← Chapters

ညအမှောင်အောက်က ပိုးစုန်းကြူး(ဃ)

Vol. 55 Ch. 857

ညအမှောင်အောက်က ပိုးစုန်းကြူး(ဃ)

Vol. 55 Ch. 857

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ပြုံးလိုက်သည်။

“ ဒီအဖိုးအိုက ပုံပြင်စာအုပ်ပေါင်း ရာထောင်ချီကို ဖတ်ဖူးတယ်… ရိုးရှင်းတယ်လို့ထင်ရတဲ့ ဒီအခန်းထဲမှာ တကယ်တော့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေ ပါရှိတယ်… အဲ့ဒါတွေအားလုံးကို တစ်ခါတည်းနဲ့ မင်းတို့ဘယ်လိုလုပ် နားလည်နိုင်မှာလဲ… ပုံပြင်ရဲ့ စစ်မှန်တဲ့ အနှစ်သာရကို ခံစားကြည့်ချင်တယ်ဆိုရင် ဂရုတစိုက် ဖြည်းဖြည်းချင်း နားထောင်ဖို့လိုတယ် ”

ထို့နောက် ဘေးပတ်ဝန်းကျင်မှ ရယ်မောသံများကြားမှာ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် လက်နောက်ပစ်လျက် လှည့်ထွက်သွားသည်။ လင်းအာကို တိတ်တဆိတ် ကာကွယ်ပေးရမည့် သူ၏ တာဝန်ကို ဆက်လက် ထမ်းဆောင်ရဦးမည် ဖြစ်သည်။

ကျင်းကန်းဂိုဏ်းဘိုးဘေးနှင့် လင်းအာဆီမှာ စိတ်လှုပ်ရှားစရာကိစ္စများ ကိုယ်စီအသီးသီးရှိကြသည်။ ယင်းက အရိပ်လေးကို မနာလိုဖြစ်စေသည်။ ၎င်းသည်လည်း အပြင်ထွက်ပြီး အပျော်ရှာချင်သည်။ သို့သော်လည်း ထိုသို့လုပ်ဆောင်ဝံ့သောသတ္တိ ၎င်းမှာ မရှိပေ။ နေ့စဉ်နေ့တိုင်း ၎င်းသည် မြေပြင်ပေါ်မှာသာ လဲလျောင်းနေရပြီး သစ်သားတုံးကဲ့သို့ တရားထိုင်နေသော ရွှီချင်းကို စိတ်အားထက်သန်စွာ ကြည့်နေရသည်။

သို့သော် ရွှီချင်းမှာလည်း ဧည့်သည်များရှိသည်။ ရှီဖန်ကွေ့အပြင် သူ့ညီမလေးသည် ရွှီချင်းဆီသို့ မကြာခဏ ရောက်လာတတ်သည်။

ကလေးမလေးသည် ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်အရွယ်မျှသာ ရှိ၏။ သူက အလည်ရောက်လာသည့်အခါတိုင်း ရွှီချင်းအတွက် ချိုမြိန်သော အာလူးပြုတ်များကို ယူဆောင်လာပြီး ဘေးတွင် ချထားတတ်သည်။

ထို့နောက် သူက ရွှီချင်းကို စိုးရိမ်ကြောင့်ကြစွာ ကြည့်သည်။ သူက တစ်စုံတစ်ခုကို ပြောချင်ဟန်ရသော်လည်း အဆုံးမှာတော့ မည်သည့်စကားမှ မပြောခဲ့ပေ။

ထိုသို့အကြိမ်ရေအနည်းငယ် ဖြစ်ပျက်ပြီးနောက် သူက နောက်ဆုံးမှာတော့ မချုပ်တည်းထားနိုင်တော့ပေ။ သူက မေးခွန်းတစ်ခုကို မေးသည်။

“ အကိုကြီး… အကိုကြီးက ဆေးပညာအကြောင်းကို သိလားဟင် ”

ရွှီချင်းက သူ၏ ယောင်းမအတွက် ဆေးလုံးများကို ထုတ်ပေးခဲ့ကြောင်း သူသေချာမှတ်မိသည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။

ကလေးမလေးသည် ချက်ချင်း စိတ်လှုပ်ရှားလာသည်။ ထို့နောက် သူက မှတ်စုစာအုပ်အသေးကို ထုတ်လိုက်ပြီး အပင်နှင့်ပတ်သက်သော မေးခွန်းတစ်ခုကို မေးသည်။

“ ခုနစ်ရောင်ခြယ်မြက်က ဝိညာဉ်ဆေးပင်အမျိုးအစားဖြစ်ပြီး ဒြပ်နှောဖယ်ရှားတဲ့မြက်ပင်လို့လည်း လူတွေသိကြတယ်… ခုနစ်ရောင်ခြယ်မြက်က အရိပ်အာဝါသရှိပြီး စိုစွတ်တဲ့ မြေပြင်ပေါ်မှာ ပေါက်ရောက်လေ့ရှိတယ်… သူတို့က တစ္ဆေသရဲတွေ တဝဲလည်လည်ရှိတဲ့နေရာမှာ မပေါက်ရောက်ဘူး ”

ရွှီချင်းသည် ကလေးမလေးကို ညင်သာစွာ ပြောပြသည်။

ဤသည်ကို ကလေးမလေးကြားသည့်အခါ သူက မှတ်စုစာအုပ်ထဲမှာ ချက်ချင်း ချရေးလိုက်သည်။ သူ၏ မေးခွန်းများသည် အပင်များအကြောင်းသာ ဖြစ်သည်။ ထိုမေးခွန်းများကို စာသင်ကျောင်းမှ ဆရာဆီ သူမေးမြန်းခဲ့သော်လည်း အဖြေပြန်မရခဲ့ပေ။

ကလေးမလေးက မေးခွန်းတစ်ခုပြီးတစ်ခု မေးမြန်းသည့်အခါတိုင်း ရွှီချင်းက စိတ်ရှည်ရှည်ဖြင့် အသေးစိတ် ရှင်းပြသည်။ ရွှီချင်းက ရှင်းပြနေစဉ် တစ်ဖက်လူ၏ အပင်များအကြောင်းအပေါ် မဆုတ်မနစ် လေ့လာသင်ယူလိုစိတ်ရှိပုံကို မြင်မိသည်။

ထို့ပြင် ကလေးမလေးသည် ထူးချွန်သော မှတ်ဉာဏ်ကို ပိုင်ဆိုင်သည်။

ဤသည်မှာ အပင်များအကြောင်းကို လေ့လာသင်ယူရာတွင် အခြေခံအုတ်မြစ်ဖြစ်သည်။

ထိုသို့ အမေးအဖြေပြုလုပ်ခြင်းသည် လေးနာရီကြာမြင့်ပြီးနောက် အဆုံးသတ်သွားသည်။

ရက်အနည်းငယ် ကြာပြီးနောက် ကလေးမလေးသည် နောက်တစ်ကြိမ် ရောက်ရှိလာပြန်သည်။ ဤတစ်ကြိမ်တွင် သူက အာလူးပြုတ်များကို ပိုမိုများပြားစွာ ယူဆောင်လာပြီး မေးခွန်းမမေးခင် ဘေးမှာ ရိုရိုသေသေ ချထားလိုက်သည်။

ရွှီချင်းသည် အာလူးပြုတ်များကိုကြည့်ပြီးနောက် ပြုံးလိုက်သည်။ သူက ကလေးမလေး၏ မေးခွန်းတိုင်းကို အသေးစိတ် ရှင်းပြသည်။

ညနေဆည်းဆာချိန်သို့ ရောက်ရှိလာသောအခါ ကလေးမလေးသည် စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီးချလိုက်ပြီး ပျော်ရွှင်စွာ ထွက်သွားသည်။ သို့သော်လည်း ထိုညတွင် ရှီဖန်ကွေ့က ကလေးမလေးကို ရွှီချင်းဆီသို့ ခေါ်ဆောင်လာပြီး စီနီယာကို နောက်ထပ်အနှောင့်အယှက်မပေးရန် သူ့ကို ဆူပူကြိမ်းမောင်းသည်။

ရှီဖန်ကွေ့၏ စိုးရိမ်ပူပန်သော အမူအရာကိုကြည့်ရင်း ရွှီချင်းက ဘေးမှကူညီပြောပေးတော့မည့်အချိန် ကလေးမလေး၏ မျက်နှာပေါ်မှ ခေါင်းမာသော အမူအရာကို သူသတိပြုမိသွားသည်။ ထို့ကြောင့် သူက မည်သည့်စကားမှ မပြောတော့ဘဲ ခေါင်းသာညိတ်လိုက်သည်။

ထိုကလေးမလေးက နောက်တစ်ကြိမ် ထပ်လာရဲမည်လောဟု ရွှီချင်း သိချင်သည်။

ရက်အတော်ကြာပြီးနောက် ကလေးမလေးက နောက်တစ်ကြိမ် ထပ်ရောက်လာသည်။

ဤတစ်ကြိမ်တွင် သူက နည်းလမ်းအသစ်ကို ပြောင်းလဲလိုက်ပြီး သာမန်ဆေးပင်တစ်ပင်ကို အိတ်ကပ်ထဲမှ ဂရုတစိုက် ထုတ်လိုက်သည်။

“ ဆရာ ဒီဟာက ဆရာပြောဖူးတဲ့ ရွှေပြောင်းမြက်လား ”

ရွှီချင်း၏ မျက်နှာပေါ်မှာ ထူးဆန်းသော အမူအရာ ရှိသည်။ ဤသည်မှာ သာမန်မြက်တစ်ပင်သာ ဖြစ်သည်။

ထို့ကြောင့် သူက ကလေးမလေးကို အဓိပ္ပာယ်ရှိစွာ တစ်ချက်ကြည့်လိုက်ပြီး ရွှေပြောင်းမြက်၏ ထူးခြားသော ဝိသေသလက္ခဏာရပ်များနှင့် ယင်းကို တခြားသော ဆေးပင်များနှင့် မရောထွေးစေရန် ခွဲခြားနိုင်စေမည့် နည်းလမ်းများကို ရှင်းပြလိုက်သည်။

ထိုနည်းလမ်းသည် အကျိုးသက်ရောက်မှုရှိသည်ဟု ကလေးမလေးက တွေးမိသည်။ ထို့ကြောင့် သူက နေ့တိုင်းနီးပါး ရောက်လာပြီး တခြားဆေးပင်များအကြောင်းကို တမင်တကာ မေးမြန်းလေ့ရှိသည်။

သူရောက်လာသည့်အခါတိုင်း ရွှီချင်းက အသေးစိတ် ရှင်းပြသည်။

ထိုသို့ဖြင့် အချိန်သည် ကုန်လွန်သွားသည်။ မကြာမီ ကောင်းကင်မီးလျှံကဒ်ဘေး ဖြတ်သန်းခြင်းက ပြီးဆုံးခါနီးလာသည်။

ဤတစ်ကြိမ်တွင် မီးတောက်ပင်လယ်က မူလနေရာဆီသို့ ပြန်ရောက်ရန် အများဆုံး ဆယ်ရက်ခန့်သာ ကြာမြင့်လိမ့်မည်ဟု ခန့်မှန်းကြသည်။

ကောင်းကင်မီးလျှံကဒ်ဘေး ဖြတ်သန်းခြင်းက နောက်တစ်ကြိမ် ထွက်ပေါ်လာရန် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်လိမ့်ချေမည်။

“ ထွက်သွားဖို့ အချိန်ကြပြီ ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး သူနေထိုင်သော အိမ်ကလေးကို ကြည့်လိုက်သည်။ သူ၏ စိတ်အာရုံက အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည့်အခါ လင်းအာက အဒေါ်ကြီးတချို့ထံမှ ပန်းထိုးအတတ်ကို သင်ယူနေကြောင်း သူတွေ့သွားသည်။ ကျင်းကန်းဂိုဏ်းဘိုးဘေးက ဇာတ်စင်တစ်ခုပေါ်မှာ ထိုင်နေပြီး ပုံပြောနေသည်ကိုလည်း သူမြင်သည်။

ရွှီချင်းသည် မြို့ထဲမှ လူသားများကို ကြည့်ပြီးနောက် နူးညံ့စွာ သက်ပြင်းမချမီ အချိန်အတော်ကြာ နှုတ်ဆိတ်သွားသည်။

“ မင်းထွက်သွားတော့မှာလား ”

သွမ့်မူကျန်း၏ အသံသည် ရွှီချင်း၏ နားထဲသို့ ပဲ့တင်ထပ်လာသည်။ သူ၏ ပုံရိပ်သည်လည်း အိမ်ထဲမှာ တိတ်တဆိတ် ထွက်ပေါ်လာပြီး ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းက ခေါင်းညိတ်သည်။

သွမ့်မူကျန်းသည် အချိန်အတော်ကြာ နှုတ်ဆိတ်သွားပြီးနောက် ထိုင်ချလိုက်သည်။

“ မင်းပေးတဲ့ သေရည်က မဆိုးဘူး ”

ရွှီချင်းသည် ပြုံးလိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ ခရီးမထွက်မီ ကြိုတင်ပြင်ဆင်ထားသော သေရည်အိုးများထဲမှ ထက်ဝက်ကျော်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက သေရည်အိုးများကို သိုလှောင်အိတ်အလွတ်တစ်လုံးထဲသို့ ထည့်လိုက်ပြီး သွမ့်မူကျန်းဆီသို့ ပေးလိုက်သည်။

သွမ့်မူကျန်းသည် သိုလှောင်အိတ်ကို လှမ်းယူလိုက်ပြီး တစ်ချက်ဖွင့်ကြည့်လိုက်သည်။ ထို့နောက် အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ရွှီချင်းကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။

“ မင်းရဲ့သေရည်ကို ငါအလကားမယူပါဘူး… မင်းက ကောင်းကင်ဘုံမီးတောက်ပင်လယ်ထဲမှာ လှည့်ပတ်သွားလာနေတာကို အရင်က ငါမြင်တယ်… ကြည့်ရတာ မင်းက မန္တန်တချို့ကို ကျင့်ကြံဖို့ ဒီက မီးတောက်တွေကို အသုံးပြုနေတာဖြစ်ရမယ် ”

“ ဒီတော့ ငါမင်းကို လျှို့ဝှက်ရတနာတစ်ခု ငှားပေးလိုက်မယ်… အဲ့ဒီရတနာက ကောင်းကင်မီးတောက်ကို အတိုင်းအတာတစ်ခုထိ ခံနိုင်ရည်ရှိပြီး မင်းကို ပိုပြီးနက်တဲ့ ချော်ရည်အောက်ထဲ နစ်မြုပ်နိုင်အောင် ကူညီပေးလိမ့်မယ်… အဲ့ဒါဆို မင်းကိုယ်မင်း ထုတ်ဖော်မိမှာမဟုတ်သလို အများကြီး ပိုလုံခြုံလိမ့်မယ် ”

သွမ့်မူကျန်းသည် စကားဆုံးသည်နှင့် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး လက်ဖဝါးကို ညင်သာစွာ ဖွင့်လိုက်သည်။

သူ၏ လက်ဖဝါးထဲတွင် နီညိုရောင်သွေးကြောများနှင့် ပြည့်နှက်နေသော မျက်လုံးတစ်လုံး ရှိသည်။ ၎င်းက အောက်လမ်းအရှိန်အဝါကို ထုတ်လွှတ်နေပြီး ရွှီချင်းကို စိုက်ကြည့်နေသည်။

All Chapters