အခန်း (၁၆၉)
Vol. 17 Ch. 169
“အု အု အု အု” ဖေးက လင်းချင်းကျီကို မကြည့်ရဲ့ပဲ ညည်းနေခဲ့သည်။
“ဟေ့ ငါမေးနေတယ်လေကွာ” လင်းချင်းကျီက ထပ်မေးလိုက်သည်။ သို့သော် ထိုအခိုက်တွင် သူက တစုံတခုကို အာရုံခံမိသွားခဲ့သည်။ ထို့ကြောင့် သူက ဖြေးညင်းစွာ ထရပ်လိုက်ပြီးနောက်တွင် အနောက်ကို လှည့်ကြည့်လိုက်၏။
သူ့အနောက် ငါးလှမ်းအကွာတွင် လွန်စွာမှကို သာမန်ဆန်လှသော လူတဦးသည် တံမြက်စည်းတချောင်းကို ကိုင်ကာ သူ့အား ကြည့်နေခဲ့သည်။
“အို နောင်ကြီး” လင်းချင်းကျီက ပြောလိုက်သည်။ “ကျုပ်က လီချန်ချင်းဆီကိုလာတာပါ။ သူရှိလားဆိုတာကို နောင်ကြီးသိလားဗျ”
“သခင်ကြီးက အိမ်တော်မှာ မရှိပါဘူး” ကျန်းဖုကွမ်းက လင်းချင်းကျီကို တည်ငြိမ်စွာကြည့်ရင်း ဖြေလိုက်၏။
လင်းချင်းကျီက သူ့အရှေ့ရှိ သာမန်လူကို သေချာကြည့်ကာ ပြောလိုက်သည်။
“ဒီလိုဆိုမှတော့ ကျုပ်က နောက်ရက်မှပဲ ပြန်လာခဲ့ပါတော့မယ်”
ထိုသို့ပြောပြီးသည့်နောက်တွင် လင်းချင်းကျီက ပျင်းရိစွာ တချက်သန်းဝေလိုက်ပြီး
“ကျုပ်သွားဦးမယ်။ လိုက်ပို့စရာ မလိုပါဘူး”
လင်းချင်းကျီက ခြံဝင်းလေးထဲမှ ထွက်သွားသည်ကို သူကြည့်နေခဲ့မိသည်။
ကျန်းဖုကွမ်း၏ အကြည့်မှာ အေးစက်သွားခဲ့သည်။
ထို့နောက်တွင် သူက တံမြက်စည်းကို ဘေးချလိုက်ပြီးနောက် အိမ်ထဲသို့ ဝင်သွားပြီး အိပ်ယာအောက်ရှိ မိုးပြာရောင်ဓားကို ဆွဲထုတ်လိုက်၏။
လင်းချင်းကျီက ဘယ်သူမှန်းကို သူမသိပါချေ။ ဒါပေမယ့် ထိုသူက လီချန်ချင်း၏ ခြံထဲသို့ အသံတစက်မှမထွက်ပဲ ဝင်ရောက်နိုင်သည့်အပြင်၊ ဖေးကိုပင် တဆတ်ဆတ်တုန်ရီအောင် ကြောက်ရွံ့စေခဲ့သည်။ ထို့အပြင် သူရောက်နေသည်ကို သူ့လိုလူပင် မသိပါချေ။
ထိုလူက လီချန်ချင်း၏ တည်နေရာကို သိချင်နေသောကြောင့် ထိုလူ၌ မကောင်းသော အကြံအစည်များရှိနေသည်ဟု ကျန်းဖုကွမ်းက ခံစားခဲ့မိပါသည်။
ထို့ကြောင့် ကျန်းဖုကွမ်းက လင်းချင်းကျီက ဘယ်သူဆိုတာကို ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
လီချန်ချင်းအပေါ်၌ အမှန်တကယ်ပင် မကောင်းကြံလိုစိတ်ရှိနေပါက လီချန်ချင်းအစား ထိုပြသနာကို ဖြေရှင်းရန်အတွက် ကျန်းဖုကွမ်းက လုပ်မည်သာ ဖြစ်သည်။
ယန်မိသားစုထံမှ ထွက်လာခဲ့ပြီးသည့်နောက်တွင် လင်းချင်းကျီမှာ ချန်ထင်မြို့၌ မနေခဲ့ပဲ မြောက်အရပ်သို့ ဦးတည်ကာ ထွက်လာခဲ့တော့သည်။
“ဆန်းကြယ်တဲ့ ပန်းချီကားစိတ်ဝိဉာဉ်နဲ့ ထူးဆန်းလိုက်တဲ့ လူတယောက်ပဲ” လင်းချင်းကျီသည် လီချန်ချင်း၏ ခြံဝင်းထဲတွင် ကြုံတွေ့ခဲ့သော အရာများကို ပြန်တွေးနေမိသည်။
ကျန်းဖုကွမ်းက သူသတိမထားမိခင်၊ သူနှင့် ခြေဆယ်လှမ်းအတွင်းအထိ အနားကပ်လာနိုင်ပေသည်။
ထိုဖြစ်ရပ်မှာ လင်းချင်းကျီအား လွန်စွာ စိတ်ဝင်စားစေခဲ့၏။
ထိုကဲ့သို့သော ကျွမ်းကျင်သူတယောက်မှာ လီချန်ချင်းအတွက် အလုပ်ကြမ်းများကို လုပ်ပေးနေခဲ့တာလား။
ဒါပေမယ့် ထိုလူ၏ မျက်နှာမှာ လင်းချင်းကျီ သိသော လူများထဲမှ မဟုတ်ခဲ့ပေ။
စန်းယွမ်နယ်မြေတခုလုံး၌ ရှိသော ကျွမ်းကျင်သူများစွာတို့အနက် လင်းချင်းကျီအနားသို့ သူမသိအောင် ကပ်နိုင်သောသူဟူ၍ များများစားစားရှိမနေပေ။ ထိုကဲ့သို့သော လူများမှာ လွန်စွာမှကို ရှားပါးပါသည်။ အခုနောက်ပိုင်းတွင် သူမသိသော ကျွမ်းကျင်သူများစွာတို့မှာ ထွက်ပေါ်လာကြ၏။
လီချန်ချင်း၊ ထိုထူးဆန်းသော တံမြက်လှည်းသမား၊ ပြီးတော့ ချင်းလန်နတ်ဓားသခင်
ထိုလူများအားလုံးမှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းနှင့် အနည်းနဲ့အများ ဆက်စပ်နေခဲ့သည်။
သူ တွေးနေရင်းနှင့် သူ့ခြေလှမ်းများမှာ ရပ်တန့်သွား၏။
သူ့ကို တစုံတယောက်က နောက်ယောင်ခံလိုက်နေသည်ကို ခံစားလိုက်ရသည်။
ဒါပေမယ့် ထိုလမ်းကျဉ်းလေးတွင် မည်သူမျှ ရှိမနေပါချေ။ လင်းချင်းကျီက အနောက်သို့လှည့်ကြည့်လိုက်ရာ မည်သူမျှ ရှိမနေ။ သူ၏ နတ်ဘုရားအာရုံကို လွှမ်းခြုံလိုက်သည့်တိုင် မည်သူမျှရှိမနေပေ။
ပုံရိပ်ယောင်လား။
လင်းချင်းကျီ၏ ပျင်းရိဝေဝါးနေသောအကြည့်များမှာ တမုဟုတ်ချင်းကို ကြည်လင်လာခဲ့သည်။
ထိုအရာမှာ ပုံရိပ်ယောင် မဖြစ်နိုင်ပေ။
သို့သော် သူက လူတယောက်မှကို မတွေ့ပါချေ။
“အဟက်” လင်းချင်းကျီက တချက်ရယ်လိုက်၏။ ထို့နောက် သူ၏ ပုံရိပ်မှာ လက်ရှိနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
လင်းချင်းကျီ၏ လှုပ်ရှားမှုသိုင်းပညာမှာ လွန်စွာ မြန်ဆန်လှပေသည်။ သူက လေဟာနယ်ကို စုတ်ဖြဲကာ ကူးလူးနေသည့်အလားပင် ရှိ၏။ သူ့ ပတ်ပတ်လည်မှာ သူ့ ခြေဖဝါးအောက်သို့ ကျရောက်နေခဲ့သည်။
နောက်မြို့တမြို့ကို ရောက်သည်အထိ သူက မရပ်တန့်နေသေးပါချေ။ သူ့ပုံရိပ်မှာ မြန်ဆန်လွန်းသောကြောင့် လူများမှာ သူ့ကို မမြင်တွေ့ကြချေ။
သူက မြို့၂မြို့ကို ဖြတ်သန်းသွားခဲ့သည်။
ထို့နောက်တွင် လင်းချင်းကျီ၏ ပုံရိပ်မှာ တောင်တန်းတခုပေါ်တွင် ထွက်ပေါ်လာ၏။
ထိုနေရာသို့ ရောက်မှသာ သူက ရပ်တန့်ခဲ့သည်။ လင်းချင်းကျီက ရေကန်လေးတကန်၏ နံဘေးတွင်ပေါ်လာသည်။
ရေကန်နံဘေးတွင် ကြီးမားလှသော အစိမ်းရောင် မြွေကြီးတကောင် ရှိနေခဲ့၏။ ၎င်း၏ အကြေးခွံများမှာ အေးစက်သောအလင်းတန်းများ တောက်ပနေသည်။ မြွေကြီးမှာ ဝိဉာဉ်သားရဲဖြစ်သည်။
ထိုသားရဲမှာ အရွယ်ရောက်သားရဲကြီး ဖြစ်ပြီး ဆယ်မီတာခန့် ရှည်လျားလှ၏။
၎င်းသည် လင်းချင်းကျီ၏ အရှိန်အဝါကို အာရုံခံမိသွားပြီးသည့်နောက်တွင် လင်းချင်းကျီကို မြိုချရန်အတွက် ကြံရွယ်လိုက်သည်။ ဒါပေမယ့် ထိုအခိုက်တွင် လင်းချင်းကျီက မြွေစိမ်းကြီးကို စိုက်ကြည့်လိုက်၏။ မြွေစိမ်းကြီးမှာ ချက်ချင်းပင် ကြီးစွာသော ကြောက်ရွံ့မှုတခုကို ခံစားခဲ့ရသည်။
သူ၏ အကြည့်မှာ မမြင်ရသော စွမ်းအားကြီးခြိမ်းခြောက်မှုတခု ပါဝင်နေ၏။
မြွေစိမ်းမှာ ကြောက်ရွံ့တကြီးနှင့် အဝေးသို့ ထွက်ပြေးသွားခဲ့ပါသည်။
လင်းချင်းကျီကလည်း ထိုင်ချလိုက်ပြီး ရေကန်မှ ရေကိုသောက်ရန်ဟန်ပြင်လိုက်သည်။ ထိုအခိုက်မှာပင် ထိုခံစားချက်က ပြန်ပေါ်လာခဲ့သည်။
သူ့အားတစုံတယောက်မှ စောင့်ကြည့်နေသည့် ခံစားချက်ပင် ဖြစ်သည်။
သူ၏ လက်မှာ ရေကို ခပ်ပြီး လေထဲတွင် တန့်နေရင်းနှင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။
“သွေးအရိပ်ဂိုဏ်းက ဆရာသခင်တပါးက ရောက်နေမယ်လို့ မထင်ထားခဲ့မိဘူး။ ကျုပ်အမှားပါ။ ကျုပ်က အစောကတည်းက သိလိုက်သင့်တယ်”
လင်းချင်းကျီက ရယ်မောပြီးနောက် ရေကို ခပ်သောက်လိုက်သည်။
ထိုအချိန်အထိ လင်းချင်းကျီ၏ အနောက်တွင် လှုပ်ရှားမှုတစုံတရာဟူ၍ ရှိမနေခဲ့ပါချေ။
လင်းချင်းကျီမှာ လုံးဝကို ဂရုမစိုက်ပါချေ။ သူ့ပုံစံမှာဆက်လက်၍ မပြေးချင်တော့သည့်အလား ဖြစ်နေသည်။ သူက သစ်ပင်တပင်၏ ပင်စည်ကို မှီလျက် မျက်လုံးမှိတ်ကာ အနားယူလိုက်သည်။
သူ၏ အသက်ရှုနှုန်းမှာ စည်းချက်ကျနေပြီး အိပ်ပျော်နေသည့်အလား ဖြစ်နေခဲ့သည်။
“ငါ ခဏလောက်အိပ်ချင်တာတောင်မှ အိပ်လို့ မရပါလား”
လင်းချင်းကျီသည် မည်သည့် အရှိန်အဝါကိုမှ မခံစားရသော်လည်း သူမျက်လုံးဖွင့်လိုက်သည့်အခိုက်တွင် သူ့လည်ပင်းအား ဓားတလက်မှ ကန့်လန့်ဖြတ် တင်ထားသည်ကို တွေ့လိုက်ရသည်။
ဓားသွားမှာ ပုစဉ်းတောင်ပံကဲ့သို့ပင် ပါးလွှာလွန်းနေသည်။ ဓားရိုးမှာ အဝတ်စများနှင့် ထုတ်ပိုးထားပြီး ဓားသွားကိုသာမြင်ရပေသည်။ ဓားသွားမှာ အေးစက်နေသော အလင်းတန်းများထွက်ပေါ်နေပြီး သတ်ဖြတ်လိုစိတ် တငွေ့ငွေ့ ထွက်ပေါ်နေသည်။ ထိုဓားနှင့် အသက်မည်မျှကို နုတ်ယူခဲ့ပြီး ဆိုသည်ကို မသိနိုင်လောက်အောင်ပင် သတ်ဖြတ်ခြင်းအငွေ့အသက်များမှာ သိပ်သည်းနေခဲ့၏။
“ဝှားး”
လင်းချင်းကျီက သမ်းဝေလိုက်ပြန်သည်။ ထို့နောက် မျက်လုံးကို ထောင့်ကပ်ပြီး ကြည့်လိုက်ရာ မျက်နှာဖုံးစွပ်တပ်ထားသော လူတယောက်သည် သူ့အား ထွင်းဖောက်လုမတက် စူးရဲစွာ ကြည့်နေသည်ကို တွေ့လိုက်ရ၏။
“သွေးအရိပ်ဂိုဏ်းဝင်တွေက တကယ့်ကို စွမ်းနိုင်တာပဲ” လင်းချင်းကျီမှာ လုံးဝကို ကြောက်လန့်နေသည့်ပုံမပေါ်ပါချေ။
“ဒါပေမယ့် သွေးအရိပ်ဂိုဏ်းဝင်တွေက မစ်ရှင်ဆောင်ရွက်တဲ့အချိန်ကလွဲလို့ အပြင်လောကကို ထွက်ခွင့်မရှိဘူး။ ကိစ္စမရှိပဲ အပြင်ထွက်ရင် သစ္စာဖောက်လို့ သတ်မှတ်ခံရပြီးတော့ မသေမချင်း လိုက်သတ်ခံရလိမ့်မယ်”
“မင်းက တကယ့်ကို သတ္တိကောင်းတာပဲ” လင်းချင်းကျီက ရယ်မောလိုက်သည်။
“လူကြီးမင်းချန်ချင်းကို ဘာလို့ လာရှာတာလဲ။ ရည်ရွယ်ချက်က ဘာလဲ”
ကျန်းဖုကွမ်းသည် စကားလုံးများများ ပြောမနေပေ။ လင်းချင်းကျီ၏ လှုပ်ရှားမှုကို ကြည့်ခြင်းနှင့်ပင် ထိုသူသည် အင်မတန်ကို စွမ်းအားကြီးမားလှသည်ဟု သိနိုင်ပေသည်။
ဒါပေမယ့် လီချန်ချင်းမှာ သူ့အပေါ်တွင် ကြင်နာမှုကို ပြသခဲ့ပါသည်။
လင်းချင်းကျီက သန်မာသည့်တိုင် လီချန်ချင်းအား မကောင်းကြံလိုပါက ဤနေရာ၌ လင်းချင်းကျီကို အသေသတ်ရမည်။
“ရည်ရွယ်ချက်လား…” လင်းချင်းကျီက တခဏကြာအောင် တွေးတောပြီးသည့်နောက်တွင် ဖြေလိုက်သည်။
“ ငါ ဘာလုပ်မလဲဆိုတာကို အခုထိ မတွေးထားရသေးဘူး။ ငါက သူ့ကို တွေ့ချင်ရုံလေးပဲ။ လောလောဆယ် ငါထောက်လှမ်းနေတဲ့အရာနဲ့ သက်ဆိုင်မှုရှိနေလားဆိုတာကို သိချင်ရုံပဲ”
“မင်း စုံစမ်းနေတာက ဘာလဲ” ကျန်းဖုကွမ်းက မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
“အို၊ အဲ့ဒါက မင်းကိစ္စမဟုတ်ဘူး။ မင်းတို့ရဲ့ သွေးအရိပ်ဂိုဏ်းဝင်တွေက ပြစ်မှတ်ကို သတ်ဖို့ဆိုရင် အကြောင်းပြချက်ကို မမေးဘူးမဟုတ်လား”
လင်းချင်းကျီက ခေါင်းကို ခါယမ်းလိုက်သည်။
“မင်းမှာလည်း မင်းတို့ ကိုယ်ပိုင်စည်းမျဉ်းရှိနေသလို၊ ငါ့မှာလည်း ရှိတာပဲ”
“ ငါ့ကို မပြောပြဘူးဆိုရင် မင်းကို အခုသတ်လိုက်လို့ ရတယ်။ မင်းဘာစကားတခွန်းမှ ပြောနိုင်မှာ မဟုတ်တော့ဘူး”
ကျန်းဖုကွမ်းမှာ ဓားကို လင်းချင်းကျီ၏ လည်မျိုသို့ ဖိထားလိုက်သည်။
လင်းချင်းကျီ၏ လည်ပင်းတွင် သွေးစများ ပေါ်လာခဲ့သည်။
“အတော် ပြသနာများတဲ့လူပဲ” လင်းချင်းကျီမှာ ဂရုစိုက်သည့် ပုံစံမပေါ်ပေ။ ထိုအစား ပြုံးနေရင်းနှင့်
“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မင်းကို ငါမပြောပြနိုင်ဘူး။ မင်းသိသွားလို့လဲ မင်းအတွက် ဘာမှ ကောင်းတာဖြစ်လာမှာ မဟုတ်ဘူး။ မင်းက အခုချိန်မှာ သွေးအရိပ်ဂိုဏ်းက လိုက်သတ်တာကိုခံနေရတယ်။ တခြားအရှုပ်အထွေးတွေကြားထဲ ဝင်ပါမိရင် နောက်လာမယ့်နေ့ရက်တွေမှာ ကောင်းကောင်း ရှင်သန်နိုင်တော့မှာ မဟုတ်ဘူးပဲ”
“မင်း စကားများလွန်းတယ်” ကျန်းဖုကွမ်းက အေးစက်စွာ ပြောလိုက်သည်။
“မင်းရဲ့ လျို့ဝှက်ချက်ကို သင်္ချိုင်းကုန်းအထိ ယူသွား”
“သတ်ချင်တဲ့ပေါ့”
လင်းချင်းကျီက ပုခုံးတချက်တွန့်ကာ အေးအေးဆေးဆေး ပြောလိုက်၏။
“အဲ့ဒါဆိုရင်လည်း ကြိုးစားကြည့်လေ”
တုန့်ဆိုင်းမနေပဲ ကျန့်ဖုကွမ်းမှာ သူ၏ လက်ကို လှုပ်လိုက်၏။
လှုပ်ရှားမှုတချက်မှာပင် လင်းချင်းကျီ၏ ဦးခေါင်းမှာ လွင့်ပျံသွားတော့သည်။
သွေးများမှာ ရေတံခွန်လို စီးကျလာခဲ့သည်။ ဘေးပတ်ပတ်လည်ရှိ သစ်ပင်ပန်းမန်များကို သွေးများစင်သွားခဲ့သည်။ လင်းချင်းကျီ၏ ခေါင်းမဲ့ ခန္ဓာကိုယ်မှာ မြေကြီးပေါ်သို့ အရှိန်ပြင်းပြင်းနှင့် ပြုတ်ကျသွားခဲ့သည်။
လင်းချင်းကျီက သေဆုံးသွားခဲ့ချေပြီ။
ကျန်းဖုကွမ်းမှာ လင်းချင်းကျီ၏ အလောင်းကို စိုက်ကြည့်နေခဲ့သည်။ အနည်းငယ်မျှ အံ့အားသင့်နေပြီးနောက် လင်းချင်းကျီမှာ လုံးဝ သေဆုံးသွားပြီကို သူသိလိုက်ရသည်။ လင်းချင်းကျီ၏ ခေါင်းမှာ မြေပြင်ပေါ်သို့ ရောက်နေခဲ့ပြီ။
သို့သော် အကြောင်းပြချက်တခုကြောင့် တစုံတခုက မှားယွင်းနေသည်ဟု ကျန်းဖုကွမ်းက ခံစားနေခဲ့ရတော့သည်။
လင်းချင်းကျီလို အလွန်တရာ သန်မာလှသောသူက သူ့လက်ချက်နဲ့ အဲ့လောက်လွယ်လွယ်လေး သေသွားရတာလား။
အဲ့လောက်တကယ်ကို လွယ်တာလား။
ဟိုင်စုန့်ထောင်ကို သတ်တုန်းကထက်တောင်မှ လွယ်နေသေးတယ်။
တစုံတခု မှားယွင်းနေသည့်ခံစားရသည့်တိုင် ဘယ်အရာက မှားနေသည်ကို ကျန်းဖုကွမ်းက သိနေသည့်တိုင် ဘယ်ဟာက မှားနေမှန်းကို မသိပါချေ။
သူသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက် လင်းချင်းကျီ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။
သံသယဝင်စရာ မရှိပေ။ ခန္ဓာကိုယ်မှာ အသက်စွမ်းအား တစက်မှ မရှိပါတော့ချေ။ ဦးခေါင်းမှ ပြတ်ထွက်နေပြီ ဖြစ်သောကြောင့် အသက်ရှင်စရာအကြောင်း မရှိတော့ပါချေ။
ခေါင်းပြတ်ပြီးနောက် အသက်ရှင်နိုင်သူဟူ၍ ကျန်းဖုကွမ်းက မကြားဖူးပါချေ။
ဘာပြသနာမှ မရှိတာသေချာမှသာ ကျန်းဖုကွမ်းက ထရပ်ပြီးနောက် ထွက်သွားရန် ပြင်ဆင်လိုက်၏။
“ဖေဖေ”
ထိုအခိုက် ရင်းနှီးနေသော အသံလေးတသံကို ကျန်းဖုကွမ်းက ကြားလိုက်ရသည်။
ထိုအသံမှာ သမီးဖြစ်သူ ကျန်းစစ်ယောင်၏ အသံဖြစ်သည်။
မှားယွင်းစရာလုံးဝမရှိချေ။
ဒါပေမယ့် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ကျန်းစစ်ယောင်က ယန်အိမ်မှာကျန်ခဲ့တာလေ။
သူက လင်းချင်းကျီကို မြို့နှစ်မြို့ကို ကျော်လာပြီးတော့ တောင်ကျစမ်းချောင်းကို ရောက်တဲ့အထိ နောက်ယောင်ခံလိုက်ခဲ့တာလေ။ သူ့သမီးလေးရဲ့ အသံကို ဘယ်လိုဖြစ်ပြီး ကြားနေရတာလဲ
ကျန်းဖုကွမ်းသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သမီးဖြစ်သူအသံသည် အရပ်မျက်နှာပေါင်းစုံမှ ထွက်ပေါ်နေပြီး သူ့သမီးကိုတော့ မတွေ့ပါချေ။
“ဖေဖေ”
ကျန်းစစ်ယောင်၏ အသံလေးမှာ ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။
ကျန်းဖုကွမ်း အိပ်စက်နေရာမှ လန့်နိုးလာခဲ့သည်။
သူက ကုလားထိုင်ပေါ်မှ ထလိုက်၏။
ဘေးပတ်ဝန်းကျင်ကို စိတ်ရှုပ်ထွေးစွာဖြင့် သူကြည့်လိုက်လေသည်။
သူ့အခန်းထဲတွင် သူရှိနေပြီး သမီးဖြစ်သူ ကျန်းစစ်ယောင်လေးမှာ သူ့အား နားမလည်သည့်အကြည့်နှင့် ကြည့်နေ၏။
“ဖေဖေ ဘာဖြစ်လို့လဲ၊ အိပ်မက်ဆိုး မက်လို့လား”
ကျန်းစစ်ယောင်က သိချင်ပြီး မေး၏။
“အိပ်မက်ဆိုးလား?” ကျန်းဖုကွမ်းမှာ သူ့ လက်ဖဝါးထဲ၌ တစုံတခုကို စမ်းမိသွားခဲ့သည်။
သူ ကြည့်လိုက်သောအခါ စာတစောင်ကိုတွေ့လိုက်သည်။
စာထဲတွင်တော့ “လူကြီးမင်းချန်ချင်း မရှိနေမှတော့၊ ကျုပ်နောက်တခေါက်မှ ပြန်လာခဲ့ပါမယ်။ အိပ်မက်လှလှမက်ပါစေ”
ထိုအခိုက်တွင် ကျန်းဖုကွမ်းမှာ မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားခဲ့သည်။ သူ့မျက်လုံးများမှာ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လာတော့သည်။
ယန်မိသားစု၏ အိမ်တော်မှ ထွက်ပြီး လင်းချင်းကျီ၏ အနောက်သို့ လိုက်ခဲ့ခြင်း၊ မြို့နှစ်မြို့ကို ဖြတ်ကျော်ပြီး တောင်ကျစမ်းချောင်းဆီသို့ ရောက်ရှိခြင်း၊ လင်းချင်းကျီ၏ ဦးခေါင်းကို ဖြတ်ပစ်ခြင်းတို့အားလုံးမှာ ….
အိပ်မက်တခုတဲ့လား
ဒီထောင်ခြောက်ထဲကို သူက ဘယ်အချိန်တုန်းက ကျရောက်သွားတာပါလိမ့်
ထို ပျင်းရိပျင်းတွဲ့ပုံစံနှင့်လူ လင်းချင်းကျီသည် အလွန်တရာမှကို ကြောက်မက်ဖွယ်ကောင်းလှသည်ဟု ကျန်းဖုကွမ်း တွေးလိုက်မိသည်။