ညအမှောင်အောက်က ပိုးစုန်းကြူး(က)
Vol. 55 Ch. 855
သွမ့်မူကျန်းသည် စာသင်ကျောင်းကို ကြည့်လိုက်ပြီး စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။
ရွှီချင်းသည်လည်း စာသင်ကျောင်းကို ကြည့်လိုက်သည်။ စာရွတ်ဖတ်သံသည် ထိုနေရာမှ ထွက်ပေါ်လာနေသည်။ သူတို့က လူသားမျိုးနွယ်၏ သမိုင်းကြောင်းကို ရွတ်ဆိုနေကြခြင်း ဖြစ်သည်။
စာပုဒ်အများစုသည် မှားယွင်းနေသော်လည်း လှပမှုဖြင့် ပြည့်နှက်နေသည်။
မြို့တော်ထဲတွင် ကျင့်ကြံခြင်းနှင့် ဆေးပညာဗဟုသုတများကို မျှဝေပေးသော နေရာတချို့လည်း ရှိသည်။ ယင်းက သေမျိုးများကို ထူးခြားစွမ်းအင်တချို့ ပိုင်ဆိုင်နိုင်စေရန် ခွင့်ပြုပေးလိမ့်မည်။
ထိုနေရာများတွင် ကလေးငယ်များက ပိုပြီးများပြားသည်။
ထိုနေရာသို့ ရွှီချင်းရောက်ရှိသွားသည့်အခါ ကလေးမလေးတစ်ယောက်၏ အသံကို အထဲမှ သူကြားလိုက်ရသည်။
“ ဆရာ… မနေ့က ဆရာပြောသွားတဲ့ ခုနစ်ရောင်ခြယ်မြက်ပင်ကို နေရာတွေအများကြီးမှာ သမီးလိုက်ရှာကြည့်တယ်… ဒါပေမဲ့ ရှာမတွေ့ဘူး… ပြီးတော့ နွားပျံသစ်သားကိုလည်း လိုက်ရှာကြည့်ပေမဲ့ ဘယ်မှာမှ ရှာမတွေ့ဘူး ”
ထိုအသံကို သွမ့်မူကျန်းကြားသည့်အခါ သူက နူးညံ့စွာ ပြောသည်။
“ ဒီနေရာက ကျင့်ကြံခြင်းအတတ်ပညာတွေနဲ့ သစ်ပင်ဆေးပင်တွေအကြောင်းမှာ တချို့က ငါသိထားတဲ့ဟာတွေ ဖြစ်တယ်… ကျန်တာတွေကတော့ အပြင်လောကမှာ ငါခိုးပြီးတော့ ရလာတဲ့ဟာတွေနဲ့ အရောင်းအဝယ်လုပ်ခဲ့တဲ့ဟာတွေပါ… အများစုက ရှေးဟောင်းစာအုပ်တွေဖြစ်တယ်… ပြီးတော့ သိပ်အရေးမပါတော့ဘူး… ဥပမာ အပင်တွေနဲ့ပတ်သက်လာရင် အများစုကို လက်ရှိလဝတ်ပြုဒေသကြီးမှာ ရှာမတွေ့နိုင်တော့ဘူး ”
“ ဒါပေမဲ့ အသုံးမဝင်တဲ့ ဗဟုသုတဆိုတာ မရှိဘူးမလား… တစ်နေ့နေ့မှာ အဲ့ဒါတွေက အသုံးဝင်လာလိမ့်မယ်လို့ ငါယုံကြည်တယ် ”
ရွှီချင်းသည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ယောက်သည် ထိုနေရာမှ ထွက်သွားပြီး မြို့တော်အနှံ့ လျှောက်ပတ်ကြည့်ကြသည်။ ရွှီချင်းသည် လမ်းတစ်လျှောက်တွင် ရှီဖန်ကွေ့ကဲ့သို့ အဆင့်နိမ့်ကျင့်ကြံသူအများအပြားကို မြင်တွေ့သွားသည်။ သူတို့အားလုံးသည် မြို့ထဲမှာ အစောင့်အကြပ်များအဖြစ် တာဝန်ထမ်းဆောင်ကြသည်။ ကောင်းကင်ဘုံမီးတောက်မရှိသည့်အခါ မြို့၏ လိုအပ်ချက်များကို အရောင်းအဝယ်ပြုလုပ်ရန်လည်း သူတို့က တာဝန်ယူကြရသည်။
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။
ကောင်းကင်ဘုံမီးတောက်က မှေးမှိန်လာသည်နှင့်အမျှ အပြာရောင်ကန့်လန့်ကာသည် တဖြည်းဖြည်း နက်မှောင်လာသည်။ ထိုအခါ ကြယ်ကလေးများနှင့်ဆင်တူသော ပစ္စည်းအများအပြားသည် ကန့်လန့်ကာပေါ်မှာ ထွက်ပေါ်လာကြသည်။ ညအချိန်သို့ ကျရောက်လာသည့်အခါ ရွှီချင်းသည် မြို့တော်တစ်ခုလုံးသို့ လှည့်ပတ်ကြည့်ရှုပြီးသွားပြီ ဖြစ်သည်။
ထိုကြယ်အလင်းရောင်များကို ကြေးမုံပုံရိပ်ယောင်မျိုးနွယ်မှ ကြေးမုံများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ညကောင်းကင်အောက်မှာ သွမ့်မူကျန်းသည် အိမ်လွတ်တစ်လုံး၏ အပြင်ဘက်၌ မတ်တတ်ရပ်နေသည်။ သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းကို အချိန်အတော်ကြာ ကြည့်ပြီးနောက် သူက အက်ရှရှအသံဖြင့် ပြောသည်။
“ ငါ့အိမ်က ဘယ်လိုနေလဲ ”
“ စီနီယာက မေတ္တာကြီးမားလှပါတယ် ”
ရွှီချင်းသည် လေးနက်စွာ ပြောသည်။
“ မေတ္တာကြီးမားတယ်ဆိုတဲ့စကားက ငါနဲ့ မထိုက်တန်ပါဘူး ”
သွမ့်မူကျန်းသည် ခေါင်းခါလိုက်သည်။
“ မင်းအမြင်မှာ ငါက သူတို့ကို ကာကွယ်ပေးနေတယ်လို့ ထင်ကောင်းထင်လိမ့်မယ်… ဒါပေမဲ့ တကယ်တော့ သူတို့ကသာ ငါ့ကို အဖော်ပြုပေးနေကြတာပါ ”
“ ဒါကြောင့် ဒီနေရာကို ငါ့အိမ်လို့ ပြောတာပေါ့ ”
သွမ့်မူကျန်းက နူးညံ့စွာပြောပြီး အဝေးသို့ လျှောက်သွားသည်။ ရွှီချင်းက သူ့နောက်သို့ လိုက်တော့မည့်အချိန် သွမ့်မူကျန်း၏ အသံက ပဲ့တင်ထပ်လာသည်။
“ ကောင်းကင်မီးလျှံကဒ်ဘေး ဖြတ်သန်းခြင်းက နောက်ထပ်နှစ်လ ကြာဦးလိမ့်မယ်… မင်း ဒီနေရာမှာ အချိန်တစ်ခုထိတော့ နေလို့ရတယ် ”
ရွှီချင်း၏ ခြေလှမ်းသည် တုံ့ခနဲ ရပ်တန့်သွားသည်။ ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သူနားလည်သည်။ ယင်းက သူ့အား သူ့အိမ်တွင် နေထိုင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် သူက လေးနက်စွာ လက်သီးဆုပ်လိုက်ပြီး သွမ့်မူကျန်းကို အရိုအသေပေးလိုက်သည်။
သွမ့်မူကျန်းသည် ထွက်သွားသည်။ သူသည်လည်း ဤမြို့ထဲတွင် နေထိုင်သည်။ အဖိုးအို၏ ပုံရိပ်က သူ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည့်အခါ ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး သူ့အနောက်မှ အိမ်ကို ကြည့်လိုက်သည်။
သူ၏ အမြင်တွင် ဤရိုးရှင်းသော အိမ်ကလေးသည် လဝတ်ပြုဒေသကြီးတွင် မရှိသင့်သော နွေးထွေးမှုအငွေ့အသက်ကို ပေး၏။
ထိုသို့ဖြင့် ရွှီချင်းသည် အိမ်ထဲမှာ နေထိုင်သည်။
လင်းအာသည်လည်း ယာယီ လူအသွင်ပြောင်းရန် ရွေးချယ်လိုက်သည်။ အိမ်ကလေးကို အလှဆင်ရတော့မည်ဖြစ်သောကြောင့် သူ၏ မျက်နှာသေးသေးလေးတွင် ဝမ်းသာပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။ သူက အိမ်မှုကိစ္စ မည်မျှနိုင်နင်းကြောင်း ရွှီချင်းကို သက်သေပြရန် အကောင်းဆုံး ကြိုးစားတော့မည် ဖြစ်သည်။
လင်းအာ၏ အလုပ်ရှုပ်နေသော ပုံစံကိုကြည့်နေရင်း အပြုံးသည် ရွှီချင်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ဤမြို့လေးနှင့် နေသားကျအောင် သူကြိုးစားလိုက်သည့်အခါ သူ၏ တစ်ကိုယ်လုံးသည် ဖြည်းဖြည်းချင်း ပေါ့ပါးလန်းဆန်းလာသည်။
ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ခြင်းသည် သူ့အတွက် ခက်ခဲသောအလုပ် မဟုတ်ပေ။
လူတိုင်းထံမှ စစ်မှန်သော ကြင်နာမှုသည် အရာအားလုံးကို အရည်ပျော်စေနိုင်သည်။ ယင်းက ရွှီချင်း၏ စိတ်အခြေအနေကို ပြောမပြနိုင်အောင် ငြိမ်းအေးစေသည်။
မိုးကောင်းကင်သည် အပြာရောင်နှင့် အနက်ရောင်ကြားတွင် တစ်လှည့်စီပြောင်းလဲနေပြီး ကောင်းကင်ဘုံမီးတောက်သည် မှေးမှိန်သွားလိုက် တောက်ပသွားလိုက် ဖြစ်နေသည်။ ထိုသို့ဖြင့် လဝက်ခန့် ကုန်ဆုံးသွားသည်။
ထိုလဝက်အတွင်းတွင် ရှီဖန်ကွေ့သည် ခုနစ်ကြိမ်ရှစ်ကြိမ်ခန့် အလည်ရောက်လာလေ့ရှိသည်။ အကြိမ်တိုင်း သူက အရသာရှိသော အစားအသောက်များကို ယူဆောင်လာသည်။ သူ့ဇနီးသည်၏ ဟင်းချက်ပညာသည် အတော်လေး ထူးချွန်သည်။ အထူးသဖြင့် လင်းအာသည် သူပို့လိုက်သော ကိတ်မုန့်ကို အလွန်နှစ်ချိုက်သည်။
သို့သော်လည်း လင်းအာသည် လူအသွင်ဖြင့် တခြားလူများရှေ့မှာ ချက်ချင်း ထွက်မပြခဲ့ပေ။ နောက်ပိုင်း သူတို့ချင်း တဖြည်းဖြည်း ရင်းနှီးလာသည့်အခါမှ သူက ရှီဖန်ကွေ့ရှေ့မှာ ထုတ်ဖော်ပြခဲ့သည်။
လင်းအာကို သတိပြုမိသောအခါ ရှီဖန်ကွေ့သည် တစ်ခဏကြာ ဆွံ့အသွားသည်။
နောက်တစ်ကြိမ် သူအလည်လာသည့်အခါ သူတစ်ယောက်တည်း မဟုတ်တော့ပေ။ ယင်းအစား သူနှင့် ရွယ်တူအမျိုးသမီးတစ်ဦးအပြင် ကလေးမလေးတစ်ယောက်ကို ခေါ်ဆောင်လာသည်။
“ စီနီယာ ဒါက ကျွန်တော့်ဇနီးပါ… သူကတော့ ကျွန်တော့် ညီမလေးပါ ”
ရှီဖန်ကွေ့သည် ရိုသေလေးစားစွာ ပြောသည်။ အမျိုးသမီးနှင့် သူ့နောက်မှ ကလေးမလေးသည် ရွှီချင်းကို စိုးရိမ်ကြောင့်ကြစွာ အရိုအသေပေးလိုက်ကြသည်။
သိမ်မွေ့ညင်သာသော အမူအရာသည် ရွှီချင်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူသည် ရှီဖန်ကွေ့အား ထိုနေ့က အဘယ့်ကြောင့် မြို့တော်ထဲမှ ထွက်သွားရသလဲဟု မေးမြန်းခဲ့သည့်အခါ သူက ဇနီးသည်အတွက် ဆေးသွားဝယ်ရန် ထွက်သွားခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
သူ့ဇနီး၏ ခန္ဓာကိုယ်သည် အားနည်းပြီး မကြာခဏ နေမကောင်းဖြစ်လေ့ရှိသည်။ လွန်ခဲ့သော နှစ်လခန့်က သူ့ဇနီး၏ အခြေအနေက ပိုပြီးဆိုးဝါးလာခဲ့သောကြောင့် ရှီဖန်ကွေ့သည် စိုးရိမ်ပူပန်လာသည်။ ထို့ကြောင့် သူက ကောင်းကင်မီးလျှံကဒ်ဘေး ကျရောက်လာတော့မည်ကို သိထားလျက်ပင် ဆေးဝယ်ရန်အတွက် မျိုးနွယ်စုနှစ်စုမဟာမိတ်၏ မြို့တော်များဆီသို့ အရဲစွန့်ပြီး သွားခဲ့သည်။
သူ၏ လုပ်ဆောင်မှုသည် အလွန်အန္တရာယ်များသော်လည်း သူ့မှာ တခြားရွေးချယ်စရာ မရှိပေ။
“ အဖိုးဘုရင်က လူပေါင်းတစ်သိန်းကျော်ကို ကာကွယ်ပေးနေရတယ်… ဒါကြောင့် ကိစ္စတစ်ခုခုဖြစ်တိုင်း အဖိုးဘုရင်ဆီ အမြဲအပူကပ်လို့ ဘယ်သင့်တော်ပါ့မလဲ ”
ဤသည်မှာ ရွှီချင်း၏ မေးခွန်းကို ရှီဖန်ကွေ့က ပြန်ဖြေခဲ့သော အဖြေဖြစ်သည်။
ဤနေရာမှ လူတိုင်းသည် ကျေးဇူးသိတတ်ကြပြီး သွမ့်မူကျန်းအပေါ် အလွန်လေးစားကြသည်။ သို့ဖြစ်၍ သူတို့သည် သွမ့်မူကျန်းကို အနှောင့်အယှက်မပေးချင်ကြပေ။ ထို့ကြောင့် သူတို့ကိုယ်သူတို့ ဂရုစိုက်ရန် အကောင်းဆုံး ကြိုးစားကြသည်။
ရွှီချင်းသည် သူ့ဘဝတစ်လျှောက်တွင် ကြင်နာမှုအများအပြားကို မတွေ့ကြုံခဲ့ပေ။ သို့ဖြစ်၍ သူ၏ အကြည့်က ရှီဖန်ကွေ့၏ ဇနီးပေါ်သို့ ကျရောက်သွားသောအခါ တစ်ခဏကြာ သူတိတ်ဆိတ်သွားသည်။ မကြာမီ သူက သိုလှောင်အိတ်ထဲမှ ဆေးတချို့ကို ထုတ်လိုက်ပြီး ရှီဖန်ကွေ့ကို ပေးလိုက်သည်။
“ မင်းရဲ့ တာအိုလက်တွဲဖော်က မြေအောက်ဂူသင်္ချိုင်းက ယင်အဆိပ်နဲ့ ကောင်းကင်ဘုံမီးတောက်က ယန်မကောင်းဆိုးဝါးကြောင့် သူ့ခန္ဓာကိုယ်ထဲမှာ ယင်ယန်က သဟဇာတဖြစ်မနေတာ… ဒီဆေးက ယင်ယန်သဟဇာတဖြစ်အောင် လုပ်ပေးနိုင်တယ်… တကယ်လို့ အဲ့ဒါကို နေစဉ်သောက်သုံးမယ်ဆိုရင် ရောဂါကို လုံးလုံးမပျောက်ကင်းနိုင်ရင်တောင် အချိန်ကာလတစ်ခုထိ ဖိနှိပ်ထားနိုင်လိမ့်မယ် ”
ရှီဖန်ကွေ့နှင့် သူ့ဇနီးသည် အလွန်စိတ်လှုပ်ရှားလာပြီး ကျေးဇူးတင်စကားဆိုသည်။ ထိုလင်မယားနှစ်ယောက်က ဒူးထောက်ပြီး အရိုအသေပေးတော့မည့်အချိန် ရွှီချင်းက လက်မြှောက်လိုက်ပြီး သူတို့ကို ထရပ်စေသည်။
“ မင်းတို့ပေးတဲ့ သရေစာတွေကို ငါအများကြီး စားခဲ့တယ်မဟုတ်လား… အဲ့ဒီအတွက် မင်းတို့ကို ဒီဆေးတွေ ပြန်ပေးလိုက်တာလို့ သဘောထားပါ… ဒါကြောင့် ငါ့ကို အရိုအသေပေးစရာ မလိုပါဘူး ”
ရှီဖန်ကွေ့နှင့် သူ့ဇနီးသည် ရွှီချင်း၏ စကားကြောင့် ပိုပြီးကျေးဇူးတင်မိသည်။ သူ၏ ဘေးမှ ကလေးမလေးသည်တော့ ရွှီချင်းက သိုလှောင်အိတ်ထဲမှ ဆေးပုလင်းအား ထုတ်ယူလိုက်သည်ကို ကြည့်ပြီးနောက် တိတ်တဆိတ် အတွေးနက်သွားသည်။
မကြာမီ သူတို့မိသားစုသည် ပြန်ထွက်သွားကြသည်။ သူတို့က ကလေးမလေးကို ကျောင်းလိုက်ပို့ရဦးမည် ဖြစ်သည်။
သူတို့ထွက်သွားသည့်အခါ လင်းအာသည် သရေစာမုန့်များကို ကောက်ယူလိုက်ပြီး ပျော်ရွှင်စွာ ကိုက်စားလိုက်သည်။
ထို့နောက် သူက ရွှီချင်းကို ကြည့်လိုက်လေရာ လခြမ်းသဖွယ်ဖြစ်ပေါ်နေသော သူ၏ မျက်လုံးထဲတွင် ဂုဏ်ယူသော အရိပ်အယောင် ထွက်ပေါ်လာသည်။
“ အကိုရွှီချင်းက ငါမြင်ဖူးသမျှ လူတွေထဲမှာ တည်ကြည်ဖြောင့်မတ်ဆုံးလူသားပဲ… ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ဘယ်တော့မှ မောက်မာမထောင်လွှားဘူး… တန်းတူလို့ပဲ သဘောထားတယ်… အကိုရွှီချင်းက ကြင်နာတတ်တဲ့လူပဲ ”