မျှော်လင့်ချက်ပေးတဲ့ အလိမ်အညာ(ဃ)
Vol. 55 Ch. 853
ဤဘဝတွင် သူသည် လဝတ်ပြုဒေသကြီးမှ ထွက်သွားနိုင်လိမ့်မည် မဟုတ်ချေ။ သူမွေးဖွားလာကတည်းက ထိုသို့ဖြစ်လာရန် ကံပါလာပြီးသားဖြစ်သည်။ သို့သော်လည်း သူငယ်ရွယ်စဉ်အခါက သူ့ဘေးမှ လူများသည် လူသားမျိုးနွယ်၏ စွမ်းအားကြီးမားပုံနှင့် ဂုဏ်ကျက်သရေကို သူ့အား ပြောပြခဲ့ကြသည်။
သို့သော်လည်း အရွယ်ရောက်လာသည့်အခါ သူ့ကိုယ်ပိုင်မျက်စိဖြင့် မြင်တွေ့ခဲ့ရသည်မှာ လူသားမျိုးနွယ်၏ နိမ့်ကျသော အဆင့်အတန်းဖြစ်သည်။ လူသားမျိုးနွယ်သည် တခြားမျိုးနွယ်များအတွက် သားကောင်မျှသာ ဖြစ်သည်။
အမျိုးမျိုးသော အခက်အခဲများနှင့် ဆင်းရဲဒုက္ခများက သူ၏ နှလုံးသားကို လှုပ်ခတ်စေခဲ့ပြီး သူ့အား သိမ်ငယ်မှုကို ခံစားရစေသည်။
အမှန်တော့ မည်သို့သော အဖြေဖြစ်ပါစေ ယင်းက သူ၏ လက်ရှိအခြေအနေကို မပြောင်းလဲပစ်နိုင်ပေ။ သို့သော်လည်း အဖြေတစ်ခုကို သူလိုချင်သေးသည်။
အပြင်လောကမှ လူသားမျိုးနွယ်သည် လူကြီးသူမများ သူ့အား ပြောကြားခဲ့သလိုမျိုး အစွမ်းကြီးမားပြီး ဂုဏ်ကျက်သရေကြီးမားသည်မှာ အမှန်ဟုတ်မဟုတ် သူသိချင်သည်။
သို့မှသာ ယင်းက သူ၏ နှလုံးသားထဲမှ ခံယူချက်ကို ထောက်ပံ့ပေးနိုင်ပြီး လူသားမျိုးနွယ်အတွက် ဂုဏ်ယူဝင့်ကြွားစိတ် ပေါက်ပေါ်လာစေမည် ဖြစ်သည်။
ရွှီချင်းသည် သူ့အရှေ့မှ လူငယ်ကို တစ်ချက်ကြည့်လိုက်ပြီး အသက်ရှူချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။
သူ၏ တိတ်ဆိတ်နေမှုက ရှီဖန်ကွေ့၏ မျက်လုံးထဲမှ မျှော်လင့်ချက် အလင်းရောင်ကို မှိန်ဖျော့သွားစေသည်။
“ အပြင်လောကမှာ လူသားတွေက ငြိမ်ငြိမ်းချမ်းချမ်း ရှိနေကြတယ်… သူတို့ဘဝက အရမ်းအဆင်ပြေပြီး အခက်အခဲအများကြီး မရှိဘူး… အားလုံး အရမ်းအဆင်ပြေတယ်… အခုမျိုးဆက်ရဲ့ လူသားဧကရာဇ်က သူရသတ္တိနဲ့ပြည့်စုံသလို ဉာဏ်ပညာလည်း ကြီးမားတယ်… မကြာခင်ကပဲ ဧကရာဇ်အရှင်က ကောင်းကင်နက်မျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး နယ်မြေတချို့ကိုတောင် သိမ်းပိုက်နိုင်ခဲ့တယ် ”
“ တခြားမျိုးနွယ်တွေက ငါတို့လူသားမျိုးနွယ်ရှေ့မှာ ဦးညွတ်ရတယ်… သူတို့မှာ ငါတို့ကို အညံ့ခံမလား ဒါမှမဟုတ် မျိုးနွယ်တစ်ခုလုံး ဖျက်ဆီးခံမလားဆိုတဲ့ ရွေးချယ်စရာပဲ ရှိတယ် ”
“ လူသားဧကရာဇ်ကလည်း လဝတ်ပြုဒေသကြီးက လူသားတွေရဲ့ အခြေအနေကို စိုးရိမ်နေပါတယ်… မကြာခင် အားလုံးအဆင်ပြေလာမှာပါ ”
ရွှီချင်း၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာပြီး သာမန်ကာလျှံကာ ပြောသည်။
သူ၏ စကားနှင့် အပြုံးသည် ရှီဖန်ကွေ့၏ မျက်လုံးကို အရောင်လင်းလက်သွားစေသည်။ သူ၏ အသက်ရှူသံက မြန်ဆန်လာပြီး ပြောမပြနိုင်အောင် စိတ်လှုပ်ရှားလာသည်။
“ ကျွန်တော်သိပြီ ”
“ အပြင်ဘက်က လူသားတွေကလည်း နိမ့်ကျတယ်လို့ ကျိုးဝမ့်ပေကပြောလို့ မနေ့က သူနဲ့ကျွန်တော် စကားများကြသေးတယ်… သူပြောတာ မဖြစ်နိုင်ပါဘူးလို့ ကျွန်တော်ထင်သားပဲ… ငါတို့လူသားမျိုးနွယ်ရဲ့ သွေးမျိုးစက်က မြင့်မြတ်တယ်… လဝတ်ပြုဒေသကြီးက ကျိန်စာသင့်နေလို့သာ ငါတို့ဒီလိုမျိုးဖြစ်နေရတာ… လူသားမျိုးနွယ်က တစ်ခေတ်တစ်ခါကဆို ဝမ်ကူးကုန်းမြေကို တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင် ပြုလုပ်နိုင်ခဲ့တဲ့ဟာ… အပြင်လောကမှာလည်း သေချာပေါက် ဂုဏ်ကျက်သရေကြီးမားရမှာပေါ့ ”
“ ကျေးဇူးတင်ပါတယ် စီနီယာ ”
ရှီဖန်ကွေ့သည် စိတ်လှုပ်ရှားလာသည်။ သူက ရွှီချင်းကို ဦးညွတ်ပြီးနောက် ဝမ်းသာပျော်ရွှင်စွာ ထွက်သွားသည်။ သူက အိမ်သို့ အမြန်ပြန်ပြီး ဤအကြောင်းကို သူ၏ တာအိုလက်တွဲဖော်နှင့် မိတ်ဆွေအပေါင်းအသင်းများထံ ပြန်ပြောပြချင်သည်။
တစ်ဖက်လူ၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ပြီးနောက် ရွှီချင်းသည် သူ၏ နှလုံးသားထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။
နောက်ဆုံးမှာတော့ တစ်ဖက်လူ၏ နာမည်ကို ‘ဖန်ကွေ့’ဟု မည်သို့ကြောင့် ပေးထားရသလဲကို သူနားလည်သွားပြီ ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်၏ ဂုဏ်ကျက်သရေက ယခင်ကဲ့သို့ ပြန်လည်ထွန်းတောက်လာရန် မျှော်လင့်စောင့်ဆိုင်းခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။
ဝမ်ပေ့ဟူသော နာမည်သည် မြောက်ဘက်အရပ်သို့ ငေးကြည့်ခြင်းဟု အဓိပ္ပာယ်ရသည်။ လူသားမျိုးနွယ်၏ မဟာနန်းမြို့တော်ဒေသကြီးက မြောက်ဘက်တွင် တည်ရှိသောကြောင့် ထိုသို့နာမည်ပေးထားခြင်း ဖြစ်နိုင်၏။
အမှန်မှာတော့ ရှီဖန်ကွေ့နှင့် အကြိမ်ရေအနည်းငယ် ပြောဆိုဆက်ဆံပြီးနောက် ရွှီချင်းသည် ဤသင်္ချိုင်းအောက်မှ အခြေအနေကို အကြမ်းဖျဉ်း မှန်းဆမိပြီး ဖြစ်သည်။
ထိုနေရာတွင် လူသားအုပ်စုတစ်စု ရှိလိမ့်မည်။ ထို့ပြင် သူတို့ပြောသည့် အဖိုးဘုရင်မှာ သွမ့်မူကျန်းဖြစ်သည်။
သူက လူသားတချို့ကို ကာကွယ်ပေးနေပြီး သူတို့ကို အပြင်လောကမှ ဘေးအန္တရာယ်များအား ရှောင်ရှားနိုင်စေရန် ဤနေရာမှာ နေထိုင်ခွင့်ပြုထားခြင်း ဖြစ်သည်။
ထို့ကြောင့် တစ်ဖက်လူက သူ့အား ဤနေရာမှ ထွက်မသွားရန် သတိပေးသွားခဲ့ခြင်း ဖြစ်သည်။
ရိုသေလေးစားမှုသည် ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ထို့ကြောင့် သူက မတ်တတ်ရပ်လိုက်ပြီး သူ့အနောက်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက လက်သီးဆုပ်လိုက်ပြီး အဝေးတစ်နေရာဆီသို့ အရိုအသေပေးလိုက်သည်။
ရွှီချင်းက အရိုအသေပေးလိုက်သည်နှင့် သွမ့်မူကျန်း၏ ပုံရိပ်သည် အဝေးရှိ ရုပ်တုတစ်ခုပေါ်မှာ ထွက်ပေါ်လာသည်။
သူက ရှီဖန်ကွေ့ထွက်သွားသော နေရာသို့ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရွှီချင်းကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူ၏ အက်ရှရှအသံက ဂူထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ကျေးဇူးတင်ပါတယ် ”
“ အပြင်လောကမှာ လူသားမျိုးနွယ်က တကယ်ပဲ စစ်ပွဲကို အနိုင်ရခဲ့တာလား ”
သွမ့်မူကျန်းသည် ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“ သန့်စင်ရေလှိုင်းမျိုးနွယ်က အခု လူသားမျိုးနွယ်လက်အောက်ကို ပြန်ရောက်လာပြီ… ပြီးတော့ လူသားမျိုးနွယ်မှာ ကိုယ်ပိုင်ဒေသစစ်လက်နက် ရှိသွားပြီ ”
သွမ့်မူကျန်းသည် အရှ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ရွှီချင်း၏ ဘေးသို့ ရောက်ရှိလာသည်။ ဤသည်မှာ သူတို့နှစ်ယောက်၏ အနီးစပ်ဆုံးအချိန် ဖြစ်သည်။ အတိတ်တွင် သူတို့သည် အကြိမ်ရေအနည်းငယ် တွေ့ဆုံခဲ့သော်လည်း သူတို့နှစ်ယောက်ကြားတွင် အကွာအဝေးတစ်ခုက ခြားထားသည်။
သွမ့်မူကျန်းသည် ဘေးတွင် ထိုင်ချလိုက်ပြီး ရွှီချင်းထံသို့ သေရည်တစ်အိုး ကမ်းပေးလိုက်သည်။
“ ငါ့ကို အသေးစိတ် ပြောပြပါ ”
ရွှီချင်းသည် သေရည်အိုးကို လှမ်းယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်သွားပြီး သူ၏ သိုလှောင်အိတ်ထဲမှ သေရည်တစ်အိုးကို ထုတ်လိုက်သည်။ သူက သေရည်အိုးကို သွမ့်မူကျန်းဆီသို့ ပေးလိုက်သည်။
သွမ့်မူကျန်းသည် သေရည်အိုးကို လှမ်းယူလိုက်ပြီး တစ်ငုံသောက်ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးသည် အရောင်တောက်ပသွားသည်။
ထိုသို့ဖြင့် နှစ်ယောက်သားအတူ သေရည်သောက်နေရင်း အပြင်လောကမှ အကြောင်းများကို ရွှီချင်းက သွမ့်မူကျန်းအား ပြောပြသည်။
သို့သော် သူက သူ၏ သရုပ်မှန်နှင့် စစ်ပွဲတွင် သူ၏ ပါဝင်ပတ်သတ်ပုံကို ချန်လှပ်ထားခဲ့သည်။ သူက ဖြစ်စဉ်အားလုံးကို ဘေးမှ ရပ်ကြည့်နေသူအနေဖြင့်သာ ဖော်ပြသည်။
သွမ့်မူကျန်းသည် စကားတစ်ခွန်းမှမပြောဘဲ စိတ်ဝင်တစား နားထောင်သည်။
အချိန်အတော်ကြာပြီးနောက် သေရည်က ကုန်သွားသောအခါ ရွှီချင်းသည်လည်း စကားပြောခြင်းကို အဆုံးသတ်လိုက်သည်။
သွမ့်မူကျန်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ အဲ့ဒီသတ္တမမင်းသားနဲ့ပတ်သက်ပြီး မင်းမြင်တာက သူ့ရဲ့ လုပ်ဆောင်မှုတွေနဲ့ လူသားဧကရာဇ်ရဲ့ အမိန့်တော်ပဲ… ဒါပေမဲ့ မင်းတစ်ချက် လစ်ဟင်းသွားတယ်… အဲ့ဒါက သူ့မယ်တော်ဘက်က မျိုးနွယ်ပဲ ”
ရွှီချင်း၏ အမူအရာသည် တည်ကြည်သွားသည်။
“ သူက မင်းသားတစ်ပါးပဲ မဟုတ်ဘူးလား… တကယ်လို့ သူက သတ္တိရှိတယ်ဆိုရင်တောင် ဒီလိုအခြေအနေမျိုးကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် သူ့ဆီမှာ နက်ရှိုင်းတဲ့ နောက်ခံအင်အားတစ်ခုတော့ သေချာပေါက် ရှိရမယ်… ဒါကြောင့် သူ့မယ်တော်ဘက်က မျိုးနွယ်က လူသားမျိုးနွယ်မဟုတ်လောက်ဘူးလို့ ငါယုံကြည်တယ်… ဒါမှမဟုတ် သူတို့က လူသားမျိုးနွယ်ဆိုရင်တောင် သေချာပေါက် ထူးခြားတဲ့ အဆင့်အတန်းရှိရမယ် ”
“ ပြီးတော့ လူသားဧကရာဇ်ကလည်း စိတ်ဝင်စားစရာပဲ… သူက ကိစ္စအားလုံးကို ရှင်းရှင်းလင်းလင်း သိထားတယ်လို့ ငါခံစားမိတယ်… ဘာလို့လဲဆိုတော့ မင်းက ရလဒ်ကိုကြည့်မယ်ဆိုရင် အကျိုးရလဒ်က သူ့ရဲ့ ထိန်းချုပ်နိုင်မှုအတွင်းမှာပဲ ရှိတယ် ”
“ ကြည့်ရတာ နောက်ကွယ်မှာ အဖြစ်အပျက်တွေအားလုံးကို ကြိုးကိုင်ထိန်းချုပ်နေတဲ့ လက်ကြီးတစ်စုံရှိတဲ့ပုံပဲ ”
သွမ့်မူကျန်းသည် စကားပြောပြီးနောက် ရွှီချင်းကို ကြည့်လိုက်သည်။ သူက လေးနက်သော လေသံဖြင့် ပြောသည်။
“ ဒီကိစ္စတွေအားလုံးရဲ့ စမှတ်က ဖုန်းဟိုင်ဒေသငယ်ပဲ… တကယ်လို့ ငါသာ လူသားဧကရာဇ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ လူယုံတော်တစ်ယောက်ကို ဖုန်းဟိုင်ဒေသငယ်မှာ နေရာပေးပြီး ငါ့မျက်လုံးတွေအဖြစ် အမှုထမ်းခိုင်းမယ် ”
“ ဒါပေမဲ့ အဲ့ဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းမမြင့်မားရဘူး… မဟုတ်ရင် သံသယဝင်ခံရလိမ့်မယ် ”
ရွှီချင်း၏ အမူအရာက တည်ငြိမ်စွာ ရှိနေသော်လည်း အမှန်မှာတော့ သူ၏ နှလုံးသားထဲမှာ လှိုင်းလုံးများ ထွက်ပေါ်နေသည်။
သွမ့်မူကျန်းသည် နောက်ထပ်မပြောတော့ပေ။ သူက မတ်တတ်ရပ်လိုက်ပြီး အဝေးသို့ လျှောက်သွားသည်။ သူ၏ ပုံရိပ်က တဖြည်းဖြည်း ဝေဝါးလာသောအခါ သူက ရုတ်တရက် ရပ်လိုက်ပြီး ရွှီချင်းကို လှည့်ကြည့်လိုက်သည်။
“ ငါ့အိမ်ကို မင်းလိုက်ကြည့်ချင်လား ”