ခရီးရှည်အတွက် ခွဲခွာခြင်း(က)
Vol. 55 Ch. 858
မျက်လုံးကို သူမြင်လိုက်သည်နှင့်ချက်ချင်း ရွှီချင်း၏ အကြည့်သည် အေးခဲသွားသည်။ အစောနကမှ သူ့ဘေးနားသို့ ပြန်ရောက်လာသော လင်းအာသည် ထိုမျက်လုံးကို မြင်သောအခါ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။ သူက ရွှီချင်းအနားသို့ ခြေလှမ်းအနည်းငယ် ပိုတိုးကပ်သွားသည်။
သွမ့်မူကျန်း၏ လက်ဖဝါးပေါ်မှ မျက်လုံးသည် လင်းအာကို ကြည့်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ၎င်းက ရွှီချင်းကို ပြန်ကြည့်လိုက်သည်။
“ အဲဒါက ဘာလဲ ”
ရွှီချင်းသည် သွမ့်မူကျန်းကို ကြည့်လိုက်သည်။
“ အဲ့ဒါက အတိတ်တုန်းက ဒီနေရာမှာ ငါရှာတွေ့ခဲ့တဲ့ ထူးခြားသတ္တဝါတစ်ကောင်ရဲ့ မျက်လုံးပဲ… အဲ့ဒါရဲ့ မီးဓာတ်ခုခံနိုင်စွမ်းက အတော်လေး အံ့ဩစရာကောင်းတယ်… ဒါပေမဲ့ မင်းအဲ့ဒါကို အရင်နှိမ်နင်းဖို့ လိုတယ်… အဲ့ဒါက မင်းအတွက် ခက်ခဲတဲ့အလုပ်မဟုတ်ပါဘူး… ပြီးတော့ အဲ့ဒါက အရမ်းကြောက်တတ်တယ်… တကယ်လို့ မင်းက သူ့ကို အကြိမ်ရေအနည်းငယ် ခြောက်လှန့်ထားမယ်ဆိုရင် သူက ဘာပြဿနာမှ ရှာရဲမှာမဟုတ်ဘူး ”
“ ချော်ရည်အောက်မှာ မင်းစူးစမ်းလေ့လာနိုင်အောင် ဒီပစ္စည်းကို ငါတစ်ကြိမ် ငှားပေးလိုက်မယ် ”
“ ကောင်းကင်ဘုံမီးတောက်ပင်လယ်က ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့နေရာပဲ… ဒါကြောင့် ချော်ရည်အောက်မှာ မင်းကျင့်ကြံမယ်ဆိုရင် ပေတစ်သောင်းထက်ကျော်လွန်ပြီး မနစ်မြုပ်တာ အကောင်းဆုံးပဲ ”
“ ပေတစ်သောင်းအောက်မှာ အနီရောင်လဗိမာန်က ခင်းကျင်းထားတဲ့ အချုပ်အနှောင်စည်းတွေ ရှိတယ်… အထဲကို ဘယ်သူမှ ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူး… ပေတစ်သောင်းနားက အချုပ်အနှောင်စည်းမှာ သန္ဓေပြောင်းသားရဲတွေရဲ့ အလောင်းတွေကိုတောင် ငါမြင်ဖူးတယ် ”
သွမ့်မူကျန်းသည် တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောသည်။ သူက စကားပြောပြီးနောက် လက်ဖဝါးပေါ်မှ မျက်လုံးကို ရွှီချင်းဆီသို့ ပစ်ပေးလိုက်သည်။
ရွှီချင်းသည် မျက်လုံးကို ဖမ်းယူလိုက်သည်။ မျက်လုံးသည် ရွှီချင်းကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး မကောင်းဆိုးဝါးစိတ်ဆန္ဒနှင့် ရက်စက်ကြမ်းကြုတ်မှုကို ထုတ်လွှတ်နေသည်။
ရွှီချင်းသည် တည်ငြိမ်သော အမူအရာဖြင့် မျက်လုံးကို ဆော့ကစားလိုက်သည်။
“ စီနီယာ… လဝတ်ပြုဒေသကြီးထဲမှာ အနီရောင်လဗိမာန်က ကောင်းကင်ဘုံမီးတောက်ပင်လယ်မှာလိုမျိုး တခြားနေရာတွေအများကြီးမှာရော အခုလို အချုပ်အနှောင်စည်းတွေ ခင်းကျင်းထားတာလား ”
သွမ့်မူကျန်းသည် ရွှီချင်းပေးထားသော သိုလှောင်အိတ်ထဲမှ သေရည်တစ်အိုးကို ထုတ်လိုက်ပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
“ အင်း… နေရာအတော်များများမှာ ရှိတယ် ”
“ လဝတ်ပြုဒေသကြီးထဲမှာ အနီရောင်လဗိမာန်က အထွတ်အမြတ်ပဲ… သူတို့ရဲ့ ဆန္ဒက ဒေသကြီးထဲက သက်ရှိအားလုံးရဲ့ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်တယ်… မျိုးနွယ်စုတစ်စုက သူတို့အပေါ် နည်းနည်းလေး မရိုမသေလုပ်တာနဲ့ အဲ့ဒီမျိုးနွယ်တစ်ခုလုံးက ဆိုးဝါးတဲ့အဆုံးသတ်ကို တွေ့ကြုံရလိမ့်မယ် ”
ရွှီချင်းသည် လေးနက်စွာ တွေးတောလိုက်သည်။ သူက သွမ့်မူကျန်းနှင့် မျက်နှာချင်းဆိုင်နေရာတွင် ဝင်ထိုင်လိုက်ပြီး ဆက်မေးသည်။
“ စီနီယာ အနီရောင်လဗိမာန်အကြောင်းကို ပိုပြီးတော့ ငါသိချင်ပါတယ်… ငါ့ကို ပြောပြပေးလို့ ရမလား ”
သွမ့်မူကျန်းသည် ရွှီချင်းကို အကြိမ်ရေအနည်းငယ် စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။
“ ကောင်လေး… လဝတ်ပြုဒေသကြီးမှာ အနီရောင်လဗိမာန်က နတ်ဘုရားနဲ့အဆင့်အတူတူပဲ… အဲ့ဒါကို လုံးဝစော်ကားလို့မရဘူး ”
“ ဒီတော့ မင်း သူတို့ကို ရန်မစသင့်ဘူး… နို့မဟုတ်ရင် သူတို့က မင်းကို အလွယ်လေး သတ်သွားလိမ့်မယ်… မင်းကို ယဇ်ပူဇော်ဖို့ သူတို့မှာ နည်းလမ်းတွေအများကြီး ရှိတယ်… မင်းကို ဒီနေရာမှာ ထာဝရချုပ်နှောင်ဖို့ ကျိန်စာတောင် တံဆိပ်ခတ်နိုင်သေးတယ် ”
သွမ့်မူကျန်း၏ အမူအရာသည် အေးစက်လာသည်။
သို့သော်လည်း သူက ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ပြောနေခြင်းဖြစ်သည်။ အထူးသဖြင့် ဤအတောအတွင်းမှာ ရွှီချင်းနှင့် ပြောဆိုဆက်ဆံကြည့်ပြီးနောက် သူ့ကို လူရင်းတစ်ယောက်ပမာ သဘောထားလာသည်။
သို့ဖြစ်၍ သူ၏ မျက်နှာက တင်းမာနေသော်လည်း သူ၏ စကားထဲမှာ သတိပေးသော အရိပ်အမြွက် ပါရှိသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ သူ၏ အကန့်အသတ်ကို သူသိသည်။ သူ့မှာ ခရမ်းလရှိသော်လည်း အနီရောင်လ၏ နောင်သားမျိုးဆက်များကို လျှော့မတွက်သင့်ကြောင်း သူသိသည်။
ထို့ပြင် ဤနေရာသို့ သူရောက်လာပြီးနောက် သူတို့ကို ရှောင်ရှားသင့်သော အခြေအနေများ ရှိကောင်းရှိလာနိုင်သည်ဟု သူသတိပြုမိသည်။ မလိုအပ်လျှင် ထိပ်တိုက်မရင်ဆိုင်သင့်ပေ။
အနီရောင်လဗိမာန်အကြောင်းကို သူပိုပြီးနားလည်ထားမှသာ သူတို့ကို ရှောင်ရှားရန် အခွင့်အရေးပိုများလာလိမ့်မည်။ သို့ဖြစ်၍ သူက အသေးစိတ်အချက်အလက်ကို မေးမြန်းသည်။
ဤသည်ကို သွမ့်မူကျန်းကြားသောအခါ သူက တစ်ခဏတွေးတောလိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။
“ အင်း… အများကြီး ပိုသိထားတာ မင်းအတွက် ကောင်းတယ်… ဒါမှ ဒီနေရာမှာ အနီရောင်လဗိမာန်က ဘယ်လောက်ကြောက်စရာကောင်းလဲ မင်းသိလာပြီး သူတို့ကို ရှောင်ရှားနိုင်မယ် ”
“ အနီရောင်လဗိမာန်က နီလာနတ်သမီးရဲ့ ကိုယ်စားလှယ်ပဲ… သူတို့က လဝတ်ပြုဒေသကြီးတစ်ခုလုံးကို စီမံအုပ်ချုပ်တယ်… အချိန်ကာလတစ်ခုရောက်တဲ့အခါတိုင်း မျိုးနွယ်စုတိုင်းက သူတို့ဆီ ဆက်ကြေးပေးဆောင်ရတယ် ”
“ အနီရောင်လဗိမာန်က မျိုးနွယ်စုတွေရဲ့ သေဆုံးခြင်းကို ဂရုမစိုက်ဘူး… ဘာလို့လဲဆိုတော့ နီလာနတ်သမီးဆင်းသက်လာတဲ့အခါတိုင်း လဝတ်ပြုဒေသကြီးက သက်ရှိအားလုံးရဲ့ အရေအတွက် ထက်ဝက်ကျော်က ဝါးမျိုခံရမှာဖြစ်လို့ပဲ ”
“ အနီရောင်လဗိမာန်ရဲ့ တာဝန်က နီလာနတ်သမီး မဆင်းသက်လာခင် အစားအစာတွေကို စုဆောင်းပြီး သိမ်းဆည်းထားဖို့ပဲ… ပြီးတော့ နီလာနတ်သမီး ပြန်ထွက်သွားတဲ့အခါ သူတို့က မျိုးနွယ်စုအသီးသီးကို နောက်တစ်ကြိမ် ပျိုးထောင်ပေးပြီး ကောက်ပဲသီးနှံလိုမျိုး ဆက်လက် ရှင်သန်ကြီးထွားလာစေမယ် ”
သွမ့်မူကျန်း၏ လေသံသည် တည်ငြိမ်သည်။
ဤသည်မှာ သူက တခြားတစ်ယောက်၏ ဇာတ်ကြောင်းကို ပြောပြနေသည့်အလားပင်။ ယင်းက သူနှင့်ဘာမှမသက်ဆိုင်သကဲ့သို့ပင်။
ရွှီချင်းသည် တိတ်တဆိတ် နားထောင်သည်။
လင်းအာသည် သူတို့နှစ်ယောက် သေရည်သောက်နေသည်ကို ကြည့်လိုက်သည်။ တစ်ခဏတွေးတောပြီးနောက် သူက မီးဖိုချောင်ထဲသို့ ပြေးသွားပြီး အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။ သူက သူတို့နှစ်ယောက်အတွက် အမြည်းလုပ်ပေးတော့မည် ဖြစ်၏။
ဤသည်မှာ အမကြီးများနှင့် အဒေါ်ကြီးများက သင်ကြားပေးထားသောအရာ ဖြစ်သည်။ အမျိုးသားများက သေရည်သောက်သည့်အခါ အလိုက်သိတတ်သော အိမ်ရှင်မကောင်းဟူသည် သူတို့မြည်းနိုင်ရန် ဟင်းတချို့ ပြုလုပ်ပေးသင့်သည်။
လင်းအာ၏ အပြုအမူသည် ရွှီချင်းကို အလိုအလျောက် ခေါင်းမော့သွားစေပြီး မီးဖိုချောင်သို့ အကြည့်ရောက်သွားစေသည်။ သူက တစ်စုံတစ်ခု ပြောချင်သော်လည်း လင်းအာ၏ စိတ်အားထက်သန်နေသော ပုံစံကို မြင်တွေ့ပြီးနောက် တုံ့ဆိုင်းသွားသည်။
သွမ့်မူကျန်းသည်လည်း ထိုအဖြစ်ကို မြင်သည်။ သို့သော်လည်း ယင်းကို သူက စိတ်ထဲမထားပေ။ ဤအခိုက်အတန့်မှာ သူက သေရည်ကို ဆက်လက်သောက်နေပြီး အနီရောင်လဗိမာန်နှင့်ပတ်သက်သော သူသိထားသမျှ အချက်အလက်များကို ရွှီချင်းအား ပြောပြသည်။
ဒေသခံများ၏ အနီရောင်လဗိမာန်အပေါ် နားလည်မှုသည် တခြားဒေသကြီးများမှ သူရရှိခဲ့သော အသိဉာဏ်ထက် ကျော်လွန်သည်။
ရွှီချင်းသည် စိတ်ဝင်တစား နားထောင်သည်။ တစ်ခဏကြာပြီးနောက် သွမ့်မူကျန်း၏ အက်ရှရှအသံသည် ပဲ့တင်ထပ်လာသည်။
“ အချိန်ကို တွက်ဆကြည့်မယ်ဆိုရင် အနီရောင်လဗိမာန်ရောက်လာဖို့ သိပ်မလိုတော့ဘူး… မင်း ဒီကနေ ထွက်သွားပြီးရင် သူတို့ကို အဝေးကနေ မြင်တဲ့အခါ ခေါင်းငုံ့ထားဖို့ မှတ်ထားပါ… သူတို့က မှတ်မိလွယ်တယ်… သူတို့အားလုံးက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကြတယ် ”
“ ယေဘုယျအားဖြင့်ပြောရရင် ငါတို့က သူတို့ကို ရန်သွားမစသရွေ့ အနီရောင်လဗိမာန်က လေလွင့်ကျင့်ကြံသူတွေနဲ့ မျိုးနွယ်စုအသီးသီးကို ဂရုစိုက်မှာ မဟုတ်ဘူး… ဆင်တစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို ဂရုမစိုက်သလိုပေါ့ ”
သွမ့်မူကျန်းသည် သူ့ကိုယ်သူ သရော်လှောင်ပြောင်လိုက်သည်။
“ သူတို့တန်ဖိုးထားတာက မျိုးနွယ်စုအသီးသီးက ယဇ်ပူဇော်ဖို့အတွက် ပြင်ဆင်မှုတွေ ပြီးမြောက်သလားဆိုတာပဲ… တကယ်လို့ မပြီးမြောက်ဘူးဆိုရင် အဲ့ဒီမျိုးနွယ်စုက ယဇ်ပူဇော်ခံရလိမ့်မယ် ”
“ ဥပမာ လွန်ခဲ့တဲ့အနှစ်လေးဆယ်ကျော်လောက်က မြောက်ပိုင်းမှာ ပိုင်တျန့်မျိုးနွယ်စုတစ်စု နေထိုင်တယ်… သူတို့က အနီရောင်လဗိမာန်ရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး… ဒါကြောင့် နတ်တမန်တော်တစ်ပါးက နတ်အစေခံတချို့နဲ့အတူ ဆင်းသက်လာပြီး အရေအတွက်ဖြည့်တင်းဖို့အတွက် မျိုးနွယ်ရဲ့ (၇၀)ရာခိုင်နှုန်းကို ရိတ်သိမ်းသွားခဲ့တယ် ”
“ နတ်တမန်တော်ရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်မှာလဲ ”
ရွှီချင်းက မေးသည်။
“ အနီရောင်လဗိမာန်မှာ နတ်တမန်တော် အရေအတွက်ဘယ်လောက်ရှိကြောင်း အပြင်လူတွေက မသိကြဘူး… သူတို့အားလုံးရဲ့ မျိုးနွယ်တွေက မတူညီကြဘူး… သူတို့အားလုံးက ဗလာနတ္ထိကျင့်ကြံခြင်းအဆင့်မှာရှိတယ်… နတ်အစေခံတွေကတော့ ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူတွေ ဖြစ်ကြတယ်… ဝိညာဉ်သိုက်အဆင့်အောက်မှာတော့ နတ်ကျေးကျွန်တွေ ရှိတယ် ”
ရွှီချင်းသည် အတွေးနက်သွားပြီး ပြောသည်။
“ နတ်သားတော်ရောရှိလား ”
“ ရှိတယ် ”
သွမ့်မူကျန်း၏ မျက်လုံးထဲမှာ အကြောက်တရား ထွက်ပေါ်လာသည်။
“ အနီရောင်လဗိမာန်မှာ နတ်သားတော်တစ်ပါးရှိတယ်… သူက အနီရောင်လရဲ့ စစ်မှန်တဲ့ မိသားစုဝင်တစ်ယောက်လို့ ပြောကြတယ်… သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကိုတော့ မသိရဘူး… တကယ်တော့ သူ့အတွက် ကျင့်ကြံခြင်းအဆင့်က အရေးမကြီးဘူး… အရေးကြီးတာက သူက နတ်ဘုရားရဲ့ စွမ်းအားတွေကို တတ်ကျွမ်းထားတာပဲ ”