အခန်း (၁၅၆)
Vol. 16 Ch. 156
ပြီးခဲ့သည့်တစ်ခေါက် ကျန်းဟဲအိမ်တော်မှ ထွက်ခွာခဲ့ပြီးနောက် လင်ချင်းရီသည် ထျန်ဟိုင်းမြို့သို့ ပြန်သွားမည်ဟု မူလက ထင်ခဲ့သည်။ သို့သော် လင်းချင်းရီသည် သူ့အား အံ့အားသင့်စေရုံသာမက တစ္ဆေနတ်ဆိုးစမ်းသပ်မှုအား တာဝန်ယူသည့် အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေတွင်လည်း ပါဝင်ခဲ့သည်။
စောစောက ရွှယ်ချမ်းပိုင်ပြောခဲ့သည့်စကားကို ပြန်သတိရသောအခါ လင်းချင်းရီသည် ရိုးရိုးရှင်းရှင်း ဇာတ်ကောင်မဟုတ်၊ နားလည်ရခက်သူဖြစ်ပြီး စန်းယွမ်နယ်မြေ၏သခင်၏ လူယုံတစ်ဦးဖြစ်သည်။
တတ်နိုင်သမျှ သူနှင့် အဆက်အသွယ်မရှိလေလေ အကောင်းဆုံးဖြစ်ပေ၏။
ထို့ကြောင့် လီချန်ချင်းသည် လင်းချင်းရီအားသွား၍ မနှုတ်ဆက်ခဲ့ပေ။
"သခင်ကြီးလင်း...." လူတိုင်းက သူ့ကို လေးစားစွာ နှုတ်ဆက်ကြသည်။
"အထဲဝင်ကြ..." လင်းချင်းရီသည် စကားပြောရန် အလွန်ပျင်းနေပုံရသည်။ သူ့လက်ထဲမှ လှိုင်းလုံးများသည် ချောက်ကမ်းပါးပေါ်ရှိ ကြီးမားသော အခင်းအကျင်းနှင့် ဆက်သွယ်ထားသော အလင်းတန်းတစ်ခု ပေါ်လာသည်။
လင်းချင်းရီသည် လီချန်ချင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ကာ တယ်လီပို့အခင်းအကျင်းထဲသို့ ဝင်လိုက်သည်။
"အခင်းအကျင်းထဲ ဝင်ကြ။" ထိုအချိန်တွင် သံဓားဂိုဏ်းမှ ယုဖန်ရှန်းက လှမ်းအော်သည်။ သူတို့ဂိုဏ်းသည် ထိုနေရာနှင့် အနီးစပ်ဆုံးဖြစ်ပြီး သံဓားသွားဂိုဏ်း၏ တပည့်များအားလုံးသည် မတ်တပ်ရပ်ပြီး သူတို့သယ်လာသည့် သေတ္တာများကို ကောက်ကိုင်ကာ အတွင်းဆီသို့ ပြေးဝင်သွားကြလေသည်။
သံဓားသွားဂိုဏ်းမှ တပည့်များကို မြင်လိုက်ရသောအခါ လီချန်ချင်း အံ့အားသင့်သွားသည်။ တပည့်တွေက ဘာလို့ ရွာက သန်မာတဲ့ အလုပ်သမားတွေလို ဖြစ်နေရတာလဲ။ ငယ်ရွယ်ကြသော်လည်း အသက်သုံးဆယ့်ခြောက်နှစ်အသွင် မျက်နှာများရှိသည်။ သူတို့၏ အသားအရေသည်လည်း နီရဲနေသည်။
သူတို့နေ့တိုင်း ဘယ်လိုလေ့ကျင့်ခဲ့ကြလဲ။ ဒီလိုမျက်နှာမျိုးတွေနဲ့ဆို အတန်းလစ်ပြီး ကျောင်းတံခါးအပြင်ကိုတောင် လျှောက်သွားလို့ရတယ်။ လုံခြုံရေးအစောင့်က သူတို့ကို မတားဘဲ စီးကရက်တစ်လိပ်တောင် ပေးချင်ပေးလိုက်ဦးမယ်။
သံဓားသွားဂိုဏ်းသည် ၎င်းတို့၏ ထောက်ပံ့ရေးပစ္စည်းများအားလုံးကို သယ်ဆောင်လာခဲ့သော်လည်း သေတ္တာကြီးနှစ်လုံးမှာ အခင်းအကျင်းအပြင်ဘက်တွင် တစ်ဆို့နေခဲ့လေ၏။
"စွမ်းအားတစ်ခုစီက သတ်မှတ်ထားတဲ့ ထောက်ပံ့ရေးပမာဏတစ်ခုသာ ယူဆောင်လာနိုင်ပုံပဲ။" ၎င်းကိုမြင်သောအခါ လီချန်ချင်း အံ့ဩသွားသည်။
"ဟုတ်တယ်။" သူ့ဘေးမှာရပ်နေတဲ့ ကျမ်းယွမ်ကျိက လီချန်ချင်းအား ပြောသည်။ "ဒီတစ္ဆေနတ်ဆိုးစမ်းသပ်မှုက အရမ်းထူးခြားတဲ့နေရာတစ်ခုပါ။ အင်မော်တယ်ကျင့်စဉ်တွေ ဒါမှမဟုတ် ကောင်းကင်ဘုံစည်းမျဉ်းတွေရှိနေတယ်လို့ ပြောလို့ရပါတယ်။ အတိအကျပြောဖို့ခက်ပေမယ့် ဂိုဏ်းတစ်ခုစီအတွက် ယူဆောင်လာနိုင်တဲ့ပစ္စည်းတွေက အကန့်အသတ်ရှိတယ်။ ပိုယူလာတဲ့ ဘယ်အရာအဆို အခင်းအကျင်းအပြင်ဘက်မှာ ပိတ်ဆို့သွားမှာပဲ။"
ဤရှင်းပြချက်သည် လီချန်ချင်းအား စဉ်းစားစေခဲ့သည်။
ခဏအကြာတွင် ကျမ်းယွမ်ကျိသည် မြောက်ပိုင်းအေးခဲနိုင်ငံမှ တပည့်များကို အခင်းအကျင်းထဲသို့ ပို့ဆောင်ပေးခဲ့သည်။ လီချန်ချင်းမှာမူ သူ၏ပစ္စည်းအမြောက်အမြားထည့်ထားသည့် သိုလှောင်လက်စွပ်များအား အခင်းအကျင်းမှ ထောက်လှမ်းနိုင်မည်လောဟု မှန်းစနေမိသည်။
လီချန်ချင်းသယ်ဆောင်လာသည့် သိုလှောင်ကွင်းတစ်ဒါဇင်သည် ဂိုဏ်းအားလုံး ယူလာသော ထောက်ပံ့ရေးပစ္စည်းများပေါင်းလိုက်လျှင်ပင် ၎င်းထက် ပိုကြီးပေသည်။
၎င်းတို့အား မယူဆောင်သွားနိုင်လျှင် အခက်အခဲဖြစ်ပေမည်။ ထို့ကြောင့် လီချန်ချင်းသည် ကျန်းဟဲအိမ်တော်၏ တပည့်များကို ကြီးမားသော အခင်းအကျင်းဆီသို့ ပို့ဆောင်နေစဉ် သူ့နှလုံးသားသည် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပြီး လုံခြုံရေးအရ မှောင်ခိုသွင်းနေသလို ခံစားရသည်။
သူ့ရှေ့ရှိ အခင်းအကျင်းမှာ စုပ်ယူမှု အားကောင်းပြီး လီချန်းချင်းအား တိုက်ရိုက် ဆွဲခေါ်လိုက်သည်။နောက်အခိုက်အတန့်တွင် အေးစိမ့်သောလေက တိုက်ခတ်လာပြီး လီချန်းကျင်းမှာ တခြားနေရာသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
ပစ္စည်းတွေကို ယူလာနိုင်တာလား....။ လီချန်ချင်း အလွန်အံ့အားသင့်မိသွားသည်။ သူ၏ သိုလှောင်လက်စွပ်တွင် သယ်ဆောင်လာသော ထောက်ပံ့ပစ္စည်းများကို အခင်းအကျင်းမှ ရှာမတွေ့ခဲ့ပုံရသည်။
သို့သော် သူ၏ အံ့အားသင့်မှုများကြား၌ ဤနေရာရှိ အေးစက်သောလေသည် အလွန်တိုက်စားလွန်းသည်ဟု လီချန်ချင်း ခံစားမိသည်။ လီချန်ချင်းမှာ အေးစက်သည့်လေကို ဂရုမစိုက်နိုင်တော့ဘဲ သူ့ရှေ့က မြင်ကွင်းကြောင့် အံ့ဩထိတ်လန့်သွားမိပေ၏။
လီချန်ချင်း၏ မျက်စိရှေ့တွင်ပေါ်လာသည်မှာ မယုံနိုင်လောက်အောင် ကြီးကျယ်ခမ်းနားသည့် မြို့တစ်မြို့ဖြစ်ပေ၏။ မြို့ရိုးများမှာ အုတ်အချို့ ကွဲအက်ကာ ကြီးမားသော အက်ကွဲကြောင်းများ ပေါ်နေသော်လည်း ဤရှေးဟောင်းမြို့သည် ရှိနေသူတိုင်းကို မကြုံစဖူး ထိတ်လန့်မှုမျိုး ပေးစွမ်းနိုင်ပေသည်။
ယင်းတွင် ရှေးဟောင်းရောင်ဝါတစ်ခုရှိ၏။ အလွန်ရှေးကျလွန်းသဖြင့် လူတို့အား ရှေးခေတ်ကို ရောက်နေသည်ဟုပင် ခံစားရစေသည်။
"ကောင်းကင်ချေဖျက် တစ္ဆေမြို့တော်....." မြို့တံခါးရှိ အက္ခရာအချို့ကို မြင်လိုက်ရသောအခါ တောင်ကြီးတစ်ခု ပြိုကျလာသကဲ့သို့ ရှိလေသည်။ လူတိုင်းသည် ကောင်းကင်ချေဖျက်တစ္ဆေမြို့တော်၏ ကြွယ်ဝသော အထွတ်အထိပ်နေ့ရက်နှင့် သွေးလွှမ်းမည့် တိုက်ပွဲများအပြီး ၎င်းတို့၏ အနိုင်ယူမှုများကို ခံစားကြည့်နိုင်ပေသည်။
ထိုစဉ် လီချန်ချင်းသည် အံ့ဩဖွယ်ကောင်းသည့် အရာတစ်ခုကို မြင်လိုက်ရသည်။ သူလှမ်းတက်လိုက်သည်နှင့် မြို့ရိုးပေါ်တွင် ရွှေရောင်အသေးစိတ်အစီအမံတစ်ခုကို တွေ့လိုက်ရသည်။ အမှန်မှာ ဗုဒ္ဓဂါထာတစ်ပုဒ်ဖြစ်သည်။
၎င်းသည် လီချန်ချင်းပင် နားမလည်နိုင်သော ဗုဒ္ဓဘာသာစကားဖြင့် ရေးသားထားသည်။
"ဒီကောင်းကင်ချေဖျက် တစ္ဆေမြို့တော်က ဘာလဲ။ တစ္ဆေနတ်ဆိုးစမ်းသပ်မှုကို ဘယ်လိုဖွဲ့စည်းထားတာလဲ။" လီချန်ချင်းသည် တစ္ဆေနတ်ဆိုးစမ်းသပ်မှုကို အနည်းငယ်နားလည်သော်လည်း ၎င်းနှင့်ပတ်သတ်ပြီး သိထားသည်မှာ သူသည် အနည်းငယ်သာ ရှိသေးသည်။ ဤတစ္ဆေနတ်ဆိုးစမ်းသပ်မှုကို မည်သို့ဖွဲ့စည်းခဲ့သည်ကိုပင် မသိပေ။
"ချင်းလဲ့ဓားသခင်က ဒီတစ္ဆေနတ်ဆိုးစမ်းသပ်မှုအကြောင်း သိပ်မသိသေးပုံရတယ်။" ထိုအချိန်တွင် ကျမ်းယွမ်ကျိသည် လီချန်ချင်း ရေရွတ်နေသည်ကို ကြားကာ ရှင်းပြသည်။ "တကယ်တော့ နတ်ဆိုးစမ်းသပ်မှု ဒဏ္ဍာရီအားလုံးကို အဓိကဂိုဏ်းအားလုံးမှာ မှတ်တမ်းတင်ထားတယ်။ ဒီအကြောင်းအရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စစ်ပွဲကြီးတစ်ခုကနေ အစပြုခဲ့တာ။"
"တကယ်တော့ တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ မြို့သုံးမြို့ရှိတယ်။ ကောင်းကင်ချေဖျက် တစ္ဆေမြို့၊ တိမ်ပင်လယ်တစ္ဆေမြို့နဲ့ ပြောင်းလဲမှုမရှိတစ္ဆေမြို့တော်ဆိုပြီး ရှိတယ်။ ဒီတစ္ဆေမြို့သုံးမြို့ဟာ တစ်ချိန်က နယ်မြေသုံးခုမှာ တည်ရှိခဲ့တာ။"
ကျမ်းယွမ်ကျိက ဖြည်းညှင်းစွာပြောသည်။ "အဲ့အချိန်တုန်းက စန်းယွမ်နယ်မြေဟာ လက်ရှိအခြေအနေလို ပိုင်းခြားခြင်းမရှိသေးဘဲ တစ္ဆေဂိုဏ်းရဲ့ နယ်မြေက အရမ်းကြီးမားခဲ့တယ်။ ဒီကောင်းကင်ချေဖျက် တစ္တေမြို့တော်ဟာ အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေမှာ တစ္ဆေဂိုဏ်းရဲ့ ကောင်းကင်ချေဖျက် တစ္ဆေစွမ်းအားရှင်က လွှမ်းမိုးထားတယ်။"
"ကောင်းကင်ချေဖျက် တစ္ဆေစွမ်းအားရှင်ဟာ မကောင်းမှု အမျိုးမျိုးကို ကျူးလွန်ခဲ့ပြီး ကမ္ဘာမှာ ပရမ်းပတာဖြစ်စေခဲ့သည်။ နောက်ဆုံးမှာတော့ သမိုင်းမှာ ကျော်ကြားတဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာဘုရားကျောင်းတွေရဲ့ သွေးချောင်းစီးမှုဖြစ်စေခဲ့တဲ့ တိုက်ပွဲကိုဖြစ်စေခဲ့တာပေါ့။"
"သူတို့အထဲမှာ အေးခဲဘုရားကျောင်းက ဗုဒ္ဓစွမ်းအားရှင်နှစ်ပါးကို မွေးထုတ်ပေးခဲ့ပြီးသူတို့နှစ်ဦးစလုံးဟာ အင်မော်တယ်စွမ်းအားရှင်တွေကိုတောင်မှ လက်လှမ်းမီခဲ့တယ်။ ပြီးတော့ ဒီကောင်းကင်ချေဖျက် တစ္ဆေမြို့တော်ကြီးမှာပဲ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ကြတယ်။"
"အင်မော်တယ်တွေရဲ့ တိုက်ပွဲဟာ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေခဲ့ပြီး တစ္ဆေတွေနဲ့ နတ်ဘုရားတွေကိုတောင်မှ ငိုကြွေးစေခဲ့တယ်။ အဆုံးသတ်မှာတော့ ဗုဒ္ဓစွမ်းအားရှင်နှစ်ပါးဟာ ကောင်းကင်ချေဖျက် တစ္ဆေစွမ်းအားရှင်ကို သတ်ဖြတ်ခဲ့ပြီး ကောင်းကင်ချေဖျက်တစ္ဆေမြို့တော်ကြီးကို လျှို့ဝှက်နယ်မြေအဖြစ် ဗုဒ္ဓဂါထာတော်တွေနဲ့ ချိပ်ပိတ်ခဲ့တယ်။"
"အဲဒီမျိုး စွမ်းအားတွေ...." လီချန်ချင်းသည် ထိုစကားကိုကြားလိုက်ရသောအခါ အလွန်စိတ်လှုပ်ရှားသွားသည်။ ကုန်းမြေပေါ်မှ အင်မော်တယ်တို့၏ တိုက်ပွဲသည် မယုံနိုင်လောက်အောင် ရင်ခုန်စရာကောင်းလှပေမည်။
လီချန်ချင်းအတွက် ဒဏ္ဍာရီလာအင်မော်တယ်တစ်ဦး မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်ရန်ပင် ခဲယဉ်းလှပေသည်။
အေးခဲရှေးဟောင်းကျောင်းတော်သည် အလွန်တန်ခိုးကြီးသော ဗုဒ္ဓစွမ်းအားရှင်နှစ်ပါးကို မွေးထုတ်ပေးခဲ့သည်။ သို့သော် လီချန်ချင်းသည် အေးခဲရှေးဟောင်းဘုရားကျောင်းကို တွေးသည့်အခါတိုင်း ပန်းချီကားတွင် သူကြုံတွေ့ခဲ့ရသည့် အရာတစ်ခုကို တွေးနေမိပေသည်။ အဲ့ဒီ အေးခဲရှေးဟောင်းဘုရားကျောင်းက ဗုဒ္ဓစွမ်းအားရှင်နှစ်ပါးကို တကယ်မွေးထုတ်ပေးခဲ့တာလား။"
"ဗုဒ္ဓစွမ်းအားရှင်နှစ်ပါးက နောက်ထပ် တစ္ဆေမြို့နှစ်မြို့ကိုလည်း လျှို့ဝှက်နယ်မြေအဖြစ် ချိပ်ပိတ်ထားသေးတယ်။"
“တချို့ကတော့ အင်မော်တယ်တစ်ဦးက ဝင်ရောက်စွက်ဖက်ခဲ့တယ်လို့ ယုံကြည်ကြပြီး တစ်ချို့ကတော့ တစ္ဆေဂိုဏ်းကို ကောင်းကင်ဘုံက သနားညှာတာစွာနဲ့ အခွင့်အရေးတစ်ခုပေးခဲ့တယ်လို့ ယုံကြည်ကြတယ်။ ဆယ်နှစ်ပြည့်တိုင်း ဗုဒ္ဓဂါထာတော်တွေရဲ့ စွမ်းအားတွေ အားနည်းလာတဲ့အခါ တစ္ဆေဂိုဏ်းကို အခွင့်အရေးပေးသလိုဖြစ်လာတယ်။"
"ဆယ်နှစ်တိုင်းဟာ သံသရာတစ်ခုပဲ။ ဒါကြောင့် တစ္ဆေနတ်ဆိုးစမ်းသပ်မှုဟာ လူ့တပည့်တွေကို ဝင်လာစေပြီး ဒီတစ္ဆေဂိုဏ်းအဖွဲ့ဝင်တွေ တစ္တေမြို့တော်တွေကနေ လွတ်မြောက်မှာကို တားဆီးဖို့ ဖြစ်တယ်။ လူသားမျိုးနွယ်အတွက် ကန့်သတ်ချက်တွေ အများကြီးရှိနေတယ်။
လူအရေအတွက်တင် မကဘဲ သူတို့ယူဆောင်လာနိုင်တဲ့ ပစ္စည်းတွေကအစ အကန့်အသတ်ရှိတယ်။"
ကျမ်းယွမ်ကျိ၏စကားကိုကြားပြီးနောက် လီချန်ချင်း အံ့အားသင့်သွားသည်။