← Chapters

အခန်း (၁၆၂)

Vol. 16 Ch. 162

အခန်း (၁၆၂)

Vol. 16 Ch. 162

"ယွဲ့ဟမ်ကျွင်း..." လီချန်ချင်းက မျက်မှောင်ကြုတ်ပြီး ခေါင်းခါလိုက်သည်။"ငါ သူ့အကြောင်း တစ်ခါမှ မကြားဖူးဘူး။ အဲ့လူကို ငါမသိဘူး။"

လီကျင့်စုန်သည် လီချန်ချင်း၏ မျက်လုံးများကို စိုက်ကြည့်နေဆဲဖြစ်သည်။

လီချန်ချင်း၏ မျက်လုံးများတွင် အမှားအယွင်း တစ်စုံတစ်ရာ မတွေ့ခဲ့ရပေ။ လီချန်ချင်းသည် ဤအမည်ကို အမှန်တကယ် မသိသေးပုံရပေ၏။

"ဒါဆို ဘာမှမဟုတ်တော့ဘူး။" ထိုသို့ပြောကာ လီကျင့်စုန် လှည့်ထွက်သွားလေသည်။

လေပြေအေးတစ်ခု တိုက်ခတ်လာလေ၏။

လီကျင့်စုန်သည် ကျိုးပဲ့နေသည့် နံရံတစ်ခုဆီကို လျှောက်သွားပြီး ကမ္ဘာမြေကြီးကို စိုက်ကြည့်နေသည်။

"ငါတကယ်ပဲ အထင်လွဲနေတာနေမှာပါလေ။ လီချန်ချင်းနှင့် ယွဲ့ဟမ်ကျွင်းက တကယ်ကို အဆက်အသွယ်မရှိဘူး။"

ညစာစားပြီးသောအခါ ကောင်းကင်ချေဖျက်တစ္ဆေမြို့တော်တစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။

အားလုံးက သန်းခေါင်ယံအချိန်ကို တိတ်တဆိတ် စောင့်နေကြပေ၏။

သူတို့၏ အခြေအနေများကို ပြုပြင်ပြောင်းလဲခဲ့ကြသည်။

လီဟမ်ရှန်းသည် ညနေခင်းပိုင်းက ချင်းလဲ့ဓားသခင် သူ့အား ပြောခဲ့သည့် စကားလုံးများကို တွေးရင်း အင်မော်တယ် အရှင်သခင်လှံကို ပွတ်တိုက်နေလေသည်။ အချိန်ကာလ ရှည်လျားစွာ ဗလာကျင်းနေသော နှလုံးသားသည် တဖြည်းဖြည်း ပြည့်လျှံလာသည်ကို သူ ခံစားမိသည်။

တစ်ခါက သူ့မှာ ဘာမှမရှိဟု ခံစားရဖူးသည်။

ယခုမူ သူ၏ နှလုံးသားထဲတွင် သူ့ဘဝတွင် အရေးကြီးဆုံးလူ နှစ်ယောက် ရှိနေပြီ ဖြစ်၏။

တစ်ယောက်မှာ သူ့အဖေဖြစ်ပြီး နောက်တစ်ယောက်မှာမူ လုချောင်းချောင်း ဖြစ်လေသည်။

မည်သို့ဖြစ်ပျက်ခဲ့သည်ကို လီဟမ်ရှန်းမသိသော်လည်း သူရှေးဟောင်းတာအိုတောင်တန်းမြေကိုမထွက်ခွာခင် လုချောင်းချောင်းဆီက စာတစ်စောင်ရခဲ့လေသည်။ ထိုစာသည် လိုအင်ဆန္ဒများနှင့် အာမခံချက် စကားလုံးများဖြင့် ပြည့်နေပေ၏။ လီဟမ်ရှန်းကိုယ်တိုင်လည်း လုချောင်းချောင်းအား သူမည်မျှ လွမ်းဆွတ်နေကြောင်းကို ပြောပြချင်ပေသည်။ သို့သော် စာသည် မည်သည့်အရပ်ကလာမှန်း မသိခဲ့ရချေ။

လီဟမ်ရှန်းအနေဖြင့် ပိုမြင့်မြင့်တက်လှမ်းဖို့ ကြိုးစားရမည်ဟူ၍ပဲ သိလေ၏။ သူပိုသွားနိုင်လေလေ ဂျူနီယာညီမငယ်လုနှင့် ပိုနီးကပ်နိုင်လေလေဖြစ်သည်။

ပြန်လည်မွေးဖွားခြင်းအဆင့်သည် အစသာရှိသေးသည်။

မူလအဆင့်သည်လည်း အဆုံးမဟုတ်သေးချေ။

လီဟမ်ရှန်းသည် သူ့ဘဝတွင် အရေးပါဆုံးသူများကို ကာကွယ်နိုင်ရန် အထူးအဆင့်၊ မဟာသိုင်းဂိုဏ်းပညာရှင်၊ အသန်မာဆုံးသောသူ ဖြစ်ချင်ပေသည်။

အချိန်များမှာ တရွေ့ရွေ့ကုန်ဆုံးသွားလေ၏။

တပည့်များအားလုံး စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် နေရာတစ်ခုတည်း၌ မနေတော့ဘဲ အုပ်စုများခွဲကာ အခြေစိုက်စခန်းမှ ထွက်ခွာသွားကြသည်။

ထိုသို့မဟုတ်ဘဲ သူတို့ဤနေရာတွင် တိုက်ခိုက်လျှင် လေနဲ့မိုးဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

လီချန်ချင်းနှင့် ကျိုးကျွင်းတို့သည် ရှေးဟောင်းတာအိုတောင်တန်းမြေမှ တပည့်အနည်းငယ်နှင့်အတူ တစ္ဆေမျိုးနွယ်ရောက်ရှိလာချိန်ကို တိတ်တဆိတ်စောင့်ဆိုင်းနေကြသည်။

စမ်းသပ်မှုကို ပါဝင်ကြသူများထဲတွင် လီဟမ်ရှန်း ရင်းနီးနေသော မျက်နှာလည်းရှိသည်။

ယန်မိသားစုမှ ယန်ယုယွင်လည်း ဤနေရာတွင် ရှိနေပေသည်။

ယန်ယုယွင်သည် လီဟမ်ရှန်းနှင့် အနီးကပ်နေခဲ့သည်။ အဖွဲ့တစ်ဖွဲ့လုံးတွင် လူခြောက်ဦးပါဝင်သော်လည်း မည်သူမျှ စကားမပြောကြပေ။ လူတိုင်းက အတန်ငယ် စိတ်လှုပ်ရှားနေကြပေ၏။

ယန်ယုယွင်သည် လီဟမ်ရှန်းနှင့် အနီးကပ်နေခဲ့ပြီး သူ့ဘေးနားတွင် လုံခြုံသည်ဟု ခံစားရသည်။

"ညီ၄....ခဏအနားယူပါဦး။" ကျိုးကျွင်းသည် လီဟမ်ရှန်း၏ ပခုံးကို ပုတ်ကာ ရယ်မောလိုက်သည်။

"မင်းရဲ့ စီနီယာအစ်ကိုကြီး ဒီနေရာမှာ ရှိနေပါတယ်ကွ။ ငါ မင်းကို ကာကွယ်ပြီး ဘာမှ အမှားအယွင်း မရှိအောင် လုပ်မယ်။"

"စီနီယာအစ်ကိုနဲ့သာဆို ကျွန်‌တော် အခက်အခဲမရှိ ကျော်ဖြတ်နိုင်မှာပါ။" လီဟမ်ရှန်း ရယ်လိုက်သည်။

"စီနီယာအစ်ကိုကျိုးကျွင်းက ဒီမှာဆိုတော့ ကျွန်တော်တို့လည်း သက်တောင့်သက်သာရှိတယ်။" အခြားတပည့်တစ်ဦးကလည်း ပြုံးပြသည်။

"နေစမ်းပါကွာ။ ညီ၄က ငါတို့ မုဟိုင်ဖုန်းတောင်ထိပ် အဖွဲ့ထဲကကွ။ ငါသူ့ကိုပဲ ကာကွယ်ပေးမှာ။ တခြားအဖွဲ့တွေက ကိုယ့်ဟာကို ဂရုစိုက်ကြ။" ကျိုးကျွင်းက သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"စီနီယာ အစ်ကို ကျိုးကျွင်း...အဲ့လိုမလုပ်ပါနဲ့။" အမျိုးသမီး တပည့်တစ်ဦးသည် ပရော်ပရည်လုပ်လေသည်။

"ကျွန်မလည်း မုဟိုင်ဖုန်း အဖွဲ့ထဲ ပြောင်းလိုက်မှာနော်။"

သို့သော် ကျိုးကျွင်းသည် မိန်းကလေး၏ ညုတုတုအပြုအမူကို လုံးဝခံနိုင်ရည်မရှိပေ။ သူက သူမကို တစ်ချက်ကြည့်လိုက်ကာ ပြန်တုံ့ပြန်သည်။

"ငါတို့ မုဟိုင်ဖုန်းအဖွဲ့ဟာ သွားချင်တိုင်းသွား လာချင်တိုင်းလာလို့ရတဲ့ နေရာမဟုတ်ဘူး။ ဒါပေမယ့် ဂျူနီယာညီမယန်က ငါတို့ ညီ၄ကို လက်ထပ်ပြီး ငါ့ခယ်မဖြစ်သွားရင်တော့ ငါသေချာပေါက် ကာကွယ်ပေးမှာပေါ့။"

"စီနီယာအစ်ကို၃....ဘယ်လို အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေတာလဲ။" လီဟမ်ရှန်းက ဒေါသတကြီးပြောသည်။

ကျိုးကျွင်း၏စကားဖြင့် ယန်ယုယွင်လည်း ရှက်သွားသည်။

"လုရှီရန်နဲ့တင်ကို ကျွန်တော့်မှာ စိတ်ရှုပ်နေပြီ။ အစ်ကိုက ကျွန်တော့်ကို လာအောင်သွယ်နေသေးတယ်။" လီဟမ်ရှန်း ခေါင်းခါလိုက်သည်။

"ဟား...ဟား.." လုရှီရန်ကို ပြောရမယ်ဆိုရင် သူမဟာ တကယ်ကို လှပပါတယ်။ မင်းသူမကို လက်ထပ်ရင် မင်းဟာ အနာဂတ်မှာ ကွမ်လန်နန်းတော်ရဲ့ သားမက်ဖြစ်လာလိမ့်မယ်။ အဲဒါက ကောင်းကင်ကို ခြေတစ်လှမ်းလှမ်းနိုင်ဖို့ အရမ်းကောင်းတဲ့ အခွင့်အရေးပဲ။" ကျိုးကျွင်းက လီဟမ်ရှန်းအား နောင်တရနေသော မျက်နှာဖြင့် ပြောလိုက်သည်။

"အစ်ကိုသူ့ကိုကြိုက်ရင် လက်ထပ်လိုက်လေ။"

"သူက ငါ့ကိုမှ မကြိုက်တာ။ အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေက အရည်အချင်းရှိတဲ့ တပည့်တွေအားလုံးထဲမှာမှ လုရှီရှန်က မင်းကိုပဲ မျက်စိကျတာလေ။"

"အဲဒါကြောင့်..." လီဟမ်ရှန်းက ရှင်းပြချင်သော်လည်း အဆုံးတွင် သူဘာမှ မပြောခဲ့တော့ချေေ

"တစ္ဆေချီ...."

ထိုအချိန်တွင် ကျိုးကျွင်း၏ မျက်နှာသည် ရုတ်တရက် လေးနက်လာပြီး သူ့အသံသည် အေးခဲသွားသည်။

ထိုစကားက လူတိုင်းကို ထိတ်လန့်သွားစေ၏။

ပုံမှန်မဟုတ်သော ရောင်ဝါသည် တဖြည်းဖြည်း ပေါ်လာသည်။

အားလုံးက တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

လီဟမ်ရှန်း၏အဖွဲ့သာမက အခြားအဖွဲ့များသည်လည်း ယခုအချိန်တွင် မှိန်ဖျော့ဖျော့ တစ္ဆေချီစွမ်းအားကို ခံစားခဲ့ရသည်။

"သူတို့က ဒီမှာ...."

အခြေစိုက်စခန်းတွင် စွမ်းအားရှင်များစွာ မတ်တပ်ထရပ်ပြီး အပြင်ကို ကြည့်ကြသည်။

တစ္ဆေဂိုဏ်း ပေါ်လာပေတော့မည်။

လီချန်ချင်းသည် ကျောက်စင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေပြီး သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်သည် လီဟမ်ရှန်းကို ဖုံးကာပေးထားသည်။

အခြားသူများ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းသည် သူ့အတွက် အရေးမကြီးပေ။

သို့ရာတွင် သူ့သားကိုမူ အန္တရာယ် အဖြစ် မခံနိုင်ချေ။

ဤအခိုက်အတန့်တွင် တစ္ဆေချီစွမ်းအားအများအပြားသည် ဒီရေကဲ့သို့ ခုန်တက်သွားကာ လူတိုင်းကို အလွန်ထိတ်လန့်သွားစေသည်။ထိုအချိန်တွင် မြေပြင်ပေါ်တွင် တွင်းနက်များစွာ ပေါ်လာလေသည်

။

တွင်းနက်များထဲမှ ရုပ်အသွင်များ ဖြည်းဖြည်းချင်း ပေါ်လာသည်။

"တစ္ဆေဂိုဏ်း ရောက်နေပြီ..."

လီဟမ်ရှန်းအဖွဲ့၏ရှေ့တွင် ရုပ်သွင်တစ်ခု ပေါ်လာလေသည်။

All Chapters