အခန်း (၁၈၃)
Vol. 18 Ch. 183
"ပြောပါ။" လုရှီရန်သည် တစ်ဖက်သို့ စောင်းငဲ့ကြည့်လိုက်သည်။
"ငါ့ရဲ့နတ်စွမ်းအားကိုယ်ထည်အကြောင်း ဘယ်သူ့ကိုမှ မပြောပါနဲ့။"
"ကောင်းပါပြီ…." လုရှီရန်က သဘောတူလိုက်သည်။
"ဒါ့အပြင် လောလောဆယ် မင်းရဲ့ ရတနာခုနစ်ပါးသလင်းကျောက်ဆေးလုံးကို ငါစားခဲ့တာ ဘယ်သူ့ကိုမှ မပြောဘဲ နေပေးနိုင်မလား။ အထူးသဖြင့် မင်းရဲ့ဆရာပေါ့။ သူ့ကို ဘယ်တော့မှ မပြောပါနဲ့။ မင်းရဲ့ ရတနာခုနစ်ပါး သလင်းကျောက်ဆေးလုံးကို အနာဂတ်မှာ ငါပြန်ပေးပါမယ်။" ထိုအကြောင်းကို စဉ်းစားပြီးနောက် လီဟမ်ရှန်းသည် လုရှီရန်အား မည်သူ့ကိုမျှ ပြောခွင့်မပြုရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ ဤသတင်းသာ ထွက်လာလျှင် လီဟမ်ရှန်းမှာ သူ့အကျိုးဆက်များ မည်မျှပင် စက်ဆုပ်ဖွယ်ကောင်းသည်ကို တွေကြည့်နိုင်ပေသည်။ အထူးသဖြင့် လုဟန်ရန်သာ သိလျှင် သူ့အား အပိုင်းပိုင်း ဆုတ်ဖြဲပစ်ပေလိမ့်မည်။"
ထိုအကြောင်းကို မသိရှိမိတွင် ရတနာခုနစ်ပါး သလင်းကျောက်ဆေးလုံးကို ရယူပြီး ခက်ထန်သော ဤအမျိုးသမီးအား ပြန်လည်ပေးအပ်ရန် အတတ်နိုင်ဆုံး ကြိုးစားသင့်သည်။
သို့ရာတွင် လီဟမ်ရှန်း ခေါင်းခဲနေပေ၏။
သူ၏အကြံအစည်သည် ရိုးရှင်းသော်လည်း ရတနာခုနစ်ပါးသလင်းကျောက်ဆေးလုံးကို မည်သည့်နေရာမှ ရနိုင်မည်နည်း။
ထိုအရာသည် သူတတ်နိုင်သော အရာမဟုတ်ပေ။ စန်းယွမ်နယ်မြေတစ်ခုလုံးတွင်ပင် ၎င်းကို ရောင်းချရန် မဖြစ်နိုင်ပေ။
"ကျွန်မ မပြောပါဘူး။"
လုရှီရန်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလေ၏။
လီဟမ်ရှန်းသည် ခေါင်းကို ငြိမ့်ပြရင်း သူ့မျက်လုံးများကိုမှိတ်ထားကာ ကနဦးအဆင့်သို့ရောက်ပြီးနောက် သူ၏နတ်စွမ်းအားကိုယ်ထည်အတွင်း အပြောင်းအလဲများကို ခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်က အရင်ကထက် အများကြီး ပိုသန်မာလာပေသည်။ အထူးသဖြင့် သူ့သွေးကြောများမှာ သုံးဆယ့်သုံးခုအထိ တိုးလာသည်။
ဤမျှကြီးမားသောအတိုင်းအတာသည် လီဟမ်ရှန်း မမျှော်လင့်ထားသည့်အရာဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူ၏ပြန်လည်နာလန်ထူနိုင်စွမ်းသည်လည်း ပို၍ ပို၍ အားကောင်းလာသည်။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ ဖြတ်လတ်မှုသည် နေလအင်မော်တယ်နတ်ဆိုးကိုယ်ထည်၏ အကြီးမားဆုံး မှီခိုအားထားရာဖြစ်ပြီး သူ၏ဒဏ်ရာများ ယခင်ကထက် ပိုမိုမြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။
အသက်တစ်ခါရှုတိုင်း ပြန်လည် သက်သာလာပေ၏။
နတ်စွမ်းအားကိုယ်ထည်သည် အသေးအမွှားဖြစ်လာပြီးနောက်တွင်ဖြစ်စေ အဓိကဖြစ်လာပြီးနောက်တွင်ဖြစ်စေ မည်သို့သောပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို လီဟမ်ရှန်း မသိခဲ့ချေ။
တစ်ချိန်တည်းမှာပင် လီဟမ်ရှန်းသည် သူ၏ လက်ရှိခန္ဓာကိုယ်ကို မှန်းဆကြည့်သည်။ အကယ်၍ သူသည် အင်မော်တယ်အရှင်သခင်လှံကို အသုံးပြုမည်ဆိုပါက လှံဆယ်ချက်ထက် ပိုသုံးနိုင်မည်ဟု ခန့်မှန်းထားသည်။ ၎င်းမှာ သီအိုရီမျှသာဖြစ်ပြီး လီဟမ်ရှန်းကိုယ်တိုင်က ၎င်းကို မစမ်းသပ်ရသေးပေ။ သူတိုက်လေလေ သူ့တိုက်ကွက်၏ စွမ်းအားများ အားကောင်းလေလေဖြစ်သည်။ လီဟမ်ရှန်းသည် ၎င်းအား မည်မျှ သန်မာနိုင်သည်ဆိုသည်ကို မည်သည့်အခါမှ မစမ်းသပ်ခဲ့ဖူးသဖြင့် အတိအကျ မပြောနိုင်ပေ။
တစ်ချိန်တည်းမှာပင် လီဟမ်ရှန်းသည် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ဝင်ရောက်သွားပြီး သူ၏အတွင်းပိုင်းခွန်အားသည်လည်း များစွာတိုးလာခဲ့သည်။ ထို့အပြင် ပြန်လည်မွေးဖွားခြင်းအဆင့်မှ ပြီးပြည့်စုံသောအဆင့်သို့ တက်လှမ်းလာခြင်း၏ တိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုသည် အတွင်းစွမ်းအား၏ လည်ပတ်မှုကို မြန်ဆန်စေသည်။
လီဟမ်ရှန်းသည် ယခုအခါတွင် သူ့ခန္ဓာကိုယ်အတွင်း၌ ပျံ့နှံ့နေသည့် အဆုံးမဲ့လှသည့် အတွင်းအားထောက်ပံ့မှုကို ရရှိနေသကဲ့သို့ ခံစားရသည်။ အမွှေးတိုင်တစ်ဝက်နီးပါး ကုန်ဆုံးချိန်တွင် စက်ဝိုင်းငယ်တစ်ခု ပြီးမြောက်နိုင်ခဲ့ပေသည်။
ထိုခံစားချက်က အလွန်သက်တောင့်သက်သာရှိသည့်အတွက် သူ့ကို ပိုကြာကြာတိုက်နိုင်စေပြီး သူ့ကြီးထွားမှုကို တဖြည်းဖြည်း တိုးတက်လာစေပေ၏။
ယင်းသည် အားစိုက်၍ ကျင့်ကြံရန် မလိုအပ်ဟု ဆိုနိုင်ပေသည်။ လီဟမ်ရှန်းအနေဖြင့် နေ့တိုင်း လှဲလျောင်းပြီး အိပ်နေမည်ဆိုလျှင်ပင် ပြန်လည်မွေးဖွားခြင်း ပြီးပြည့်စုံခြင်းအဆင့်သို့ ချောမွေ့စွာ ဝင်ရောက်နိုင်မည် ဖြစ်သည်။
"ပြန်လည်မွေးဖွားခြင်း ပြီးပြည့်စုံခြင်းအဆင့်ကိုဝင်ရောက်ပြီးရင် မင်းခန္ဓာကိုယ်ထဲက စွမ်းအားစက်ဝန်းငယ်ဟာ အလိုအလျောက် လည်ပတ်နေလိမ့်မယ်။ မင်းအဲ့ဒါကို ခံစားမိလား။"
လီဟမ်ရှန်းက သူ့ဘေးနားရှိ လုရှီရန်ကို မေးသည်။ လုရှီရန်သည်လည်း ပြန်လည်မွေးဖွားခြင်း ပြီးပြည့်စုံခြင်းအဆင့် သို့ ဝင်ရောက်ခဲ့ပြီးဖြစ်သောကြောင့် ၎င်းကို ခံစားမိရပေမည်။
"အင်း…" လုရှီရန် ခေါင်းညိတ်လိုက်သည်။
"စက်ဝန်းတစ်ခါပတ်ဖို့ ဘယ်လောက်ကြာလဲ။" လီဟမ်ရှန်းသည် သူ၏ သိလိုစိတ်ကို ထိန်းမရဘဲ ပါရမီရှင်တစ်ယောက်ကြား ကွာဟချက် မည်မျှကြီးမားသည်ကို သိချင်လာသည်။
သူ့အနေဖြင့် စက်ဝန်းတစ်ကြိမ်ပြည့်ဖို့ အမွှေးတိုင်တစ်ဝက်စာ အချိန်ယူခဲ့ရသော်လည်း လုရှီရန်၏ ကျင့်ကြံမှုစွမ်းရည်က သူ့ထက် အများကြီးသာလွန်ပေ၏။
လီဟမ်ရှန်း၏ ခန့်မှန်းချက်အရ လုရှီရန်သည် လက်ဖက်ရည်ခွက်တစ်ဝက်စာအချိန်တွင် တစ်ကြိမ် လည်ပတ်နိုင်မည်ဖြစ်သည်။
"စက်ဝန်းတစ်ခါပတ်ဖို့ ဘယ်လောက်ကြာလဲတဲ့လား…." လုရှီရန်က ပေါ့ပါ့ပါးပါး ပြောလိုက်သည်။ "ကျွန်မ သိပ်အာရုံမစိုက်မိဘူး။ စမ်းကြည့်ကြတာပေါ့။"
ထိုစကားကိုပြောပြီးနောက် လုရှီရန် တိတ်ဆိတ်သွားသည်။
ထို့နောက် လုရှီရန်သည် နှုတ်ခမ်းလေးကို ဟကာ ခွန်းတုံ့ပြန်သည်။ "အင်း….အသက်သုံးရှိုက်လိုက်ကြာတယ်။"
"ယောကျ်ား….ရှင်ရော…"
လုရှီရန်က ခေါင်းလှည့်ပြီး မေးသည်။
"ငါ..."
"ကြောင်တောင်တောင် မေးခွန်းတွေမေးတာ ရပ်လိုက်တော့….ကလေးမ။" လီဟမ်ရှန်းမှာ စကားအလွန်ရှည်မိသောကြောင့် သူ့ကိုယ်သူ ပါးရိုက်ချင်မိသည်။ မိမိကိုယ်ကို အခြားသူများနှင့် နှိုင်းယှဉ်ခြင်းသည် အမှန်တကယ်ပင် စိတ်ပျက်စရာကောင်းပေသည်။
လီဟမ်ရှန်းသည် အမွှေးတိုင်တစ်ဝက်စာအချိန်တွင် တစ်ကြိမ်သာ လည်ပတ်နိုင်သော်လည်း လုရှီရန်မှာ အသက်သုံးရှိုက်လျှင် တစ်ကြိမ် လည်ပတ်နိုင်ပေ၏။
လုရှီရန် အကြိမ်ရာချီ လည်ပတ်ပြီးချိန်တွင် လီဟမ်ရှန်းမှာ တစ်ပတ်သာ လည်နိုင်မည်ဖြစ်သည်။
သူ မည်သို့ယှဉ်နိုင်မည်နည်း။
"စကားမစပ်….ရတနာခုနစ်ပါးသလင်းကျောက် ဆေးလုံးနဲ့ ပတ်သတ်ပြီး…." လုရှီရန်က ခေါင်းကိုလှည့်ပြီး လီဟမ်ရှန်းကို လေးလေးနက်နက်စိုက်ကြည့်လေသည်။
ရှင်ကျွန်မကိုပြန်ပေးစရာ မလိုဘူး။ ရှင့်အတွက် ကျွန်မရဲ လက်ဆောင်တစ်ခုပဲ။ ရှင့်ဆီက ပြန်ရဖို့ ကျွန်မ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး။ ကျွန်မက ကွမ်ကျူနန်းတော်ကို ကျွန်မ ပြန်ရောက်တဲ့အခါ နောက်ထပ်တောင်းလို့ရသေးတယ်။"
"မဟုတ်ဘူး ငါပြန်ပေးရမယ်။" လီဟမ်ရှန်းသည် ဆုံးဖြတ်ချက် အလွန်ခိုင်မာပေ၏။ သူပြန်မပေးလျှင် လုရှီရန်၏ ဆရာဖြစ်သူက သူ့အား ဝါးစားပေလိမ့်မည်။
ဒါ့အပြင် ရတနာခုနစ်ပါးသလင်းကျောက်ဆေးလုံးက ဂေါ်ဖီထုပ်လို တွေ့ရလွယ်တယ်လို့ မင်းထင်နေတာလား။ ကွမ်ကျူနန်းတော်က အဲ့ဒါကို ထပ်ပေးနိုင်တယ်လို့ မင်းထင်နေတာလား။
ကွမ်ကျူနန်းတော်ကသာ ငါ့ကို မင်းလို ခပ်ပေါ့ပေါ့ အမျိုးသမီးငယ်လေးက သူ့ရဲ့ ရတနာခုနစ်ပါးသလင်းကျောက်ဆေးလုံးကို ပေးလိုက်ပြီဆိုတာ သိခဲ့ရင် သူငါ့ဆီကနေ ပြန်လည်သန့်စင်ယူလိမ့်မယ်။
"ဘာလို့ကျွန်မကိုပြန်ပေးရမှာလဲ။" လုရှီရန်က လီဟမ်ရှန်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ရှင်က ကျွန်မကို ချစ်ခြင်းမေတ္တာသင်္ကေတတစ်ခု ပေးခဲ့တာဆိုတော့ ကျွန်မလည်း ရှင့်ကို တစ်ခုပေးသင့်တယ်လေ။ ကျွန်မတို့ လက်ဆောင်တွေ လဲလှယ်ကြတာပေါ့။ ချစ်သူနှစ်ယောက်ဟာ အဲ့လိုလုပ်ကြတယ်လို့ ကျွန်မဆရာ ပြောဖူးတယ်။"
"ငါတို့မှာ ဒီလိုဆက်ဆံရေးမျိုးမရှိဘူးလို့ မင်းကိုငါပြောထားတယ်လေ။ ဘယ်သူက မင်းကို ခံဝန်ကတိတွေ ပေးထားလို့လဲ။" လီဟမ်ရှန်းက ကူကယ်ရာမဲ့စွာ ပြောသည်။
"မင်းနားလည်အောင် ငါဘယ်နှစ်ခါပြောရမလဲ။"
"ကျွန်မ နားမလည်ဘူး။"လုရှီရန်က ခေါင်းခါလိုက်သည်။ "ဆရာပြောခဲ့တာတွေက မမှားနိုင်ဘူးဆိုတာတော့ ကျွန်မသိတယ်။"
"ဒါ့အပြင် ငါမင်းကို အချစ်သင်္ကေတလက်ဆောင် ဘယ်တုန်းက ပေးခဲ့လို့လဲ။" လီဟမ်ရှန်းက မျက်လုံးပြူးကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ဒီမှာလေ…" လုရှီရန်သည် သူမ၏လက်ကို မြှောက်လိုက်ပြီး သွေးလိပ်ပြာငယ်လေးသည် ထိုနေရာတွင် ရှိနေကာ ၎င်း၏သေးငယ်သော အတောင်ပံများကို ခတ်နေပြီး အလွန်ချစ်စရာကောင်းလှပေသည်။ "ဒါကို ကျွန်မ ရှင့်ဆီက တောင်းခဲ့ပြီး ရှင်ကျွန်မကိုပေးခဲ့တာလေ။ ဒါက အချစ်သင်္ကေတမဟုတ်ဘူးလား။"
"မဟုတ်ဘူးလို့ ငါမင်းကိုပြော…." လီဟမ်ရှန်း ညည်းညူနေသော်လည်း လုရှီရန်၏လက်ထဲတွင် သွေးလိပ်ပြာကိုတွေ့လိုက်သောအခါ သူ့အသံရုတ်တရက်ရပ်သွားသည်။ သူ့မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားလေ၏။
"မင်းက အရူးပဲ…." လီဟမ်ရှန်းသည် လုရှီရန်လက်ကို မြှောက်လိုက်ပြီး သွေးလိပ်ပြာကို ရိုက်ချလိုက်သည်။
ထိုအချိန်တွင် လုရှီရန်သည် အလွန်အံ့သြသွားပေသည်။
"ရှင်ဘာလုပ်နေတာလဲ။" လုရှီရန်က သူ့ကို စိုက်ကြည့်နေလေ၏။ "ရှင်က လူဆိုးပဲ။ ရှင်က ကျွန်မတို့ရဲ့ ချစ်ခြင်းမေတ္တာ သင်္ကေတကို ဖျက်ဆီးပစ်ခဲ့တာ။ ရှင်ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ရှင်ကျွန်မကို စွန့်လွှတ်ရဲရင် ကျွန်မ ရှင့်ကို တကယ်သတ်ပစ်မယ်"
"ရှေ့ကဖယ်ပေးပါ။" လီဟမ်ရှန်းက လုရှီရန်ကို တွန်းထုတ်လိုက်သည်။ "အဲ့ဒီအရာက တစ္ဆေမျိုးနွယ်တွေကို ဆွဲဆောင်နေလိမ့်မယ်။ မင်းမသိဘူးလား။ မင်း သိမ်းထားတုန်းပဲလား။ ငါတို့ မြန်မြန်သေဖို့ မင်းတွေးနေတာလား။"
လီဟမ်ရှန်း၏ ပြောစကားကို ကြားသောအခါ လုရှီရန်လည်း အံ့အားသင့်သွားသည်။ လက်ဖဝါးထဲက သွေးစိမ်းအိုင်ကို ကြည့်ရင်း နှုတ်ခမ်းလေးကို ဖိကိုက်လိုက်သည်။ "ဒါပေမယ့် တစ်ချိန်က သူချစ်တဲ့ ယောက်ျားက သူ့ကို အချစ်သင်္ကေတအဖြစ် ပေးခဲ့တဲ့ ဆံညှပ်ကို ကျွန်မရဲ့ဆရာက ပြဖူးတယ်။ သူက ရတနာတစ်ခုလို ကောင်းကောင်းမွန်မွန် တန်ဖိုးထားပြီး သိမ်းထားခဲ့တာ။ ကျွန်မကိုတောင် အထိမခံဘူး။"
"အဲ့ဒီသွေးလိပ်ပြာက ရှင်ကျွန်မကို ပထမဆုံး ပေးခဲ့တဲ့ အရာတစ်ခုပဲ ယောက်ျား။ ကျွန်မ အဲဒါကို အကြာကြီး သိမ်းထားချင်တယ်။" လုရှီရန်သည် ဤအခိုက်အတန့်တွင် အနည်းငယ် တိတ်ဆိတ်နေပုံရသည်။
သူမ၏စကားများသည် လီဟမ်ရှန်းအား ဆွံ့အသွားစေသည်။
ဒီအရူးမလေးက ဘာကိုမှ ရှင်းရှင်းလင်းလင်း နားမလည်ဘူးပဲ။ အချစ်ဆိုတာ ဘာလဲဆိုတာ သူမ နားမလည်သလို ဒီအရာတွေရဲ့ အဓိပ္ပါယ်ကိုလည်း သူ နားမလည်ဘူး။ သူက လုဟန်ရန်ရဲ့ လွှမ်းမိုးမှုတွေခံရပြီး အချစ်ဦးနှောက်အတုကြီး ဖြစ်လာခဲ့တာပဲ။
ခံစားချက်တွေကို သူမ ရှင်းရှင်းလင်းလင်း နားမလည်ဘူး။
ဒါပေမယ့် သူမဟာ အချစ်နဲ့ပတ်သက်တဲ့ ထူးဆန်းတဲ့အမြင်ရှိတယ်။
လီဟမ်ရှန်းမှာ ကျိန်ဆဲချင်သော်လည်း ဘာပြောရမှန်းမသိတော့ချေ။
လုရှီရန်ကို တွန်းထုတ်လိုက်ရာ မြေပြင်ပေါ်သို့ လဲကျသွားသည်ကိုမြင်လိုက်ရသောအခါ လီဟမ်ရှန်း အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
သူမသည် သူ့အတွက် အဖိုးအတန်ဆုံးသော ရတနာခုနစ်ပါးသလင်းကျောက်ဆေးလုံးကို စားရန် ပေးခဲ့သည်။ သူအဆင့်ဖြတ်ကျော်နေစဉ်အတွင်း သူ့ကိုကာကွယ်ရန် သူမသည် ပြန်လည်မွေးဖွားခြင်း ပြီးပြည့်စုံခြင်းအဆင့်သို့ဝင်ရောက်ရန် သူ့ကိုယ်သူ အတင်းအကြပ်ဖိအားပေးကာ ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထပ် တစ္ဆေမျိုးနွယ် နှစ်ယောက်ကို တိုက်ခိုက်ခဲ့သည်။
လီဟမ်ရှန်း သူ့ကိုယ်သူသာ သတိပေးနေရပေသည်။ "ဒီကောင်မလေးက အရူး…အရူးမလေးပဲ။ သူ့အဆင့်ကို အောက်ကျမခံနဲ့။ သူ့အဆင့်ကို အောက်ကျမခံနဲ့ …”
"ထားလိုက်ပါတော….မင်းဒဏ်ရာက ဘယ်လိုနေလဲ။ ပြင်းထန်လား။" လီဟမ်ရှန်း ချဉ်းကပ်လာပြီး မေးသည်။
"ကျွန်မ မသေပါဘူး။" လုရှီရန်သည် အနည်းငယ် စိတ်ဆိုးနေပုံရသည်။
သူမ စကားလုံးများအတိုင်းမဟုတ်ဘဲ လုရှီရန်၏ဒဏ်ရာသည် အမှန်တကယ်ပြင်းထန်ကြောင်း လီဟမ်ရှန်းမြင်ခဲ့သည်။ ယခုက အဆင့် အတင်းဖြတ်ကျော်ပြီးနောက် သူမသည် တစ္ဆေမျိုးနွယ်စွမ်းအားရှင်နှစ်ယောက်ကို တိုက်ခိုက်ခဲ့သည်။ ထို့အပြင် သူမ၏ ကျူထျန်း ကြယ်နတ်ဘုရားကိုယ်ထည်သည် သူနှင့်မတူဘဲ သူမ၏ ကာယကြံ့ခိုင်မှုနှင့် ပြန်လည်ရယူနိုင်စွမ်းသည် သာမန်လူများထက် များစွာမသန်မာပေ။
သူမ၏ ဒဏ်ရာက အတော်လေး ပြင်းထန်ပြီး အနားယူသင့်ပုံပေါ်ပေသည်။
သို့သော်လည်း ယခုအချိန်တွင် လီဟမ်ရှန်းနှင့် လုရှီရန် နှစ်ဦးစလုံးသည် အဝေးဆီသို့ ရုတ်တရက် မျှော်ကြည့်နေကြသည်။
ထိုအချိန်တွင် မြေပြင်မှ တဟုန်ထိုး မြည်သံ ထွက်ပေါ်လာပြီး ခြေသံများစွာ ထွက်ပေါ်လာလေ၏။