အခန်း (၁၈၇)
Vol. 18 Ch. 187
"ဒုဂိုဏ်းချုပ်….ကျွန်တော်ပြန်ရောက်ပါပြီ။" လီဟမ်ရှန်းသည် ဂိုဏ်း၏အကြီးအကဲများနှင့် ရွှယ်ချမ်းပိုင်ထံသို့ အလျင်အမြန်သွားရောက်ခဲ့သည်။
ရွှယ်ချမ်းပိုင်က ခေါင်းညိတ်ပြသော်လည်း ဘာမှပြန်မပြောပေ။ လီဟမ်ရှန်းအဆင်ပြေကြောင်း ရွှယ်ချမ်းပိုင် သိနှင့်ပြီးသား ဖြစ်သည်။ လီဟမ်ရှန်းသာ တစ်ခုခုဖြစ်ခဲ့ပါက လီချန်ချင်း ပေါက်ကွဲသောင်းကျန်းပြီးမည် ဖြစ်ပေ၏။
"အဆင်ပြေရဲ့လား…" လီကျင့်စုန် ရှေ့လှမ်းလာပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"အဆင်ပြေပါတယ်ဗျ…" လီဟမ်ရှန်းက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်ဖြေလေ၏။
"မင်းနေကောင်းနေရုံတင်မကဘူး။ မင်းရဲ့ ကျင့်ကြံမှုတွေလည်း တိုးတက်လာတာပဲ။ အဆိုးထဲက အကောင်းလို့ ဆိုရမှာပေါ့လေ။" လီကျင်းစုန့်သည် လီဟမ်ရှန်း၏ ကျင့်စဉ်တိုးတက်မှုကို သတိပြုမိသည်။
"ကျွန်တော်က ခန်းမသခင်ကို စိတ်ပူအောင် လုပ်မိတာပဲ။" လီဟမ်ရှန်းက အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။
"ရပါတယ်ကွာ…" လီကျင့်းစုန့်က ပြန်ဖြေသည်။ "ဒါပေမယ့် မင်း အဲဒီ တားမြစ်နယ်မြေမှာ အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပြီး မင်းကို ကယ်တင်ခဲ့တာ ချင်းလဲ့ ဓားသခင်ပဲ။ မင်း သူ့ကို ကျေးဇူးတင်သင့်တယ်။"
"ဟုတ်ကဲ့ပါ။"
လီကျင်းစုန့်ထိုသို့မပြောလျှင်ပင် လီဟမ်ရှန်းက လီချန်ချင်းကို ကျေးဇူးသွားတင်မည် ဖြစ်သည်။
ချင်းလဲ့ဓားသခင် သူ့အား ကယ်တင်ခဲ့သည်မှာ ယင်းသည် ပထမဆုံး အကြိမ် မဟုတ်ချေ။
ကျန်းဟဲအိမ်တော်သို့ ရောက်သောအခါ ဂိုဏ်းနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ကပ်လျက် ရှိပြီး လွတ်လပ်စွာ သွားလာနိုင်သည်။ လီဟမ်ရှန်းသည် လီချန်ချင်း အလုပ်ရှုပ်နေသည်ကို အဝေးမှ တွေ့လိုက်ပြီးနောက် အမြန်လျှောက်သွားလိုက်လေသည်။
"စီနီယာ ချင်းလဲ့ဓားသခင်…." လီဟမ်ရှန်းသည် သူ့လမ်းကြောင်းကို ရပ်တန့်လိုက်ပြီး လီချန်ချင်းအား ကျေးဇူးတင်ကြောင်း ဖော်ပြရန် အသင့်ဖြစ်နေပြီဖြစ်သည်။
သို့ရာတွင် လီဟမ်ရှန်း ကျေးဇူးစကား မပြောခင်မှာပဲ လီချန်ချင်းက လှည့်ပြီး တစ်ခုခု ပေးလိုက်လေသည်။ လီဟမ်ရှန်းကြည့်လိုက်သောအခါ ထမင်းပူပူလေး တစ်ဗူးကို တွေ့လိုက်ရသည်။
အချိန်ခဏကြာထိ လီဟမ်ရှန်း အံ့အားသင့်သွားမိသည်။
"မင်းဗိုက်ဆာနေမှာပဲ။ မြန်မြန်စား…" လီချန်ချင်းသည် ထမင်းကို အနီးနားရှိ အုတ်ပေါ်တွင် တင်လိုက်သည်။
အတန်ကြာသည့်တိုင် လီဟမ်ရှန်း အနည်းငယ် စိတ်ရှုပ်သွားသည်။
ထမင်းပေါင်းကို မစားခင် ဆယ့်ငါ့းမိနစ်ခန့် အပူပေးရမည်ကို လီဟမ်ရှန်း သိပေ၏။ အပူငွေ့ကို သုံးသပ်ကြည့်ခြင်းဖြင့် ထမင်းပေါင်းအား အပူပေးထားခဲ့သည်မှာ ကြာပြီဖြစ်သည်။
ဆယ့်ငါးမိနစ်တိုင်အောင် သူရောက်မလာသော်လည်း လီချန်ချင်းသည် သူပြန်မလာမီကတည်း အပူပေးထားပုံပေါ်သည်။
ရင်းနီးသော ရနံ့ကို ရှုရှိုက်ကာ လီဟမ်ရှန်း လျှောက်လာရင်း အဖုံးကို ဖွင့်လိုက်သည်။
အထဲတွင် သူအကြိုက်ဆုံး ဝက်သားထမင်းကြော် ဖြစ်လေ၏။
လီဟမ်ရှန်း နှုတ်ဆိတ်သွားမိသည်။
သူဘာမှပြန်မပြောသလို လီချန်ချင်းကို ယဉ်ကျေးသိမ်မွေ့စွာ ကျေးဇူးတင်စကား မပြောနေတော့ဘဲ ဇွန်းကို ကောက်ကိုင်လိုက်ပြီး အားရပါးရ စားသောက်လေ၏။
လီချန်ချင်းသည် သားဖြစ်သူ ထမင်းစားနေသည်ကို တိတ်တဆိတ်ကြည့်ရင်း သူ့မျက်နှာဖုံးနောက်ကွယ်တွင် ပြုံးနေမိသည်။
လီဟမ်ရှန်းစားနေသည်ကို ကြည့်ရသည်မှာ သူကိုယ်တိုင်စားသည်ထက်ပင် ပို၍ အရသာရှိသည်ဟု လီချန်ချင်း ခံစားမိသည်။
ဤကဲ့သို့ ရိုးရှင်းသော မြင်ကွင်းသည် လီချန်ချင်းအား နားမလည်နိုင်သော ပျော်ရွှင်မှုကို ပေးစွမ်းပေ၏။
ယင်းမှာ အခြားသူများ နားမလည်နိုင်သည့် ပျော်ရွှင်မှုမျိုး ဖြစ်သည်။
သို့သော် သူကြည့်နေစဉ် လီချန်ချင်းအနည်းငယ် အံ့သြသွားသည်။ သူ့သားတွင် လီချန်ချင်း ယခင်က သိခဲ့ဖူးသော နတ်စွမ်းအားကိုယ်ထည်တစ်ခု ရှိနေပေ၏။
မည်ကဲ့သို့ နတ်စွမ်းအားကိုယ်ထည်ဖြစ်သည်ကို လီချန်ချင်း အတိအကျသိပေသည်။ ထိုနတ်စွမ်းအားကိုယ်ထည်များမှာ မွေးရာပါနှင့် ပြင်ပဟူ၍ နှစ်မျိုးရှိပြီး ယင်းတို့သည် ခြားနားမှု မရှိပေ။ အချို့လူများသည် နတ်စွမ်းအားကိုယ်ထည်များဖြင့် မွေးဖွားလာကာ မယှဉ်ပြိုင်နိုင်သော အလှတရားများ ပိုင်ဆိုင်ထားသော်လည်း အချို့မှာ နတ်စွမ်းအားကိုယ်ထည်ကျင့်စဉ်ကို ပန်းချီကားများမှ နားလည်နိုင်ပေသည်။ နှစ်မျိုးစလုံးမှာ အလွန်ရှားပေ၏။
နတ်စွမ်းအားကိုယ်ထည်ရှိခြင်းသည် ဂိမ်းကစားလျှင် ခိုးကစားသည်နှင့်တူညီသည်။
နတ်ခန္ဓာကိုယ်ထည်တစ်ခုစီတွင် မတူညီသော လုပ်ဆောင်မှုများနှင့် ကွဲပြားခြားနားသော စွမ်းအားများရှိသည်။
ဤအခိုက်အတန့်တွင် လီချန်ချင်းမှာ သားဖြစ်သူ၏ နတ်စွမ်းအားကိုယ်ထည် မည်မျှ စွမ်းအားကြီးသည်ကို အံ့ဩသွားမိသည်။
ကိုယ်တိုင်အပူပေးပြင်ဆင်ထားသော ထမင်းမှာ ပူလွန်းပြီး လီဟမ်ရှန်းမှာ ဘာမှခံစားရပုံမပေါ်ဘဲ ပါးစပ်ထဲသို့ ထိုးထည့်စားလေသည်။ အကယ်၍ သူသည် နောင်တွင် အခြားသူများနှင့် ပူပူနွေးနွေး ချက်စားရမည်ဆိုလျှင် အခြားသူတို့၏ အသားကို မှုတ်နေစဉ်ပဲ လီဟမ်ရှန်းက ဟင်းချိုပန်းကန် သောက်ပြီး ဖြစ်ပေလိမ့်မည်။
ထမင်းစားပြီးသည်နဲ့ ပါးစပ်ကို သုတ်လိုက်လေ၏။
ထမင်းမှာ အင်မတန်အရသာရှိလှသည်ဟု လီဟမ်ရှန်း မြင်မိသည်။
"နောက်ထပ်စားချင်သေးလား။" ဤအရွယ်ကလေးတစ်ယောက်အနေဖြင့် များများစားသင့်သည်ဟု လီချန်ချင်းအကြံပြုမိသည်။
"ကျေးဇူးတင်ပါတယ် ချင်းလဲ့ဓားသခင်…ဒါပေမယ့် ကျွန်တော် ဗိုက်ဝသွားပါပြီ။" လီဟမ်ရှန်း ခေါင်းခါလိုက်သည်။
ပုံမှန်နေ့ဆိုလျှင် လီဟမ်ရှန်းသည် နှစ်ပန်းကန်စားနိုင်သော်လည်း ယခုအချိန်တွင် သူတင်နေသည့်အကြွေးကို တွေးကာ စားချင်စိတ်ပင် ပျောက်သွားသည်။
"ဘာဖြစ်နေတာလဲ။ မင်းစိတ်ထဲမှာ တစ်ခုခုဖြစ်နေတာလား။" လီချန်ချင်း မေးလိုက်သည်။
"ဟုတ်ကဲ့။" လီဟမ်ရှန်းသည် ဆယ်ကျော်သက်အရွယ်သာရှိသေးပြီး ဤမျှကြီးမားသောအကြွေးများကို သယ်ဆောင်နေရပေသည်။ အကယ်၍ ထို့မတိုင်မီသာဆိုလျှင် သူ့ဟာသူ ထိန်းထားနိုင်မည်ဖြစ်သည်။
သို့သော် လီချန်းချင်းက သူ့ထံ ထမင်းယူလာသောအခါ လျှို့ဝှက်ဆန်းကြယ်သော ချင်းလဲ့ဓားသခင်အပေါ် လီဟမ်ရှန်း၏ သတိထားနေမှုများမှာ အမှန်တကယ် ပြိုပျက်သွားခဲ့သည်။ ထိုမြင်ကွင်းက ကလေးကို အပြင်ကနေ ပြန်လာဖို့ စောင့်နေသည့် ဖခင်တစ်ယောက်ကဲ့သို့ ဖြစ်လေ၏။ ဘာမေးခွန်းမှ မမေးဘဲ ကလေးကို အရင်စားခွင့်ပေးလိုက်သကဲ့သိုပင် ဖြစ်ပေသည်။
လီဟမ်ရှန်းသည် ယခင်က ထိုသို့သော ခံစားချက်မျိုး မခံစားခဲ့ရသော်လည်း ယခုမူ ခံစားဖူးပြီဖြစ်သည်။
လီဟမ်ရှန်းတစ်ယောက် ငိုချင်သလို ခံစားရပြီး အကာအကွယ်များ ပြိုလဲသွားကာ ပွေ့ဖက်ဖို့ တောင်းဆိုချင်စိတ်များပင် မြင့်တက်လာသော်လည်း ကံကောင်းစွာပင် လီဟမ်ရှန်း သူ့ကိုယ်သူ ထိန်းထားနိုင်ခဲ့လေသည်။
လီဟမ်ရှန်း မသိခဲ့သည်မှာ သူတကယ်သာတောင်းဆိုလျှင် လီချန်ချင်းက သူ့အား ငြင်းဆန်မည် မဟုတ်ပေ။
"မင်းပြောပြလို့ ရပါတယ်။ အချို့အရာတွေကို ကိုယ့်ဟာကိုယ် မျိုသိပ်ထားတာက မင်းအတွက် မကောင်းဘူး။" လီချန်ချင်းက အလေးအနက် ပြောသည်။
"ဟုတ်ကဲ့ပါ….ဒါပေမယ့် ချင်းလဲ့ဓားသခင်က ကျွန်တော့်အတွက် အဲ့တာကို လျှို့ဝှက်ထားပေးနိုင်မလား။ အထူးသဖြင့် ကျွန်တော့်အဖေဆီကပေါ့။ သူကျွန်တော့်ကို စိတ်ပူနေမှာ စိုးလို့ပါ။"
လီဟမ်ရှန်း ယခင်ကပြောပြခဲ့သည့် အဆင့်ဖြတ်ကျော်ခြင်းဆေးလုံး အဖြစ်အပျက်သည်ပင် လီချန်ချင်းအား သေလောက်အောင် စိတ်ပူစေခဲ့ပေသည်။ သူ့အဖေအပေါ် အပြစ်ရှိသည်ဟု ခံစားမိသည့်အတွက် သူ့အဖေ ထပ်ပြီးစိုးရိမ်ရမည်ကို လီဟမ်ရှန်း လုံးဝ ခွင့်မပြုနိုင်ပေ။
"စိတ်မပူပါနဲ့ မင်းအဖေကို ငါမပြောဘူး။" လီချန်ချင်းက ကတိပေးလေသည်။ ထို့နောက် စိတ်ထဲတွင် တွေးနေမိသည်။ ငါမင်းအဖေကို မပြောပါဘူးကွာ။ ဘာလို့ဆို ငါက မင်းအဖေပဲလေ….။
ချင်းလဲ့ဓားသခင်က သဘောတူသောအခါ လီဟမ်ရှန်းသည် ပြဿနာ၏ဖြစ်စဉ်ကို စိတ်ပူပန်သောကရောက်သည့်အသုံးအနှုန်းများဖြင့် ရှင်းပြခဲ့သည်။
"ကောင်းမှုမှတ်တစ်သန်းကျော်…."
"အဲဒါ့ကို ကြားရရုံနဲ့တင် လီချန်ချင်းရဲ့ နှလုံးသားကို ကြောက်ရွံ့တုန်လှုပ်စေပါတယ်ကွာ…"
"ဘယ်လိုကောင်လဲ။ ခရီးမှာ သူ့အသက်ဆုံးရှုံးလု ဖြစ်ရုံတင်မကဘဲ ဒီလောက်ကြီးမားတဲ့ အကြွေးတွေလည်း တင်သွားတယ်…။"
"ပြဿနာအိုးလေးပဲ…"
အချိန်ခဏအကြာထိ လီချန်ချင်းလည်း တုန်လှုပ်သွားမိသည်။
လီချန်ချင်းသည် ဤကြွယ်ဝမှု မည်မျှကြီးမားသည်ကို ရှင်းရှင်းလင်းလင်း သိပေသည်။ ယခင်က နတ်ဆိုးရှန်၏ဦးခေါင်းသည်ပင် ကောင်းမှုရမှတ် တစ်သောင်းရှစ်ထောင်မျှသာရှိခဲ့ပြီး သူသည် အထူးအဆင့် စွမ်းအားရှင့်အဆင့် ဖြစ်သောကြောင့် ဖြစ်သည်။
တစ်သောင်းရှစ်ထောင်ပဲ…..
သူသည် ရှိန်လောက်စရာ အထူးအဆင့်တစ်ဦးမဟုတ်သော်လည်း အထူးအဆင့်တစ်ဦးဖြစ်နေဆဲပင်ဖြစ်သည်။
နဂါးသွေးအနှစ်တစ်စက်လျှင် နှစ်သိန်းခန့် ကုန်ကျမည်ဖြစ်ပြီး နတ်ဆိုးရှန်ဆယ်ယောက်ဖြင့်ပင် နဂါးသွေးအနှစ်တစ်စက်နှင့် လဲလှယ်မရနိုင်ပေ။
ဤကြွေးမြီက အင်မတန် ကြီးလွန်းပေ၏။
သူ့သားအတွက် ပိုက်ဆံအများကြီးစုဖို့ နာမည်ဆိုးစွမ်းအားရှင် မည်မျှ ဖမ်းရမည်နည်း။
နာမည်ဆိုးစာရင်းတစ်ခုလုံးကုန်သွားလျှင်ပင် လုံလောက်မည်မဟုတ်ချေ။
"ဟူး…."
"ဟူး…."
နှစ်ယောက်သား သက်ပြင်းတစ်ချက်စီ ချလိုက်သည်။
လီဟမ်ရှန်းက လီချန်ချင်းကို အံ့အားသင့်စွာကြည့်လေ၏။ "ဓားသခင်…ကျွန်တော်က အကြွေးတင်နေလို့ သက်ပြင်းချလိုက်တာ။ ဓားသခင်က ဘာလို့ သက်ပြင်းချရတာလဲ။"
"ဘာမှမဟုတ်ပါဘူးကွာ…။" လီချန်ချင်း အသက်ပြင်းပြင်းရှူလိုက်သည်။ "ဗိုက်နာလိုက်တာ…"
အစွမ်းထက်သောဓားသခင်ရော ဗိုက်နာတတ်တားလား….။
"ရပါတယ်ကွာ။ ခဏနေတော့ အဆင်ပြေသွားမှာပါ။" လီချန်ချင်းက ကူကယ်ရာမဲ့ပြောသည်။
"ဒါဆို ဓားသခင်….ကောင်းကောင်း အနားယူသင့်တယ်။ ကျွန်တော် မနှောက်ယှက်တော့ပါဘူး။" လီဟမ်ရှန်း မတ်တပ်ထရပ်လိုက်သည်။ "ငါ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက်လည်း ဓားသခင်ကို ကျေးဇူးတင်ပါတယ်။ ဓားသခင်နဲ့ စကားပြောရုံနဲ့တင် အခြေအနေက ပိုကောင်းလာတယ်။ အနည်းဆုံးတော့ စိတ်ဓာတ်မကျတော့ဘူးပေါ့ဗျာ။"
"မင်းမှာ ပြဿနာတစ်ခုခုကြုံလာတိုင်း ငါ့ဆီရင်လာဖွင့်ဖို့ အမြဲကြိုဆိုနေပါတယ်ကွာ။ မင်းအမြဲတမ်း ကိုယ့်ဟာကိုယ် မျိုသိပ်မထားစမ်းပါနဲ့။" လီချန်ချင်း ပြုံးလိုက်မိသည်။ မင်းနှလုံးသားထဲက လျှို့ဝှက်ချက်လေးတွေကိုရော ပြောပြနိုင်ရင် အကောင်းဆုံးဖြစ်မှာပေါ့ကွာ….