အခန်း (၁၆၃)
Vol. 16 Ch. 163
ထိုလူသည် စုတ်ပြဲသောအဝတ်အစားကို ၀တ်ဆင်ထားပြီး သူ၏အသွင်အပြင်သည် လူသားနှင့်မတူပေ။သူ့ထံမှထွက်လာသော တစ္ဆေအရောင်အဝါ လေးလံလှပေ၏။
စွမ်းအားတစ်မျိုးသည် လူသားကျင့်ကြံသူများ၏ အတွင်းစွမ်းအင်နှင့် လုံးဝကွဲပြားသည်။ ဤအရာတစ်ခုတည်းဖြင့်ပင် သူသည် လူသားမဟုတ်ကြောင်းကို ပြောနိုင်ပေသည်။
ဤသည်မှာ လူသားများနှင့် တစ္ဆေမျိုုးနွယ်ခွဲခြားခြင်းအတွက် အဓိကအခြေခံဖြစ်သည်။
ထိုလူသည် အသက်နှစ်ဆယ်ကျော်လောက်ရှိပုံရပြီး သူ့အကြည့်တွေက သူ့မျက်လုံးအကြည့်များမှာ ရှုပ်ထွေးတွေဝေနေကာ သူ့လက်ရှိအခြေအနေကိုပင် နားမလည်ဖြစ်နေပုံပေါ်သည်။
"ငါနိုးလာပြီ။ ဒီနေရာက ထွက်သွားဖို့ အခွင့်အရေး ရောက်လာပြီ။"
သူ့ဟာသူ ရေရွတ်ရင်း သူ့မျက်လုံးများက စိတ်လှုပ်ရှားစွာ တောက်ပနေသည်။
ဤအခိုက်အတန့်တွင် သူသည် လီဟမ်ရှန်းနှင့်အဖွဲ့ကို သတိပြုမိသွားသည်။
"လူသားတွေ လာပြန်ပြီ...."
တပည့်များသည် တစ္တေမျိုးနွယ်အား ပထမဆုံးအကြိမ် ရင်ဆိုင်ရသည်ကို အနည်းငယ် ကြောက်ရွံ့ခဲ့ကြသော်လည်း ၎င်းတို့ရှေ့မှ တစ္ဆေမျိုးနွယ်ဝင်၏ တစ္ဆေအငွေ့အသက်သည် အလွန်ပြင်းထန်ခြင်းမရှိသဖြင့် သာမန် ပြန်လည်မွေးဖွားခြင်းအဆင့်တွင်သာ ရှိကြောင်း သိန်ုင်လေသည်။
ယခင်က အနည်းငယ်စိုးထိတ်နေသော လီဟမ်ရှန်သည်ပင် ထိုတစ္ဆေမျိုးနွယ်ဝင်ကို တွေ့သောအခါ ထိတ်လန့်မှု အနည်းငယ် လျော့သွားလေသည်။
ထိုလူကို အေးဆေးတည်ငြိမ်စွာ ကြည့်နေ၏။
လီဟမ်ရှန်းသည် သန်မာသော တစ္ဆေမျိုးနွယ်ဝင်များကို ယခင်က တွေ့ဖူးသည်။
ကံကြမ္မာကြယ်နန်းတော်၊ ယင်တန်မျှော်စင်နှင့် လုချောင်းချောင်းကိုအတင်းအကြပ်ခေါ်ဆောင်ရန် ကြိုးပမ်းခဲ့သော အဆုံးမဲ့ညရှေးဟောင်းနိုင်ငံမှ တန်ခိုးကြီးသောပုဂ္ဂိုလ်များသည် ဤ တစ္ဆေမျိုးနွယ်ဝင်များထက် ပိုမိုပြင်းထန်သော တစ္ဆေအရောင်အဝါရှိသည်။
ဤအခိုက်အတန့်တွင် တိုက်ပွဲအသံများနှင့် အမျိုးမျိုးသောအော်သံများက ကောင်းကင်ချေဖျက်ဝိညာဉ်မြို့တော်တစ်ခုလုံး ပဲ့တင်ထပ်နေလေ၏။ လူသားများ သို့မဟုတ် တစ္ဆေများထံမှလာသော အော်သံများက လူတစ်ယောက်အား ဆံပင်များပင် ထိုးထိုးထောင်ထောင် ဖြစ်စေနိုင်ပေသည်။
မြို့သည် ချက်ချင်းပင် မြေကြီးပေါ်ရှိ ငရဲဘုံအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
"သေလိုက်တော့...."
မည်သူ့မှ မတုံ့ပြန်မီတွင် လီဟမ်ရှန်းသည် ပထမဆုံး လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်။
လီဟမ်ရှန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့လက်ကို မြှောက်လိုက်ပြီး လက်နက်ကိုပဲ ဆွဲမထုတ်ဘဲ ချိန်ရွယ်လိုက်လေသည်။
လီဟမ်ရှန်းမှာ ပြန်လည်မွေးဖွားခြင်းအဆင့်တွင် ရှိနေကြောင်း တစ္ဆေမျိုးနွယ်ဝင်က မြင်သော်လည်း သူ့ကို သတ်ရန် လုံလောက်သော သတ္တိရှိနေခြင်းက သူ့အား ဒေါသထွက်စေသည်။ သူတို့တစ္ဆေမျိုးနွယ်၏ ရုပ်ခန္ဓာများသည် လူသားများထက် များစွာ သန်မာပေသည်။
ထို့ကြောင့်လည်း လက်ကို မြှောက်ကာ လက်သီးဖြင့် ပစ်ထိုးလိုက်သည်။ လက်သီးလေအဟုန်မှ တစ္ဆေအရောင်အဝါ လေထဲတွင် ပြည့်လျှံကာ ဟိန်းဟောက်နေသော ဆင်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
သူသည် လီဟမ်ရှန်းအား သူ၏အစွမ်းသတ္တိကိုပြသချင်ခဲ့သည်။
ထိုတစ္ဆေမျိုးနွယ်သည်အလွန်ယုံကြည်မှု ရှိနေသည်မှာ ထင်ရှားလှပေ၏။
တစ္ဆေမျိုးနွယ်၏ ဧရာမဆင်ကြီးမှတဆင့် အတွင်းစွမ်းအင်များ ထွက်လာသောအခါ လီဟမ်ရှန်း၏ လှိုင်းကျောက်ဆောင်လက်ချောင်းသည် တစ္ဆေမျိုးနွယ်ထံသို့ပင် မရောက်ရှိခဲ့ချေ။ သူ၏ လက်မောင်းကြီးတစ်ခုလုံးက လီဟမ်ရှန်း၏ လက်ချောင်းတိုက်ကွက်အောက်တွင် မွချေခံလိုက်ရလေသည်။
ဘုန်း....
ထို့နောက် တစ္ဆေမျိုးနွယ်၏ဦးခေါင်းခွံရှိ သွေးစွန်းနေသောအပေါက်ဒဏ်ရာအား လက်ချောင်းများဖြင့် ချိန်ရွယ်လိုက်သည်။
တစ္ဆေမျိုးနွယ်သည် ပွဲချင်းပြီး သေဆုံးသွားသည်။
တူညီသောအဆင့်မှ လူသားတစ်ဦးသည် သူ့ကို ပြန်လည်တိုက်ခိုက်ရန်ပင် အခွင့်အရေးမပေးဘဲ သတ်ပစ်နိုင်မည်ဟု သူဘယ်သောအခါမှ မမျှော်လင့်ထားပေ။
သူကိုယ်တိုင် သတ်ပစ်နိုင်ခဲ့သော တစ္ဆေမျိုးနွယ်ဝင်အား ရင်ဆိုင်ရင်း လီဟမ်ရှန်း၏နှလုံးသားသည် ရေခဲကဲ့သို့ အေးစက်နေပြီး အနည်းငယ်မျှ အဆင်မပြေ ဖြစ်နေသည်။ လီဟမ်ရှန်းတွင် တစ္ဆေမျိုးနွယ်နှင့်ပတ်သတ်၍ ခံစားချက်ကောင်းများ မရှိချေ။
တစ္ဆေမျိုးနွယ်ဝင် သေဆုံးသွားသောအခါတွင် သူ့ခန္ဓာကိုယ်မှ ထွက်သက်ဝင်သက်များသည် လီဟမ်ရှန်း၏ခါးရှိ သံပြားထဲသို့ စုပ်ယူခံလိုက်ရသည်။
"ညီ၄.... မဆိုးဘူး။" ကျိုးကျွင်း၏ မျက်လုံးများ တောက်ပလာပြီး လီဟမ်ရှန်းကို လက်မထောင်ပြသည်။
"အစ်ကိုလီက သိပ်သတ္တိရှိတာပဲ" အဖွဲ့ထဲရှိ တပည့်အမျိုးသမီးတစ်ဦးသည် ချက်ချင်းပင် သူမ၏မျက်လုံးထဲတွင် ကြယ်ပွင့်များတောက်ပနေပေသည်။
လီဟမ်ရှန်း စကားမပြောမီတွင်ပင် ၎င်းတို့ပတ်ဝန်းကျင်ရှိ တစ္ဆေအရောင်အဝါ ပိုထူထပ်လာပြီး တစ္ဆေမျိုးနွယ်ဝင်များ ပိုမိုပေါ်လာကာ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်များလည်း ကွဲပြားလာပေသည်။ ပြန်လည်မွေးဖွားခြင်းအဆင့်၏အထွတ်အထိပ်တွင်ရှိနေသော တစ္ဆေမျိုးနွယ်များပင် ပေါ်လာသည်။
"အားလုံး.... အာရုံစူးစိုက်ကြ။ မထိခိုက်စေနဲ့။" ကျိုးကျွင်း အော်လိုက်သည်။
အပျင်းပြေစကားပြောရန်ပင် အချိန်မရှိသည်ကို အားလုံးသိကြပြီး စတင်တိုက်ခိုက်ကြလေသည်။
ထိုအချိန်တွင် ကောင်းကင်ချေဖျက် တစ္ဆေမြို့တော်ကြီး တစ်ခုလုံး ကမောက်ကမ ဖြစ်နေပေ၏။ တိုက်ပွဲသံများ နေရာတိုင်းတွင် ကြားနေရပြီး လက်နက်မျိုးစုံ၏ အလင်းရောင်သည် ကမ္ဘာမြေကိုပင် ကွဲအက်စေသည်။
လီဟမ်ရှန်းသည် တစ္ဆေမျိုးနွယ် မည်မျှပေါ်လာမည်ကို မသိသောကြောင့် စွမ်းအင်ချွေတာရန် လှံကိုမသုံးသေးဘဲ လှိုင်းကျောက်ဆောင်လက်ချောင်းကိုသာ အသုံးပြု၍ အားလုံးကို သတ်ပစ်ခဲ့သည်။
နေလအင်မော်တယ်နတ်ဆိုးကိုယ်ထည်နှင့်အတူ လီဟမ်ရှန်း၏ အတွင်းစွမ်းအင်သည် အခြားသူများနှင့် မယှဉ်နိုင်လောက်အောင် တဟုန်ထိုး ခုန်တက်သွားည်။ မူလအဆင့်၏အထွတ်အထိပ်ရှိ တစ္ဆေမျိုးနွယ်များပင်လျှင် ၎င်းတို့အား သတ်ပစ်နိုင်သည့် လီဟမ်ရှန်း၏ လက်ချောင်းတိုက်ကွက်ကို ခံနိုင်ရည်ရှိရန် ခက်ခဲပေသည်။
တစ္ဆေမျိုးနွယ်များ တဖြည်းဖြည်း ပိုများလာလေသည်။
မူလကစိတ်အေးလက်အေးရှိနေသော လူတပည့်များသည်လည်း ဖိအားကို တဖြည်းဖြည်း ခံစားလာကြရသည်။
စွမ်းအားရှင်များမှာ မတော်တဆမှုများကို ကြောက်ရွံ့ကာ တိုက်ပွဲကို စောင့်ကြည့်နေကြလေသည်။
အကယ်၍ မူလအဆင့်၏အထွတ်အထိပ်ကိုကျော်လွန်သည့် တစ္ဆေမျိုးနွယ်တစ်ဦးပေါ်လာပါက ၎င်းတို့သည် ဝင်ရောက်တိုက်ခိုက်ရမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအရာသည် သာမာန်တပည့်များ ကိုင်တွယ်နိုင်သော အရာမဟုတ်သောကြောင့်ဖြစ်ပေ၏။
ပြန်လည်မွေးဖွားခြင်းအဆင့် တစ္ဆေမျိုးနွယ်နှစ်ဦးကို သတ်ပစ်ခဲ့သည့် ပြန်လမ်းမရှိဝင်ပေါက်မှ ချန်ကွမ် သူ့လက်ထဲ၌ ဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားလေ၏။ သူ၏အဝတ်အစားများက အနီရောင်သွေးများဖြင့် စွန်းထင်းနေပြီး ချမ်းအေးသောလေထဲတွင် ပို၍ပင်အေးနေပုံရသည်။ ၎င်းတို့ကိုသတ်ပြီးနောက် တစ္ဆေမျိုးနွယ်အလောင်းများမှထွက်သောထွက်သက်ဝင်သက်သည် သူ၏ခါးတွင်ရှိသောသံပြားထဲသို့ဝင်ရောက်သွားသည်။
သို့သော် ဤအချိန်တွင် ထိုအရာများကို မည်သူမျှ အာရုံမစိုက်နိုင်ပေ။
သူတို့များများတိုက်လေလေ အနက်ရောင်ညကောင်းကင်အောက်၌ တစ္ဆေမျိုးနွယ်များ ပို၍ပို၍ပေါ်လာလေဖြစ်သောကြောင့် လူတိုင်းဖိအားကို ပိုခံစားရလေလေဖြစ်သည်။
"ညီမ..ထိန်းထားလို့ရမလား။" ပြန်လည်မွေးဖွားခြင်း၏အထွတ်အထိပ်တွင်ရှိနေသည့် ချန်ကွမ်သည် တစ္ဆေမျိုးနွယ်တစ်ဦးအား ဓားနှစ်ချက်ဖြင့်ခုတ်ထစ်သတ်ဖြတ်ပြီးနောက်တွင် ခေါင်းကိုလှည့်ကာ မနီးမဝေးက ဂျူနီယာ ညီမငယ် ယန်စီကို မေးလိုက်သည်။
သူမသည် နေခင်းဘက်ကတည်း မိတ်ကပ်ခပ်ပါးပါးလိမ်းထားသော အမျိုးသမီး ဖြစ်လေ၏။
ယန်စီ၏ရုပ်သွင်သည် လှပပြီး သူမ၏လက်ထဲတွင် ဓားသွားပန်းပွင့်များဖြင့် ဖူးပွင့်နေသော ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။ သူမသည် တစ်ခဏလေးအတွင်းမှာပင် တစ္ဆေစစ်သည်တော်ငါးဦးကို သတ်ခဲ့ပြီးဖြစ်သည်။ ချန်ကွမ်၏စကားကိုကြားသောအခါ သူမက ပြုံးပြီး တုံပြန်လေ၏။
"စိတ်မပူပါနဲ့ အစ်ကို။ တစ္ဆေမျိုးနွယ်တွေ အများကြီးရှိပေမယ့် သူတို့ရဲ့ ခွန်အားက သာမန်ပါပဲ။သူတို့က ကျွန်မကို လုံးဝမထိခိုက်နိုင်ပါဘူး။
ယန်စီ စကားဆုံးသွားသည်နှင့် တပြိုင်နက် အနောက်မှ တစ္ဆေအရောင်အဝါမှာ အရှိန်အဟုန်ဖြင့် သူမဆီသို့ ပြေးဝင်လာသည်ကို ခံစားလိုက်ရသည်။
"ငါ့ကို ချောင်းတိုက်ဖို့ ကြိုးစားနေတာလား။" ယန်စီက အေးစက်စွာ ရယ်မောလိုက်ပြီး သူမ၏ ကိုယ်ဟန်မှာ ဖမ်းရခက်သည့်အနေအထားသို့ ပြောင်းသွားလေ၏။သူမ၏လက်ထဲတွင်ရှိသော ဓားရှည်သည် ပန်းတစ်ပွင့်ကဲ့သို့ ပွင့်လန်းလာပြီး ဝင်လာသော တစ္ဆေမျိုုးနွယ်ထံ တည့်တည့်သွားနေသည်။
ဘန်း...ဘန်း....ဘန်း....
ဓားသွားပန်းပွင့်သည် မှိုင်းတိုင်းတိုင်းအသံကို တီးခတ်လိုက်သော်လည်း ပြိုင်ဘက်၏ခုခံမှုကို မချိုးဖျက်နိုင်ခဲ့ချေ။
ယန်စီ မျက်နှာအမူအရာပြောင်းသွားလေ၏။
ထိုမှသာ သူမရှေ့ရှိ တစ္ဆေမျိုးနွယ်သည် အရပ်နှစ်မီတာနီးပါး ထွားကြိုင်းသည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူ့အမူအရာက အေးစက်နေပြီး သူ့ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် သန်မာလေ၏။
"အရမ်းအားနည်းလွန်းနေတယ်မဟုတ်လား...." တစ္ဆေမျိုးနွယ်က အပြုံးမပျက်ဘဲ ပြောလေ၏။
စကားပြောပြီးနောက် သူသည် ယန်စီ၏ဓားကို လှမ်းကိုင်လိုက်သည်။ ဓားရှည်ကြီးက သူ့လက်ထဲက အရေခွံကိုပင် မဖြတ်နိုင်ချေ။ တစ်ချက်ဆွဲလိုက်ရုံဖြင့် ယန်စီ တရွတ်တိုက် ပါသွားလေ၏။
"ဒါက တောင်တစ္ဆေပဲ။"
ယန်စီ၏မျက်နှာသည် ဖျော့တော့သွား၏။
သူမသည် တောင်တစ္ဆေတစ်ကောင်နှင့် ရင်ဆိုင်ရမည်ဟု ဘယ်သောအခါမှ မမျှော်လင့်ခဲ့ပေ။
တစ္ဆေမျိုးနွယ်တွင် မတူညီသောမျိုးနွယ်များရှိသည်။ အများဆုံးမှာ လူသား၏သွေးကို ကျင့်ကြံရန်နှင့် ပြန်လည်ထူထောင်ရန်အတွက် သောက်သုံးသော ယန်ဒေါင်ချန်ကဲ့သို့ သာမန်သွေးတစ္ဆေများဖြစ်သည်။
တိမ်ကန္တာရထဲ၌ သွေးတစ္ဆေများသည် အများဆုံး တစ္ဆေမျိုးနွယ်ဝင်များဖြစ်သည်။ အခြားသော တစ္ဆေမျိုးနွယ်ဝင်များလောက် မများပြားသော်လည်း ၎င်းတို့သည် ကွဲပြားကြပြီး တောင်တစ္ဆေသည် ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။
တောင်တစ္ဆေများသည် အရပ်ရှည်၍ သန်မာပြီး ဓားနှင့်လှံများကို ခံနိုင်ရည်ရှိပေ၏။ မူလအဆင့်ရှိ တောင်တစ္ဆေတစ်ကောင်သည် တူညီသောအဆင့်ရှိ လူသားသုံးဦးကို တိုက်ခိုက်နိုင်သည်။
ကြောက်မက်ဖွယ် ကောင်းလှပေ၏။
ထို့ကြောင့် ယန်စီသည် သူမရှေ့တွင် တောင်တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသောအခါ သူမ အံ့ဩသွားခဲ့သည်။ တောင်တစ္ဆေက ယန်စီအား သူ့ရှေ့ကို ဆွဲခေါ်လိုက်ပြီး သူမ၏ လက်ကောက်ဝတ်ကို သူ့လက်မောင်းကြီးကြီးနဲ့ ဆုပ်ကိုင်လိုက်သည်။
ထိုအခါသံဇာဂနာမှာ ဖမ်းမိသကဲ့သို့ ယန်စီက ထအော်လေ၏။
"အကိုကြီး...ကျွန်မကို ကယ်ပါ။" ယန်စီ၏အသံကိုကြားတော့ တိုက်ခိုက်နေသော ချန်ကွမ်လည်း ထိတ်လန့်သွားသည်။ ခေါင်းကို ဆတ်ခနဲ လှည့်ကြည့်လိုက်သောအခါ သူ့တစ်သက်မှာ ဘယ်တော့မှ မမေ့နိုင်မည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
တောင်တစ္ဆေကြီးက ပြုံးပြလျက် ယန်စီ၏ လက်တစ်ဖက်ကို ဆွဲဆုတ်လိုက်သည်။
တခဏချင်းမှာပဲ ယန်စီ၏ပခုံးဟာ သွေးသံတရဲရဲဖြစ်သွားလေ၏။
"ဂျူနီယာညီမလေး...."ချန်ကွမ် လှမ်းအော်လိုက်စဉ်မှာပဲ သူ့မျက်လုံးများက ချက်ချင်း သွေးရောင်လွှမ်းသွားလေ၏။။ သူ မြေပြင်ပေါ် ခပ်ပြင်းပြင်းဆောင့်နင်းကာ အလောတကြီး ပြေးသွားလေသည်။
ယန်စီ၏ လက်ရှိအခြေအနေကို မြင်လိုက်ရသဖြင့် ချန်ကွမ်၏ သွားများ ကျိုးလုမတတ်ဖြစ်ကာ သူ့မျက်လုံးများသည်လည်း လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"ငါမင်းကိုသတ်မယ်...."
ချန်ကွမ်သည် သူ၏ လက်စွဲတော်ဓားကြီးကို လွှဲလိုက်ပြီး ဓား၏အလင်းသည် ပြင်းထန်သောကျားတစ်ကောင်ကဲ့သို့အရှိန်ကို ဖျတ်ခနဲသယ်ဆောင်သွားကာ ၎င်း၏စွမ်းအားသည် အံ့ဩစရာကောင်းလှပေ၏။
တောင်တစ္ဆေသည် သူ့အားချိန်ရွယ်လာသောဓားကို ပိတ်ဆို့ရန် သူ၏လက်ကိုသုံးကာ နောက်ပြန်ဆုတ်လိုက်သည်။
ဘန်း....
ပြင်းထန်သော အင်အားသည် တောင်တစ္ဆေခြေဖဝါးအောက်ရှိ ကျောက်တုံးကို ဖြိုခွဲလိုက်ရာ သူ့လက်မောင်းတွင် ဒဏ်ရာတစ်ခု ပေါ်လာပြီး သွေးများ စီးကျလာလေ၏။
တောင်တစ္ဆေသည် သူ့နောက် ကြေမွနေသည့်နံရံကို အားပြု၍ နောက်ပြန်ဆုတ်လိုက်သည်။
ချန်ကွမ်က ထိုအရာများကို ဂရုစိုက်မနေပေ။ ယန်စီ၏အနားကိုသာ အပြေးအလွှားလာလေသည်။ ထိုအချိန်တွင် ယန်စီသည် သွေးအိုင်ထဲတွင် လဲလျောင်းနေပြီး လက်တစ်ဖက် ပြတ်နေပြီဖြစ်သည်။
သူ့မျက်နှာမှာ ဖြူဖျော့နေပြီး နှုတ်ခမ်းများမှာလည်း တဆတ်ဆတ်တုန်ကာ နာကျင်နေသည်။သူမ စကားမပြောနိုင်သော်လည်း ချန်ကွမ်အား သူမ၏မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့လေသည်။
ချန်ကွမ်မှာ ရင်ကွဲလုမတတ်မဖြစ်ရသည်။
ချမ်ကွမ်သည် သွေးခဲဆေးကို အမြန်ထုတ်ပြီး ယန်စီ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
အနည်းဆုံးတော့ သွေးထွက် အမြန်ရပ်အောင်လုပ်ရပေမည်။ မဟုတ်လျှင် သူမဟာ သွေးဆုံးရှုံးမှုကြောင့် အလွယ်တကူ သေဆုံးသွားနိုင်ပေသည်။
"ဂျူနီယာညီမလေး...ခဏတောင့်ထားပါဦး။ အဆင်ပြေသွားမှာပါ။ ငါမင်းကို ချက်ချင်းပြန်ပို့ပေးမယ်။" ချန်ကွမ်က ကမန်းကတန်းပြောလိုက်သည်။
"ပြန်ပို့ပေးမယ်...."
ထိုအချိန်တွင် တောင်တစ္ဆေသည် အပျက်အစီးများထဲမှ တွားသွားလျက် ထလာခဲ့ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများ ဖုန်မှုန့်များကို ဖယ်ရှားပစ်လိုက်သည်။ခုနက ထိုးနှက်ချက်က သူ့အတွက် ဘာမှ မဟုတ်ပေ။ သူက သရော်သံဖြင့် ပြောလေသည်။
“အဲ့မိန်းကလေးမပြောနဲ့ မင်းတောင် ပြန်လှည့်လို့မရဘူးကွ။"
ချန်ကွမ်၏ မျက်နှာ မည်းမှောင်သွားသည်။ ထို့နောက် သူ့ဘေးရှိ ယန်စီကို ကူညီပေးလေ၏။ ယန်စီသည် ချန်ကွမ်၏အဝတ်အစားထောင့်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး မျက်ရည်များဝဲလျက်ပြောသည်။
"စီနီယာအစ်ကို...မြန်မြန်သွားပါတော့။ ကျွန်မအတွက် စိတ်မပူပါနဲ့။ အစ်ကိုက သူ့ပြိုင်ဘက်မဟုတ်ပါဘူး။"
သို့သော် ချန်ကွမ်သည် ယန်စီ၏စကားကို လျစ်လျူရှုပြီး တောင်တစ္ဆေကို လေးနက်စွာ စိုက်ကြည့်လျက် မတ်တပ်ရပ်လိုက်သည်။
ဤတောင်တစ္ဆေသည် ပြန်လည်မွေးဖွားခြင်းအဆင့်၏အထွတ်အထိပ်တွင်ရှိပြီး သူသည်လည်း ထိုအဆင့်ဖြစ်သည်။ သို့သော် သူ၏ ခွန်အားအပြည့် တိုက်ခိုက်မှုသည် တောင်တစ္ဆေအတွက် မျက်နှာပြင်ကို ကုတ်ခြစ်ရုံမျှသာဖြစ်ပြီး ပြင်းပြင်းထန်ထန် မထိခိုက်နိုင်ချေ။ ဤတောင်တစ္ဆေသည် ကိုင်တွယ်ရခက်သည်ကို သူသိသည်။
သို့သော် သူ့နောက်က ယန်စီကိုကြည့်ပြီး ယနေ့ သူ့အသက်ကို စွန့်ရလျှင်ပင် ဤတောင်တစ္ဆေ ပေးဆပ်စေရမည်ဟု ချန်ကွမ် တွေးထားလေသည်။
ဤအတောအတွင်း အခြားနေရာများတွင်လည်း အလားတူ ရှင်သန်ခြင်းနှင့် သေခြင်းတရား တိုက်ပွဲများ ဖြစ်ပွားနေလေသည်။
လူစုလူဝေး၏ ကနဦးတင်းမာမှုမှ လက်ရှိ သွေးထွက်သံယိုများအထိပင် ဖြစ်နေကြပြီ ဖြစ်သည်။
လူတိုင်းသည် စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို ပထမဆုံးအကြိမ် တွေ့ကြုံခံစားခဲ့ကြရသည်။
တစ္ဆေများကို မသတ်လျှင် တစ္ဆေများသတ်သည်ကို ခံရပေမည်။
ဤစစ်မြေပြင်မှာ တုံ့ဆိုင်းနေ၍မရပေ။ အနည်းငယ် တုံ့ဆိုင်းနေခြင်းကပင် မင်းကို အသက်ကို သေစေနိုင်ပေသည်။
သွေးအိုင်ထဲတွင်သေဆုံးနေသော သူတို့၏ရင်းနှီးသောညီအစ်ကို ညီအစ်မများကိုမြင်ကြရသော လူများစွာသည် လက်စားချေရန်အတွက် ရူးသွပ်စွာ အသည်းအသန်တိုက်ခိုက်နေကြသည်။
ထိုအချိန်တွင် လီဟမ်ရှန်းသည် တစ္ဆေမျိုးနွယ်မှ လုချောင်းချောင်းကို အဝေးသို့ ခေါ်ဆောင်သွားသော မြင်ကွင်းကို တွေးနေမိသည်။
သို့ဖြစ်၍ လီဟမ်ရှန်းတွင် ကရုဏာတရားဟူ၍ မရှိချေ။
အင်မော်တယ်အရှင်သခင်လှံကို လှံအိမ်မှပင် မချွတ်ရသေးပေ။
လီဟမ်ရှန်းမှာ အင်မော်တယ်အရှင်သခင်လှံကို ကိုင်ဆွဲရင်း ရပ်တန့်၍ပင် မရတော့ချေ။ ပြန်လည်မွေးဖွားခြင်းအဆင့်နှင့် ပြန်လည်မွေးမွားခြင်းအဆင့်၏ အထွတ်အထိပ် အပါအဝင် တစ္ဆေမျိုးနွယ် လေးဆယ် သို့မဟုတ် ငါးဆယ်သည် သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရပြီဖြစ်သည်။
ကျိုးကျွင်းသည် ပြန်လည်မွေးဖွားခြင်းအဆင့်တွင် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးအနေဖြင့် ရက်စက်ကြမ်းကြုတ်လှပေသည်။ ပြန်လည်မွေးဖွားခြင်းအဆင့်အထွတ်အထိပ်ရှိ တစ္ဆေမျိုးနွယ်ဝင်သုံးဦးသည် သူ့လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဖြစ်သည်။
တပည့်များသည် ထပ်ကာထပ်ကာ တိုက်ခိုက်ကြပြီး တစ္ဆေမျိုးနွယ်တို့၏ သွေးများသည် ကောင်းကင်ချေဖျက်မြို့တော် လမ်းမများပေါ်တွင် ရဲရဲတောက်စွန်းထင်းနေလေတော့သည်။
လေထုမှာလည်း သွေးနံ့များဖြင့် ပြည့်နှက်နေသည်။
ဆေးဘုရင်တောင်ကြား၏ တပည့်များပင် ယခုအချိန်တွင် စစ်သည်တော်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်က ညံ့ဖျင်းသော်လည်း ဆေးဘုရင်တောင်ကြားမှတပည့်များသည် အုပ်စုလိုက်သာ တိုက်ကြပြီး တစ်ယောက်တည်း ဘယ်တော့မှ ခွဲမနေကြချေ။
ထို့ကြောင့် ၎င်းတို့ကို အနိုင်တိုက်နိုင်သော တစ္ဆေများမှာ ရှားလှပေ၏။
ဆေးဘုရင်တောင်ကြားမှ တပည့်များ မမျှော်လင့်ထားသည့်အရာမှာ ၎င်းတို့ထဲတွင် ဓားသမားတစ်ဦး ရှိနေခြင်းဖြစ်သည်။
ယင်ချန်းလီ....
ယင်ချန်းလီသည် သူ့ဓားဖြင့် ကျရောက်လာသော အန္တရာယ်များကို တာဝန်ယူခဲ့သည်။
သူ၏ဓားသိုင်းသည် သတ်နိုင်စွမ်းမရှိပုံပေါ်သော်လည်း ဓားချက်တိုင်းသည် တစ္ဆေများကို သတ်ဖြတ်နိုင်ပြီး ၎င်းအတွက် အထူးစည်းချက်တစ်ခုပင်ရှိနေသေးသည်။
သူ၏ဓားသည် လျှပ်စီးလက်သကဲ့သို့ လန့်ဖြန့်နေသော ငန်းတစ်ကောင်ကဲ့သို့ လျင်မြန်လှပေသည်။
ယင်ချန်းလီသည် ပြန်လည်မွေးဖွားခြင်းအဆင့်တွင်သာရှိသော်လည်း အဆင့်တူ တစ္ဆေများပင် ယင်ချန်းလီထံမှ ဓားသွားတစ်ချက်ဒဏ်ကို မခံနိုင်ကြပေေ
မျက်ခုံးနှစ်ခုကြားတည့်တည့်ကို ဓားဖြင့် ထိုးစိုက်လိုက်လေသည်။
တစ္ဆေများ ပွဲချင်းပြီး သေကြရပေ၏။
၎င်းသည် ဆေးဘုရင်တောင်ကြားမှ တပည့်များ၏ မျက်လုံးများကို အမှန်ပင် ပြူးကျယ်စေခဲ့သည်။ သူတို့သာ ယင်ချန်းလီအကြောင်း ကောင်းကောင်းမသိလျှင် ယင်ချန်းလီအား ဓားသခင်တစ်ယောက်၏တပည့်ဟု ထင်မိကြပေမည်။
လီချန်ချင်းသာ ထိုနေရာတွင် ရှိနေလျှင် ယင်ချန်းလီ၏ဓားကြောင့် သူသေချာပေါက် ထိတ်လန့်သွားပေလိမ့်မည်။ ယင်းချန်းလီ၏ ဓားတိုက်ကွက်သည် နှလုံးသားအလိုကို လိုက်သောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ယင်ချန်းလီသာ ဓားသခင်၏ တပည့်ဖြစ်ခဲ့လျှင် နားလည်နိုင်ပေလိမ့်မည်။ သို့သော် သူသည် လူအနည်းငယ်သာ ဓားရေးလေ့ကျင့်ကြသည့် ဆေးဘုရင်တောင်ကြား၏ တပည့်တစ်ဦးမျှသာဖြစ်သည်။သို့သော် သူသည် ဤအဆင့်ထိ ရောက်ရှိနေပြီ ဖြစ်သည်။
ယင်ချန်းလီတွင် ဓားသခင်ဆရာဖြစ်သူ မရှိဘဲ ဓားတစ်လက်သာရှိကြောင်း မည်သူမျှမသိခဲ့ကြပေ။
သစ်သားဓားတစ်လက်....
အင်မော်တယ် သက်ရှည်သစ်သားမှထွင်းထုထားသော ရွှမ်ယွင်ဓားတစ်လက် ဖြစ်ပေ၏။
ထိုဓားသည် ယင်ချန်းလီ၏ ဓားပညာနဲ့ပတ်သက်သည့် နားလည်မှုကို တစ်နေ့ထက်တစ်နေ့ တိုးပွားလာစေခဲ့သည်။
ထို့ကြောင့် သူသည် လက်ရှိအဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေ၏။
"ဟား..ဟား...ဟား... သတ်ရတာ ကျေနပ်စရာပဲ စောက်တစ္ဆေကောင်တွေ.... မင်းတို့ရဲ့ သေခြင်းတရားကို ရင်ဆိုင်ဖို့ မင်းတို့ရဲ့ ဘိုးဘိုးကြီးဆီ လာခဲ့စမ်းပါကွာ။"
လမ်းတစ်ခုထက်တွင် သံဓားတစ်လက်ကိုင်ထားသော တပည့်တစ်ဦးသည် နောက်ဖေးလမ်းကြားရှိ တစ္ဆေဆယ်ကောင်ကို သတ်ပစ်လိုက်သည်။
သူ၏ သံဓားသည် သွေးများ ရွှဲရွှဲစိုနေပေ၏။
သူသည် ကျူနီဟုအမည်ရပြီး သံဓားဂိုဏ်း၏ တပည့်ဖြစ်သည်။ ကျူနီသည် ပြန်လည်မွေးဖွားခြင်းအဆင့်၏အထွတ်အထိပ်တွင် ရှိသည်။သံဓားဂိုဏ်း၏ ဓားတိုက်ကွက်သည် ရဲရင့်ကာ အစွမ်းထက်လှပြီး ခွန်အားနှင့်ပတ်သက်လျှင် ကျူနီသည် ထိပ်တန်းတပည့်များထဲမှ တစ်ဦးဖြစ်သည်။
ယခုလေးတင်ပဲ ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ် တစ်ကောင်အပါအဝင် သွေးတစ္ဆေ ၁၀ ကောင်က သူ့ကို ဝိုင်းအုံတိုက်ခိုက်ကြသော်လည်း မည်သည်မျှ မကိုင်တွယ်နိုင်ခဲ့ချေ။ သူတို့အားလုံးသည် သံဓားချက်အောက်တွင် သေဆုံးသွားကြရလေသည်။
ကျူနီသည် သတ်ဖြတ်ခြင်း၏အရသာကို ကျေကျေနပ်နပ် ခံစားနေခဲ့ပေ၏။
"ဟား...ဟား...တစ္ဆေကောင်တွေ မရှိတော့ဘူးလား။" ကျူနီသည် သေနေသော တစ္ဆေ၏ အဝတ်ကို ကြမ်းတမ်းစွာ ဆွဲယူလိုက်ပြီး သံဓားမှ သွေးများကို သုတ်လိုက်သည်။
ထိုအချိန်တွင် ကျူနီသည် ရုတ်တရက် မျက်မှောင်ကြုတ်ကာ လမ်း၏အဆုံးဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် ရုပ်အသွင်တစ်ခုကို ယောင်ဝါးဝါးမြင်လိုက်ရသည်။
သို့သော် ဤလမ်းကြားမှာ လမ်းဆုံးဖြစ်ပြီး မည်သူမှ ဝင်လာခြင်းလည်း မရှိသောကြောင့် ၎င်းသည် တစ္ဆေဖြစ်ရပေမည်။
"တစ္ဆေအရောင်အဝါမရှိဘူး..."
ကျူနီသည် လမ်း၏အဆုံးဆီသို့ လျှောက်လာရင်း မေးလိုက်သည်။ "ဘယ်သူလဲ...အဲ့က ဘယ်သူလဲ။ မင်းက ဘယ်ဂိုဏ်းကလဲ။"
သို့သော် အဖြေပြန်မရခဲ့ပေ။
ကျူနီသည် နီးလေလေ ရှင်းရှင်းလင်းလင်း မြင်ရလေလေဖြစ်၏။ ထိုလူသည် စကတ်ရှည်ဝတ်ကာ အနီရောင်ဆီစက္ကူထီးကို ကိုင်ဆောင်ထားပြီး ထူးဆန်းလှသည်။
ထီးက မျက်နှာကို ဖုံးထားသဖြင့် ရှင်းရှင်းလင်းလင်းမမြင်ရချေ။
"ဘယ်သူလဲ။"
ကျူနီ တစ်ခုခုမှားနေပြီဆိုသည်ကို သိပေသည်။
တစ္ဆေမဟုတ်ခဲ့လျှင်ပင် သံသယဖြစ်စရာ ကောင်းလှပေ၏။
ထို့ကြောင့် သူ့ရှေ့တွင် သံဓားကို နေရာယူဟန်ပြင်ထားလိုက်သည်။
ထို့နောက် ကျူနီသည် ထိုရုပ်အသွင်ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
"ဟား..ဟား...."
တခစ်ခစ်ရယ်သံတစ်ခုထွက်လာလေသည်။
အသံမှာ မိန်းကလေးတစ်ယောက်အသံဟု ခံစားရသော်လည်း အနည်းငယ် ကြောက်စရာကောင်းသည်။
"အကိုကြီးက အရမ်းသတ္တိရှိတာပဲ။ အစ်ကိုကြီးလိုလူမျိုးကို သဘောကျတယ်။" ထိုအသံမှာ ကျူနီ၏နားထဲတွင် ပဲ့တင်ထပ်နေပေ၏။
ထိုအသံကိုကြားလိုက်ရသည်နှင့် ကျူနီ၏ခေါင်းသည် တုန်ခါသွားပြီး သူ့အသိစိတ်မှာ အနည်းငယ်မှုန်ဝါးသွားကာ သူ့မျက်နှာအမူအရာကို ပြောင်းလဲသွားစေခဲ့သည်။
ထိုအခိုက်အတန့်တွင် ထိုရုပ်အသွင်သည် အနီရောင် ဆီစက္ကူထီးကို ဖြည်းညှင်းစွာ မလိုက်သည်။ ထီးအောက်တွင် ကောင်မလေးတစ်ယောက်ရှိသော်လည်း သူမတွင် မျက်နှာမရှိပေ။
သူမ၏ မျက်နှာတွင် မျက်လုံးမရှိ၊ နှာခေါင်းမရှိ၊ ပါးစပ်မရှိ ဘာတစ်ခုမှမရှိပဲ ဗလာကျင်းကြီး ဖြစ်ပေ၏။
"လှည့်စားတစ္ဆေ...."
ကျူနီအံ့အားသင့်သွားပြီး သူ့တစ်ကိုယ်လုံး ချွေးစီးများ ထွက်လာသည်။ ကျူနီမှာ လှည့်စားတစ္ဆေကို ကြုံတွေ့ရမည်ဟု မထင်ခဲ့ပေ။
ကျူနီသည် သူ၏ဂိုဏ်းရှိ အကြီးအကဲများထံမှ စကားတစ်ခွန်းကို သတိရမိသည်- မင်းလှည့်စားတစ္ဆေရဲ့ မျက်နှာကို မြင်လိုက်ရပြီဆိုရင် မင်းဟာ သူ့ရဲ့လှည့်စားမှုထဲကို ကျရောက်သွားပြီလို့ ဆိုလိုတာပဲ။ အဲ့အချိန်ဆို မင်းအန္တရာယ်ရှိနေပြီ။
"ဟား...ဟား..."
ကျက်သရောရှိလှသော ရုပ်အသွင်သည် ထီးကို ကိုင်ထားလျက် လမ်းကြားမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
သူ့နောက်တွင် ကျူနီ၏ခေါင်းပြတ်မှာ လှိမ့်လျက်သား ပါလာသည်။
ကျူနီ၏ မျက်နှာပေါ်၌ အကြောက်တရားများက ဖုံးလွှမ်းနေပေ၏။