အခန်း (၁၆၅)
Vol. 17 Ch. 165
တစ်စ္ဆေတစ်ကောင်ကို လက်ဝါးတစ်ချက်နှုန်း....
လုရှီရှန်သည် ပြန်လည်မွေးဖွားခြင်းအဆင့်တွင်သာရှိသော်လည်း ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ်ရှိ တစ္ဆေမျိုးနွယ်များသည် သူမထံမှ လက်ဖဝါးတစ်ချက်ရိုက်ကို ခံနိုင်ရည်မရှိကြပေ။
သူမ၏ လက်ဖဝါးအောက်တွင် ခန္ဓာကိုယ်တွင်းရှိ အင်္ဂါများနှင့် အရိုးများပင် ကွဲကြေသွားပုံရလေ၏။
ကြောက်စရာကောင်းလှပေသည်။
"လူသား မိန်းကလေး ....မင်းက တော်တော်သန်မာတယ်။ ဒါပေမယ့် မင်းဒီလောက်ထိပဲ လုပ်နိုင်ပါတယ်ကွာ။"
ဤအခိုက်အတန့်တွင် လှေကားထစ်ထိပ်၌ တစ္ဆေမျိုးနွယ်စွမ်းအားရှင်က လုရှီရန်ကို စိုက်ကြည့်နေသည်။
သူ့အကြည့်များက ဖိနှိပ်မှုအရိပ်အမြွက်များ ဖုံးလွှမ်းနေပြီး ပတ်ဝန်းကျင်ရှိ တစ္ဆေမျိုးနွယ်များကလည်း သူ့ကို အလွန်သတိထားနေကြသည်။တဟုန်းဟုန်းတောက်နေသော တစ္ဆေစွမ်းအင်များက သူ့ပတ်ဝန်းကျင်ကို လွှမ်းခြုံကာ ကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါကို သယ်ဆောင်လာသည်။
ပြီးပြည့်စုံသော ပြန်လည်မွေးဖွားခြင်းအဆင့် တစ္ဆေမျိုးနွယ်ဖြစ်လေ၏။
လုရှီရန်သည် ပြီးပြည့်စုံသော ပြန်လည်မွေးဖွားခြင်းအဆင့် တစ္ဆေမျိုးနွယ်ကို ကြောက်ရွံ့မှုကင်းသော မျက်လုံးများဖြင့် အေးအေးဆေးဆေး ကြည့်နေပေ၏။
လုရှီရန်၏ အဘိဓာန်မှာ 'ကြောက်ရွံ့ခြင်း'ဟူသည့် စကားလုံး မရှိချေ။
"ဒီကိုလာခဲ့။"
ပြီးပြည့်စုံသော ပြန်လည်မွေးဖွားခြင်းအဆင့် တစ္ဆေမျိုးနွယ်သည် သူ့ဆီသို့ အရာအားလုံးကို ဆွဲငင်လိုက်သကဲ့သို့ သူ့လက်မှ စုပ်ယူအားကို ထုတ်လွှတ်ကာ ရုတ်တရက် လှုပ်ရှားလိုက်သည်။
လုရှီရန်၏ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို လွင့်ပျံသွားပြီး တစ္ဆေမျိုးနွယ်စွမ်းအားရှင်ရှိရာသို့ ဦးတည်သွားခဲ့သည်။
သို့သော် လုရှီရန်သည် သူမ၏ လက်ဖဝါးကို ဖြည်းညှင်းစွာ မြှောက်လိုက်လေ၏။ သူမ၏ လက်ဖဝါးမှ ကြယ်များ၏ အလင်းရောင်များ မှိတ်တုတ်မှိတ်တုတ် ထွက်လာကာ သူမ၏ လက်ဖဝါးတွင် နဂါးငွေ့တန်းတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ကြယ်စီးကြောင်းကို နှိုးဆော်နေပုံရသည်။
လုရှီရန်သည် တစ္ဆေမျိုးနွယ်စွမ်းအားရှင်အနီးသို့ရောက်ခါနီးတွင် သူမသည် အဝေးမှ လက်ဖဝါးဖြင့် ရုတ်တရက် ထိုးချလိုက်လေ၏။
"ကိုယ့်သေတွင်းကိုယ်တူးတာပဲ။"
တစ္ဆေမျိုးနွယ်စွမ်းအားရှင်က လှောင်ပြောင်သည်။ သူ့မျက်လုံးများတွင် ဤအရာသည် လုရှီရန်၏စိတ်အားထက်သန်သောရုန်းကန်မှုထက် မပိုပေ။
ပြန်လည်မွေးဖွားခြင်းအဆင့်ကိုယ်ခံပညာရှင်ငယ်တစ်ဦးက ပြီးပြည့်စုံခြင်းအဆင့် ပြန်လည်မွေးဖွားခြင်းအဆင့်စွမ်းအားကို ဆန့်ကျင်ဖို့ ကြိုးစားနေတာလား။
ယင်းမှာ စိတ်ကူးယဉ်အိပ်မက်တစ်ခုထက် မပိုပေ။
ထို့ကြောင့် သူသည် လက်နှင့် ကုတ်ခြစ်ကာ လုရှီရန်၏ လက်ဖဝါးဆီသို့ လှမ်းဆွဲလိုက်သည်။ လုရှီရန်လက်ဖဝါးထဲရှိ နဂါးငွေ့တန်းကို ဖြိုခွဲပစ်ချင်သည်။
သို့သော် လုရှိရန်၏ လက်ထဲက ကြယ်ရောင်ကို ထိလိုက်သောအခါ သူ့အမူအရာက ပြောင်းလဲသွားလေ၏။
ကြယ်များအတွင်း လွှမ်းမိုးချုပ်ကိုင်ထားသော စွမ်းအင်သည် သူ့ထိန်းချုပ်မှုထက် အနည်းငယ်သာလွန်သည်။
"ကြယ်တွေနဲ့အတူ သေလိုက်တော့....."
လုရှီရန်က သူမလက်ဖဝါးဖြင့် ဖိချလိုက်လေ၏။
နဂါးငွေ့တန်းသည် အရာအားလုံးကို ဖြိုခွဲလိုက်ပြီး ပြီးပြည့်စုံသော ပြန်လည်မွေးဖွားခြင်းအဆင့်စွမ်းအားကို နှိမ်နင်းရန် အသင့်ဖြစ်နေပြီဖြစ်သည်။
"ဘာလဲဟ...." ပြီးပြည့်စုံသော ပြန်လည်မွေးဖွားခြင်းအဆင့် စွမ်းအားရှင်သည်လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ နဂါးငွေ့တန်းကြီး ဖိချလိုက်သည်နှင့် သူသည် လုရှီရန်၏ရှေ့တွင် မယုံနိုင်လောက်အောင်ပင် အရေးမပါသလို ခံစားလိုက်ရသည်။
"လွှမ်းမိုးကြီးစိုးခြင်း ကောင်းကင်လက်သီး......"
တစ္ဆေမျိုးနွယ်မှာ ကိုယ်တွင်းကား စွမ်းအားကုန်ဖြင့် ဟိန်းဟောက်လျက် နဂါးငွေ့တန်းလက်သီးကို ချေမှုန်းပစ်လေသည်။
သို့သော် သူ၏လက်သီးများသည် လုရှီရန်၏လက်ဖဝါးပုံနှိပ်နှင့်တိုက်မိသောအခါ လုရှီရန်၏လက်ဖဝါးကိုဖြတ်သွားကာ လုရှီရန်၏ခန္ဓာကိုယ်ကိုထိမှန်သွားသည်။
သို့သော် လုရှီရန် ပျံသန်းသွားမည်ဟု ထင်ခဲ့သည့်တိုင် သူထင်သလို ဖြစ်မလာခဲ့ချေ။
လုရှီရန်၏ ခန္ဓာကိုယ်ကို လက်သီးဖြင့် ထိပြီးနောက် လုရှီရန်၏ ခန္ဓာကိုယ်သည် အမှန်တကယ်ပင် စူးရှသော အလင်းတန်းများ ဖြာထွက်လာလေသည်။ သူမနောက်တွင် ကြယ်များ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြာ ကြယ်ကောင်းကင်ယံ၌ ရပ်နေသကဲ့သို့ပင် ရှိလေ၏။
တစ္ဆေမျိုးနွယ်စွမ်းအားရှင်၏ စွမ်းအားကို ကြယ်များက လုံးဝစုပ်ယူထားသည်။
တစ်ချိန်တည်းမှာပင် မှိတ်တုတ်မှိတ်တုတ် ကြယ်များသည် ပိုတောက်ပလာပြီးအနည်းငယ် ကွဲအက်သွားသည်။
နတ်စွမ်းအား ကိုယ်ထည်..... ၎င်းကို မြင်သောအခါ ပြီးပြည့်စုံသော ပြန်လည်မွေးဖွားခြင်းအဆင့်စွမ်းအားရှင်ဟာ ထိတ်လန့်သွားလေ၏။
ဗြန်း.....
ပြီးပြည့်စုံသော ပြန်လည်မွေးဖွားခြင်းအဆင့်စွမ်းအားရှင်၏ ရင်ဘတ်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်ရာ သူ၏ အတွင်းအင်္ဂါများနှင့် အရိုးများအားလုံး ပျက်စီးသွားသလို ခံစားရသည်။
သူ့နှလုံးသားမှာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။
သူ တည့်တည့် လဲကျသွားသည်။
လုရှီရန်သည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး သူမ၏ ဝင်သက်ထွက်သက်ကို တည်ငြိမ်အောင် ထိန်းထားသည်။
ပြီးပြည့်စုံသော ပြန်လည်မွေးဖွားခြင်းအဆင့် တစ္ဆေမျိုးနွယ်စွမ်းအားရှင်သည် နတ်စွမ်းအားကိုယ်ထည်နှင့် လူသားတစ်ဦးကိုတွေ့ဆုံရန် ဘယ်သောအခါမှ မမျှော်လင့်ထားပေ။
နတ်စွမ်းအားကိုယ်ထည်ကို ကျင့်ကြံနိုင်သူအားလုံးသည် ထိပ်တန်း ပါရမီရှင်များဖြစ်ကြပြီး သာမာန်လူတို့ ဆန့်ကျင်နိုင်သော အရာမဟုတ်သည့် နတ်စွမ်းအားကိုယ်ထည်၏ စွမ်းအားသည် အံ့ဩစရာကောင်းလှပေသည်။
သူသည် ထိုအကြောင်းကို ကြားသာကြားဖူးခဲ့ပြီး ယနေ့သည် ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရခြင်းလည်း ဖြစ်သည်။
နောက်ဆုံးအကြိမ်လည်း ဖြစ်ပေသည်။
ဤတစ်ကြိမ်မြင်ပြီးနောက် နတ်စွမ်းအားကိုယ်ထည်၏ တန်ခိုးကို သိမြင်လာလေသည်။ သူမသည် ပြန်လည်မွေးဖွားခြင်းအဆင့်တွင်သာရှိသော်လည်း ပြီးပြည့်စုံသော ပြန်လည်မွေးဖွားခြင်းအဆင့်စွမ်းအားကို သူမ ခံနိုင်ရည်ရှိနေဆဲဖြစ်သည်။
ဤပြီးပြည့်စုံသော ပြန်လည်မွေးဖွားခြင်းအဆင့်စွမ်းအားရှင်သည် လုရှီရန်၏လက်ချက်ဖြင့် သေဆုံးသွားသည်မြင်သောအခါ အခြားတစ္ဆေမျိုူးနွယ်ဝင်များက စိတ်ပျက်လက်ပျက်ဖြစ်သွားကြလေ၏။
"ရှင်တို့အားလုံး...." လုရှီရန်သည် တစ္ဆေအုပ်ကြီးကို တစ်ချက်ကြည့်လိုက်သည်။
"ကြယ်တွေနဲ့အတူ သေလိုက်ကြ...."
သူမ၏ စကားဆုံးသည်နှင့်နှင့် တပြိုင်နက် အဆောက်အအုံ တစ်ခုလုံး ထိတ်လန့်တကြား အော်သံများဖြင့် ပြည့်နှက်သွားလေ၏။
လုရှန်ရန်သည် သေခြင်းတရားနတ်ဘုရားမကဲ့သို့ အဆောက်အအုံရှိ တစ္ဆေမျိုးနွယ်ရာပေါင်းများစွာကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။
ထို့နောက် လုရှီရန်သည် အဆောက်အဦးမှ ဆင်းသက်လိုက်သည်။ သူမ၏ ရုပ်သွင်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလှပြီး လူ့ကမ္ဘာသို့ ဆင်းသက်လာသော နတ်သမီးကဲ့သို့ပင် ဖြစ်လေ၏။
သူမ၏ စကတ်ရှည်သည် လွင့်ပျံသွားကာ သူမ၏ရုပ်သွင်သည် ပွင့်ချပ်တစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ညင်သာစွာ ကျသွားသည်။
လုရှီရန်သည် နောက်ထပ် တစ္ဆေမျိုးနွယ်များကို ဆက်လက်ရှာဖွေတော့မည်ဖြစ်သည်။
သို့သော် ဤအခိုက်အတန့်တွင် လုရှီရန်၏ရှေ့တွင် ရုပ်သွင်တစ်ခုပေါ်လာလေ၏။
ထိုပုဂ္ဂိုလ်သည် အနီရောင် ဆီစက္ကူထီးကို ကိုင်ဆောင်ထားကာ ရှည်လျားသော ၀တ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ မျက်နှာသည် ကွယ်ဝှက်ထား၍ လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းပေသည်။
"ရှင်ဘယ်သူလဲ။"
လုရှီရန်သည် ထိုလူထံမှ တစ္ဆေစွမ်းအင်ကို အာရုံမခံမိပေ။
အနီရောင်ဆီစက္ကူထီးအောက်မှ လှပသောလက်တစ်စုံသည် လုရှီရန်ကို လက်ယပ်ပြသည်။ အသံမှာ ဆွဲဆောင်မှုရှိလှပေ၏။ "သခင်မလေး....ဒီကိုလာပါ၊ ငါမင်းကိုပြောစရာရှိတယ်။"
လုရှီရန်သည် ဤအသံကိုကြားလိုက်ရသည်နှင့် တခဏမျှ တုံ့ဆိုင်းသွားပြီး အနီရောင်ဆီစက္ကူထီးဆီသို့ လျှောက်သွားသည်။
"ငါဘယ်သူလဲဆိုတာ မင်းသိလား။" ထိုပုဂ္ဂိုလ်က ရွှင်မြူးသော အသံဖြင့် မေးသည်။
'ရှင်ဘယ်သူလဲ။" လုရှီရန်က မေးသည်။
"ဒါဆို ငါ့မျက်နှာကို မင်းကိုပြပါရစေ။ ငါဘယ်သူလဲဆိုတာ မင်းသိသွားမှာပါ။" ထိုသို့ပြောပြီးနောက် အနီရောင်ဆီစက္ကူထီးကို ဖြည်းညှင်းစွာ ရုတ်သိမ်းလိုက်ပြီး လုရှီရန်မှာ ထီးအောက်ကို မည်သူမည်ဝါဖြစ်ကြောင်း သိလိုစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။
သို့သော်လည်း လုရှီရန်၏ ရှေ့တွင် ပေါ်လာသည်မှာ မည်သည့်အင်္ဂါမျှ မပါသော မျက်နှာဖြစ်သည်။
စာရွက်အလွတ်တစ်ရွက်ကဲ့သို့ပင် ဖြစ်လေ၏။
"ဟမ်....ဒါလှည့်စားတစ္ဆေပဲ။" လုရှီရန်မှာ တည်ငြိမ်စွာ ရှိနေနိုင်သေးပေသည်။ "ငါ တစ္ဆေရောင်ဝါကို အာရုံမခံမိတာ အံ့ဩစရာပဲ။"
"ငါဘယ်သူမှန်း သိတာတောင် အေးအေးဆေးဆေးနေနေတုန်းပါလား။ မင်းရဲ့စရိုက်ကို ငါတကယ်သဘောမကျဘူး။ မင်းရဲ့ကြောက်လန့်မှုနဲ့ ကြောက်ရွံ့မှုကိုပဲ ငါသဘောကျတယ်။"
လှည့်စားတစ္ဆေသည် ၎င်း၏လျှာကို ကိုက်လိုက်ပြီး နောက်အခိုက်အတန့်တွင်၌ ၎င်း၏ရုပ်သွင်သည် ရေထဲက မှင်စက်တစ်စက်ကဲ့သို့ လုရှီရန်ရှေ့တွင် ပျောက်ကွယ်သွားခဲ့လေသည်။
သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားလေ၏။
၎င်းကမ္ဘာမှ ပျောက်ကွယ်သွားသကဲ့ပင် ဖြစ်လေသည်။
သို့သော် နောက်အခိုက်အတန့်၌ လုရှီရန်က သူမလက်ကို မြှောက်လိုက်ပြီး သူမ၏ညာဘက်ခြမ်းကို ပုတ်ချလိုက်သည်။
နေရာလွတ်မှာ ချက်ချင်း လိမ်တက်သွားပြီး လှည့်စားတစ္ဆေပျံဝဲလာလေ၏။ လုရှီရန်၏ ရိုက်ချမှုကြောင့် သူ့အရိုးများ ကွဲကြေသွားသည်။
လှည့်စားတစ္ဆေသည် မျက်နှာမရှိသော်လည်း မယုံနိုင်လောက်အောင် ထိတ်လန့်နေမိပေသည်။
"ငါ့ရဲ့ လှည့်စားမှုကို မင်းဘယ်လိုမြင်နိုင်တာလဲ။"
လှည့်စားတစ္ဆေသည် လုရှီရန်ကို ခိုးဝင်တိုက်ခိုက်ပြီး ခေါင်းဖြတ်ရန် ရည်ရွယ်ခဲ့သော်လည်း မထင်မှတ်ဘဲ လုရှီရန်သည် ၎င်း၏နေရာကို ချက်ချင်းရှာဖွေတွေ့ရှိခဲ့သည်။
"အဲဒါ ဘာထူးဆန်းလို့လဲ။"
လုရှီရန်သည် လှည့်စားတစ္ဆေဘက်ကို လှည့်ကြည့်ရန်ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး သူမ၏ မျက်လုံးများမှာ ပြောင်းလဲနေပြီဖြစ်သည်။
သူမ၏မျက်လုံးများသည် မယုံနိုင်လောက်အောင်ပင် ကြည်လင်တောက်ပလာပြီး အနက်ရောင် ကျောက်မျက်ရတနာများကဲ့သို့ တောက်ပြောင်နေသည်။
လုရှီရန်၏မျက်လုံးများအောက်မှ ဤကမ္ဘာပေါ်ရှိ မည်သည့်အရာမျှ လွတ်ကင်းနိုင်မည်မဟုတ်သကဲ့သို့ပင် ရှိလေသည်။
"မင်း…"
"ဒါက သန့်စင်ခြင်းကမ္ဘာမျက်လုံးပဲ..."
လုရှီရန်တွင် ထို့သို့သော မျက်လုံးမျိုး ပိုင်ဆိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ကမ္ဘာပေါ်ရှိ ထင်ယောင်ထင်မှားအရာအားလုံးကို မြင်နိုင်သော သန့်စင်ခြင်းကမ္ဘာမျက်လုံး ဖြစ်ပေ၏။
သူမ၏ လှည့်စားမှုများသည် လုရှီရန်၏ မျက်လုံးများမှ မလွတ်ကင်းနိုင်ပေ။
လုရှီရန် ရှေ့သို့ လျှောက်လှမ်းလာကာ သူမ၏မျက်လုံးများသည် မူလအခြေအနေသို့ပြန်ရောက်သွားသည်။ ထို့နောက် သူမလက်ကိုဝှေ့ယမ်းလိုက်ရာ စွမ်းအင်များပေါက်ကွဲထွက်လာကာ လှည့်စားတစ္ဆေကို ခေါင်းဖြတ်ပစ်လိုက်လေ၏။
လှည့်စားတစ္ဆေကို သတ်ပြီးနောက် လုရှီရန်သည် အကွာအဝေးတစ်ခုမှ မလင်းမထင်း အရုဏ်တက်ချိန် မြင်ကွင်းကို လှမ်းကြည့်လိုက်သည်။
"နေထွက်တော့မယ်။" လုရှီရန် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
တစ်ညတာ ကုန်လွန်သွားသည်နှင့်အမျှ တစ္ဆေမျိုးနွယ်များသည် ပေါ်လာတော့မည် မဟုတ်တော့ဘဲ လူတိုင်းသည် သတ်ဖြတ်ခြင်းကြောင့် ထုံနေကြပြီဖြစ်သည်။
"ကောင်းတယ်....နေထွက်တော့မယ်ဟေး...."
တပည့်များစွာသည် နေရောင်ခြည် တောက်ပလာသည်ကို မြင်ပြီး စိတ်သက်သာရာရသည့် အမူအရာများ ဖြစ်သွားကြသည်။
ထိုအချိန်တွင် မြို့ထဲ၌လည်း တစ္ဆေမျိုးနွယ်အများအပြားမကျန်တော့ဘဲ ကျန်ရှိနေသည့် တစ္ဆေများကို လူ့တပည့်များက သတ်ဖြတ်နေဆဲဖြစ်သည်။
"နောက်ဆုံးတော့ ပြီးသွားပြီ။"
ထိုစဉ် ကျန်းဟဲအိမ်တော်မှ တပည့်အဖွဲ့ငယ်တစ်ဖွဲ့သည် နောက်ဆုံးတွင် စိတ်အေးလက်အေးဖြစ်သွားသည်။ ခပ်ပုပု တပည့်တစ်ယောက်က သူ့ဓားကို တစ္ဆေ၏ရင်ဘတ်ထဲက ဆွဲထုတ်ပြီး မောပန်းနွမ်းနယ်လွန်း၍ မြေပြင်ပေါ် လဲကျသွားလေသည်။
"ကောင်းလိုက်တာ....ကျွန်တော်တို့ ပထမနေ့ကနေ လွတ်မြောက်သွားပြီ။"
ခပ်ပုပုတပည့်က အပြုံးပန်းဆင်လျက် ပြောသည်။
" ကျွန်တော် ပြန်ပြီး ထမင်း ကောင်းကောင်း စားချင်တယ်။ ပြီးတော့ တစ်နေကုန် အိပ်ချင်တယ်။"
"ပင်ချန်း....မင်းက ရည်မှန်းချက် မရှိလိုက်တာ..." အဖွဲ့ထဲက စီနီယာအစ်ကို တစ်ယောက်က ရယ်၍ ပြောလေ၏။
"ပြန်သွားပြီးရင် မင်း ကောင်းမှုအမှတ်ဘယ်လောက်ရလဲ ဆိုတာ မင်းကြည့်ရမယ်။"
"ဟုတ်တယ်။ ကောင်းမှုအမှတ် ဘယ်လောက်ရထားလဲသိချင်တယ်။ ကောင်းမှုအမှတ်တွေနဲ့ ထျန်ဟိုင်းမြို့တော်ရဲ့ ကောင်းမှုခန်းမမှာ ကိုယ်လိုချင်တဲ့ ရတနာတွေကို လဲလှယ်နိုင်တယ်။"
ကြွက်သား ခပ်ပြည့်ပြည့်နှင့် တပည့်တစ်ဦးက ပြောလေ၏။
"စီနီယာအစ်ကို....အဆင်ပြေပြေရှိနေတာပဲ။ အရမ်းကောင်းတယ်..."
ထိုအချိန်တွင် တပည့်တစ်ဦးသည် လက်ထဲတွင် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်၍ အဝေးမှ ပြေးလာကာ မျက်နှာမှာလည်း ပင်ပန်းနွမ်းနယ်နေသည်။
"ဆန်းကျူရှန်......မင်း အဆင်ပြေရဲ့လား။"
ဆန်းကျူရှန် ရောက်လာသည်ကို မြင်သောအခါ ပင်ချန်းက သူ့ဆီ အမြန်လျှောက်လှမ်းသွားလေ၏။
သူတို့နှစ်ဦးသည် သူတို့၏နေ့စဉ်ဘဝတွင် ညီအစ်ကိုကောင်းများဖြစ်ခဲ့ကြလေသည်။
တစ်ယောက်နဲ့တစ်ယောက် အသက်အန္တရာယ် ဘေးကင်းလုံခြုံကြောင်း ကြားသိရသောအခါ အလွန်ပျော်ရွှင်ဝမ်းမြောက်ကြရသည်။
"ကောင်းလိုက်တာ....နောက်ဆုံးတော့ ပြီးသွားပြီ။ မင်းနဲ့ ပြန်တွေ့ရတာ တကယ်ကောင်းလိုက်တာ ငါ့ကောင်ရ..." ဆန်းကျူရှန်က ပြုံးပြုံးလေးပြောသည် ။
သို့သော် ပင်ချန်းသည် ဆန်းကျူရှန်ဆီသို့ရောက်လာသောအခါ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲလေ၏။
ဆန်းကျူရှန်က သူ့လက်ကို မြှောက်လိုက်ပြီး ပင်ချန်းရင်ဘတ်ကို ဓားနဲ့ထိုးလိုက်လေ၏။
ထိုမြင်ကွင်းက ရုတ်တရက်ကြီးဖြစ်ပြီး ဘယ်သူမှ မမျှော်လင့်ထားကြချေ။
ပင်ချန်းမှာ ပို၍ပင် တုန်လှုပ်သွားပြီး သူ့ရင်ဘတ်ကို ထိုးစိုက်ထားသည့် ဓားကို မယုံနိုင်ဖြစ်လျက် နေ့စဉ်ဘဝ၏ အကောင်းဆုံးသူငယ်ချင်း ဆန်းကျူရှန်းကို ကြည့်လိုက်သည်။
ဆန်းကျူရှန်မှာလည်း ထိတ်လန့်မှုများ ပြည့်နှက်နေပေ၏။
သူသည် လျင်မြန်စွာ နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်သည်။ သူအဘယ်ကြောင့် ထိုကဲ့သို့ လုပ်ခဲ့သည်ကိုပင် သူ မယုံနိုင်ဖြစ်မိသည်။
ငါ... ငါမဟုတ်ဘူး၊ ငါမဟုတ်ဘူး။" ဆန်းကျူရှန်သည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။
"ဂျူနီယာညီလေးပင်....." ကျန်းဟဲအိမ်တော်မှ တပည့်များစွာ ပြေးတက်လာကြသည်
"မင်းဘာလုပ်လိုက်တာလဲကွ။" လူတိုင်းက ဆန်းကျူရှန်ကို ဆူပူကြိမ်းမောင်းကြသည်။
ထို့နောက် သူတို့သည် ဆေးတစ်လုံးကို အမြန်ထုတ်ကာ ပင်ချန်းအား ကျွေးလိုက်သည်။
သို့သော် ယခုအချိန်တွင် ပင်ချန်းသည် အရေးကြီးသောနေရာသို့ ဓားထိုးခံခဲ့ရသဖြင့် ကယ်တင်ရန်အတွက် ကျော်လွန်သွားပြီ ဖြစ်သည်။ ပင်ချန်းသည် ဆန်းကျူရှန်အား ခက်ခဲစွာ ကြည့်ကာ သူ့မျက်လုံးများက ကြောက်ရွံ့မှုအရိပ်အမြွက်နှင့် ပြည့်နှက်နေပေ၏။
ထို့နောက် ပင်ချန်းက လက်ကို ခက်ခက်ခဲခဲ မြှောက်ကာ ဆန်းကျူရှန်ကို ညွှန်ပြသည်။
"ပင်ချန်း....ငါတကယ်မရည်ရွယ်ပါဘူး။ ငါဒီလိုဖြစ်မယ် မထင်ဘူး။" ဆန်းကျူရှန်က နာကျင်စွာပြောသည်။
သို့သော် လူတိုင်းသည် ပင်ချန်း၏လက်ညှိုးညွှန်ရာကို လှမ်းကြည့်လိုက်ကြပြီး ထိတ်လန့်ဖွယ်ရာမြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
"စီနီယာအစ်ကို....ကျွန်တော့်ကို ယုံပါ။" ဆန်းကျူရှန် ရင်ဆို့နေရပေသည်။
"ဂျူနီယာညီလေးဆန်း....မင်းနောက်မှာ.... " တပည့်တစ်ယောက်က ဆန်းကျူရှန်၏ ပုခုံးကို ညွှန်ပြပြီး တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်လေ၏။
"နောက်မှာလား...."
၎င်းကို ကြားသောအခါ ဆန်းကျူရှန်က တစ်ခုခုမှားနေသည်ကို ခံစားမိသည်။ သူ့အကြည့်များက သူ့ပုခုံးကို လှမ်းကြည့်လိုက်သည်။ ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူ့ပခုံးပေါ်တွင် လက်လေးတစ်ချောင်း တင်ထားသည်ကို သတိပြုမိလိုက်သည်။
လက်သည် ကလေးလက်လေးကဲ့သို့ သေးငယ်လှသည်။
သို့သော် သံပြာရောင် ရှိလေ၏။
ဒါဘာလဲ....
ဆန်းကျူရှန်သည် သူ့ကျောပေါ်တွင် လေးလံလှသည့်အလေးချိန်ကို အမြဲခံစားခဲ့ရသော်လည်း ဒဏ်ရာကြောင့် ထင်ယောင်ထင်မှားဖြစ်သည်ဟု ထင်ခဲ့သည်။ သို့သော် ယခုမူ သူသည် တစ်စုံတစ်ခုကို ထမ်းပိုးထားရကြောင်း သိလိုက်ရသည်။
ပင်ချန်းအား သတ်လိုက်မိသည့် ထိန်းချုပ်၍ မရသောဓားသည် ဤအရာနှင့် ပတ်သက်မှု တစ်ခုခုရှိရပေမည်။
"ဂျူနီယာညီလေးဆန်း....မလှုပ်နဲ့..." ထိုအချိန်တင် ကျန်းဟဲအိမ်တော်မှ မန်ချန်းသည် ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး ဆန်းကျူရှန်၏ နောက်ကျောဆီသို့ လျှောက်သွားခဲ့သည်။ ဆန်းကျူရှန်၏ နောက်ကျောကို မြင်လိုက်ရသောအခါ သူပင့်သက်ရှိုက်လိုက်မိသည်။
ဆန်းကျူရှန်၏ နောက်ကျော၌ ကလေးတစ္ဆေတစ်ကောင်ရှိနေပေ၏။
တစ္ဆေကလေးသည် ထိုနေရာတွင် လဲလျောင်းနေပြီး အိပ်ပျော်နေပုံရသည်။ သို့သော် မန်ချန်းက ချဉ်းကပ်ရန်ကြိုးစားသောအခါတွင် ကလေးတစ္ဆေ၏ဦးခေါင်းလေးသည် ရုတ်တရက်လှည့်လာပြီး မန်ချန်းကို မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။
သူ့မျက်နှာပေါ်ရှိ အပြာရောင်သွေးပြန်ကြောများသည်လည်း အလွန်ကြောက်စရာကောင်းလှပေသည်။
"သေလိုက်တော့..." မန်ချန်းသည် ကလေးတစ္ဆေကို သတ်ပစ်ရန် ကြံရွယ်ပြီး ချက်ချင်းပင် လှုပ်ရှားခဲ့သည်။
သို့သော် သူလှုပ်ရှားလိုက်သည့်အခိုက်တွင် ကလေးတစ္ဆေက ပြုံးလိုက်ကာ ဆန်းကျူရှန်းအား သူ့ဓားကို ကောက်ယူလိုက်ပြီး မန်ချန်းနှင့် စတင်တိုက်ခိုက်စေတော့လေသည်။
မန်ချန်း အံ့အားသင့်သွားပြီး သူ့အရှိန်ကို အမြန်ပြန်ဆုတ်လိုက်သည်။
"ဂျူနီယာညီလေးဆန်း....ရပ်လိုက်တော့..."
ပတ်ဝန်းကျင်က လူများက ဆန်းကျူရှန်ကို တားဖို့ အလျင်စလို ကြိုးစားကြသည်။
"ကျွန်တော် မထိန်းနိုင်ဘူး။" ဆန်းကျူရှန်ငိုချင်လာသည်။
ယခုအချိန်တွင် သူသည် မန်ချန်းနှင့် တိုက်ခိုက်နေသော်လည်း သူ့ခန္ဓာကိုယ်သည် သူ့ထိန်းချုပ်မှုအောက်တွင် မရှိသည့်အပြင် ခြေလက်များအားလုံးကလည်း သူ့အား နာခံခြင်းမရှိပေ။
"အတူတူတိုက်ရအောင်။"
နောက်ဆုံးတွင် ကျန်းဟဲအိမ်တော်မှ တပည့်များစွာ ပါဝင်လာခဲ့သည်။ မန်ချန်းသည် ဆန်းကျူရှန်ထက် သန်မာသော်လည်း ဆန်းကျူရှန်ကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် အားကုန်ထုတ်မသုံးရဲပေ။ သို့သော် လူတိုင်း၏အကူအညီဖြင့် ဆန်းကျူရှန်၏လုပ်ရပ်များကို ထိန်းထားနိုင်ခဲ့သည်။
ကလေးတစ္ဆေသည် ၎င်းမှာ မယှဉ်သာကြောင်းကို နောက်ဆုံးတွင် သဘောပေါက်သွားပြီး ဆန်းကျူရှန်၏ ခန္ဓာကိုယ်ပေါ်မှ ခုန်ချကာ အရှိန်ပြင်းပြင်းဖြင့် ထွက်ပြေးသွားလေသည်။
၎င်းသည် ရင်သွေးငယ်ပုံပန်းသဏ္ဌာန်ရှိသော်လည်း ၎င်း၏ ပြေးနှုန်းမှာ အံ့ဩစရာဖြစ်ပေ၏။
"မပြေးနဲ့...."
ကလေးတစ္ဆေ လွတ်မြောက်ဖို့ ကြိုးစားနေသည်ကို မြင်သောအခါ ဆန်းကျူရှန်က ချက်ချင်း ဒေါသတကြီး ထွက်သွားလေသည်။ ထိုဝိဥာဉ်ကလေးကြောင့် သူ၏ ဂျူနီယာညီလေးကို မတော်တဆသတ်မိခဲ့ပေသည်။
သူ မည်သို့ လွယ်လွယ်နဲ့ အလွတ်ပေးနိုင်မည်နည်း။
ဆန်းကျူရှန် နောက်က ပြေးလိုက်သွားသည်။
"ဂျူနီယာညီလေးဆန်း....မလိုက်နဲ့။" ကျန်းဟဲအိမ်တော်မှ စီနီယာ ညီအစ်ကိုများက သူ့ကို အမြန်တားရန် ကြိုးစားသော်လည်း ဆန်းကျူရှန်သည် အဝေးသို့ပင် ရောက်သွားပြီ ဖြစ်သည်။
"ငါသွားစစ်ဆေးလိုက်ပါ့မယ်။" မန်ချန်းသည်လည်း ဆန်းကျူရှန်၏ ဦးတည်ရာအတိုင်း လိုက်သွားခဲ့သည်။
ထိုအချိန်တွင် နေမင်းကြီးသည် တောက်ပနေပ၏။
ကောင်းကင်ချေဖျက် တစ္ဆေမြို့တော်ကြီး တစ်ခုလုံးလည်း တိတ်ဆိတ်သွားလေသည်။
နေရောင်ခြည်သည် လူတိုင်း၏မျက်နှာပေါ်သို့ တောက်ပလာကာ လူတိုင်း၏ စိတ်ထဲမှာ အတွေးတစ်ခုသာ ရှိခဲ့သည်။
အသက်ရှင်ရတာ ကောင်းလိုက်တာ....
"ပထမည ပြီးပြီ။" တပည့်တစ်ဦးသည် မြေပြင်ပေါ်တွင် ထိုင်ချကာ သူ့မျက်နှာပေါ်ရှိ နေရောင်ခြည်ကို ခံစားနေလေသည်။
လီဟမ်ရှန်းလည်း အသက်ပြင်းပြင်းရှူပြီး သူ့လက်ထဲက အင်မော်တယ်အရှင်သခင်လှံကို လှမ်းကြည့်လိုက်သည်။
"မင်း အလုပ်ကြိုးစားခဲ့တာပဲ ငါ့ကောင်ရ...."
အင်မော်တယ်အရှင်သခင်လှံသည် နေရောင်အောက်တွင် တောက်ပနေပေ၏။ တစ်ညလုံး သွေးစိမ်နေခဲ့ရသော်လည်း တောက်ပနေဆဲ ဖြစ်သည်။
ထိုအချိန်တွင် အသက်ရှင်ကျန်ရစ်သော တပည့်များအားလုံးသည် ၎င်းတို့၏စခန်းဆီသို့ ဦးတည်သွားနေကြသည်။ အချို့မှာ သေဆုံး၊ အချို့မှာ ဒဏ်ရာအပြင်းအထန်ရပြီး အချို့မှာ အနည်းငယ် ဒဏ်ရာရရှိခဲ့သည်။ စစ်သားများနှင့် စစ်ဗိုလ်ချုပ်များ ဆုံးရှုံးရခြင်းသည် ဂိုဏ်းခေါင်းဆောင်များအားလုံး မမြင်လိုသော အရာဖြစ်ပေ၏။
သို့သော် ၎င်းသည် သူတို့မတက်နိုင်သည့် အရာတစ်ခုလုံးဖြစ်သည်။
တခဏတာအတွင်း ကောင်းကင်ချေဖျက်တစ္ဆေမြို့တော်ရှိ လေထုသည် ဝမ်းနည်းမှုများနှင့် ပြည့်နှက်သွားလေသည်။
စစ်မြေပြင်တွင် အတူတူသေခဲ့ကြသည့် တပည့်များကို မြင်သောအခါ လူတော်တော်များများမှာ ရင်များကွဲကြေပြီး ငိုကြရသည်။ သို့သော် ဤအခြေအနေနှင့် ရင်ဆိုင်နေရသော ဂိုဏ်းရှိ သန်မာသူများမှာ စကားများများ မပြောကြပေ။ ထို့ပြင် သူတို့သည် ထိုကဲ့သို့သော အရာများကို မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် တွေ့ကြုံရပေမည်။
သူတို့ ကြီးပြင်းလာသည်နှင့်အမျှ ထိုကဲ့သို့သောအရာများကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်လေ၏။
ရှင်သန်ခြင်းနှင့်သေခြင်း ခြားနားမှုများစွာကို တွေ့ကြုံပြီးနောက် အရာများစွာကို ပိုမိုရှင်းလင်းစွာ မြင်နိုင်ခဲ့ကြသည်။
ကျန်းဟဲအိမ်တော်မှ တပည့် အယောက်နှစ်ဆယ်တွင် ဆယ့်ခုနစ်ယောက်သာ ပြန်လာနိုင်ခဲ့သည်။
"အကြီးအကဲ....ဆန်းကျူရှန်နဲ့ စီနီယာအစ်ကိုမန်ချန်းက ကလေးတစ္ဆေနောက်ကို လိုက်နေပေမယ့် သူတို့ ပြန်မလာသေးဘူး" တပည့်တစ်ယောက်က သူတို့နှစ်ယောက်၏အခြေအနေကို ရှုချန်အန်းအား အမြန်သတင်းပို့လေသည်။
"ကလေးတစ္ဆေလား..." ရှုချန်းအန်း မျက်မှောင်ကြုတ်လိုက်ပြီး လီချန်ချင်းကိုကြည့်လိုက်သည်။
"ကျုပ်သူတို့ကို သွားရှာလိုက်မယ်။"
"ကောင်းပြီ။" လီချန်ချင်း ခေါင်းညိတ်လိုက်သည်။
ရှုချန်းအန်းသည် လှည့်၍ စခန်းမှ ထွက်သွားကာ တပည့်နှစ်ယောက် အဘယ်သို့သွားသည်ကို မြင်လို၍ လမ်းပေါ်သို့ လျှောက်သွားလိုက်သည်။
ပင်ပန်းနွမ်းနယ်နေသော တပည့်များ အပြင်မှ ပြန်လာသည်ကိုမြင်သောအခါ လီချန်ချင်းသည် တစ်ညလုံးတိုက်ပွဲဝင်ပြီးနောက် သူတို့ မောပန်းနွမ်းနယ်နေပြီး ငတ်မွတ်နေမည်ကို လီချန်ချင်းသိပေသည်။
ထို့ကြောင့် လီချန်ချင်းသည် သူတို့စားရန်အတွက် ပြင်ဆင်နေပြန်သည်။
ခေါင်းလောင်းသံကြားသောအခါ စိတ်ဓာတ်ကျနေသည့် တပည့်များမှာ သွားရည်ယိုကြရပေ၏။
ခွေးရူးများကဲ့သို့ အစာဝေရာနေရာသို့ ပြေးကြသည်။
ပင်ပန်းနေကြပြီလား....
မပင်ပန်းသေးဘူးလား...
ထော့နဲ့ထော့နဲ့ ဖြစ်နေသော တပည့်များသည်ပင် ယခုအချိန်တွင် တခြားသူများထက် ပိုမြန်နေပေသေး၏။