မျှော်လင့်ချက်ပေးတဲ့ အလိမ်အညာ(က)
Vol. 55 Ch. 850
ကောင်းကင်မီးလျှံကဒ်ဘေး ဖြတ်သန်းခြင်းဟူသည်မှာ လဝတ်ပြုဒေသကြီး၏ ထူးခြားသော ရာသီဥတုအပြောင်းအလဲတစ်ခု ဖြစ်သည်။
ထိုဖြစ်စဉ်၏ နောက်ကွယ်မှ အခြေခံသဘောတရားများနှင့် ပတ်သက်ပြီး သီအိုရီများစွာ ရှိသည်။ တချို့လူများသည် ယင်းက အနီရောင်လ၏ ဆွဲငင်အားကြောင့် ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ အဘယ့်ကြောင့်ဆိုသော် အနီရောင်လက လဝတ်ပြုဒေသကြီးဆီသို့ နီးကပ်လာသည်နှင့်အမျှ “ကောင်းကင်မီးလျှံကဒ်ဘေး ဖြတ်သန်းခြင်း”ဖြစ်စဉ်က မကြာခဏ ဖြစ်ပေါ်လာတတ်သည်ကို တွေ့ရှိရသောကြောင့် ဖြစ်သည်။
တချို့လူများသည်တော့ အနီရောင်လ၏ သတ်ဖြတ်ခံခဲ့ရသော ရှေးဟောင်းအုပ်ချုပ်သူက ပြန်လည်ရှင်သန်လာခြင်းဖြစ်သည်ဟု ဆိုသည်။
“ကောင်းကင်မီးလျှံကဒ်ဘေး ဖြတ်သန်းခြင်း”ဖြစ်စဉ် ဖြစ်ပေါ်လာသည့်အခါတိုင်း လဝတ်ပြုဒေသကြီးတစ်ခုလုံးသည် လင်းထိန်လာသည်။ ကောင်းကင်ယံမှ မီးတောက်ပင်လယ်သည် လှုပ်ရှားထကြွလာပြီး ယင်းက ကောင်းကင်တစ်ခွင်လုံး ဖုံးလွှမ်းမသွားမီ အရှေ့အရပ်မှစ၍ ပျံ့နှံ့သွားလိမ့်မည်။
အရှေ့အရပ်နှင့် ပိုပြီးဝေးလေလေ အလင်းရောင်သည် ပိုပြီးလင်းထိန်လာပြီး အပူချိန်သည် ပိုပြီးပြင်းထန်လာလေ ဖြစ်သည်။
တစ်ချိန်တည်းမှာ မီးလျှံမိုးရွာသွန်းခြင်း၏ အပူချိန်ဒီဂရီသည် တစ်နေရာနှင့်တစ်နေရာ ကွဲပြားခြားနားသည်။
ထိုသဘာဝလွန်ဖြစ်စဉ်သည် ကောင်းကင်ယံမှ မီးတောက်ပင်လယ်က အရှေ့အရပ်ရှိ ကောင်းကင်ဘုံမီးတောက်ပင်လယ်ထဲသို့ ပြန်မကျဆင်းသွားခင်အထိ လပေါင်းများစွာ ကြာမြင့်လိမ့်မည်။ ဤသည်ကို သံသရာတစ်ပတ်လည်ခြင်းဟု ဆိုနိုင်သည်။
ထိုသို့ဖြစ်နေစဉ်အတောအတွင်း လဝတ်ပြုဒေသကြီး၏ အရှေ့ပိုင်းဒေသထဲ၌ ယဇ်ပလ္လင်ငယ်ဧရိယာကဲ့သို့ နေရာများမှလွဲ၍ ကျန်နေရာအားလုံးသည် မီးလျှံမိုးရွာသွန်းမှုအောက်မှာ အကုန်လောင်ကျွမ်းပျက်စီးသွားလိမ့်မည်။
အဆောက်အဦးနှင့် အပင်အားလုံးနီးပါးသည် လောင်ကျွမ်းပြာကျသွားလိမ့်မည်။
ထိုအကြောင်းအရင်းကြောင့်ပင် မျိုးနွယ်စုနှစ်စုမဟာမိတ်၏ ပိုင်နက်ထဲမှ မြို့တော်အများစုကို ရွှံ့ဖြင့် အကြမ်းထည် တည်ဆောက်ထားရခြင်း ဖြစ်သည်။ သူတို့၏ မြင့်မြတ်မြို့တော်များသည်သာ မျိုးနွယ်စုနှစ်စုမှ ကျွမ်းကျင်ပညာရှင်များ၏ အစွမ်းတိုးမြှင့်ပေးမှုနှင့် အထူးနည်းလမ်းများကြောင့် မီးလျှံမိုးရွာသွန်းခြင်းကို တောင့်ခံနိုင်ကြသည်။ သို့တိုင် ယင်းက အတိုင်းအတာတစ်ခုထိ အပျက်အစီးဒဏ်ကို ခံစားရပေဦးမည်။
မီးတောက်ပင်လယ်က အရှေ့အရပ်သို့ ပြန်ကျဆင်းသွားသည့်အခါ သူတို့က အဆောက်အဦးများကို အသစ်ပြန်လည်ဆောက်လုပ်ကြလိမ့်မည်။ မီးဓာတ်အဆိပ်ကို ချေဖျက်ရန် မြေဆီလွှာကို အသစ်ပြောင်းလဲပစ်ရလိမ့်မည်။ ဤသည်မှာ သေမျိုးများ၏ ဝမ်းစာအတွက် အဓိကအရင်းအမြစ် ဖြစ်သည်။
ကံကောင်းစွာဖြင့် ကောင်းကင်မီးလျှံကဒ်ဘေး ဖြတ်သန်းခြင်းသည် ဆယ်စုနှစ်အနည်းငယ်ကြာပြီးမှ တစ်ကြိမ်သာ ထွက်ပေါ်လာလေ့ ရှိသည်။ ယင်းက မကြာခဏ ဖြစ်ပေါ်လာလေ့ မရှိပေ။ ၎င်း၏ အဖျက်စွမ်းအင်သည် အရှေ့အရပ်ကိုသာ အဓိက အာရုံထားသည်။ သို့ဖြစ်၍ တခြားဧရိယာများသည် ဆိုးဆိုးရွားရွား ပျက်စီးသွားခြင်း မရှိပေ။ ကျင့်ကြံသူများအတွက် ကုန်းမြေကို ပြန်လည်ဆောက်လုပ်ရန် မန္တန်တချို့သာ လိုအပ်ပေသည်။
သာမန်မျိုးနွယ်ဝင်များအတွက်တော့ ကောင်းကင်မီးလျှံကဒ်ဘေး မကျရောက်လာခင် မြင့်မြတ်မြို့တော်ထဲသို့ ဝင်ရောက်ပြီး ဘေးကင်းလုံခြုံစွာ ခိုလှုံနိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားရလိမ့်မည်။ သို့သော်လည်း မြင့်မြတ်မြို့တော်ထဲသို့ ဝင်ရောက်ရန် သတ်မှတ်ထားသော တန်ဖိုးတစ်ခုကို ပေးချေရလိမ့်မည်။ အကယ်၍ သူတို့က မပေးချေနိုင်လျှင် မြေအောက်ထဲမှာသာ ပုန်းအောင်းရလိမ့်မည်။
ကောင်းကင်ဘုံမီးတောက်နှင့် လိုက်လျောညီထွေဖြစ်သည့် မျိုးဆက်အစဉ်အဆက် ဆင့်ကဲပြောင်းလဲခဲ့သော ရုပ်ခန္ဓာကိုယ်ကြောင့် သူတို့သည် ဤကဒ်ဘေးကို အလွယ်တကူ ရှောင်တိမ်းနိုင်ကြသည်။
ဤသည်မှာ နယ်စပ်ဒေသတွင် ရွှီချင်းမြင်တွေ့ခဲ့ရသော အစောင့်အကြပ်များက အဘယ့်ကြောင့် မြေကြီးအောက်ထဲ၌ ပုန်းအောင်းနေရသလဲဟူသည့် အကြောင်းအရင်းလည်း ဖြစ်သည်။ ကောင်းကင်မီးလျှံကဒ်ဘေး မကျရောက်လာခင် သူတို့ကိုယ်သူတို့ ဆွေးမြေ့သွားစေပြီး မြေကြီးအောက်ထဲမှ မြေဆီလွှာနှင့် ပေါင်းစပ်သွားရန် လိုအပ်သည်။
ကောင်းကင်မျက်နှာဖုံးမျိုးနွယ်တွင်လည်း အလားတူသော နည်းလမ်းတစ်ခု ရှိသည်။
သို့သော်လည်း ထိုနည်းလမ်းအားလုံးသည် သူတို့၏ ပတ်ဝန်းကျင်ဒေသနှင့် လိုက်လျောညီထွေဖြစ်ရန် မျိုးဆက်အစဉ်အဆက် ပြုပြင်ပြောင်းလဲခဲ့သောအရာ ဖြစ်သည်။ ယင်းက ရွှီချင်း မပိုင်ဆိုင်ထားသောအရာ ဖြစ်သည်။
ဤအခိုက်အတန့်မှာ သူရှိနေသော မြေအောက်တွင်းသည် အလွန်အမင်း ပူပြင်းနေသည်။ ဘေးပတ်ပတ်လည်မှ မြေကြီးသည် မြင့်မားသော အပူချိန်အောက်တွင် ကျောက်သားသဖွယ် မာကျောလာလေရာ စိတ်မသက်မသာဖြစ်သော ခံစားမှုသည် ရွှီချင်း၏ နှလုံးသားထဲမှာ ဖြစ်ပေါ်လာသည်။
“ အခုအပူချိန်က ချော်ရည်မျက်နှာပြင်ပေါ်က အပူချိန်နဲ့ အတော်လေး နီးကပ်နေပြီ… ပြီးတော့ ဒါက အစပဲ ရှိသေးတယ်… ”
ရွှီချင်း၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များဖြင့် ပြည့်နှက်နေပြီး သူ၏ တစ်ကိုယ်လုံးက ကပ်စေးကပ်စေး ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အစိုဓာတ်ကို သူမထိန်းထားနိုင်တော့ပေ။
ယင်းက သူ့ကို စိတ်မသက်မသာ ခံစားရစေသည်။ သူက ပို၍နက်သော မြေအောက်ထဲသို့ အမြန်ဆုတ်သွားသည်။
သေချာသော အတိုင်းအတာတစ်ခုသို့ သူရောက်ရှိသွားသည့်အခါမှ အနည်းငယ် သက်တောင့်သက်သာ ခံစားမိသည်။ သို့သော်လည်း သူ၏ စိတ်ထဲသို့ ပို့လွှတ်နေသော မိုဆာဆောထံမှ အန္တရာယ်သတိပေးမှုသည် ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။
သို့ဖြစ်၍ သူက နတ်ဘုရားအသိစိတ်ကို ပြန်မရုပ်သိမ်းဘဲ အပြင်လောကကို သေချာအာရုံစိုက်ထားသည်။
သူ၏ အသိအမြင်တွင် အပြင်လောကသည် မီးတောက်များဖြင့် စူးရှတောက်ပနေပြီး ပွက်ပွက်ဆူနေသော ချော်ရည်က ကောင်းကင်ယံတစ်ခွင် လှုပ်ရှားထကြွနေသည်။ ဧရာမလက်ပြတ်ကြီးက ချိပ်တံဆိပ်လက်ဟန်များကို ဆက်တိုက် ဖွဲ့စည်းနေသည်နှင့်အမျှ မီးတောက်မီးလျှံများသည် တစ်စုံတစ်ခု၏ လှုံ့ဆော်ခံလိုက်ရသည့်နှယ် အရပ်ရှစ်မျက်နှာသို့ ဆက်လက်ဖြန့်ကြက်သွားသည်။
ပမာဏများပြားသော မီးလျှံမိုးက ရွာသွန်းလာသည်နှင့် တောင်တန်းတောင်ကုန်းအများအပြားသည် စတင်အရည်ပျော်လာကြပြီး ပုံစံမကျဖြစ်လာသည်။
ဤဒေသကြီးတစ်ခုလုံး၌ အဆုံးမဲ့သော မီးတောက်များဖြင့် ပြည့်နှက်နေသည်။ ထူထဲသော မီးခိုးငွေ့သည် လှိုင်းလုံးကြီးများသဖွယ် တလိပ်လိပ် မြှောက်တတ်လာနေပြီး အပူချိန်သည် အတိုင်းအဆမဲ့စွာ မြင့်တတ်လာနေသည်။
ရွှီချင်း၏ အကဲဖြတ်မှုအရ အပြင်လောကမှ ကြောက်စရာကောင်းသော အပူချိန်သည် ချော်ရည်အောက် အနက်ဆယ်ပေထဲမှာ သူရှိနေစဉ်က အပူချိန်နှင့် နှိုင်းယှဉ်နိုင်ပေသည်။
“ ငါ အောက်ကို ဆက်မသွားနိုင်တော့ဘူး ”
အန္တရာယ်ခံစားမှုသည် ရွှီချင်း၏ နှလုံးသားထဲမှာ တဖြည်းဖြည်း တိုးမြှင့်လာသည်။ သူက ပို၍နက်သော မြေကြီးအောက်သို့ ငုံ့ကြည့်လိုက်လေရာ စဉ်းစားချင့်ချိန်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူက ဆက်မသွားနိုင်ခြင်းမဟုတ်ပေ။ ယင်းအစား သူ၏ ခန္ဓာကိုယ်က အကန့်အသတ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။
မည်သို့ဖြစ်ပါစေ ဝမ်ကူးကုန်းမြေထဲတွင် ဖျစ်ညှစ်အားတစ်ခု ရှိသည်။ အကယ်၍ ရွှီချင်းက ပို၍နက်သော မြေကြီးအောက်ထဲသို့ ဆင်းသွားမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်က ဝမ်ကူးကုန်းမြေမှ ဖိအားကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။
“ ပြီးတော့ ကောင်းကင်မီးတောက်က ပိုပြီးနက်တဲ့ အတွင်းပိုင်းထဲထိ ဝင်လာနိုင်မလားဆိုတာ ငါသေချာမသိဘူး… တကယ်လို့ အဲ့ဒါက ငါနစ်မြုပ်နိုင်တဲ့ အကန့်အသတ်ထက် ကျော်လွန်ပြီး ပျံ့နှံ့သွားမယ်ဆိုရင် ငါသေသွားမှာ သေချာတယ် ”
ရွှီချင်းသည် အကျိုးအကြောင်းကို ချင့်ချိန်လိုက်သည်။ ဤသည်မှာ ကောင်းကင်မီးလျှံကဒ်ဘေး၏ ပထမနေ့သာ ရှိသေး၏။ အနာဂတ်တွင် မီးတောက်များက ပို၍ကြောက်စရာကောင်းလာမည်ဖြစ်ကြောင်း သူလုံးဝသေချာသည်။
ရွှီချင်းသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်သည်။
ထိုကျောက်စိမ်းပြားသည် ရိုးရှင်းသော မြေပုံတစ်ခု ဖြစ်သည်။ ယင်းကို အဖိုးအိုသွမ့်မူကျန်းက သူမထွက်သွားခင် ရွှီချင်းကို ပေးသွားခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်မီးလျှံကဒ်ဘေးက ကျရောက်လာတော့မည်ဟု ပြောသွားခဲ့သူမှာ ထိုအဖိုးအိုပင် ဖြစ်သည်။ အကယ်၍ ရွှီချင်းမှာ ကဒ်ဘေးကို ရှောင်ရှားရန် တခြားသွားစရာနေရာမရှိလျှင် မြေပုံထဲမှ နေရာဆီသို့ သွားရောက်နိုင်သည်ဟု အဖိုးအိုက ပြောခဲ့သည်။
ရွှိချင်းသည် ထိုနေရာသို့ တစ်ချက်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ယင်းက အလုပ်မဖြစ်လျှင် သူက အလောင်းအစားလုပ်ပြီး ပို၍နက်သော မြေအောက်ထဲသို့ ဝင်ရောက်လိမ့်မည်။ သို့မဟုတ် မျိုးနွယ်စုနှစ်စုမဟာမိတ်၏ ပိုက်နက်ထဲမှ အမြန်ထွက်ခွာပြီး ကဒ်ဘေးအရင်းအမြစ်နေရာမှ ဝေးရာသို့ ခဏရှောင်တိမ်းမည် ဖြစ်သည်။
ထိုသို့တွေးမိသောအခါ သူက မြေကြီးပေါ်သို့ တန်းမတ်စွာ ဦးတည်သွားသည်။
သူက မြေကြီးအောက်ထဲမှာ ရွေ့လျားရန် မရွေးချယ်ခဲ့ပေ။ ယင်းက သူ၏ အလျင်ကို နှောင့်နှေးစေလိမ့်မည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က မြင့်မားသော အပူချိန်အောက်သို့ ဝင်ရောက်သွားသည်။
သူက မြေပြင်နှင့် နီးကပ်လာသည့်အခါ အပူချိန်သည် ပိုပြီးကြောက်စရာကောင်းလာသည်။
သူက မြေကြီးပေါ်သို့ ခုန်ထွက်လာပြီး မြေပြင်ပေါ်မှာ ထွက်ပေါ်လာသည့်အခါ အပူလောင်ဒဏ်ရာများသည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ ပြင်းထန်သော နာကျင်ခံစားမှုသည် သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
အပြင်လောကမှ ပူပြင်းသော အပူချိန်သည် ချော်ရည်အောက် အနက်ဆယ်ပေထဲတွင် သူရှိနေစဉ်ကထက် ကျော်လွန်နေပြီ ဖြစ်သည်။
ရွှီချင်း၏ ခန္ဓာကိုယ်သည် သာမန်မဟုတ်ဘဲ မြန်မြန်ဆန်ဆန် ကုသနိုင်စွမ်းရှိသော်လည်း မီးလောင်ကျွမ်းသော နာကျင်ခံစားမှုသည် အတော်လေး ပြင်းထန်နေဆဲပင်။
အရေးကြီးဆုံးမှာ ရွှီချင်းထံတွင် နေနာရီသက်စောင့်မီးအိမ်များ၏ အထောက်အပံ့ရှိသည့်တိုင် သူ၏ ဝိညာဉ်ထဲသို့ ကျူးကျော်ဝင်လာနေသော ကောင်းကင်ဘုံမီးတောက်ကို အချိန်ကြာကြာ မတားဆီးနိုင်ခြင်း ဖြစ်သည်။
ဤသည်မှာ ကောင်းကင်ဘုံမီးတောက်ကို အချိန်ကြာကြာ သူမသန့်စင်နိုင်ရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။
သူ၏ ဝိညာဉ်သည် ရုပ်ခန္ဓာကိုယ်ကဲ့သို့ မသန်မာချေ။
သူ၏ ရုပ်ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လျှင် ဝိညာဉ်သည် အများကြီး ပိုပျက်စီးလွယ်သည်။
“ ငါ အရမ်းကြာကြာ မနေနိုင်ဘူး ”
ရွှီချင်း၏ အသက်ရှူမှုတွင် လေပူဖြင့် ပြည့်နှက်နေသည်။ လေပူက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည့်အခါ သူ့အား အတွင်းပိုင်းထဲမှ လောင်မြိုက်ပျက်စီးစေသည်။
သူက လုံးဝတုံ့ဆိုင်းမနေဘဲ အမြန်ပျံသန်းသွားသည်။ သူက မီးတောက်ပင်လယ်ကို မြန်ဆန်သော အလျင်ဖြင့် ဖြတ်သန်းသွားနေစဉ် သွမ့်မူကျန်း သူ့အားပေးခဲ့သော ထီးကို ထုတ်ယူလိုက်သည်။ ထီးကို သူဖွင့်လိုက်သည့်အခါ ဘေးပတ်ဝန်းကျင်မှ အပူချိန်သည် သီးခြားခွဲထုတ်ခံလိုက်ရသည်။
ထိုအခါ ရွှီချင်း၏ ခန္ဓာကိုယ်သည် အနည်းငယ် သက်တောင့်သက်သာ ရှိသွားပြီး သူ၏ အလျင်သည် တိုးမြှင့်သွားသည်။
သူက အရှေ့သို့ ပျံသန်းသွားသည်နှင့် သူ၏ တစ်ကိုယ်လုံးသည် မုန်တိုင်းတစ်ခုကို အစပျိုးစေသည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း မီးတောက်များသည် ဝုန်းခနဲ တောက်လောင်လာသည်။
ထိုသို့ဖြင့် နှစ်ရက်ကုန်ဆုံးသွားပြီး အပူချိန်သည် ပိုပြီးကြောက်စရာကောင်းလာသည်။
လမ်းတစ်လျှောက်၌ သူမြင်တွေ့သမျှ အရာအားလုံးသည် အလွန်ပြင်းထန်သော အပူဒဏ်ကြောင့် ဝေဝါးလာပြီး ပုံပျက်တွန့်လိမ်လာဟန် ရသည်။ သူ၏ နတ်ဘုရားအသိစိတ်သည်လည်း သီးခြားခွဲထုတ်ခံလိုက်ရပြီး အပူကာထီးသည် ပျက်စီးတော့မည့် လက္ခဏာများ ပြလာသည်။