အခန်း (၁၈၅)
Vol. 18 Ch. 185
လီဟမ်ရှန်းသည် အိပ်မက်ရှည်ကြီးမက်နေသကဲ့သို့ ခံစားရပေသည်။
သူသည် အရာများစွာနှင့် လူများစွာကို အိပ်မက်မက်ခဲ့သည်။
သူ့ငယ်ဘဝ၊ သူ့အဖေနှင့် သူ့အမေကိုပင် အိပ်မက်မက်ခဲ့သည်။
အရာအားလုံးဟာ လက်တွေ့ဘဝတွင် ဖြစ်နေသလို ခံစားရသည်။
သို့သော် လီဟမ်ရှန်းသည် သူ့အမေမျက်နှာကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ ကြိုးစားသည့်အခါ သူမမှတ်မိတော့ဘဲ သူ့အနားကနေ တဖြည်းဖြည်း ဝေးဝေးသွားလေ၏။
"သား ကောင်းကောင်းကြီးပြင်းရမယ်။ ကောင်းကောင်းစားပြီး သာမာန်ဘဝနဲ့နေနိုင်ရမယ်။ သားရဲ့ဇာစ်မြစ်ကိုမရှာနေပါနဲ။ အမေက မင်းဘေးမှာမရှိပေမယ့် သားကိုအမြဲကာကွယ်ပေးနေတယ်..."
အသံမှာ လက်တစ်ကမ်းအနီးတွင် ဖြစ်သော်လည်း ဝေးသွားပြန်၏။
လီဟမ်ရှန်းသည် ထိုအသံကို ဆုပ်ကိုင်ထားချင်သော်လည်း သူမည်မျှပင် ပင်ပင်ပန်းပန်း ကြိုးစားနေပါစေ အသံသည် မှေးမှိန်သွားခဲ့သည်။
နောက်အခိုက်အတန့်တွင် လီဟမ်ရှန်း ဆတ်ခနဲ ထထိုင်လိုက်သည်။
သူသည် အရာအားလုံးမှာ အိပ်မက်တစ်ခုဖြစ်ကြောင်း သဘောပေါက်ကာ ရှေ့ကို စိုက်ကြည့်နေမိသည်။
သို့သော် အိပ်မက်မှာ လက်တွေ့ဘဝဆန်လွန်းလှသည်။
သူ့အမေအသံကို သူကြားခဲ့ရပုံပေါ်သည်။ ဒါအမေ့အသံများလား…။
"ခဏနေပါဦး… ငါဘယ်မှာလဲ။" လီဟမ်ရှန်း လှည့်ပတ်ကြည့်သည်။ တဲအတွင်း၌ ပျော့ပျောင်းသော စောင်ပေါ်တွင် လဲလျောင်းနေပေ၏။ စခန်းကို ပြန်ရောနေပြီလား။
လီဟမ်ရှန်း မမှတ်မိတော့ချေ။ ကန့်သတ်နယ်မြေအစွန်းကို မြင်လိုက်ရသည့်အခိုက်မှာပင် ဘာမှ မတွေးမိတော့ဘဲ ပြေးထွက်လာမိသည်။
တဲကန့်လန့်ကာကို ပြန်ဆွဲလိုက်ရာ လီဟမ်ရှန်းသည် သိပ်မရင်းနှီးသောနေရာကို တွေ့လိုက်ရသည်။
"နိုးပြီလား…"
ချိုသာသော အသံတစ်ခု ထွက်ပေါ်လာသည်။
လီဟမ်ရှန်းသည် မလှမ်းမကမ်းတွင် မီးမွှေးနေသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးသည် လုဟန်ရန်ထက်ပင် အံ့မခန်း လှပသည်။ လီဟမ်ရှန်းက သူမကို အသိအမှတ်ပြုပြီး ဦးညွှတ်လိုက်သည်။
" ကျွန်တော့်အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်သမီးစုန့်…. "
"ငါက မင်းကို ကယ်ခဲ့တဲ့သူပဲ။"
ထိုအချိန်တွင် အပြင်ဘက်မှ အခြားလူတစ်ယောက် ဝင်လာသည်။
ခါးတွင်ဓားတစ်ချောင်းဆွဲထားသည့် လီဟမ်ရှန်းနှင့် ရွယ်တူလူငယ်တစ်ယောက်က တံခါးမှ ဝင်လာလေ၏။
သူက လီဟမ်ရှန်းကိုပြုံးပြီးပြောသည်။
"မင်းတကယ်ကြီးအိပ်နိုင်တာပဲကွာ။ မင်းတစ်နေကုန်တစ်ညလုံးအိပ်နေတာ။ ဒါပေမယ့် မင်းရဲ့ ပြန်ကောင်းနိုင်စွမ်းနဲ့ မင်းရဲ့ခန္ဓာကိုယ်ကကြံ့ခိုင်တယ်။ မင်းဒဏ်ရာတွေပြင်းထန်မယ့် ခဏလေးနဲ့ သက်သာသွားတယ်။ မင်း ရက်ပိုင်းလောက်တော့ အိပ်ယာပေါ် လှဲနေရလိမ့်မယ် ထင်တယ်။"
"အာ….မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။" လီဟမ်ရှန်းက သူ့ကို အမြန်ကျေးဇူးတင်လိုက်သည်။
"ငါ့နာမည်က ယင်ချန်းလီပါ။" ယင်ချန်းလီက ပြောသည်။"မင်းကို ရှေးဟောင်းတာအိုတောင်တန်းမြေဆီ ပို့သင့်ပေမယ့် မင်းဒဏ်ရာက အရမ်းပြင်းထန်တာမို့ မင်းကိုပြန်မပို့ခင် အရင်ကုသတာက ပိုကောင်းလိမ့်မယ်လို့ ငါ့ဆရာက တွက်ဆခဲ့တယ်။"
"မင်းရဲ့ဒဏ်ရာတွေက သက်သာလုနီးပါးဖြစ်နေပါပြီ။" မူချင်းကော ချဉ်းကပ်လာသည်။
"မင်းရဲ့ ခန္ဓာကိုယ်က ငါမြင်ဖူးသမျှထဲမှာ အထူးခြားဆုံးပဲ။ အဲဒါ နတ်စွမ်းအားကိုယ်ထည်လား။"
၎င်းကိုကြားသောအခါ လီဟမ်ရှန်း၏ သူငယ်အိမ်များ ကျုံ့သွားပြီး သူ့မျက်လုံးထဲတွင် သတိပြုစရာ အရိပ်အမြွက်များ ယှက်သန်းလာသည်။
"စိတ်မပူပါနဲ့။ ငါ ဘယ်သူ့ကိုမှ မပြောပါဘူး။" မူချင်းကောသည် နတ်စွမ်းအားကိုယ်ထည်အကြောင်း တခြားသူများကို အသိပေးဖို့ ဝန်လေးနေပုံပေါ်သည်ကို တွေ့သောအခါ ယင်ချန်းလီကလည်း ပြောသည်။
"ငါလည်း မပြောပါဘူး။" ယင်ချန်းလီသည် ပြုံးလျက် ထိုင်ချလိုက်ပြီး "ဒါ့အပြင် ငါလည်း နတ်စွမ်းအားကိုယ်ထည်တစ်မျိုးဖြစ်တဲ့ ရွှမ်မူ နတ်စွမ်းအားကိုယ်ထည်ကို ပိုင်ဆိုင်ထားတယ်လေ။"
"ပါးစပ်ပိတ်ထား။" မူချင်းကောက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းရဲ့ နတ်စွမ်းအားကိုယ်ထည်က ခွေးတစ်ကောင်လောက်တောင် မတန်ဘူး။"
"ပြီးပြည့်စုံကောင်းမွန်တဲ့ ရွှမ်မူကိုယ်ထည်ရှိတာတောင် အားနေ ဓားသိုင်းပဲ ကျင့်နေတာပဲ၊ ဘယ်လောက်တောင်မှ စိတ်ပျက်စရာကောင်းတာလဲ”
"ဟား…ဟား…" ယင်ချန်းလီက ခေါင်းကုတ်ပြီး ရယ်မောလိုက်သည်။
သူတို့နှစ်ယောက်ကို မြင်လိုက်ရသောအခါ လီဟမ်ရှန်းလည်း စိတ်အေးလက်အေး ဖြစ်သွားသည်။ ထိုစဉ် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားမိလေသည်။ "စကားမစပ် ကျွန်တော်နဲ့အတူပါလာတဲ့ လုရှီရန်ရော…"
လီဟမ်ရှန်းနိုးလာကတည်းက လုရှီရန်ကို မတွေ့ရသေးပေ။
တိုက်ပွဲအပြီးတွင် လီဟမ်ရှန်းသည် တားမြစ်နယ်မြေမှ လွတ်မြောက်ရေးကိုသာ သိခဲ့ပြီး လုရှီရန်သူနဲ့အတူ ပါလာခြင်း ရှိမရှိကို သတိမပြုမချေ။
"စိတ်မပူပါနဲ့။ အဲ့ဒီကလေးမလေးကို ကွမ်လန်နန်းတော်က လုဟန်ရန်က ပြန်ခေါ်သွားပါပြီ။" မုချင်းကောက ပြောသည်။
"ဒါပေမယ့် ရောင်းရင်း….မင်းက တကယ်ကို အံ့သြစရာပဲ။" ယင်ချန်းလီက သဘောကျမှုအပြည့်နဲ့ ပြောလေ၏။
"မင်းအထဲမှာ မထင်မှတ်ထားတဲ့ တိုက်ပွဲတွေကို ကြုံခဲ့ရပေမယ့် တခြားတစ်ယောက်နဲ့ပါ လွတ်မြောက်အောင် လုပ်နိုင်ခဲ့တာ ငါမင်းကို တကယ်လေးစားတယ်။
မင်းမှာ တာဝန်ယူတတ်တဲ့ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ရှိတယ်။ ဒီတစ်ချက်တည်းနဲ့တင် ငါဆိုတဲ့ ယင်ချန်းလီက မင်းကို မိတ်ဆွေတစ်ယောက်အနေနဲ့ အသိအမှတ်ပြုပါတယ်။ ဒါနဲ့ မင်းနာမည်ကရော….."
"လီဟမ်ရှန်း…" လီဟမ်ရှန်းကလည်း သူ့နာမည်ကို ပြောပြသည်။
"လီဟမ်ရှန်း…." ယင်ချန်းလီ ရုတ်တရက် အံ့အားသင့်သွားလေသည်။ "ဒီနာမည်က ဘာလို့ အရမ်းရင်းနှီးနေရတာလဲ။"
မူချင်းကောလည်း အနည်းငယ် အံ့သြသွားသည် ။
ဆေးဘုရင်တောင်ကြားသည် ရှေးဟောင်းတာအိုတောင်တန်းမြေနှင့်အတော်လေးဝေးကွာပြီး မူချင်းကောသည် လူစည်ကားသောနေရာများကို နှစ်သက်သူ မဟုတ်ချေ။
ထို့ကြောင့် ကွမ်လန်နန်းတော်နှင့် လီဟမ်ရှန်းနှင့် ပတ်သက်၍ လီချန်ချင်းတို့ ပဋိပက္ခဖြစ်သောအခါ မုချင်းကောသည် သိပ်ဂရုမစိုက်သဖြင့် သူ့ရှေ့မှလူသည် လီဟမ်ရှန်းဖြစ်ကြောင်း မသိခဲ့ပေ။
မူချင်းကောသည် သူမရှေ့ရှိ လူငယ်သည် လီချန်ချင်း၏သားဖြစ်ကြောင်း ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
"အခု မှတ်မိပြီ…" ယင်ချန်းလီ အံ့သြတကြီး ပြောလေ၏။
"မင်းနာမည်က လီဟမ်ရှန်း….ဒါဆို မင်းအဖေက... "
ဘုန်း…..
ယင်ချန်းလီ စကားမဆုံးမီပင် မူချင်းကောက သူမလက်ကို မြှောက်ပြီး ရိုက်ချလိုက်ရာ ယင်ချန်းလီ လွင့်ထွက်သွားလေသည်။
လီဟမ်ရှန်းပင် အံ့အားသင့်သွားမိသည်။
"ဆရာ…ဘာလုပ်တာလဲ။" ယင်ချန်းလီသည် ပူလောင်နေသော မျက်နှာထားဖြင့် မူချင်းကောကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
"ခြင်တစ်ကောင်ရှိနေလို့ပါ။" မူချင်းကောက တည်ငြိမ်စွာပြောသည်။
"ဟင်…." ယင်ချန်းလီနှင့် မူချင်းကော နှစ်ယောက်စလုံး အံသြသွားကြသည်။ လူတွေတောင် အေးခဲသေနိုင်တဲ့ နေရာမှာ ခြင်ရှိနိုင်လို့လား။
သို့သော် ယင်ချန်းလီသည် မူချင်းကော၏ သေမင်းတမန်အကြည့်ကို မြင်သောအခါ လီချန်ချင်းသည် သူ့ကိစ္စရပ်နှင့်ပတ်သက်၍ လီဟမ်ရှန်းအား မပြောရန် ညွှန်ကြားခဲ့သည်ကို ရုတ်တရက် သတိရမိသည်။
နောက်ဆုံးတွင် ယင်ချန်းလီ သဘောပေါက်သွားလေ၏။
"သောက် ခြင်တွေကွာ…." ယင်ချန်းလီသည် ခြင်များကို မောင်းထုတ်သကဲ့သို့ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
လီဟမ်ရှန်း အနည်းငယ် အံ့သြသွားသလို ခံစားလိုက်ရသည်။ ထူးခြားလိုက်တဲ့ ဆရာနဲ့တပည့်ပဲ။
သို့သော် ယင်ချန်းလီသည် သူလေးစားနေသည့် ရှေးဟောင်းတာအိုတောင်တန်းမြေ၏ တပည့်သည် အမှန်တကယ်ပင် လီချန်ချင်း၏သားဖြစ်ကြောင်း ဘယ်သောအခါမှ မမျှော်လင့်ထားပေ။
လီချန်ချင်းကိုမူ ယင်ချန်းလီက နှလုံးသားထဲမှ လေးစားသူဖြစ်သည်။
သူ၏ လက်ရှိ ထူးကဲသော ဓားရှည်သည် လီချန်ချင်း၏ မျက်နှာသာပေးမှုကြောင့်သာ ဖြစ်သည်။
ရွှမ်မူဓားအား သူ့ဆီ ယူဆောင်လာပေးသည့်ကျေးဇူးမှာ အင်မတန် ကြီးမားလှပေ၏။
ယင်ချန်းလီအတွက် လီချန်ချင်းသည် ကျေးဇူးရှင်ကြီးဖြစ်သည် ။
သူကယ်တင်ခဲ့သူမှာ စီနီယာလီချန်ချင်း၏သားဖြစ်မည်ဟု မမျှော်လင့်ထားပေ။ ယင်ချန်းလီ အလွန်ဝမ်းသာသွားပြီး နောက်ဆုံးတွင် သူ့ကျေးဇူးရှင်အတွက် တစ်ခုခုလုပ်ပေးနိုင်ခဲ့ပြီ ဖြစ်၏။
"ငါတစ်ရက်နဲ့တစ်ညအိပ်နေခဲ့တာလား။" လီဟမ်ရှန်းသည် ယင်ချန်းလီပြောခဲ့သည့်စကားကို ရုတ်တရက် သတိရသွားသည်။
"ဟုတ်တယ် တစ်ညကုန်သွားပြီ။" ယင်ချန်းလီ ခေါင်းညိတ်လိုက်သည်။
"အာ…" လီဟမ်ရှန်းသည် အကြာကြီး အိပ်ပျော်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ဒါက ငွေရှာလမ်းကို နှောင့်နှေးစေတာပဲ မဟုတ်လား။
လီဟမ်ရှန်းတွင် အကြွေးများစွာ ပုံနေပြီ ဖြစ်သည်။
"မင်းဒဏ်ရာက မပြင်းထန်တော့ဘူး။ ချန်းလီကို ပြန်လိုက်ပို့ခိုင်းလိုက်မယ်။" မူချင်းကောက လီဟမ်ရှန်းကိုပြောသည်။
"ကျေးဇူးတင်ပါတယ် စီနီယာချင်းကော…" လီဟမ်ရှန်းက အမြန်ပြောလိုက်သည်။
"ငါ့ကို စီနီယာလို့မခေါ်ပါနဲ့။" မူချင်းကောက ရယ်လျက်ပြောလေသည်။ "ငါ့ကို အစ်မချင်းကောလို့ပဲ ခေါ်ပါ။"
"ဟမ်…"
လီဟမ်ရှန်း အံ့အားသင့်သွားသည်။ ချဉ်းကပ်ရခက်တယ်လို့ လာဟလသတင်းတွေထွက်နေတဲ့ မူချင်းကောက ပေါင်းသင်းရလွယ်တဲ့သူလား။
ဘာလို့ သူ့အပေါ် ဒီလောက် နူးညံ့ရတာလဲ။
"ထားလိုက်တော့ မင်းကို ပြန်ပို့မခိုင်းတော့ဘူး။" မူချင်းကောက ယင်ချန်းလီအား ပြောသည်။
"မင်းရှေးဟောင်းတာအိုတောင်တန်းမြေကို သွားပြီးတော့ သူ့ကို လာခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်ခိုင်းလိုက်…"
"ဟုတ်ကဲ့ပါ။" ထိုသို့ပြောပြီးနောက် ယင်ချန်းလီ ထွက်သွားလေ၏။
"ဒါကိုနားလည်ပေးပါ၊ တစ်စုံတစ်ယောက်က မင်းကိုပြန်ပို့ပေးလိုက်ရင် တခြားဂိုဏ်းတွေက အထင်လွဲသွားလိမ့်မယ်။
ငါတို့ရဲ့ ဆေးဘုရင်တောင်ကြားနဲ့ ရှေးဟောင်းတာအိုတောင်တန်းမြေက တစ်ခုခုကို စီစဉ်နေတယ်လို့ ထင်လိမ့်မယ်။ အခု တစ္ဆေနတ်ဆိုးစမ်းသပ်မှုဟာ တစ်ဝက်ကျော်ပြီးသွားပြီဆိုတော့ မလိုအပ်တဲ့ ရှုပ်ထွေးမှုတွေကို ရှောင်ရှားရမယ်။" မူချင်းကောက လီဟမ်ရှန်းကို ရှင်းပြသည်။
"အစ်မချင်းကော…အစ်မထပ်ပြောပြစရာ မလိုပါဘူး။ ကျွန်တော်နားလည်ပါတယ်။"
လီဟမ်ရှန်းက အကြောင်းပြချက်ကို ကျေကျေနပ်နပ် လက်ခံခဲ့သော်လည်း မူချင်းကောမှ သူ့အားပေးစွမ်းသည့် ခံစားချက်မှာ နွေးထွေးလှပေ၏။
ထိုခံစားချက်မျိုးသည် ဟန်ဆောင်နေပုံမပေါ်သည်။ သူမ၏မျက်လုံးများသည် အလွန်ရိုးသားပေသည်။
အဘယ်ကြောင့်မှန်း လီဟမ်ရှန်း မသိခဲ့ချေ။
မကြာသေးမီကမှ သူနှင့်တွေ့ဆုံခဲ့သော လူများအားလုံးသည် အဘယ်ကြောင့် သူ့အပေါ် အလွန်ရင်းနှီးနေကြသနည်း။ ဒီကမ္ဘာကြီးမှာ အချစ်တွေပြည့်နေခဲ့တာလား။
ချင်းလဲ့ဓားသခင်သည်လည်း သူ့အတွက် အလွန်ဖော်ရွေပြီး စုန့်နတ်သမီးသည်လည်း သူ့အတွက် အလွန်ဖော်ရွေလှသည်။
သူဘယ်တုန်းက အရမ်းသဘောကျစရာကောင်းတဲ့လူ ဖြစ်လာတာလဲ။
"စကားမစပ် အစ်မချင်းကော….ကျွန်တော် မေးစရာရှိတယ်။" လီဟမ်ရှန်း၏ မျက်နှာသည် လေးနက်လာသည်။
"မေးပါ။" မုချင်းကောက ပြုံးပြီး ပြောလိုက်သည်။
"အစ်မတို့ဆေးဘုရင်တောင်ကြားက ရတနာခုနစ်ပါး သလင်းကျောက်ဆေးလုံးကို သန့်စင်ပေးလား။" လီဟမ်ရှန်း သတိကြီးစွာ မေးလေ၏။ "ရတနာ ခုနစ်ပါး သလင်းကျောက်ဆေးလုံး…" မူချင်းကော မျက်ခုံးပင့်လိုက်သည်။ "ဒီစန်းယွမ်နယ်မြေမှာ လူအနည်းစုသာ ရတနာခုနစ်ပါးသလင်းကျောက်ဆေးလုံးကို ပြုပြင်မွမ်းမံနိုင်ပေမယ့် ကံကောင်းချင်တော့ ငါတို့ဆေးဘုရင်တောင်ကြားမှာ လုပ်နိုင်ခဲ့တယ်။"
"ရတနာ ခုနစ်ပါး သလင်းကျောက်ဆေးလုံးအတွက် ပစ္စည်းတွေရဖို့ လွယ်သလား။" လီဟမ်ရှန်းက ထပ်မေးလေ၏။
"ဒါပေါ့…မလွယ်ဘူးလေ။ မူချင်းကောက ခေါင်းယမ်းပြသည်။ "ရတနာ ခုနစ်ပါးကို သန့်စင်ဖို့ အသုံးပြုတဲ့ ပစ္စည်းတွေမှာ အထူးအဖိုးတန်တဲ့ ဆေးလုံးအများအပြားရှိတယ်။ ဒါပေမယ့် အဖိုးတန်ဆုံးက နဂါးသွေးအနှစ်ပဲ။ အဲ့ဒါက တကယ့်ရှားပါးရတနာပဲလေ။ ရတနာ ခုနစ်ပါးကို ပြုပြင်မွမ်းမံသန့်စင်ဖို့ နဂါးသွေးအနှစ်အနည်းဆုံး ခုနစ်စက် လိုအပ်တယ်။ ဒါပေမယ့် စန်းယွမ်နယ်မြေတစ်ခုလုံးမှာ နဂါးသွေးအနှစ်ခုနစ်စက်ကို ပိုင်ဆိုင်တဲ့ဂိုဏ်းတွေက ဖီးနစ်ငှက်မွေးဂိုဏ်းနဲ့ ဦးချိုတစ်ချောင်းမြင်းကို ရှာရသလိုကို ရှားပါးလွန်းတယ် "
"ဘာလို့ ရတနာ ခုနစ်ပါးသလင်းကျောက်ဆေးလုံးကို သန့်စင်ချင်တာလဲ။" မူချင်းကောက စိတ်ဝင်တစား မေးသည်။
"နဂါးသွေးအနှစ်ကို ဝယ်လို့ရလား။" လီဟမ်ရှန်းက မျှော်လင့်ချက် တဖျပ်ဖျပ်ဖြင့် မေးလေ၏။
"ဒါပေါ့။ အဲဒါကို ဝယ်လို့ရတယ်။ ထျန်ဟိုင်းမြို့တော်ရဲ့ ကောင်းမှုခန်းမမှာ ရှိတယ်။ ကောင်းမှုအမှတ်တွေနဲ့ လဲလှယ်လို့ရတယ်။" မူချင်းကော ခေါင်းညိတ်လိုက်သည်။
"ကောင်းမှုရမှတ် ဘယ်လောက်နဲ့ လဲလှယ်လို့ရလဲ။" လီဟမ်ရှန်း၏မျှော်လင့်ချက်သည် ဤအခိုက်အတန့်တွင် တောက်လောင်လာသည်။
သူ့မှာ အမှတ်များရှိလျှင် နဂါးသွေးအနှစ်နှင့် လဲလှယ်၍ ရပေ၏။
"တစ်စက်အတွက် ကောင်းမှတ်ရမှတ် နှစ်သိန်းလောက်ရှိတယ်ဆိုတာတော့ မှတ်မိတယ်။" မူချင်းကောက ခဏမျှ စဉ်းစားပြီး ပြန်ပြောလိုက်သည်။
ဝူး….
အေးစက်သည့် မိုးများ ရွာသွန်းချလိုက်သကဲ့သိုပင် ရှိလေ၏။
လီဟမ်ရှန်းသည် သေရန် ပြင်းပြသော တွန်းအားကို ခံစားလိုက်ရသည်။
နဂါးသွေးအနှစ်တစ်စက်တည်းအတွက် ကောင်းမှုအမှတ် နှစ်သိန်း….
အခြား အဖိုးတန်ပစ္စည်းများအတွက် ငွေကိုမဆိုထားနှင့် နဂါးသွေးအနှစ်ခုနစ်စက်အတွက်ပင် ကုသိုလ်ရမှတ် ဆယ့်လေးသိန်း ကုန်ကျမည်ဖြစ်ပြီး ၎င်းကို ပြုပြင်ရန် တစ်စုံတစ်ဦးကို ငှားရမ်းခလည်း ကုန်ကျမည်ဖြစ်သည်။
လီဟမ်ရှန်းမှာ လုရှီရန်ကို ကယ်တင်ခဲ့ခြင်းအတွက် နောင်တရနေမိတော့သည်။