← Chapters

အခန်း (၁၇၇)

Vol. 17 Ch. 177

အခန်း (၁၇၇)

Vol. 17 Ch. 177

လွန်ခဲ့သော တနာရီခန့်တုန်းက လုရှီယန်သည် တစ္ဆေမျိုးနွယ်များ၏ အရေအတွက်မှာ တဖြေးဖြေး လျော့နည်းလာသည်ကို ခံစားခဲ့ရ၏။ ဒါပေမယ့် သူမ သတ်ဖြတ်ရသည့် အရေအတွက် လျော့နည်းသွားသည်ကို စိုးရိမ်မနေခဲ့ပါချေ။ သို့သော် တနာရီအတွင်းတွင် သူမ သတ်ဖြတ်နေရသည့် အရေအတွက်မှာ တဒါဇင်ခန့်သာ ရှိသေးသည်။ ထိုဖြစ်ရပ်ကြောင့် လုရှီရန်မှာ တစုံတခုက ပြင်းပြင်းထန်ထန်ကို လွဲမှားနေပြီဟု ခံစားခဲ့ရ၏။ ထို့ကြောင့်ပင် လာရောက်စုံစမ်းခြင်းဖြစ်သည်။

ဤနေရာ၌ တစ္ဆေပင်လယ်ကြီးကို တွေ့လိုက်ရသဖြင့် တစ္ဆေမျိုးနွယ်ဝင်တိုင်းမှာ ဤနေရာသို့ ပြေးလာကြခြင်းကို သိလိုက်ရတော့၏။

လုရှီရန်က လမ်းမ၏ တဖက်ရှိ တစ္ဆေအလောင်းပုံကြီးကို ကြည့်လိုက်သောအခါမှ လီဟမ်ရှန်းက သူတယောက်တည်းနှင့် တစ္ဆေများကို သတ်ဖြတ်နေသည်ကို တွေ့လိုက်ရတော့သည်။ ထိုမြင်ကွင်းမှာ သူမအတွက် အလင်းပွင့်သွားစေခဲ့၏။

သူက မပင်ပန်းတဲ့အတိုင်းပဲ

“ငါ အရမ်းပင်ပန်းနေပြီ”

လက်ရှိအချိန်တွင် လီဟမ်ရှန်းမှာ လုရှီရန်နှင့် ယှဉ်ပြိုင်၍ ငြင်းဆိုနိုင်ခြင်းမရှိတော့ပါချေ။ သူမက သူ့ကို “ယောကျာ်း” လို့ခေါ်ရုံသာမက “အဖေ” လို့ပဲခေါ်ခေါ် သူက စကားကို ပြင်ဆင်ပေးဖို့အတွက် ခွန်အားမရှိတော့ပေ။

သူလောလောဆယ် လုပ်ချင်တာကတော့ ငြိမ်ငြိမ်လေးထိုင်နေပြီး သူ၏ ခွန်အားများကို ပြန်လည်ဖြည့်တင်းလိုခြင်းသာ ဖြစ်သည်။

“ဒါမျိုးက မလုပ်သင့်ဘူးနော် ယောက်ျား၊ ဒါက သက်သက်ညစ်တာပဲ”

လုရှီရန်က ဖြောင့်မတ်မှန်ကန်သည့်လေသံနှင့် လီဟမ်ရှန်းကို ဆုံးမလိုက်သည်။

“ငါ? ငါကလား? ငါက ညစ်တယ်လို့ နင်ပြောလိုက်တာလား။ အခုလို ဖြစ်တာကို ငါလိုချင်တယ်လို့များ နင်ထင်နေတာလား။ ငါ သေမလို မောပန်းနေတာကို နင်မမြင်ဘူးလား”

လီဟမ်ရှန်းက ဒေါသထွက်စွာ ပြန်လည်ချေပလိုက်သည်။ သူက တစ္ဆေများ၏ သတ်ဖြတ်မှုကို ခံရဖို့ အနည်းငယ်သာ လိုတော့သည်။ ယခုလိုအချိန်မျိုးမှာ သူမက သူ့အား လူညစ်တယောက်ဟု စွပ်စွဲနေသည် မဟုတ်ပါလား။

ဒီကောင်မလေး စိတ်ကောမှန်သေးရဲ့လား မသိဘူး

လီဟမ်ရှန်းမှာ သူမကို နိုင်အောင် ပြောရန် မတတ်နိုင်ဖြစ်နေခဲ့သည်။

“အခုထက်ထိ ညစ်ထားတာ ဝန်မခံသေးဘူးလား” လုရှီရန်က သူ့ထံသို့ လျှောက်လှမ်းလာပြီး သူမ၏ လက်ကိုဆန့်ကာ လီဟမ်ရှန်း၏ နောက်ကြောသို့ လှမ်းလိုက်သည်။

ဒါက ဘာလဲ

လီဟမ်ရှန်းမှာ အူကြောင်ကြောင်ဖြစ်သွား၏

ထိုအခိုက် လုရှီရန်၏ လက်ဖဝါးထက်တွင် သွေးနီရောင်လိပ်ပြာငယ်လေးကို သူမြင်တွေ့လိုက်ရသည်။

ထိုအရာကို မြင်ပြီးနောက်တွင် လီဟမ်ရှန်းမှာ နားမလည်နိုင်အောင်ကို ဖြစ်နေခဲ့သည်။ ထိုအရာက ဘာကြောင့် သူ့အပေါ်တွင်ရှိနေပါသနည်း။ အဲ့လိပ်ပြာကကော ဘာလဲ

“တစ္ဆေအရှင်ရဲ့ သွေး”

လုရှီရန်က တည်ငြိမ်စွာဆိုလိုက်သည်။

“ဒီသွေးက အကြိမ်ပေါင်းများစွာ ရေရောထားတာပဲ။ ဒီသွေးက အားနည်းတဲ့ တစ္ဆေမျိုးနွယ်တွေကို ဆွဲဆောင်နိုင်တယ်။ သူတို့အတွက် ဒီသွေးက အားဖြည့်ဆေးလိုပဲ။ ယောကျာ်း… ရှင်က ဒါကိုသုံးပြီးတော့ သူတို့ကို ဆွဲဆောင်ထားမှတော့ ကျွန်မအတွက် သတ်စရာ တစ္ဆေတွေ မကျန်တော့ဘူးလေ။ ဒါမျိုးမှ ညစ်တာလို့ မခေါ်ရင် ဘယ်အရာကို ခေါ်မလဲ”

“အဲ့ဒီ့ဟာက ငါ့ပိုင်တဲ့ဟာ မဟုတ်ဘူး” လီဟမ်ရှန်း၏ မျက်နှာမှာ လွန်စွာမှကို လေးနက်သွားခဲ့သည်။

“ဒီအရာက ငါ့ပေါ်မှာ ဘာလို့ပေါ်လာတာလဲ”

“ယောကျ်ားရဲ့ လိပ်ပြာမဟုတ်ဘူးလား”

လုရှီရန်က မျက်တောင်ခတ်လိုက်သည်။

“ဒါဆိုရင် ဘယ်သူ့ဟာများလဲ”

“ငါလည်း သိရရင်ကောင်းမယ်” လီဟမ်ရှန်းက မျက်မှောင်ကြုံ့လိုက်သည်။ သိပ်မကြာခင်က သူသတ်ခဲ့သော တစ္ဆေခုနစ်ကောင်ထဲမှ တကောင်ကများ ထားသွားခဲ့တာများလား။

“ရှင်လိုချင်သေးလား။ မလိုချင်တော့ရင်လည်း ကျွန်မကို ပေးလိုက်တော့။ ဒီနေ့ညမှာ တစ္ဆေမျိုးနွယ်တွေကို ကျွန်မ မသတ်နိုင်ခဲ့ဘူး”

လုရှီရန်က လီဟမ်ရှန်းကို လေးနက်စွာ ပြောလိုက်သည်။

လီဟမ်ရှန်းက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ပြီးရော၊ ပြီးရော လိုချင်ရင် ယူလိုက်တော့၊ အဲ့ဒါမင်းအပိုင်ပဲ”

ဒါပေမယ့် လီဟမ်ရှန်း၏ ထိုစကားကို ကြားသော် လုရှီရန်၏ မျက်နှာမှာ ရှက်သွေးများ ရဲကနဲ ဖြစ်သွား၏။ သူမက ရှေ့သို့ ခြေတလှမ်းတိုးကာ လေးနက်စွာ မေးလိုက်သည်။

“ကျွန်မအပိုင်လို့ ရှင်ပြောခဲ့တယ်နော်၊ ဒါက စုံတွဲတွေကြားမှာ ပေးတဲ့ ချစ်သက်သေများလား”

“သောက်ပိုတွေမပြောနဲ့၊ လုံးဝမဟုတ်ဘူး”

လီဟမ်ရှန်းက သည်းမခံနိုင်တော့ပဲ ပြန်ပက်သည်။

“ငါပြောပြီးပြီပဲ ငါတို့နှစ်ယောက်ကြားမှာ ဘာမှ မရှိဘူး။ နင် ခံစားနေရတဲ့ ဆွဲဆောင်မှုက မြင်မြင်ချင်းအချစ်မဟုတ်ဘူး”

“မြင်မြင်ချင်းအချစ်မဟုတ်ဘူးဆိုရင် ဘာလဲ၊ ကျွန်မ နားမလည်ဘူး။ ကျွန်မသိတာက ရှင်က ကျွန်မကို လမ်းခွဲဖို့ အကြောင်းပြနေတာလို့ပဲ”

လုရှီရန်၏ လေသံမှာ အေးစက်လာခဲ့သည်။

“ပြသနာပဲ ဒီဟာမလေး”

လီဟမ်ရှန်းက ငြီးငြူလိုက်ပြီးနောက်တွင် သူ၏ အတွင်းအားကို လှုပ်ခတ်လိုက်သည်။ ချက်ချင်းပင် သူ့တကိုယ်လုံး လင်းလက်လာပြီး သူ၏ နောက်ကျောဖက်တွင် နေနှင့်လ ပုံရိပ်ကြီးများ ထွက်ပေါ်လာခဲ့၏။

လီဟမ်ရှန်း၏ နေလအင်မော်တယ်နတ်ဆိုးခန္ဓာမှာ လုရှီရန်၏ ရှေ့မှောက်တွင် ပေါ်လာခဲ့တော့သည်။

“အခု နင်နားလည်ပြီလား” သူသာ အခုချိန်တွင် သူ၏ နတ်ခန္ဓာကို မဖော်ထုတ်ပါက လုရှီရန်မှာ ဆက်လက်၍ အထင်မြင်လွဲနေမည်ကို သူသိပေ၏။

လုရှီရန်သည် လီဟမ်ရှန်း၏ နတ်ခန္ဓာကို မြင်သော် အမြဲလိုလို အေးစက်နေသည့် သူမ၏ မျက်နှာလေးထက်တွင် ထူးထူးခြားခြားစိတ်ခံစားချက်များ ပေါ်ထွက်လာခဲ့သည်။

“နတ်ခန္ဓာ”

“ဟုတ်တယ်၊ နင့်မှာလည်း နတ်ခန္ဓာရှိသလို ငါ့မှာလည်းရှိတယ်။ အဲ့ဒါကြောင့် နတ်ခန္ဓာအချင်းချင်းတွေ့တော့ ငါတို့ တယောက်ကိုတယောက် ဆွဲဆောင်မိနေကြတာပဲ။ အခုနားလည်ပြီမဟုတ်လား”

လီဟမ်ရှန်းက စိတ်ရှည်လက်ရှည်နှင့် ရှင်းပြလိုက်၏။

“ကျွန်မနားလည်ပါပြီ” အံ့အားသင့်နေသည့်အမူအရာမှာ လုရှီရန်၏ မျက်နှာထက်တွင် နှစ်စက္ကန့်မျှသာ ဖြစ်သွားခဲ့ပြီးနောက်တွင် မူလအတိုင်းပြန်လည်အေးစက်သွားခဲ့သည်။

ထို့နောက်တွင် သူမ၏ မျက်နှာထက်၌ နားမလည်နိုင်သော အမူအရာပြန်ပေါ်လာခဲ့ပြန်၏။

“ရှင်ပြောတာက ရှင့်မှာ နတ်ခန္ဓာရှိတာလို့ပြောတယ်နော်၊ ကျွန်မမှာလည်း ရှိတာဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်မသိချင်နေတာက ရှင့်ရဲ့ နတ်ခန္ဓာက ဘာကြောင့် အရမ်းကို အားနည်းနေတာလဲ”

“အဲ့ဒီ့ခန္ဓာက တကယ်ပဲ နတ်ခန္ဓာဟုတ်လို့လား။ အတုကြီးများလား မသိဘူး”

“အဟွတ်”

လီဟမ်ရှန်းမှာ သူ့နှလုံးသားကို လုရှီရန်မှာ ဓားနှင့် မွှန်းသွားသလို ခံစားလိုက်ရသည်။

“ကျွန်မရဲ့ နတ်ခန္ဓာက သေးငယ်သော အောင်မြင်မှုအဆင့်ကို ရောက်ထားပြီးပြီ ဒါပေမယ့် ရှင့်နတ်ခန္ဓာအတုက ဘာလို့ အခုမှ ပေါက်စနလေးပဲဖြစ်နေတာလဲ၊ စဦးအဆင့်တောင်မရောက်သေးတာ ဘာလို့လဲ”

အဟွတ်

နောက်ထပ် ဓားချက်တချက်

“ပြီးတော့ ကျွန်မ သိချင်တာတခုရှိသေးတယ်။ ရှင့်ရဲ့ ဘောင်မဝင်တဲ့ နတ်ခန္ဓာအတုက ကျွန်မရဲ့ နတ်ခန္ဓာကို လာပြီး တုန့်ပြန်နေခဲ့တာလဲ၊ ကျွန်မသိထားတာတော့ အဆင့်တူတဲ့ နတ်ခန္ဓာအချင်းချင်းကပဲ တုန့်ပြန်မှုကို ဖြစ်စေတာလို့လေ။ ရှင့်ရဲ့ ဘောင်မဝင်တဲ့နတ်ခန္ဓာအတုက နာမည်ဘယ်လိုခေါ်လဲ၊ နာမည်ကောရှိရဲ့လား”

အဟွတ်

လီဟမ်ရှန်းမှာ အမှန်တကယ်ပင် သေချင်နေခဲ့ပြီ

လုရှီရန်၏ နှုတ်မှ ထွက်လာသမျှသော စကားလုံးတိုင်းသည် သူ့နှလုံးသားအား ဓားဖြင့်ထိုးနေသည့်အလားပင်။

“ဘာပဲဖြစ်ဖြစ် ငါတို့အချင်းချင်း ဆက်နွယ်နေမှုကို သိပြီမဟုတ်လား။ အဲ့ဒါကြောင့် ငါ့ကို နင့်ယောကျ်ားလို့ ခေါ်မနေနဲ့တော့”

လီဟမ်ရှန်းက အလျင်အမြန်ဆိုလိုက်သည်။

“ဟင် ဘာလို့လဲ”

လုရှီရန်က မေးလိုက်သည်။

“ကျွန်မရဲ့ ဆရာပြောတာတော့ မြင်မြင်ချင်းချစ်တယ်ဆိုတာက အဲ့ဒီ့လူရဲ့ ရုပ်ရည်၊ စိတ်ဓာတ်နဲ့ အခြားတခုခုက ကိုယ့်အပေါ်ကို လေးလေးနက်နက်ကို ဆွဲဆောင်သွားခဲ့တာလို့ ပြောတာပဲ။ အဲ့ဒါတွေက မြင်မြင်ချင်းအချစ်ဖြစ်စေဖို့အတွက် အဓိကလိုအပ်ချက်တွေလို့ ပြောတယ်။ ရှင့်ရဲ့ နတ်ခန္ဓာအတုက ကျွန်မရဲ့ နတ်ခန္ဓာနဲ့ အပြန်အလှန်တုန့်ပြန်မှုတွေဖြစ်ခဲ့တယ်လေ၊ ပြီးတော့ ကျွန်မကို ဆွဲဆောင်သွားတယ်။ အဲ့ဒါက မြင်မြင်ချင်းအချစ်မဟုတ်ဘူးလား”

“ဒါက ဘယ်လိုအတွေးကြီးလဲ” လီဟမ်ရှန်းမှာ လုရှီရန်၏ ရှင်းလင်းချက်ကို ကြားပြီးနောက် ဆွံ့အသွားလေသည်။

ကွမ်လန်နန်းတော်က ဒီကောင်မလေးကို ဘာတွေများသင်ပေးထားတာလဲ။

သူက ဘာလို့အချစ်အကြောင်းကိုပဲ ပြောနေရတာလဲ။ ပြီးတော့ သူ့ဆရာကလည်း သူ့ကို အချစ်အကြောင်းတွေ ပြောပြသေးတယ်။

ကွမ်လန်နန်းတော်က လူတွေမှာ ကိုင်တွယ်စရာ၊ ဆွေးနွေးစရာ အရေးကြီးကိစ္စတွေဘာတွေ မရှိကြဘူးလား။

နင့်ရဲ့ ဆရာက အချစ်ဝတ္ထုတွေကို အဖတ်လွန်သွားခဲ့တာလား

“ငါက ငါ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချရမယ့်အချိန်ရောက်ပြီ” လုရှီရန်က တည်ငြိမ်စွာဆိုသည်။

“ငါအသက်ကြီးလာရင် ငါ့ဘာသာငါ ရှာဖွေရမယ့် ကိစ္စရပ်တွေ ရှိတယ်လို့ ဆရာက ငါ့ကို ပြောခဲ့တယ်”

လီဟမ်ရှန်းမှာ လုရှီရန်ကို နားဝင်အောင် ပြောလိုသည့်တိုင် သူ ဘာပြောရမှန်းကို မသိပါတော့ချေ။

ထိုမိန်းကလေးမှာ သူ့အတွေးနှင့်သူ ရှိနေခြင်းကြောင့်ပင်။

“ထူးဆန်းလိုက်တာ”

ထိုအချိန်တွင် လုရှီရန်က စကားစလိုက်သည်။

“နင်ပြောတဲ့စကားတွေက ဘယ်လောက်ထူးဆန်းမှန်းကို အခုမှ သတိဝင်လာတာလား”

လီဟမ်ရှန်းက မကျေမနပ်စွာ ပြောလိုက်သည်။

“မဟုတ်ဘူး၊ ကျွန်မပြောတာ တစ္ဆေအရှင်ရဲ့ သွေးစက်က ထူးဆန်းနေတယ်လို့”

လုရှီရန်က သူမ၏ လက်ဖဝါးကို မြောက်လိုက်သည်။ သူမ၏ တောက်ပလင်းလက်နေသည့် ကြယ်တာရာမျက်လုံးများက အတောင်ပံခတ်နေသည့် လိပ်ပြာလေးကို စိုက်ကြည့်နေသည်။

“တစ္ဆေအရှင်ရဲ့ သွေးက တစ္ဆေတွေအများကြီးကို ဆွဲဆောင်တယ်လေ။ ဒါပေမယ့်…”

လုရှီရန်က ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။

“ကျွန်မတို့ နှစ်ကိုယ်ကြားအချစ်အကြောင်းတွေကို ပြောနေတာ အချိန်နည်းနည်းကြာတာတောင် ဘာလို့ တစ္ဆေတကောင်မှ ရောက်မလာသေးတာလဲ”

ဘယ်သူက နှစ်ကိုယ်ကြားအချစ်အကြောင်းကို နင်နဲ့ပြောလို့လဲဟ

ဒါပေမယ့် လုရှီရန်၏ စကားကိုကြားမှသာ လီဟမ်ရှန်းသည်လည်း တခုခုမှားနေသည်ကို ခံစားမိလိုက်သည်။ ယခင်ကဆိုလျှင် ဤနေရာသည် တစ္ဆေများနှင့် ပြည့်နှက်နေကာ ခြေချစရာနေရာပင် မရှိပါချေ။

“တစ္ဆေတွေအားလုံးက သေကုန်တာများလား။ လီဟမ်ရှန်းက ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ လေထုမှာ သတ်ဖြတ်လိုစိတ်အပြည့်နှင့် ဖြစ်နေကာ၊ သွေးညှီနံ့များမှာလည်း လှိုင်လှိုင်ထွက်ပေါ်နေခဲ့၏။

သူ၏ အဝတ်အစားများပင်လျှင် သွေးရောင်ဖြစ်နေပြီး မူလအရောင်ကို ခန့်မှန်း၍ပင် မရတော့ချေ။

တဖက်တွင်ရှိသော လုရှီရန်မှာမူ သန့်စင်နေကာ၊ သူမ၏ နုနယ်သောမျက်နှာကလေးမှာလည်း တင့်တယ်သောအလှတရားကို ဖော်ကျူးနေခဲ့သည်။ သူမအရွယ်ရောက်ပြီး အလှစုံသွားလျှင် မည်မျှလှနေမလဲဆိုတာကို လီဟမ်ရှန်းမှာ မခန့်မှန်းနိုင်ပါချေ။

“မဟုတ်သေးဘူး” လုရှီရန်မှာ ရုတ်တရက် မော့ကြည့်လိုက်ပြီးနောက်တွင် ကောင်းကင်သို့ လက်ညှိုးထိုးလိုက်၏။

“ဒါက သူတို့ကြောင့်ပဲ ဖြစ်လိမ့်မယ်”

လီဟမ်ရှန်းက မျက်မှောင်ကြုံ့ကာ မော့ကြည့်လိုက်သည်။

“ဒါက…” လီဟမ်ရှန်း၏ မျက်နှာမှာ ချက်ချင်းကို ဖြူဖျော့သွား၏။ သူတို့အရှေ့ရှိ မျှော်စင်ပေါ်တွင် ပုံရိပ်လေးခုကို မြင်လိုက်ရသည်။

နှစ်ယောက်မှာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ အလွန်အမင်းရိုသေလွန်းသည့် ဟန်ပန်နှင့် ကျန်နှစ်ယောက်ကို အရိုအသေပေးနေသည်။

မတ်တပ်ရပ်နေသော တယောက်မှာ တကိုယ်လုံးကို ဝတ်ရုံနတ်ကြီး လွှမ်းခြုံထားသောကြောင့် သူ၏ မျက်နှာကို မမြင်တွေ့ရပေ။

နောက်လူတယောက်မှာမူ ပို၍ပင် ကြောက်ဖို့ကောင်းသေးသည်။

မတ်တပ်ရပ်နေရုံနှင့် တောင်တန်းနှင့် ပင်လယ်ကို ရပ်တန့်သွားစေသည့် အရှိန်အဝါ ရှိနေခဲ့၏။

သူ ထုတ်လွှင့်ထားသည့် အရှိန်အဝါဖျော့ဖျော့ကပဲ လောကရှိမည်သူ့မဆို ဖျက်ဆီးနိုင်စွမ်းရှီသည်။

သူ့ပုံစံမှာ မရွေ့လျားနိုင်သည့် တောင်တန်းကြီးအလားပင် ဖြစ်နေခဲ့သည်။ သူ့ကို ကြည့်လိုက်သည်နှင့် လီဟမ်ရှန်းကော လုရှီရန်ပါ ခုခံနိုင်စွမ်းမရှိတော့သည့်အလားပင်။

ဤလောကတွင် သူ့ပုံစံမှာ ဧကရာဇ်တပါးကဲ့သို့ ဖြစ်သည်။

“ဒါကဘာလဲ”

လီဟမ်ရှန်းမှာ အတော်လေး ထိတ်လန့်သွားသည်။

သူ၏ အရှိန်အဝါမှာ ပင်လယ်ကြီးကဲ့သို့ ကျယ်ပြန့်နေသည့်အပြင် ထိုသူ၏ အကြည့်တချက်မှာ သူ၏ ဝိဉာဉ်ကို ဖောက်ထွင်းသွားသည့်အလား ခံစားခဲ့ရ၏။

ဒီလူက ဘယ်သူလဲ

သူက ဘယ်လောက်တောင် သန်မာနေရတာလဲ

“ဆရာသခင်တွေ”

လုရှီရန်က တီးတိုးရေရွတ်ခဲ့သည်။

သူတို့သည် ဆရာသခင်အဆင့်များနှင့် အမှန်တကယ်ရင်ဆိုင်နေရချေပြီ။

မယုံနိုင်စရာပင် ဖြစ်သည်။

ထိုလူမှာ လက်နှစ်ဖက်ကို နောက်ပစ်ထားကာ သူ၏ အကြည့်မှာလည်း တည်ငြိမ်နေ၏။ သူက လီဟမ်ရှန်းနှင့် လုရှီရန်ကို ကြည့်နေသည့်တိုင် မည်သည့်စိတ်ခံစားချက်ကိုမှ မမြင်ရပေ။

သူ့ပုံစံမှာ လူသေကောင်များကို ကြည့်နေသည့်အလားပင်။

“တခုခု မူမမှန်ဘူး”

ထိုအခိုက်မှာပင် တစုံတခုက လွဲနေသည်ကို လီဟမ်ရှန်းက ရုတ်တရက် သတိထားလိုက်မိသည်။

“ဆရာသခင်အဆင့်တွင် ပေါ်လာရင် ကျွန်မရဲ့ ဆရာက ချက်ချင်း ရောက်လာမှာပဲ” လုရှီရန်ကတော့ စိတ်ပူမနေပါချေ။ ဆရာသခင်အဆင့်များ ပေါ်လာလျှင် လူသားများဖက်မှ တစ္ဆေအရှိန်အဝါကို ခံစားရပြီးနောက် ချက်ချင်း ရောက်လာကြလိမ့်မည် ဖြစ်သည်။ လုဟန်ရန်မှာ သိပ်မကြာခင် ရောက်လာပေလိမ့်မည်။

“မင်းရဲ့ ဆရာက ရောက်လာမှာ မဟုတ်ဘူး”

လီဟမ်ရှန်းက သေချာစွာ ပြောလိုက်သည်။

“ဘာလို့လဲ” လုရှီရန်က မျက်မှောင်ကြုံ့ပြီး မေးလိုက်၏။

“ဘာလို့လဲဆိုတော့ ဒီဆရာသခင်အဆင့်က တစ္ဆေမျိုးနွယ်မဟုတ်ဘူး။’

လီဟမ်ရှန်းသည် ထိုသူ့ထံမှ တစ္ဆေအရှိန်အဝါများကို မခံစားမိပါချေ။ ထိုဆရာသခင်အဆင့်မှာ လူသား ဖြစ်၏။

လီဟမ်ရှန်း၏ စကားကို ကြားရသော် လုရှီရန်မှာလည်း အံ့အားသင့်သွားခဲ့ပါသည်။

သူမ၏ မျက်စိကျင့်စဉ်မှာလည်း ချက်ချင်းနိုးထလာခဲ့၏။

သူမလည်း ထိုသူ့ထံမှ တစ္ဆေအရှိန်အဝါကို မတွေ့မြင်ခဲ့ပါချေ။

ထိုသူမှာ လူသားတယောက်ဖြစ်လေသည်။

ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ

ထို့အပြင် သူကသာ လူသားဖြစ်နေလျှင် လာကယ်မည့်သူများမှာ တစ္ဆေအရှိန်အဝါကို မရသောကြောင့် လာကယ်နိုင်လိမ့်မည်လည်း မဟုတ်ပါချေ။

သူတို့မှာ သာမန်မူလအဆင့်တစ္ဆေမျိုးနွယ်နှင့် တွေ့လျှင်ပင် လွတ်မြောက်နိုင်ပေသေးသည်။ သို့သော် မူလအဆင့်ဆရာသခင်နှင့် ရင်ဆိုင်ရသည့်အခါတွင် သူတို့က ဘယ်လိုများ လွတ်ကြတော့မှာလဲ။

ပြန်လည်မွေးဖွားခြင်းအဆင့်နှင့် မူလအဆင့်ဆရာသခင်အဆင့်တို့အကြား ကွာခြားမှုမှာ ကွဲပြားခြားနားလွန်းလှပါသည်။ မွေးကင်းစကလေးနှင့် လူ့ဘီလူးကြီးတို့အကြားကွာခြားမှုထက်ပင် ကြီးမားလှပေသည်။

ထိုကွာဟမှုကို ဘယ်လိုမှ ဖြည့်၍မရနိုင်ပေ။

“ဒီကိစ္စကို မင်းကို လွှဲပေးလိုက်ပြီ။ ဒီလီဟမ်ရှန်းကလည်း သော့တခုပဲ၊ မင်းသူ့ကို ရှင်းပစ်ရမယ်”

အနက်ရောင်ဝတ်ရုံနှင့် လူက ပြောလိုက်သည်။

“စိတ်မပူနဲ့ ပြန်လည်မွေးဖွားခြင်းအဆင့် သောက်ကလေးနှစ်ယောက်လောက်တော့ ငါအေးဆေးကိုင်တွယ်နိုင်ပါတယ်”

“ဒါပေမယ့် ငါ့ကိုတော့ အံ့ဩသွားစေတယ်။ ငါကိုယ်တိုင် လှုပ်ရရလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီကလေးက တစ္ဆေတွေအများကြီးကိုတောင် သတ်နိုင်တယ်။ သူကသာ သော့ဖြစ်မနေရင် ဒီလိုပါရမီရှင်မျိုးကို ငါသတ်မှာ မဟုတ်ဘူး”

“ငါလည်းပဲ မမျှော်လင့်ပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းကို ထားခဲ့ပြီ။ ငါတို့ ပထမတကြိမ်မှာ ကျရှုံးခဲ့ပြီးပြီ။ ဒီတကြိမ်တော့ လီဟမ်ရှန်းကို ဖမ်းကိုဖမ်းရမယ်”

အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသူမှာ စကားပြောပြီးသည်နှင့် အနောက်သို့ လှည့်ကာ မျှော်စင်ထက်မှ ခုန်ဆင်းပြီး ပျောက်ကွယ်သွားခဲ့သည်။

သူတို့သုံးယောက်ထဲသာ ကျန်ခဲ့သည်။

“နောက်ဆုံးစကား ပြောချင်သေးလား”

ဆရာသခင်အဆင့်မှာ အောက်သို့ ငုံ့ကြည့်ပြီး ပြောလိုက်သည်။ သူက လုရှီရန်ကို အဖက်ပင် မလုပ်ပါချေ။

ပစ်မှတ်က ငါတဲ့လား

လီဟမ်ရှန်းက အတွေးတခုဝင်လာခဲ့သည်။

တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ လူသားထိပ်သီးအဆင့်တယောက်က ဘယ်လို ရောက်လာခဲ့ရတာလဲ။ ပြီးတော့ သူ့ကို သတ်ချင်နေသေးတယ်။

“ကျုပ်ခန့်မှန်းတာသာ မမှားဘူးဆိုရင် ခင်ဗျားက ထာဝရရှင်သန်ခြင်းဂိုဏ်းကပဲ ဖြစ်လိမ့်မယ်”

ထိုဖြစ်နိုင်ခြေတခုတည်းသာ ရှိမည်ဟု လီဟမ်ရှန်းက တွေးလိုက်မိပါသည်။

အဆင့်မြင့်ဆရာသခင်မှာ တချက်ရယ်လိုက်သည်။ “မင်းက တော်တော်များများကို သိတာပဲ၊ ငါ့မှာ ဖုံးကွယ်ထားစရာ ဘာမှမရှိဘူး။ ဟုတ်တယ်၊ ငါက ထာဝရရှင်သန်ခြင်းဂိုဏ်းကပဲ”

“တစ္ဆေနတ်ဆိုးစမ်းသပ်မှုထဲကို ခင်ဗျားဘယ်လို ဖောက်ဝင်လာတာလဲ”

လီဟမ်ရှန်းက သူမရှင်းသေးသည်ကို မေးလိုက်သည်။

“သေတော့မယ့်လူက အများကြီး သိနေစရာမလိုဘူး။ မင်းမသေခင် သိသွားရမှာက မင်းကို သတ်လိုက်တဲ့လူက ကျောက်ကြွယ်ကျုံးဆိုတဲ့ ငါပဲ။ နောက်ဘဝကျရင် ငါ့ကို ရှောင်ရှားပြီးသား နေပေတော့”

“နေဦး”

ထိုအခိုက်တွင် လုရှီရန်မှာ လီဟမ်ရှန်း၏ အရှေ့ဖက်တွင် ဝင်ရပ်လိုက်သည်။

“ကျွန်မယောကျ်ားကို ရှင်သတ်လို့မရဘူး” လုရှီရန်၏ အေးစက်နေသောအကြည့်မှာ ကျောက်ကြွယ်ကျုံးကို ထိုးဖောက်သွားသည်။

“ရှင် လှုပ်ရှားတာနဲ့ ကျွန်မရဲ့ ကွမ်လန်နန်းတော်က ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး”

“ကောင်မလေး”

ကျောက်ကြွယ်ကျုံးက ရယ်မောလိုက်ပြန်သည်။

“ဘေးဖယ်စမ်း၊ ငါကနင့်ကို ထိခိုက်အောင် မလုပ်ချင်ဘူး။ နင်က ငါ့ရဲ့ ပစ်မှတ်မဟုတ်ဘူး။ နင်က ကွမ်လန်နန်းတော်ရဲ့ ရတနာတပါးဖြစ်နေပြီ။ ငါသာ နင့်ကို ထိခိုက်စေရင် အဘိုးကြီးကွမ်ကျူး ဒေါသထွက်မှာကိုတော့ ငါကြောက်တယ်”

“ကျွန်မ ဖယ်မှာ မဟုတ်ဘူး။ ကျွန်မဆရာက ပြောဖူးတယ်။ ဇနီးမောင်နှံဆိုတာ သေအတူရှင်မကွာတဲ့”

လုရှီရန်က သူမ၏ ဦးခေါင်းကို ခါယမ်းရင်း

“အဲ့စကားက ဘာကိုဆိုလိုတာလဲတော့ ကျွန်မမသိဘူး။ ကျွန်မ သိတာကတော့ ကျွန်မက မနာကျင်ချင်ဘူးဆိုတာပဲ၊ အဲ့တာကြောင့် သူ့ကို ရှင်သတ်လို့မရဘူး”

လုရှီရန်မှာ ပေါက်ကရများပြောနေသည့်တိုင် သူ့အရှေ့တွင် ရပ်ကာ သူ့အား ကာကွယ်ပေးနေသည်ကို မြင်လိုက်ရသဖြင့် လီဟမ်ရှန်းမှာ အနည်းငယ်မျှ စိတ်ထဲတွင် ခံစားမိသွားခဲ့သည်။

“လုရှီရန်၊ ဘေးဖယ်နေ။ သူ့ရဲ့ ပစ်မှတ်က ငါပဲ။ ထာဝရရှင်သန်ခြင်းဂိုဏ်းက ငါ့အသက်ကို လိုချင်နေတာ ကြာပြီ။ သူက ရပ်မှာမဟုတ်ဘူး။ နင်အခုလုပ်ရမှာက နင်ဒီကနေ မြန်နိုင်သမျှ မြန်မြန်ထွက်ပြေးပြီးတော့ နင့်ဆရာသခင်နဲ့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို ဒီက အခြေအနေတွေကို သတင်းပြန်ပို့ရမှာ”

လီဟမ်ရှန်းက လုရှီရန်ကို နံဘေးသို့ လှမ်းဆွဲသည်။

“မဖယ်ဘူး” လုရှီရန်မှာ ခေါင်းမာသည်။

“ငါ့အရှေ့မှာ အချစ်ဇာတ်လမ်းလာလုပ်မနေနဲ့၊ သေဖို့ပြင်”

ကျောက်ကြွယ်ကျုံးက သူ၏ လက်ကို မြှောက်ကာ အသေသတ်တိုက်ကွက်ကို ထုတ်လိုက်သည်။

သူ၏ လက်ချောင်းထိပ်မှ ထွက်ပေါ်လာသည့် စွမ်းအင်မှာ မိုးနှင့် မြေကို လှုပ်ခတ်သွားစေခဲ့၏။

ကောင်းကင်မှာ ချက်ချင်းပင် အရောင်ပြောင်းသွားခဲ့ပြီး၊ တိမ်မဲများမှာလည်း သူ၏ လက်အလှုပ်တွင် တုန်ခါသွားခဲ့သည်။

သူက လီဟမ်ရှန်းကို ချိန်ရွယ်ထားခဲ့၏။ ထိုအခိုက်တွင် လီဟမ်ရှန်းမှာ မိုးပြိုကျသလို ခံစားနေရသည်။

သေခြင်းတရားမှာ သူ့အားဖုံးလွှမ်းကာ ရစ်ပတ်နေခဲ့၏။

အဝေးတွင်ရှိနေသည့်တိုင် သူ၏ နေလအင်မော်တယ်နတ်ဆိုးခန္ဓာမှာ တဆတ်ဆတ်တုန်ရီနေသည်ကို ခံစားနေရသည်။ လက်ချောင်းကျဆင်းလာသည်နှင့် သူက အသားပုံကြီးဖြစ်သွားတော့မည်ကို သိနေသည်။

“ကောင်းကင်ကြယ်တာရာလွင်ပြင်”

လုရှီရန်၏ အကြည့်မှာ လေးနက်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်မှ တောက်ပနေသည့် ကြယ်အလင်းများ ထွက်ပေါ်လာ၏။ သူမ၏ နောက်ကျောဖက်တွင်တော့ ကျယ်ပြန့်လှသည့် ကြယ်တာရာကောင်းကင်ကြီးမှာ ရုတ်တရက် ပေါ်ထွက်လာပါသည်။

ကြယ်တာရာကောင်းကင်ထက်တွင် ကြယ်အလင်းများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။

ကြယ်အလင်း ၆၄လုံးမှာ တောက်ပလာသည်။

လုရှီရန်မှာ ထိုကြယ်တာရာကောင်းကင်အောက်တွင် ပြိုင်ဖက်ကင်းနေသည့်ဟန်ပန်နှင့် ရပ်နေခဲ့၏။

သူမ၏ မျက်လုံးများမှာ ကြယ်အလင်းများနှင့် လင်းလက်နေကာ အလွန်တရာမှကို ခမ်းနားလှသည်။

လုရှီရန်မှာ လီဟမ်ရှန်း၏ အရှေ့တွင် ကြယ်အလင်း၆၄ခု၏ ပံ့ပိုးမှုနှင့် ရပ်တန့်နေခဲ့သည်။ သူမ၏ မျက်လုံးများမျာ လက်ချောင်းများကို စိုက်ကြည့်နေသည်။ သူမ၏ လက်ဖဝါးမှာ မြင့်တက်လာပြီး ကျောက်ကြွယ်ကျုံး၏ လက်ချောင်းကို ပိတ်ဆို့ရန် ကြိုးပမ်းလိုက်သည်။

လီဟမ်ရှန်း၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

သူက လုရှီရန်ကို အဝေးသို့ တွန်းဖယ်လိုခဲ့၏။

လုရှီရန်ကို သူမနှစ်သက်သော်လည်း ထိုမိန်းကလေးက သူ့ကြောင့် သေဆုံးသွားမည်ကိုတော့ မလိုလားပါချေ။

သူ့အရှေ့တွင် လုချောင်းချောင်းက ထွက်သွားသည်ကို မြင်ခဲ့သည်။ နောက်ထပ်မိန်းကလေးတယောက် သူ့ကြောင့် သေဆုံးရမည်ကို အဖြစ်မခံနိုင်ချေ။

သူမတွင် စွမ်းအားကြီးမားသည့် နတ်ခန္ဓာရှိသည်မှာ မှန်သော်လည်း အဆင့်မြင့်ဆရာသခင်အဆင့်သို့ ရောက်နေသော ရန်သူနှင့် ရင်ဆိုင်ရသော် သူမ၏ နတ်ခန္ဓာလည်း ကယ်နိုင်လိမ့်မည် မဟုတ်ပါချေ။

‘ရွှီးးးးးး’

ဓားချီတခု…

ရွှေရောင်ဓားတလက်….

ထက်ရှသောဓားအရှိန်အဝါတခုသည် လေထုထဲရှိ လက်ချောင်းကို တစစီကြေမွသွားစေခဲ့သည်။

ဝုန်းးးး

ကောင်းကင်ထက်မှ ရွှေရောင်ဓားရှည်တလက်မှာ လေထုကို ထိုးခွဲကာ ရောက်ရှိလာသည်။ သူ၏ ဦးတည်ချက်မှာ ကျောက်ကြွယ်ကျုံးပင် ဖြစ်သည်။

ကျောက်ကြွယ်ကျုံး အမူအရာပျက်သွားတော့၏။

သူ့အနောက်တွင် တုတ်ရှည်တချောင်းထွက်ပေါ်လာကာ လေထုထဲသို့ တုတ်ရှည်ကို လွှဲရမ်းပြီး ဓားကို ပိတ်ဆို့လိုက်သည်။

အုန်းးးး

ကျောက်ကြွယ်ကျုံးမှာ ဟိုးအဝေးသို့ လွင့်ပျံသွားခဲ့၏။

“ဟမ့်… အတင့်ရဲလိုက်တာ”

All Chapters