ညအမှောင်အောက်က ပိုးစုန်းကြူး(က)
Vol. 55 Ch. 854
မည်းမှောင်သော ဂူထဲတွင် သွမ့်မူကျန်းသည် လေထဲမှာ မျောလွင့်နေပြီး ရွှီချင်းကို ကြည့်နေသည်။
သူ၏ အသံက ဘေးပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်သွားသည်။
ရွှီချင်းသည် မတ်တတ်ရပ်ပြီး သွမ့်မူကျန်းကို အရိုအသေပေးကာ ခေါင်းညိတ်လိုက်သည်။
“ ကျေးဇူးတင်ပါတယ် ”
ယခင်က သွမ့်မူကျန်းကို သူကျေးဇူးတင်ခဲ့ခြင်းမှာ လူသားမျိုးနွယ်ဝင်တချို့ကို ဤနေရာတွင် နေထိုင်ခွင့်ပေးပြီး မျှော်လင့်ချက်တစ်ခု ပေးထားသောကြောင့် ဖြစ်သည်။
ယခု သူကျေးဇူးတင်ခြင်းမှာ သွမ့်မူကျန်းက သူ့အပေါ် ယုံကြည်ပေးသောကြောင့် ဖြစ်သည်။
သွမ့်မူကျန်းက လက်ဝှေ့ယမ်းလိုက်လေရာ ဝဲကတော့တစ်ခုသည် သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။ သူက ဝဲကတော့ထဲသို့ ဝင်ရောက်သွားပြီး ရွှီချင်းဝင်လာမည်ကို စောင့်ဆိုင်းသည်။
ရွှီချင်းသည် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ဝဲကတော့ထဲသို့ ဝင်ရောက်သွားသည်။
ဤသည်မှာ ပထမဆုံးအကြိမ် ဂူသင်္ချိုင်း၏ ပထမအလွှာမှ သူထွက်သွားဖူးခြင်း ဖြစ်သည်။ ဝဲကတော့ထဲသို့ သူဝင်ရောက်လိုက်သည်နှင့် သေမျိုးလောကတစ်ခုသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထင်ဟပ်လာသည်။
နေရာသည် မြေအောက်မှာသာ ဆက်ရှိနေဆဲဖြစ်သော်လည်း အကျယ်အဝန်းသည် အစောနက သူရှိနေခဲ့သော နေရာထက် အများကြီး ပိုကျယ်ဝန်းသည်။ ယင်းကို မြေအောက်မြို့တော်တစ်ခုဟု သတ်မှတ်နိုင်၏။
ယခုအခိုက်အတန့်မှာ မြို့တော်ထဲတွင် သွားလာလှုပ်ရှားနေကြသူများဖြင့် စည်ကားသိုက်မြိုက်နေသည်။ ရယ်မောသံများသည် ရွှီချင်း၏ နားထဲသို့ ပျံ့လွင့်လာသည်။ လင်းအာသည် ခေါင်းလေးတိုးထွက်လာပြီး မြို့တော်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။
မြို့တော်ထဲတွင် လူသားများဖြင့် ပြည့်နှက်နေသည်။ ထိုနေရာတွင် လူပေါင်းတစ်သိန်းကျော် ရှိ၏။
ဤသည်မှာ လဝတ်ပြုဒေသကြီးသို့ ရောက်လာပြီးနောက် ပထမဆုံးအကြိမ် ရွှီချင်းမြင်တွေ့ဖူးသော လူသားမြို့တော်ဖြစ်သည်။ လူသားမျိုးနွယ်ဝင်များကို တစ်နေရာတည်းတွင် ထိုမျှအများအပြား စုစည်းရှိနေခြင်းကို မြင်ဖူးသည်မှာလည်း ပထမဆုံးအကြိမ် ဖြစ်သည်။
သူသည် စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထားသော်လည်း ဤအခိုက်အတန့်မှာ ရွှီချင်း၏ စိတ်သည် လှိုင်းတချို့ ထသွားဆဲပင်။ ဤနေရာမှ မြေကြီးအမိုးခုံးကို အလွန်ကြီးမားသော အပြာရောင်ကန့်လန့်ကာတစ်ခုဖြင့် ဖုံးလွှမ်းထားသည်ကို သူမြင်လိုက်သည်။
ထိုကန့်လန့်ကာသည် အလွန်ကြီးမားပြီး အပြင်လောကမှ အပြာရောင်မိုးကောင်းကင်သဖွယ် ဖြန့်ကားနေသည်။
ထိုကန့်လန့်ကာပေါ်တွင် အဖြူရောင်တိမ်တိုက်တချို့ကို ပန်းချီရေးဆွဲထားသောကြောင့် အစစ်အမှန် မိုးကောင်းကင်သဖွယ် လှပ၏။
ဤနေရာသည် မြေအောက်မြို့တော်ဖြစ်သော်လည်း အထဲတွင် အစိမ်းရောင် သစ်ပင်ပန်းပင်များ ရှိသည်။ အဝေးမှ မြေကွက်လပ်များတွင် သီးနှံစားပင်များ ရှင်သန်ကြီးထွားနေကြသည်။
လေထဲတွင် အလွန်ကြီးမားသော ဧရာမအလင်းဘောလုံးတစ်လုံး လွင့်မျောနေသည်။ အထဲတွင် ကောင်းကင်ဘုံမီးတောက် ရှိသည်။ ယင်းကို အထူးနည်းလမ်းတစ်ခုဖြင့် ပုလင်းထဲမှာ ချိပ်ပိတ်ထားခြင်းဖြစ်ပြီး နေလုံးအသွင် ပြောင်းလဲစေသည်။
တောက်ပသော အလင်းရောင်သည် အရှေ့အရပ်မှ ဖြာကျလာသည်။ ဂူထဲ၌ ကလေးငယ်များ၏ စာအံသံက ပဲ့တင်ထပ်နေလေရာ သက်ဝင်လှုပ်ရှားသော ခံစားမှုကို ပေးသည်။
ယခင်က ရွှီချင်းမြင်တွေ့ခဲ့သည်မှာ ဤဒေသကြီး၌ လူသားများ၏ အဆင့်အတန်းသည် တခြားမျိုးနွယ်စုများအတွက် အစားအစာမျှသာ ဖြစ်၏။
သို့ဖြစ်၍ လူသားမျိုးနွယ်ဝင်များကို အကာအကွယ်ပေးရန် ဤနေရာ၌ မြို့တော်တစ်ခုတည်ဆောက်ခြင်းသည် သာမန်အရေးကိစ္စမဟုတ်ကြောင်း ရွှီချင်း ကောင်းကောင်းသိသည်။ ထိုသို့လုပ်ဆောင်ရန် ကြီးမားသော ရဲစွမ်းသတ္တိနှင့် မွန်မြတ်သော စိတ်သဘောထားကို လိုအပ်ပေသည်။
မည်သို့ဖြစ်ပါစေ ပညာရှင်ကျင့်ကြံသူအများစုသည် သေမျိုးများကို အကာအကွယ်ပေးရန် ဆန္ဒမရှိကြပေ။ အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ပညာရှင်ကျင့်ကြံသူများအတွက် ကောင်းမွန်စွာ အသက်ရှင်သန်ရေးသည် သူတို့အတွက် မည်သည့်အရာထက်မဆို ပိုအရေးကြီးသည်။
“ ဒီနေရာက ငါ့အိမ်ပဲ ”
သွမ့်မူကျန်းသည် နူးညံ့စွာ ပြောသည်။
လေးစားချီးကျူးသော ဆန္ဒသည် ရွှီချင်း၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ သူက နောက်တစ်ကြိမ် အရိုအသေပေးလိုက်သည်။
အချိန်တဖြည်းဖြည်း ကြာလာသည်နှင့်အမျှ သွမ့်မူကျန်းအပေါ် သူ၏ အမြင်သည် ပြောင်းလဲသွားသည်။ အထူးသဖြင့် ယခုအချိန်မှာ ဖြစ်သည်။ ယခု သူမြင်လိုက်ရသော မြင်ကွင်းနှင့် သူ၏ နှလုံးသားထဲမှ ခံစားမှုသည် သွမ့်မူကျန်းအပေါ် သူ၏ အမြင်ကို လုံးလုံးပြောင်းလဲသွားစေသည်။
သွမ့်မူကျန်းသည် မြို့တော်ဆီသို့ သိမ်မွေ့ညင်သာသော အမူအရာဖြင့် ကြည့်လိုက်သည်။ ကောင်းကင်ဘုံမီးတောက်၏ အလင်းရောင်က သူ၏ မျက်လုံးထဲသို့ အလင်းပြန်လာသောအခါ သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဤသည်မှာ အဖိုးအိုတစ်ယောက်က သူ၏ သားစဉ်မြေးဆက်များကို ကြင်နာစွာ ကြည့်ရှုနေပုံနှင့် တူညီသည်။
“ လဝတ်ပြုဒေသကြီးက လူသားမျိုးနွယ်က ရှေးခေတ်က သမိုင်းကြောင်းတွေကြောင့် ခက်ခက်ခဲခဲ ဘဝကို ရှင်သန်နေကြရတယ်… သူတို့က မွေးဖွားလာကတည်းက ကံကြမ္မာဆိုးတွေနဲ့ ချည်နှောင်ခံထားရတယ်… အဲ့ဒါတွေကို ငါငယ်ငယ်လေးကတည်းက တွေ့ကြုံခံစားခဲ့ရတယ် ”
“ အရင်က မင်းမြင်ခဲ့ရတာတွေက မျိုးနွယ်စုနှစ်စုမဟာမိတ်ထဲမှာ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံစားနေရတဲ့ ကံမကောင်းခဲ့ကြတဲ့ လူသားတွေပဲ ”
သွမ့်မူကျန်းသည် နူးညံ့စွာ ပြောသည်။
ဤအခိုက်အတန့်မှာ သူက မီးတောက်ပင်လယ်ထဲမှာ မျိုးနွယ်ခြားများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သောသူ မဟုတ်တော့ပေ။ ထိုတုန်းကနှင့် လုံးဝခြားနားသွားသည်။
အိမ်သို့ ပြန်ရောက်လာသည့်အခါ သူ၏ ဉာဏ်များခြင်း၊ အကြင်နာမဲ့ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်း အစရှိသော အကျင့်စရိုက်များသည် အလိုအလျောက် ပျောက်ကွယ်သွားသည်။
သူ့ဆီမှာ နွေးထွေးကြင်နာမှုသာ ကျန်ရှိတော့သည်။
“ ငါ့စွမ်းရည်တွေမှာ အကန့်အသတ်ရှိတယ်… လူတိုင်းကို ငါမကယ်တင်ပေးနိုင်ဘူး… ငါတတ်စွမ်းသလောက်တော့ ကယ်တင်မယ်ဆိုပြီး လူသားတွေကို နည်းနည်းချင်းစီ ကယ်တင်ပေးခဲ့တယ်… တဖြည်းဖြည်းနဲ့ အခုလို ဖြစ်လာတာပဲ ”
သွမ့်မူကျန်း၏ စကားနှင့် သူ့အရှေ့မှ မြင်ကွင်းသည် ရွှီချင်း၏ နှလုံးသားကို ထိန်းချုပ်မရအောင် လှုပ်ခါသွားစေသည်။ လဝတ်ပြုဒေသကြီးထဲမှာ ခိုကိုးရာမဲ့နေသော လူသားမျိုးနွယ်အတွက် ယခုကဲ့သို့ နေရာမျိုးသည် ဘေးအန္တရာယ်များကြားထဲမှ နိဗ္ဗာန်ဘုံတစ်ခုဖြစ်ကြောင်း သူနားလည်သည်။
ပညာရှင်ကျင့်ကြံသူများအတွက်တော့ ဤသည်မှာ အချုပ်အနှောင်ဖြစ်သည်။
ထိုခံစားချက်များက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာနေစဉ် ရွှီချင်းသည် သွမ့်မူကျန်းနောက်မှလိုက်၍ မြို့ထဲသို့ ဝင်ရောက်သွားသည်။
မြို့ထဲမှ အဆောက်အဦးအများစုသည် ရိုးရှင်းသည်။ အရပ်သူအရပ်သားများသည်လည်း ရိုးရှင်းစွာ ဝတ်ဆင်ထားကြသည်။ ကိန်းကြီးခန်းကြီးပုံစံ လုံးဝမရှိပေ။ ဤနေရာတွင် ဈေးဆိုင်များလည်း မရှိပေ။
ဤနေရာတွင် အရောင်းအဝယ်ပြုလုပ်ခြင်းမရှိပေ။ အပြန်အလှန် ဖေးဖကူညီပေးခြင်းသာ ရှိသည်။
ရွှီချင်းမြင်တွေ့သော လူသားတိုင်း၏ မျက်နှာပေါ်တွင် စစ်မှန်သော အပြုံးရှိသည်။ သူက လူငယ်လူရွယ်၊ ယောင်္ကျားမိန်းမနှင့် ကလေးငယ်များကို မြင်သွားသည်။
ဤနေရာတွင် သက်ကြီးရွယ်အိုများသာ မရှိပေ။
“ သက်ကြီးရွယ်အိုတွေက သေဖို့ဆန္ဒရှိကြတယ်… သူတို့က အစားအစာတွေကို အလဟဿမဖြစ်ချင်ကြဘူး ”
ထိုအကြောင်းကို ပြောပြနေစဉ် သွမ့်မူကျန်း၏ အမူအရာ၌ ဝမ်းနည်းပူဆွေးသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုဝမ်းနည်းမှုသည် ဘေးပတ်ဝန်းကျင်မှ လူတိုင်း၏ စိတ်လှုပ်ရှားမှုအောက်မှာ အလျှင်အမြန် ဖုံးကွယ်သွားသည်။
“ ဘုရင်လာပြီ ”
“ မင်္ဂလာပါ ဘုရင် ”
“ အဖိုးဘုရင်လာပြီဟေ့ မင်္ဂလာပါ အဖိုး ”
“ အဖိုးဘုရင် သားလေ ကောင်းကင်ပေါ်က တိမ်တွေကိုကြည့်နေတာ အတော်ကြာပြီ… ဘာလို့ တိမ်တွေက မရွေ့သေးတာလဲဟင် ”
ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးသည် သူတို့ဆီသို့ ပြေးလာကြသည်။ သက်လတ်ပိုင်းအမျိုးသားများ၏ မျက်နှာပေါ်တွင် ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေပြီး လူငယ်များ၏ အမူအရာတွင် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။ ကလေးငယ်များသည်တော့ သူတို့၏ ဆွေးမျိုးသားချင်းတစ်ဦးကို မြင်တွေ့လိုက်ရသည့်နှယ် အမြန်ပြေးလာကြပြီး သွမ့်မူကျန်းကို ဝိုင်းပတ်ထားကြသည်။
သွမ့်မူကျန်းသည် တစ်ချိန်လုံး ပြုံးထားလျက် ကလေးငယ်တစ်ယောက်ကို ကောက်ချီလိုက်သည်။
“ ကောင်းကင်ပေါ်က တိမ်တွေက သေချာပေါက် ရွေ့မှာပေါ့ ကလေးရဲ့… သူတို့က အခုလောလောဆယ် အိပ်ပျော်နေကြတာ… သူတို့နိုးလာတဲ့အခါ ရွေ့လိမ့်မယ်… သေချာပေါက် ရွေ့လိမ့်မယ် ”
ရယ်မောသံများကြားတွင် လူတိုင်း၏ အကြည့်သည် သွမ့်မူကျန်းနောက်မှ ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။ သူတို့၏ မျက်နှာပေါ်တွင် စိုးရိမ်ကြောင့်ကြသော အရိပ်အယောင် အနည်းငယ်ရှိသော်လည်း ကြင်နာမှုက အများကြီး ပိုသည်။ ဤသည်မှာ သွမ့်မူကျန်းက ခေါ်ဆောင်လာသောကြောင့် ဖြစ်နိုင်သည်။
သွမ့်မူကျန်းခေါ်ဆောင်လာသော မည်သူ့ကိုမဆို သူတို့က မိသားစုဝင်တစ်ဦးပမာ ဆက်ဆံမည့်သဘော ရှိသည်။
ရွှီချင်းသည် သွမ့်မူကျန်းနောက်မှလိုက်၍ မြို့ထဲသို့ ဖြတ်သန်းလျှောက်သွားသည်။ လမ်းတစ်လျှောက်တွင် မြင်ကွင်းများစွာကို သူမြင်တွေ့ခဲ့သည်။ မြို့ထဲတွင် စာသင်ကျောင်းတစ်ကျောင်းပင် ဆောက်လုပ်ထားကြောင်း သူသတိပြုမိသည်။
“ သမိုင်းဆိုတာ လက်ဆင့်ကမ်းပေးရမယ့်အရာဖြစ်ပြီး ယဉ်ကျေးမှုဆိုတာ ကျယ်ပြန့်လာအောင် လုပ်ဆောင်ရမယ့်အရာ ဖြစ်တယ်… လူသားမျိုးနွယ်က လဝတ်ပြုဒေသကြီးမှာ အဆင့်အတန်းနိမ့်ကျတယ် ရုန်းကန်နေရတယ်ဆိုပေမဲ့ တစ်ခေတ်တစ်ခါက ငါတို့ဘိုးဘေးတွေရဲ့ ဂုဏ်ကျက်သရေကို လူသားတွေ နားလည်ထားသင့်တယ်လို့ ငါထင်တယ် ”
“ အဲ့ဒါကို မေ့သွားလို့မဖြစ်ဘူး ”