← Chapters

အခန်း (၁၇၅)

Vol. 17 Ch. 175

အခန်း (၁၇၅)

Vol. 17 Ch. 175

လှံချက်မှာ အနားသို့ မရောက်သေးသည့်တိုင် လှံ၏ အဟုန်ကြောင့် ရိုက်ခတ်လာသော လေပြင်းနှင့်ပင် တစ္ဆေသုံးကောင်တို့မှာ ကြီးစွာသော အန္တရာယ်ကို ခံစားမိလာခဲ့သည်။

ဒုတ် ဒုတ် ဒုတ်

လှံအလင်းမှာ တစ္ဆေသုံးကောင်ကို တခါတည်း ထိုးဖောက်သွားခဲ့တော့သည်။ အားအရှိန်မှာ ပြင်းထန်လှသောကြောင့် သူတို့၏ နောက်ကြောဖက်ရှိ မြေပြင်ကိုပင် အက်ကွဲသွားစေခဲ့၏။ သူတို့သုံးယောက်၏ အနောက်ခပ်လှမ်းလှမ်းတွင် ရှိနေကြသော တက်လှမ်းခြင်းအဆင့် တစ္ဆေမျိုးနွယ်များမှာ အားအရှိန်၏ ရိုက်ခတ်မှုကြောင့် ချက်ချင်းကို သေဆုံးသွားခဲ့တော့၏။

“အကိုကြီး၊ အကို၆”

“အကို၂”

ကျန်သော တစ္ဆေမျိုးနွယ်နှစ်ယောက်မှာ အလွန်တရာမှကို ထိတ်လန့်နေခဲ့ပြီ။ သူတို့လို ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ်၇ယောက်မှာ သာမန်ပြန်လည်မွေးဖွားခြင်းအဆင့် လူသားတယောက်ကို မသတ်နိုင်ရုံသာမက၊ ပြန်လည်၍ပင် အသတ်ခံရလိမ့်မည်ဟုပင် မထင်ခဲ့မိပါချေ။

သူတို့၏ အကိုကြီးပင်လျှင် ထိုကောင်လေး၏ လှံချက်တွင် အသက်သေသွားခဲ့ရသည်။

လီဟမ်ရှန်းသည် ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ်သုံးယောက်ကို လှံချက်တချက်တည်းနှင့် သတ်ဖြတ်နိုင်ခဲ့၏။ ထိုစွမ်းဆောင်နိုင်ချက်မှာ အလွန့်ကို အံ့အားသင့်စရာကောင်းလွန်ပါသည်။

ဘုတ်

ထိုအချိန်မှာပင် လီဟမ်ရှန်းမှာ မြေပြင်ပေါ်သို့ ဒူးထောက်ရက်သားကျသွားခဲ့ပါသည်။

သူသည် အမောတကောပင် အသက်ကို လုရှုနေရ၏။

ချွေးများမှာ မိုးသီးများကျသလိုကို သူ့တကိုယ်လုံးကို ရွှဲစိုနေခဲ့သည်။

သူ့တကိုယ်လုံးမှာ သွေးအိုင်ထဲမှ တက်လာသလို အနီရောင်များသန်းနေခဲ့သည်။

သူ၏ လက်ရှိရုပ်သွင်မှာ လွန်စွာ ကြောက်မက်ဖွယ်ဖြစ်နေတော့၏။

အင်မော်တယ်အရှင်သခင်လှံကို ကိုင်တွယ်နေသည့် လက်များပင်လျှင် တဆတ်ဆတ်ကို တုန်ရီနေခဲ့လေပြီ။

ခြောက်ချက်မြောက်လှံချက်

အင်မော်တယ်အရှင်သခင်လှံ၏ စွမ်းအားများမှာ ပြင်းထန်လွန်းလှသည့်တိုင် ဘေးထွက်ဆိုးကျိုးမှာလည်း ကြောက်မက်ဖွယ်ကောင်းပါသည်။

ယခုအချိန်တွင် သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည့် ရှေးဦးမူလချီစွမ်းအားများမှာ လွန်စွာပါးလွှာနေခဲ့ပြီး အချိန်မရွေးမှာပင် ပျောက်ဆုံးတော့မလို ဖြစ်နေခဲ့ပြီ။

“သူ အားကုန်နေပြီ”

ထိုအခိုက်တွင် ကျန်ရစ်သော တစ္ဆေမျိုးနွယ်ဝင်နှစ်ယောက်၏ မျက်လုံးများမှာ အရောင်လက်သွားခဲ့သည်။ သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်လိုက်ကြသည်။

“သူ့ကို အခုသတ်ပြီးတော့ အကိုကြီးအတွက် လက်စားချေရအောင်၊ သူ့ရဲ့ လှံကိုတောင် ငြိမ်အောင် မကိုင်နိုင်တော့ဘူး”

ကျန်ရစ်သော တစ္ဆေနှစ်ကောင်မှာ လီဟမ်ရှန်းထံသို့ တပြိုင်နက် ပြေးထွက်သွားခဲ့သည်။

“ဟီးဟီး”

သူတို့နှစ်ယောက်မှာ လီဟမ်ရှန်း၏ အနားသို့ရောက်လာပြီးနောက်တွင် လီဟမ်ရှန်းအားရိုက်ချရန် ဟန်ပြင်လိုက်စဉ်မှာပင် လီဟမ်ရှန်း၏ မျက်နှာမှာ မော့လာပြီးနောက် မကောင်းဆိုးဝါးတကောင်လို ပြုံးပြလိုက်လေ၏။

ထိုအပြုံးမှာ တစ္ဆေနှစ်ကောင်ကို ကျောရိုးထဲအထိ စိမ့်သွားစေခဲ့သည်။

သူတို့ ထောင်ချောက်ထဲသို့ ကျသွားခဲ့ပြီ မဟုတ်ပါလား။

ဒုတ် ဒုတ်

လှံချက်နှစ်ချက်ထိုးထွက်လာသည်။ လီဟမ်ရှန်း၏ လှံချက်မှာ တစ္ဆေတကောင်၏ လည်မြိုကို ဖောက်ထွက်သွားခဲ့သည်။

နောက်ထပ် လှံချက်မှာမူ တစ္ဆေနောက်တကောင်၏ ပုခုံးကို ဖောက်ထွက်သွားကာ သူ့အား လွင့်ပျံသွားစေခဲ့သည်။ သူက သေတော့မသေသော်လည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့လေ၏။

“ကောက်ကျစ်တဲ့ လူသား” တစ္ဆေမှာ မြေကြီးပေါ်၌ လူးလွန့်နေပြီး ဆဲရေးနေခဲ့သည်။

“မင်းက ဟန်ဆောင်နေတာပဲ”

“ဟန်မဆောင်ရဘူးလို့ ဘယ်သူက သတ်မှတ်ထားလို့လဲ” လီဟမ်ရှန်းက ရယ်မောလိုက်သည်။

“ငါသာ ဟန်မဆောင်ခဲ့ရင်၊ မင်းတို့အရူးနှစ်ကောင်ကို ဘယ်လိုများ အရူးလုပ်နိုင်မှာလဲ။ အခု မင်းတို့ ခုနစ်ယောက်ကို တမလွန်မှာ ပြန်ဆုံနိုင်အောင် လုပ်ပေးလိုက်မယ်”

လှံချက်ခြောက်ချက်မှာ လီဟမ်ရှန်း၏ အကန့်အသက်မဟုတ်သေးပါချေ။

ခြောက်ချက်မြောက်လှံချက်ကို ထုတ်လွှတ်ခြင်းသည် လီဟမ်ရှန်း၏ အတွင်းအားများကို အပြင်းအထန် လှုပ်ခတ်စေသော်လည်း သူခံနိုင်သော ပမာဏတွင် ရှိနေပါသည်။ သူက တမင်အားနည်းချင်ဟန်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။

သူက ထိုသို့ လုပ်မှသာ တစ္ဆေနှစ်ကောင်ကို အငိုက်မိသွားစေမည်ဖြစ်ပြီး အချိန်တိုတိုအတွင်းမှာပင် သတ်ဖြတ်နိုင်မည် ဖြစ်၏။

အဝေးမှ စောင့်ကြည့်နေသည့် လီချန်ချင်းမှာမူ သားဖြစ်သူ၏ အကွက်ထဲသို့ ရောက်မသွားခဲ့ပါချေ။

အဘယ်ကြောင့်ဆိုသော် သားဖြစ်သူမှာ အကန့်အသက်သို့ မရောက်သေးမှန်းကို သူခံစားခဲ့ရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူက ဝင်မစွက်ဖက်ခြင်း ဖြစ်၏။

လီဟမ်ရှန်းသာ လုံးဝမတွန်းလှန်နိုင်အောင် သေဆုံးတော့မည့်အချိန်မျိုးမှ မဟုတ်လျှင် လီချန်ချင်းက လှုပ်ရှားလိမ့်မည် မဟုတ်ပါချေ။

သူသာ လှုပ်ရှားမိလျှင် ကျင့်ကြံမှုများပျောက်ကွယ်ပြီးနောက် သေဆုံးရမည့်လူမှာ သူဖြစ်သွားနိုင်ပေသည်။

“မင်း ဂရုစိုက်ဖို့လိုတယ် ငါ့သား”

လီချန်ချင်းက ကူကယ်ရာမဲ့နေသည့် ဟန်နှင့် သက်ပြင်းချလိုက်၏။

တိုက်ခိုက်နေသူမှာ လီဟမ်ရှန်းဖြစ်သော်လည်း လီချန်ချင်းက ပိုပင်ပန်းနေခဲ့သည်။

တစုံတယောက်ကို ဂရုစိုက်ခြင်းက ပင်ပန်းလွန်းလှသည် မဟုတ်ပါလား။

နောက်ထပ်လေကုန်မခံနေတော့ပဲ၊ လီဟမ်ရှန်းမှာ နောက်ဆုံးတစ္ဆေကို လှံတချက်ထိုးကာ အဆုံးသတ်လိုက်ခဲ့သည်။

အားလုံးကို သတ်ဖြတ်ပြီးသည့်နောက်တွင် လီဟမ်ရှန်းက မြေပြင်ပေါ်သို့ လဲကျသွားခဲ့တော့၏။

ယခုအချိန်တွင် လီဟမ်ရှန်းခံစားနေရသည်မှာ အသက်ဘေးမှ သီသီလေး လွတ်လာသည်ဟူ၍ ဖြစ်သည်။ ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်တွင်ရှိသော တစ္ဆေခုနစ်ကောင်နှင့် ရင်ဆိုင်ရသည့်အခါတွင် သူက သေပြီဟု ထင်ထားသော်လည်း အားလုံးကို သူသတ်နိုင်ခဲ့ပေ၏။

“သူတို့ကို သတ်လိုက်လို့ ကောင်းမှုရမှတ်နည်းနည်းတော့ ရမယ်ထင်တယ်” လီဟမ်ရှန်းသည် ရမှတ်မည်မျှရမည်ကို ခန့်မှန်းနေခဲ့မိသည်။

ကျန်သော တစ္ဆေမျိုးနွယ်များသည် လီဟမ်ရှန်းက နောက်ဆုံးပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ်တစ္ဆေကို သတ်ဖြတ်သည်ကို မြင်သည်နှင့် ကြောက်လန့်တကြား ပုန်းအောင်နေကြချေပြီ။

လီဟမ်ရှန်းမှာ အလွန်တရာကို ပင်ပန်းနေခဲ့ချေပြီ။ သူ လုပ်ချင်သည့်အရာတခုမှာ အနားယူခြင်းသာ ဖြစ်သည်။

အမာရွတ်နှင့်တစ္ဆေပြောခဲ့သည့်အတိုင်းပင် မူလချီကို အသုံးပြုခြင်းက သူ့အားကာကွယ်ထားနိုင်သည့်တိုင် သူ၏ ရုပ်ခွန်အားကို အင်မတန် ဆုတ်ယုတ်စေပေ၏။

လီဟမ်ရှန်းက နေလအင်မော်တယ်နတ်ဆိုးခန္ဓာရှိသော်လည်း သူ့ထက်အဆင့်နှစ်ဆင့်မြင့်သည့် တစ္ဆေခုနစ်ကောင်ကို သတ်ဖြတ်ရခြင်းမှာ သူ့အား အလွန်တရာကို အားအင်ကုန်ခမ်းစေခဲ့သည်။

လီဟမ်ရှန်းသည် သူ၏ ရင်ဘက်အိတ်ကပ်ထဲမှ ဆေးများကို ထုတ်ယူကာ မြိုချလိုက်သည်။ ထိုဆေးများမှာ အနာကျက်ဆေးများ ဖြစ်၏။

သူရောက်ရှိနေသည့် နေရာတွင် မည်သည့်အချိန်၌ သန်မာသော တစ္ဆေမျိုးနွယ်များ နောက်ထပ် ပေါ်လာမလဲဆိုတာကို သူမသိချေ။ ထို့ကြောင့် ခွန်အားမြန်မြန်ဖြည့်ထားမှ တော်ကာကျပေမည်။

ဆေးများကို မြိုချပြီးနောက် လီဟမ်ရှန်းမှာ သူ၏ မရီဒျာန်များအတွင်းသို့ နွေးထွေးသော စီးကြောင်းတခု တိုးဝင်လာသည်ကို ခံစားလာခဲ့ရတော့သည်။ သူ၏ အတွင်းအားပင်လျှင် ဖြေးဖြေးချင်း ပြန်လည် အားပြည့်လာသည်ကို ခံစားလိုက်ရ၏။ ထိုနွေးထွေးသည့်ခံစားချက်မှာ သူ့အား နှိပ်နယ်ပေးနေသည့်အလားပင်။ လီဟမ်ရှန်းမှာ ခံစားမှုကောင်းလွန်းသောကြောင့် ထုတ်ငြီးမတတ်ပင် ဖြစ်သွားပါသည်။

သို့သော် ထိုအခိုက်မှာပင် လီဟမ်ရှန်း၏ နောက်ကျောတွင် လိပ်ပြာလေးတကောင် လာနားသည်ကို သူ သတိမမူမိပါချေ။

ထိုလိပ်ပြာလေးမှာ သွေးကန်ထဲမှ ထိုးထွက်လာသည့်အလားကို ရဲရဲကို နီနေတော့သည်။

လိပ်ပြာလေးမှာ အတောင်ပံတဖျတ်ဖျတ်ခပ်ပြီးနောက် သူ၏ အတောင်ပံမှ အနီရောင်အစက်အပြောက်တခု ထွက်ပေါ်လာခဲ့ပြီးနောက် မျက်တောင်တခတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့တော့၏။

၎င်း၏ လှုပ်ရှားမှုမှာ အလွန်လျို့ဝှက်စွာ လှုပ်ရှားခြင်းဖြစ်သောကြောင့် လီဟမ်ရှန်းမှာ လုံးဝကို သတိမမူမိခဲ့ပါချေ။

သို့ပေမယ့် လိပ်ပြာက အတောင်ပံခတ်နေသည့်အတောအတွင်းတွင် ဒဏ်ရာကုသနေသည့် လီဟမ်ရှန်းမှာ သူရှိနေသော လမ်းထဲသို့ ဝင်လာသည့် ခြေသံများကို ကြားလိုက်ရသည်။

ခြေသံများမှာ တဖြေးဖြေးနှင့် အနီးသို့ ရောက်လာခဲ့လေပြီ။

ခြေသံများမှာ ကျယ်လောင်လှသောကြောင့် ကြားရသူတိုင်း၏ ဦးရေပြားများကိုပင် တုန်ရီသွားနိုင်လိမ့်ပေမည်။

လီဟမ်ရှန်းမှာ ချက်ချင်းပင် သတိဝင်လာခဲ့သည်။

ဘာတွေဖြစ်နေတာလဲ.

ကြည့်ရတာ စစ်တပ်ကြီး တတပ်လုံးက သူရှိရာအရပ်သို့ ပြေးလာသည့်အလားပင်။

လီဟမ်ရှန်းသည် အပြင်သို့ ချောင်းကြည့်ရန်ပြင်လိုက်သည်။ သူမတ်တပ်ထရပ်လိုက်စဉ်မှာပင် တစ္ဆေမျိုးနွယ်တဦးမှာ တံခါးကို ဖျက်စီးပြီး ဝင်ရောက်လာခဲ့သည်။

ထိုတစ္ဆေမျိုးနွယ်မှာ လီဟမ်ရှန်းကို မြင်လိုက်သည်နှင့် သူ၏ ပုဆိန်ကြီးကို မြှောက်လိုက်ပြီး လီဟမ်ရှန်းထံသို့ လွှဲခုတ်လိုက်ခဲ့သည်။ သူ့အကြည့်များတွင် ရူးသွပ်လောက်အောင် လောဘတက်နေသည့် အရိပ်အယောင်များကို မြင်တွေ့ခဲ့၏။

ထိုသူမှာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ သူ့ပုံစံမှာ အရူးတယောက်အလားပင်။

ထိုမြင်ကွင်းမှာ လီဟမ်ရှန်းအား ထိတ်လန့်သွားစေခဲ့သည်။

ဘာဖြစ်နေတာလဲ

သူယခင်ကတွေ့ခဲ့ဖူးသော တစ္ဆေမျိုးနွယ်များနှင့် ဒီလူက ဘာလို့များ ကွဲပြားနေရတာလဲ။

ဘန်း

ကြီးမားလှသော ပုဆိန်ကြီးမှာ ပြုတ်ကျလာခဲ့သည်။ လီဟမ်ရှန်းက လှိမ့်ရှောင်လိုက်ပြီး လက်သီးနှင့် ပစ်ထိုးလိုက်၏။ လက်သီးချက်ကြောင့် တစ္ဆေမှာ အဝေးသို့ လွင့်ထွက်သွားခဲ့သည်။ သူ၏ အတွင်းအင်္ဂါများမှာ လီဟမ်ရှန်း၏ လက်သီးချက်ကြောင့် ကြေမွသွားခဲ့တော့၏။

လက်သီးတချက်နှင့်ပင် ချက်ချင်းသေဆုံးသွားခဲ့သည်။

သူက တက်လှမ်းခြင်းအဆင့်မှာပင် ရှိသည် မဟုတ်လား။

ဒါပေမယ့် အဲ့ဒီ့အခိုက်မှာ နောက်ထပ် တစ္ဆေမျိုးနွယ်များမှာ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့တော့သည်။

“ငါတို့ဟာ ဖြစ်သွားပြီ”

တစ္ဆေမျိုးနွယ်များ၏ မျက်နှာများမှာ လောဘဇောတက်နေပြီး လီဟမ်ရှန်းကို ပူးပေါင်းပြီး တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြ၏။

“ဘာတွေ ဖြစ်နေပြန်တာလဲဟ”

လီဟမ်ရှန်းမှာ အံ့အားသင့်သွားပြန်သည်။ သူတို့ပြောတဲ့ ငါတို့ဟာ ဆိုတာက ဘာကြီးလဲ။

ဖြစ်နိုင်တာက သူ့ရဲ့ ခန္ဓာကိုယ်ကို လိုချင်တာများလား။

ဘုရားရေ၊ နှာဗူးထတဲ့ တစ္ဆေမျိုးနွယ်ဆိုပြီး ရှိနေသေးတာများလား။

ထိုအချိန်တွင် လီဟမ်ရှန်းမှာ ဂရုမစိုက်တော့ပေ။ သူ့လက်ထဲရှိ အင်မော်တယ်လှံမှာလည်း နောက်တကြိမ် သွေးအိုင်ထဲသို့ ရောက်သွားခဲ့ပြန်လေပြီ။

တစ္ဆေမျိုးနွယ်များစွာကို သတ်ဖြတ်ပြီးသည့်နောက်တွင် လီဟမ်ရှန်းမှာ ယခုနေရာတွင် ဆက်လက်နေထိုင်ရန်မသင့်ဟု ခံစားမိပြီးနောက် အခန်းထဲမှ အလျင်အမြန်ထွက်ရန် ဟန်ပြင်လိုက်၏။

သူ တံခါးအပြင်သို့ ရောက်သွားသည့်အချိန်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် လိပ်ပြာပင် လွင့်လုမတက်ဖြစ်သွားခဲ့သည်။

တံခါးအပြင်ဖက်တွင် တစ္ဆေမျိုးနွယ်များမှဦ ပင်လယ်ကြီးအလား သူ့ကို ဝန်းရံထားပါသည်။

“ဘာတွေ ဖြစ်နေတာလဲဆိုတာကို ငါ့ကို တယောက်ယောက်ပြောကြပါဦး။ ဒီနေ့က တစ္ဆေမျိုးနွယ်မှာ ပွဲတော်ရှိတာလား”

သူ့အရှေ့ရှိ လမ်းမထက်တွင် တစ္ဆေမျိုးနွယ်များမှာ ထောင်ချီရှိနေပြီး သူ့ကို ဝန်းရံထားကြသည်။ ထိုမြင်ကွင်းကြောင့် သူအတော်လေးကို လန့်ဖြန့်သွားသည်။

လီဟမ်ရှန်းကို မြင်သော် တစ္ဆေမျိုးနွယ်များမှာ သူ့အား စိမ်းစိမ်းကြီး စိုက်ကြည့်နေခဲ့၏။

နောက်တခဏတွင် သူတို့အားလုံးမှာ အသက်ကိုပင် ဂရုမစိုက်တော့ပဲ လီဟမ်ရှန်းထံသို့ သူ့ထက်ငါပြိုင်ဆိုင်ပြီး ပြေးဝင်လာကြသည်။

ဓား၊ လှံ၊ ပုဆိန်၊ ချိတ်ကောက်၊ လက်နက်ပုန်းများ၊ မြား၊ အုတ်ခဲ… ရှိရှိသမျှသော လက်နက်များမှာ လီဟမ်ရှန်းထံသို့ ပစ်ပေါက်လိုက်၏။

“ငါ -ိုး” လီဟမ်ရှန်းမှာ ဒေါသထွက်လွန်းသောကြောင့် ကျိန်ဆဲလိုက်သည်။

ငါက အစစ်မှန်လှံသိုင်းကိုးချက်ကို ကျင့်ထားတဲ့ကောင်ကွ

အုပ်စုလိုက် လာတိုက်ရင် ဘယ်သူ့ကိုမှ မကြောက်တတ်ဘူးကွ

ငါက သားရဲစုဆောင်းခြင်းကိုတောင် ကျော်ဖြတ်နိုင်ခဲ့တာ မင်းတို့လို ဂေါ်ဖီထုပ်လေးတွေကို ကြောက်မယ်များထင်နေလား

လာကြစမ်း…

လီဟမ်ရှန်း၏ ရှေးဦးမူလချီက ပေါ်ထွက်လာသည်။ သူက တစ္ဆေပင်လယ်ကြားထဲသို့ ခုန်ဝင်သွားခဲ့သည်။

ချက်ချင်းပင် လောကကြီးတခုလုံးမှာ နတ်ဆိုးနှင့် နတ်ဘုရားများ ဆွဲဆွဲငင်ငင်ငိုကြွေးသံများနှင့် ပြည့်နှက်သွားတော့၏။

All Chapters