ညအမှောင်အောက်က ပိုးစုန်းကြူး(ဂ)
Vol. 55 Ch. 856
လင်းအာက သူ့အား ထိုသို့ကြည့်နေသည်ကိုမြင်သောအခါ ရွှီချင်း အံ့ဩသွားသည်။
“ ဘာဖြစ်လို့လဲ လင်းအာ ”
“ ဘာမှမဖြစ်ပါဘူး ”
လင်းအာသည် ရှက်သွေးဖြာသွားပြီး ရွှီချင်း၏ ဘေးသို့ ပြေးသွားသည်။ သူက ရွှီချင်း၏ လက်မောင်းကို ဖက်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ အကိုရွှီချင်း… ညီမတို့ လမ်းလျှောက်ထွက်ကြရင် မကောင်းဘူးလား ”
ရွှီချင်းသည် ကောင်းကင်ကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ အချိန်သည် နေမွန်းတည့်ချိန်ဖြစ်သည်။ ထို့ကြောင့် သူက ခေါင်းညိတ်လိုက်ပြီး လင်းအာနှင့်အတူ အိမ်အပြင်သို့ ထွက်သွားပြီး မြို့တော်အနှံ့ လျှောက်ပတ်ကြည့်လိုက်သည်။
ခရီးတစ်လျှောက်တွင် လင်းအာသည် အလွန်ပျော်ရွှင်သောကြောင့် ကလေးငယ်လေးတစ်ဦးသဖွယ် ရွှီချင်း၏ ဘေးတွင် ခုန်ပေါက်ပြေးလွှားနေသည်။ သူက လမ်းမှာတွေ့သော အရပ်သူအရပ်သားများကို ချစ်စဖွယ်ကောင်းသော အမူအရာဖြင့် ပြုံးပြသည်။
တချို့အိမ်ရှင်မများသည် သူတို့အိမ်မှ အစားအစာများကိုပင် ယူဆောင်လာကြသည်။ လင်းအာက လမ်းလျှောက်လာပြီး လူတိုင်းကို အပြုံးလေးဖြင့် နှုတ်ဆက်သည့်အခါ သူတို့က အစားအစာများကို ပေးကမ်းကြသည်။
လင်းအာ၏ အပြစ်ကင်းစင်သော အသွင်ပုံစံကိုကြည့်ရင်း ရွှီချင်းသည် ပြုံးလိုက်သည်။
သူတို့က လမ်းလျှောက်သွားနေရင်း နောက်ဆုံးမှာတော့ စာသင်ကျောင်းဆီသို့ ရောက်ရှိသွားကြသည်။
စာသင်ကျောင်းတွင် ယနေ့အတွက် သင်ခန်းစာသည် သစ်ပင်များနှင့် အသီးအရွက်များအကြောင်းသာ ဖြစ်သည်။ စာရွတ်ဖတ်သံထွက်ပေါ်လာသည့်အခါ ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားပြီး အထဲသို့ လှမ်းကြည့်လိုက်သည်။
စာသင်ကျောင်းသည် အချိန်တိုင်း ဖွင့်သည်။ မြို့တော်ထဲမှ ကလေးငယ်အားလုံးသည် သင်ခန်းစာနားထောင်ရန် ရောက်လာကြသည်။ အပင်များအကြောင်း ရှင်းပြနေသူသည် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူ့မှာ ခန္ဓာကိုယ်အောက်ပိုင်း မရှိပေ။ သူက ဝှီးချဲပေါ်တွင် ထိုင်နေလျက် တည်ကြည်လေးနက်စွာ စာသင်ကြားနေသည်။
ဘေးပတ်ပတ်လည်တွင် ထိုင်နားထောင်နေကြသော ကလေးငယ်များသည် ခုနစ်နှစ်ရှစ်နှစ်ခန့်သာ ရှိကြသည်။ အကြီးဆုံးမှာ ဆယ့်သုံးနှစ် ဆယ့်လေးနှစ်အရွယ် ဖြစ်သည်။
သူတို့အားလုံးသည် စိတ်ဝင်တစား နားထောင်နေကြသည်။ အထူးသဖြင့် ကလေးမလေးတစ်ယောက်ဖြစ်သည်။ သူက သင်ခန်းစာကို ဂရုတစိုက်နားထောင်ပြီး မှတ်စုများ လိုက်မှတ်သားနေသည်။
ထိုကလေးမလေးသည် ရှီဖန်ကွေ့၏ ညီမဖြစ်သည်။
ထိုကလေးငယ်များကို ကြည့်နေရင်း ရွှီချင်းသည် ရတနာမုဆိုးစခန်းမှ သူ၏ ငယ်ဘဝကို ပြန်အမှတ်ရသွားသည်။
ထိုအချိန်တုန်းက သူသည်လည်း ဆရာသခင်ပိုင်၏ အသိအမှတ်ပြုမှုကို ရရှိပြီးနောက် လေးလေးနက်နက် လေ့လာခဲ့သည်။
အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် သူက ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်ခွာသွားသည်။
အချိန်သည် တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားလေရာ နောက်ထပ်တစ်လ ကုန်ဆုံးသွားပြန်သည်။
ကောင်းကင်မီးလျှံကဒ်ဘေး ဖြတ်သန်းခြင်း၏ သုံးလအချိန်အတွင်း ရွှီချင်းသည် ဂူသင်္ချိုင်း၏ ပထမအဆင့်မှာ တစ်လနေထိုင်ခဲ့ပြီး ဤမြို့ထဲတွင် တစ်လနေထိုင်ခဲ့သည်။
ရွှီချင်းသည် လူစုလူဝေးများသော နေရာကို သဘောမကျပေ။ ထို့ကြောင့် သူ၏ အချိန်အများစုကို အိမ်ထဲ၌ တိတ်တဆိတ် ကျင့်ကြံနေ၍သာ ကုန်ဆုံးလေ့ရှိသည်။
သို့သော်လည်း လင်းအာသည် ထိုသို့မနေနိုင်ပေ။ အစပိုင်းတွင် သူက ရွှီချင်းကို သူနှင့်အတူ အပြင်ထွက်ရန် တောင်းဆိုသည်။ နောက်ပိုင်းတွင် မြို့ထဲမှ အရပ်သူအရပ်သားများဖြင့် ရင်းနှီးကျွမ်းဝင်လာသည့်အခါ သူက နေ့တိုင်းနီးပါး အိမ်မှာ မကပ်တော့ပေ။
ရွှီချင်းသည် မြို့ထဲတွင် လင်းအာတစ်ခုခုဖြစ်မည်နှင့်ပတ်သက်ပြီး မစိုးရိမ်မိသော်လည်း ကျင်းကန်းဂိုဏ်းဘိုးဘေးကို သူ့နောက်သို့ လိုက်လံစောင့်ကြည့်စေသည်။
ယခု မြို့ထဲတွင် လင်းအာ၏ နာမည်ကျော်ကြားမှုသည် ရွှီချင်းထက် ကျော်လွန်သွားသည်။
အထူးသဖြင့် ရှီဖန်ကွေ့၏ ဇနီးက လင်းအာကို အိမ်နီးနားချင်းများနှင့် မိတ်ဆက်ပေးပြီးနောက် ဖြစ်သည်။ သူက ညီအမအများကြီးနှင့် အဒေါ်ကြီးများဖြင့် ရင်းနှီးသိကျွမ်းလာသည်။
သူတို့သည် လင်းအာကို အလွန်သဘောကျကြပြီး ရွှီချင်းနှင့် သူ့ကြားမှ ဆက်ဆံရေးကို စူးစမ်းချင်ကြသည်။
ထိုသို့မေးမြန်းလာသည့်အခါတိုင်း လင်းအာသည် ရှက်သွေးဖြာသွားပြီး မျက်နှာနီမြန်းလာလေ့ ရှိသည်။
ထို့ကြောင့် အမကြီးများနှင့် အဒေါ်ကြီးများသည် ချစ်ရေးချစ်ရာကိစ္စများကို လင်းအာအား သင်ကြားပေးသည်။ တချို့က သူ့အား ချက်ပြုတ်တတ်အောင် သင်ကြားသင့်သည်ဟု အကြံပေးသည်။ ယောင်္ကျားတစ်ယောက်၏ နှလုံးသားကို ဖမ်းစားရန် သူ၏ အစာအိမ်ကို ဦးစွာအနိုင်ယူရမည်ဟု ဆိုသည်။
လင်းအာသည် ထိုစကား၏ ဆွဲဆောင်ခံလိုက်ရပြီး လေးနက်စွာ စတင်သင်ကြားသည်။
တချို့က အမျိုးသမီးများသည် အချက်အပြုတ်ပညာအပြင် အချုပ်အလုပ်ပညာလည်း တတ်ထားသင့်သည်ဟု ဆိုသည်။ သူ၏ ယောင်္ကျားသည် သူချုပ်လုပ်ပေးသော အဝတ်အစားများမှလွဲ၍ တခြားအဝတ်အစားများကို မဝတ်သင့်ပေ။ ထိုအကြံကလည်း လင်းအာ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားသည်။
အနာဂတ်တွင် ရွှီချင်း၏ အဝတ်အစားအားလုံးကို သူ့လက်ဖြင့် ကိုယ်တိုင်ချုပ်လုပ်ပေးနိုင်ရန် စတင်ပြင်ဆင်တော့သည်။
ထိုသို့ဖြင့် အချက်အပြုတ်ပညာသင်ကြားပြီး ငါးရက်မြောက်နေ့တွင် လင်းအာသည် ရွှီချင်းအတွက် သူ့ဘဝမှာ ပထမဆုံး ချက်ပြုတ်သည်။ သူက နှစ်နာရီကြာ ကြိုးစားပမ်းစား ချက်ပြုတ်ပြီးနောက် ဟင်းပွဲတချို့ကို ရွှီချင်းအရှေ့မှာ တည်ခင်းပေးလိုက်သည်။
ရွှီချင်းသည် သူ့အရှေ့မှ မည်းတူးနေသော ဟင်းသီးဟင်းရွက်များကို ကြည့်ပြီးနောက် လင်းအာ၏ မျှော်လင့်စောင့်ဆိုင်းသော စိုးရိမ်ကြောင့်ကြသော အကြည့်အောက်မှာ တစ်ကိုက် ကိုက်ဝါးလိုက်သည်။
သူက ဂရုတစိုက် ဝါးစားနေရင်း ဖြည်းဖြည်းချင်း မျိုချလိုက်သည်။
“ အကိုရွှီချင်း… ဘယ်လိုနေလဲ… အရသာရှိရဲ့လား ”
လင်းအာသည် ပိုပြီးစိုးရိမ်လာသည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက ပြုံးလိုက်သည်။
“ အရသာရှိတယ် ”
လင်းအာသည် အလွန်ပျော်ရွှင်သွားသည်။
“ ဒါဆို အကိုရွှီချင်း ကုန်အောင်စားနော် ”
ရွှီချင်းသည် တုံ့ဆိုင်းသွားသည်။ နောက်ဆုံးမှာတော့ သူက အားလုံးကုန်အောင် စားလိုက်သည်။ သူက ကျင့်ကြံရန် တရားထိုင်တော့မည့်အချိန် လင်းအာက စိတ်လှုပ်ရှားစွာ ပြောသည်။
“ အကိုရွှီချင်း ဒါဆို မနက်ဖြန်လည်း ညီမချက်ကျွေးမယ်နော် ”
ရွှီချင်းသည် ခေါင်းညိတ်မပြခင် အသက်ရှူချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။
ယခု လင်းအာတစ်ယောက်တည်း မြို့ထဲမှာ နာမည်ကြီးနေခြင်း မဟုတ်တော့ပေ။ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် လူသားအသွင်ယူပြီးနောက် လူတိုင်းထံမှ အသိအမှတ်ပြုမှုကို ဖြည်းညင်းစွာ ရရှိလာသည်။
အမှန်မှာတော့ သူက လင်းအာထက်ပင် ပိုပြီးနာမည်ကျော်ကြားသေး၏။
ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ လင်းအာကို သူက လိုက်စောင့်ရှောက်ပေးနေစဉ် ပုံပြောနေသော နေရာကို ဖြတ်ကျော်သွားခြင်းမှ အစပြုသည်။ အထဲမှ ပုံပြောသူက အဆုံးမရှိဘဲ လျှောက်ပြောနေသည်ကို သူကြားသောအခါ အထင်သေးရှုံ့ချသည်။ ထို့ကြောင့် သူက ယခင်က သူဖတ်ခဲ့ဖူးသော စာအုပ်တစ်အုပ်ကို လူသားအသွင်ဖြင့် ဖတ်ပြရန် ဆုံးဖြတ်လိုက်သည်။
လဝတ်ပြုဒေသကြီးမှ လူများအတွက် ကျင်းကန်းဂိုဏ်းဘိုးဘေးပြောသည့် ပုံပြင်များသည် အသစ်အဆန်းဖြစ်သည်။ အထူးသဖြင့် ကျင်းကန်းဂိုဏ်းဘိုးဘေးက ရွှီချင်းတွေ့ကြုံခဲ့သော အဖြစ်အပျက်တချို့ကို သူ၏ ပုံပြင်များထဲမှာ ထည့်သွင်းပြောဆိုသောကြောင့် လူအများအပြားက နှစ်ချိုက်ကြသည်။
ထို့ကြောင့် သူပုံပြင်ပြောသည့်အခါတိုင်း လူအများအပြားက ဝိုင်းအုံလာကြသည်။
အစပိုင်းတွင် ပုံပြင်နားထောင်သူ အနည်းငယ်သာ ရှိ၏။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပုံပြင်နားထောင်သူများသည် တဖြည်းဖြည်း များပြားလာသည်။
ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ရွှီချင်း၏ ဘေးတွင် အချိန်အတော်ကြာ ရှိနေခဲ့သည်။ သူက အမြဲတမ်း စိုးရိမ်ကြောင့်လန့်နေရသောကြောင့် ဤကဲ့သို့ အားပေးချီးကျူးခြင်းကို မတွေ့ကြုံရသည်မှာ အတော်ကြာပြီ ဖြစ်သည်။
သို့ဖြစ်၍ သူက အနည်းငယ် စိတ်လှုပ်ရှားမိသည်။ ထို့ကြောင့် လင်းအာက အချက်အပြုတ်နှင့် အချုပ်အလုပ်ပညာကို သင်ယူနေစဉ် သူက တိတ်တဆိတ် ခိုးထွက်ပြီး ပုံပြင်ပြောလေ့ ရှိသည်။
ဥပမာ ဤအခိုက်အတန့်မှာ သူက ပွဲကြည့်စင်တစ်ခုပေါ်တွင် ထိုင်နေပြီး လူရာပေါင်းများစွာက သူ့အား ဝိုင်းရံထားကြသည်။
စင်အောက်မှ ပရိသတ်များကို ကြည့်ပြီးနောက် ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ချောင်းဟန့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ အရင်တစ်ခေါက်က ပုံပြင်မှာ ချီယွဲ့ထုံဂိုဏ်းက ရာထောင်ချီတဲ့ ဓမ္မလှေတွေကို စေလွှတ်ပြီး ရေသူကျွန်းကို ဝိုင်းရံထားတဲ့နေရာမှာ အဆုံးသတ်သွားခဲ့တယ် ”
“ ဒီနေ့ အဲ့ဒီပုံပြင်ကို ဆက်ပြောပြမယ်… အဟန့်… ရေသူကျွန်းက အဲ့ဒီဘိုးဘေးက လူကောင်းမဟုတ်ဘူး… သူက…. ”
ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ပညာသားပါပါ ပုံပြင်ပြောပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။ သူ၏ အသံက နိမ့်ချည်မြင့်ချည်ဖြစ်နေလေရာ ပရိသတ်များကို ပုံပြင်ထဲသို့ အလွယ်တကူ ဆွဲခေါ်သွားသည်။ လေထဲမှာ ပုန်းအောင်းနေသော သွမ့်မူကျန်းသည်ပင် ကျင်းကန်းဂိုဏ်းဘိုးဘေးပြောသည့် ပုံပြင်ကို နားထောင်နေရင်း အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ညနေဆည်းဆာချိန်သို့ ရောက်ရှိလာပြီး ကောင်းကင်ပေါ်မှ အပြာရောင်ကန့်လန့်ကာက မည်းမှောင်လာသည့်အခါ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ပုံပြောခြင်းကို ရပ်တန့်လိုက်သည်။
သူက ပေါ့ပါးစွာ ချောင်းဟန့်လိုက်ပြီး ပြောသည်။
“ ဘာဆက်ဖြစ်မလဲသိချင်ရင် ကျေးဇူးပြုပြီး မနက်ဖြန်မှ ဆက်နားဆင်ကြပါ… မနက်ဖြန်ကျရင် ပုံပြင်ပြောဖို့ ကျုပ်ဒီမှာ ရှိနေလိမ့်မယ် ”
ပရိသတ်များက ဇာတ်ရှိန်တတ်နေသည့်အခန်းကို စိတ်ဝင်တစား နားထောင်နေကြစဉ် ကျင်းကန်းဂိုဏ်းဘိုးဘေးထံမှ ထိုသို့စကားကို ကြားလိုက်ရသောအခါ ချက်ချင်း စိုးရိမ်လာကြသည်။
သူတို့က တစ်ယောက်တစ်ပေါက် အော်ပြောကြသည်။
“ အာ… ဒီအခန်းလေးတော့ ပြီးအောင် ပြောသွားပါဗျာ ”
“ တိုတယ်… အရမ်းတိုလွန်းတယ် ”
“ နေ့လယ်က ငါဘာကို နားထောင်ခဲ့တာလဲ… ငါဘာမှ မမှတ်မိတော့ဘူး ”
“ မရဘူး… ဆက်ပြောပါ… ဘာလို့ ကောင်းခန်းရောက်မှ တန်းလန်းထားခဲ့တာလဲ ”