအရင်းမှာ သူ့တွင် မသန့်စင်ရသေးသော သက်စောင့်မီးအိမ်နှစ်ခု ကျန်ရှိနေသေးသောကြောင့် ဖြစ်သည်။ ကျန်ရှိသော သက်စောင့်မီးအိမ်နှစ်ခုက နေနာရီသို့ ပြောင်းလဲသွားသည့်အခါ သူ့မှာ ဝိညာဉ်နတ်သူငယ် (၂၆)ကောင်၏ တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်လာလိမ့်မည်။
သို့သော်လည်း ရွှီချင်းသည် သတိရှိနေဆဲပင်။ အဘယ့်ကြောင့်ဆိုသော် ထူးခြားသော တာအိုနတ်သူငယ်များကို သူတစ်ဦးတည်း ပိုင်ဆိုင်ထားခြင်းမဟုတ်ကြောင်း နားလည်ထားသောကြောင့် ဖြစ်သည်။ ထို့ပြင် ထိုသဘောတရားသည် ကျင့်ကြံခြင်းအတတ်ပညာများနှင့် ရတနာများအတွက်လည်း အတူတူဖြစ်သည်။
သို့ဖြစ်၍ ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူအချင်းချင်း တိုက်ခိုက်သည့်အခါ တိုက်ပွဲရလဒ်ကို အလွယ်တကူ မမှန်းဆနိုင်ခြင်း ဖြစ်သည်။
ထိုအတွေးများက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ချော်ရည်အောက်ထဲမှ ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။ သူက ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်နှင့် သူ၏ ဝိညာဉ်နတ်သူငယ်(၁၃)ကောင်သည်လည်း တစ်ကောင်မကျန် ထွက်ပေါ်လာကြလေရာ ဝိညာဉ်နတ်သူငယ်(၂၄)ကောင်နှင့် ညီမျှသော ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းအားကို ဖြစ်ပေါ်စေသည်။
သူ၏ အလျင်က လွန်စွာမှ မြန်ဆန်လေရာ ရွှီချင်းသည် လျှပ်တစ်ပြက်အတွင်း ပထမကောင်းကင်ကဒ်ဘေးဒုက္ခ ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူတစ်ယောက်၏ အရှေ့မှာ ချက်ချင်း ထွက်ပေါ်လာသည်။
ထိုကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက စွမ်းအင်တစ်ဝက်ကို စည်းချအစီအရင်ထဲသို့ ပို့လွှတ်ထားသော်လည်း သူ၏ ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံနှင့် လိုက်လျောညီထွေနိုင်စွမ်းက သူ၏ အာရုံအများစုကို ချက်ချင်း ပြန်ရုပ်သိမ်းစေပြီး ဝိညာဉ်နတ်သူငယ်(၆)ကောင်ကို သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာစေသည်။
သူက ဓားပျံတစ်ချောင်းကိုပင် ပါးစပ်ထဲမှ ထွေးထုတ်လိုက်သေးသည်။ သူ၏ နဖူးပေါ်မှ ကြေးမုံအပိုင်းအစသည် အရောင်တောက်ပလာပြီး ရွှီချင်း၏ ပုံရိပ်က ကြေးမုံမျက်နှာပြင်ပေါ်မှာ ထင်ပေါ်လာသည်။ ထို့နောက် သူ၏ မျက်နှာသည် ဝေဝါးလာပြီး ရွှီချင်းနှင့် တစ်ပုံစံတည်း တူညီလာသည်။
ဤသည်မှာ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၏ မွေးရာပါစွမ်းရည်များအနက် တစ်ခုဖြစ်သည်။ ယင်းက သူ၏ ရုပ်ခန္ဓာကိုယ်ကို အစွမ်းတိုးမြှင့်ပေးနိုင်ပြီး သူ၏ တိုက်ပွဲစွမ်းအားကို ဝိညာဉ်နတ်သူငယ်(၈)ကောင်အထိ ချက်ချင်း ရောက်ရှိသွားစေမည်။
ထိုမွေးရာပါစွမ်းရည်ကို သူ၏ တုံ့ပြန်မှုအမြန်နှုန်းဖြင့် တွဲဖက်လိုက်သည့်အခါ အတော်လေး အံ့ဩစရာကောင်းသည်။ အကယ်၍ တခြားသော ပထမကောင်းကင်ကဒ်ဘေးဒုက္ခ ကျင့်ကြံသူတစ်ဦးကသာ အလစ်တိုက်ခိုက်လာမည်ဆိုလျှင် သူတို့၏ အစီအစဉ်သည် မအောင်မြင်နိုင်ပေ။
သို့သော်လည်း ခွန်အားကွာခြားမှုက လွန်စွာကြီးမားနေမည်ဆိုလျှင် မထိန်းချုပ်နိုင်သော ကိန်းရှင်များသည်ပင် ထိန်းချုပ်မှုအောက်သို့ အတင်းအကျပ် ကျရောက်သွားရချေမည်။
သို့ဖြစ်၍ ရွှီချင်းက ရွေ့လျားဖြတ်ကျော်သွားသည့်အခါ အေးစက်စက်အလင်းသည် သူ၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။ ထို့နောက် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်၏ ဦးခေါင်းသည် ခန္ဓာကိုယ်မှ တိုက်ရိုက် ခွဲထွက်သွားသည်။
သွေးသည် လည်ပင်းပြတ်ထဲမှ ဒလဟော ပန်းထွက်လာသည်။ အသံက ပျံ့လွင့်သွားသည်နှင့်ချက်ချင်း ရွှီချင်းသည် နောက်ထပ် ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူတစ်ဦးထံသို့ ပျံသန်းသွားသည်။
တစ်ချိန်တည်းမှာ ရွှီချင်း၏ တားမြစ်အဆိပ်သည် ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။ ၎င်း၏ ပစ်မှတ်သည် ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူများ မဟုတ်ပေ။ ယင်းအစား ရွှေအမြူတေအဆင့်ကျင့်ကြံသူများ ဖြစ်သည်။
ရွှီချင်း၏ စွမ်းအားက တိုးမြှင့်လာသည်နှင့်အမျှ တားမြစ်အဆိပ်သည်လည်း ပိုပြီးရက်စက်ကြမ်းကြုတ်လာပြီး ကြောက်စရာကောင်းလာသည်။ ၎င်းက လေထဲသို့ ပျံ့လွင့်သွားသည်နှင့် အနည်းဆုံး ရွှေအမြူတေအဆင့် ကျင့်ကြံသူခုနစ်ယောက်သည် ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။
သူတို့မှာ တုံ့ပြန်ရန် အချိန်ပင်မရဘဲ သူတို့၏ ခန္ဓာကိုယ်သည် ချက်ချင်း ခရမ်းနက်ရောင်သို့ ပြောင်းလဲသွားပြီး စတင်ပုပ်သိုးဆွေးမြေ့လာသည်။
နှလုံးကွဲကြေသော အော်ဟစ်ညည်းတွားသံများသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည်။
ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်လာပြီး မျက်လုံးက အနက်ရောင်သို့ ပြောင်းလဲသွားသော ရွှေအမြူတေအဆင့် ကျင့်ကြံသူတချို့လည်း ရှိသည်။ နတ်ဆိုးဆန်သော အပြုံးက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်နှင့် သူတို့သည် ရုတ်တရက် အနောက်လှည့်လိုက်ကြပြီး ကြေးမုံစည်းချအစီအရင်ဆီသို့ တန်းမတ်စွာ ပြေးသွားကြသည်။ အနားရောက်သည့်အခါ သူတို့သည် ရုတ်တရက် ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်ကြသည်။
ပေါက်ကွဲသံများက ပဲ့တင်ထပ်သွားသောအခါ အနီရောင်မိုးကြိုးသွား၏ ရစ်ပတ်ခံထားရသော နတ်ငါးအရိုးဆူးချွန်သည် ရန်သူများကြားတွင် လှည့်ပတ်သွားနေပြီး ၎င်း၏ လမ်းကြောင်းရှေ့မှာရှိသော ရွှေအမြူတေအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ပစ်လိုက်သည်။
ထိုမြင်ကွင်းသည် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်မှ ကျင့်ကြံသူများ၏ အမူအရာကို သိသိသာသာ ပြောင်းလဲသွားစေသည်။
ဤနေရာသည် ပရမ်းပတာ ဖြစ်လာသည်။
ဧရာမကြေးမုံ၏ ဖိအားကို တောင့်ခံနေသော သွမ့်မူကျန်းသည်လည်း အံ့ဩသွားသည်။ အဆိပ်မိသွားသော ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်များကို သတိပြုမိသွားသောအခါ သူ၏ သူငယ်အိမ်သည် ကျုံ့သွားပြီး ကိစ္စအားလုံး၏ ရင်းမြစ်ကို ချက်ချင်း နားလည်သဘောပေါက်သွားသည်။
“ အဲ့ဒါ ဉာဏ်များတဲ့ ဟိုကောင်လေးပဲ ”
ထို့ကြောင့် သူက အော်ပြောလိုက်သည်။
“ အချိန်မဖြုန်းနဲ့… တိုက်ပွဲကို မြန်မြန်အဆုံးသတ်ပစ်ပြီး အပြင်ဘက်က ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတွေကို သတ်ပစ်ပါ… စည်းချအစီအရင်ကို ထောက်ပံ့ပေးမဲ့ စွမ်းအားက ရပ်တန့်သွားမယ်ဆိုရင် ငါလွတ်မြောက်နိုင်လိမ့်မယ် ”