← Chapters

အခန်း (၁၈၈)

Vol. 18 Ch. 188

အခန်း (၁၈၈)

Vol. 18 Ch. 188

"ကောင်းပါပြီ။" လီဟမ်ရှန်း လှည့်ထွက်သွားသည်။

သူ့တဲကို ပြန်ရောက်ပြီးနောက် လီဟမ်ရှန်းသည် သူ၏ တိုကင်ကို ထုတ်ယူလိုက်သည်။

"ဒါက ကြေးတစ်ခုပဲရှိသေးတာ။"

လီဟမ်ရှန်းသည် မနေ့ညက တစ္ဆေမျိုးနွယ်များစွာကို သတ်ပြီးနောက် သူ၏ ကြေးတံဆိပ်သည် ငွေရောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်ဟု တွေးခဲ့သည်။ သို့သော် ၎င်းသည် ကြေးဖြစ်နေသေးသည်ကို မြင်သောအခါ ၎င်းကို ငွေအဖြစ် အဆင့်မြှင့်တင်ရန် ကောင်းမှုရမှတ်မည်မျှ လိုအပ်ကြောင်း မတွေးဘဲမနေနိုင်တော့ပေ။

လီဟမ်ရှန်းသည် သူ၏ နတ်စွမ်းအားကို တိုကင်ထဲသို့ ထည့်သွင်းလိုက်သည်။

သူ၏ကောင်းမှုအမှတ်များကို လီဟမ်ရှန်းမြင်လိုက်ရလေ၏။

စုစုပေါင်း ခြောက်သောင်းခုနစ်ထောင်ကျော်….

ဤအရေအတွက်သည် ယခင်ကထက် အဆများစွာ အံ့အားသင့်စရာဖြစ်ခဲ့သည်။ ကောင်းမှုအမှတ် များများလိုချင်လျှင် တားမြစ်နယ်မြေထဲကို စွန့်စားရမည့်ပုံပေါ်သည်။

သို့သော် ပတ်၀န်းကျင်တွင် ထာဝရရှင်သန်ခြင်းဂိုဏ်းရှိနေချိန် တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်ပါက သေဒဏ်ကျခံရမည်ကို သူစိုးရိမ်နေခဲ့သည်။

ကောင်းမှုအမှတ်ခြောက်သောင်းခုနစ်ထောင်သည် အနည်းငယ်မျှသာဖြစ်ပြီး နဂါးသွေးအနှစ် တစ်စက်တစ်ဝက်ပင် ဝယ်ရန် မလုံလောက်ပေ။

ရှေ့ဆက်ရမည့်ခရီးသည် ရှည်လျားပြီး ခက်ခဲကြမ်းတမ်းပေ၏။

ညနေခင်းတွင် လီဟမ်ရှန်းသည် သူ၏တဲအဝင်ဝတွင် ထိုင်ကာ သူ၏အင်မော်တယ်အရှင်သခင်လှံကို သုတ်နေသည်။

သူသည် ညဘက်ရောက်ရန် ပြင်ဆင်နေပေ၏။

ထိုအချိန်တွင် ကျိုးကျွင်းသည် အပြင်မှပြန်လာသည်။

သူသည် ပစ္စည်းအနည်းငယ်ကို သယ်ဆောင်လာခဲ့သည်။

"စီနီယာအစ်ကို၃….ဘယ်တွေရောက်နေတာလဲ။ အဲဒါတွေကရော ဘာတွေလဲ။" လီဟမ်ရှန်းက ကျိုးကျွင်းကို စိတ်ဝင်တစား မေးသည်။

"သစ်သား.." ကျိုးကျွင်းက ပြန်ဖြေလေသည်။ "ငါကောင်းကင်ချေဖျက်တစ္ဆေမြို့တော်ကို လှည့်ပတ်ရှာရင်းနဲ့ ပစ္စည်းကောင်းလေးတွေ တွေ့ခဲ့တယ်ကွ…"

ကျိုးကျွင်းသည် အမှိုက်ပုံထဲမှ သံအနက်အပိုင်းအစကြီးတစ်ခုကို လျှို့ဝှက်စွာ ဆွဲထုတ်လိုက်သည်။ "ကြည့်စမ်း၊ ဒါက အရမ်းတန်ဖိုးကြီးတဲ့ အနက်ရောင် သံတုံးတစ်တုံးပဲ။ အံ့သြစရာပဲ မဟုတ်လား"

"ပြီးတော့ ဒါ…"

ကျိုးကျွင်းသည် အမှိုက်ပုံမှ လည်ဆွဲကဲ့သို့ တစ်စုံတစ်ခုကို ကောက်ကိုင်လိုက်သည်။ "ဒါက တစ်ယောက်ယောက် ကျန်ခဲ့တဲ့ ကျောက်စိမ်းဆွဲသီးပဲ။"

"ကျောက်စိမ်းဆွဲသီးလား။" လီဟမ်ရှန်းသည် ကျိုးကျွင်း၏လက်ထဲမှ အရာအား အံ့သြစွာ ကြည့်လိုက်သည်။ ဒီအရာက ကျောက်စိမ်းဆွဲသီးနဲ့ ဘာဆိုင်လို့လဲ။

"မသိဘူးကွာ….ကြိုးတစ်ချောင်းတော့ကျန်သေးတာပဲ။" ကျိုးကျွင်းက အမှန်အတိုင်းပြောလိုက်သည်။

လီဟမ်ရှန်းမှာ ဆွံ့အသွားမိသည်။

ကျောက်စိမ်းဆွဲသီး ပျောက်သွားပြီး ကြိုးကိုပဲ ကောက်လာတာ ဘယ်နေရာမှာ သုံးမလို့လဲ။ နတ်စွမ်းအားလက်နက်မှာ ပန်းဖွားအဖြစ်သုံးမလို့လား။

"မကြာသေးခင်က ထင်းရှာရတာ ပိုခက်လာတယ်။ အပြင်ထွက်တော့ ဒီလောက်ပဲ တွေ့တယ်။ ငါတို့ တစ်ညလုံး မီးမွှေးဖို့ လုံလောက်တယ်။" ကျိုးကျွင်းကပြောသည်။

"ဒါပေမယ့် ပြီးခါနီးပါပြီလေ။ ရက်အနည်းငယ်ကြာရင် ငါတို့ ဒီတစ္ဆေနေရာကြီးက‌နေ ထွက်သွားလို့ရပြီ။"

၎င်းကိုကြားသောအခါ လီဟမ်ရှန်း အနည်းငယ် ဝန်လေးသွားမိသည်။

ဤနေရာတွင် ကောင်းမှုရမှတ်များ ရနိုင်သော်လည်း ဤနေရာမှ ထွက်ခွာပြီးနောက် သူ၏ လက်ရှိ ကျင့်ကြံမှု အဆင့်ဖြင့် မည်သည့်နေရာတွင် ရရှိနိုင်မည်နည်း။

တစ္ဆေများကိုသတ်ရန် တိမ်ကန္တာရသို့ သွားရုံမှလွဲ၍…..

သို့သော် ယင်းသည် သေခြင်းတရားကို ရှာဖွေနေခြင်းနှင့် ဘာမျှ မခြားနားတော့ပေ။

ထို့ကြောင့် သူဤနေရာတွင် ရှိနေတုန်း သတ်နိုင်သမျှ သတ်ပစ်ရပေမည်။

ညရောက်ပြီဖြစ်၏။

နောက်ထပ် လူသတ်ပွဲတစ်ခု စတင်ခဲ့လေသည်။

လီဟမ်ရှန်းသည် တားမြစ်နယ်မြေထဲသို့ ထပ်မံမ၀င်ရောက်ဘဲ တစ္ဆေမျိုးနွယ်များကို သတ်ရန်အတွက် အပြင်တွင်နေခဲ့သည်။ လုရှီရန်သည် တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်လိုသော်လည်း လုဟန်ရန်ထံမှ တားမြစ်ခံခဲ့ရသည်။

ထို့အပြင် လုဟန်ရန်သည် လုရှီရန်အား လီဟမ်ရှန်းကိုရှာဖွေခြင်းမှလည်း တားမြစ်ခဲ့သည်။

လုဟန်ရန်၏အမြင်အရ လီဟမ်ရှန်းဟာ သူတို့ကွမ်လန်နန်းတော်နဲ့ မထိုက်တန်သည့်အတွက် လုရှီရန်ကို ဘယ်သောအခါမျှ သူနှင့်အတူရှိနေခွင့်ပြုမည်မဟုတ်ချေ။

သူမသည် သူတို့၏ အဆက်အသွယ်ကို ကန့်သတ်ထားရပေလိမ့်မည်။

လီဟမ်ရှန်းနှင့် မတွေ့နိုင်ကြောင်း သိလိုက်ရသောအခါ လုရှီရန်သည် မျက်ရည်ကျကာ လုဟန်ရန်အား အဘယ်ကြောင့် ချစ်မြတ်နိုးရသူ နှစ်ဦး ပေါင်းဖက်၍ မရသနည်းဟု ကျယ်လောင်စွာ မေးခွန်းထုတ်ခဲ့သည်။

လုရှီရန်သူ့အား လာမတွေ့နိုင်ကြောင်း သိသောအခါ လီဟမ်ရှန်းသည် မျက်ရည်ကျသည့်ထိ ရယ်မိသည်။ လုရှီရန်၏ ချစ်စရာကောင်းသည့်ဘက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေ၏။

ရက်အတော်ကြာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

လူတိုင်းသည် ပို၍ပို၍ ဝေးကွာသွားကြသည်။

လီချန်ချင်းသည် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ လှုပ်ရှားမှုများကို အမြဲအာရုံစိုက်ခဲ့သည်။ ထာဝရရှင်သန်ခြင်းဂိုဏ်းသည် ဤမျှလွယ်ကူစွာ အရှုံးမပေးကြောင်း သူခံစားခဲ့မိသောကြောင့် ၎င်းတို့ ပေါ်လာမည်မှာ သေချာပေသည်။

သို့ရာတွင် ၁၂ရက်မြောက်နံနက်ခင်းထိတိုင် ထာဝရရှင်သန်ခြင်းဂိုဏ်း ပေါ်မလာသေးပေ။

ယင်းကြောင့် လီချန်ချင်းအား ထာဝရရှင်သန်ခြင်းဂိုဏ်းမှာ အမှန်တကယ် ကြောက်လန့်ပြီး ထွက်ပြေးသွားမည်ဖြစ်မည်ဟု သံသယဝင်စေသည်။

မနက်အစောပိုင်း၌ လူတိုင်း နှစ်ခြိုက်စွာ အိပ်မောကျနေကြပေ၏။

တစ်ညလုံး တိုက်ခိုက်ထားရသောကြောင့် ပင်ပန်းနေကြပြီဖြစ်သည်။

လီချန်ချင်းနှင့် ရွှယ်ချမ်းပိုင်တို့က ထာဝရရှင်သန်ခြင်းဂိုဏ်း ပေါ်မလာခြင်းသည် ကောင်းမွန်သောအရာမဟုတ်ဟု ယူဆကြသည်။ သူတို့တွင် ပိုကြီးသည့် ဇာတ်ကွက်တစ်ခု ရှိနေနိုင်ပေသည်။

"နောက်ဆုံးနေ့ရောက်ပြီ။ ဘာမှမဖြစ်ဖို့ မျှော်လင့်ရတာပဲ။" ရွှယ်ချမ်းပိုင်က ပြောသည်။ ရှေးဟောင်းတာအိုတောင်တန်းမြေမှ တပည့်ခြောက်ဆယ်လာခဲ့ပြီး ယခု ငါးဆယ့်နှစ်ယောက်ကျန်ခဲ့သည်။ ရလဒ်ကောင်းတစ်ခု ဖြစ်ပေ၏။

အဓိက အကြောင်းအရင်းမှာ ဤဆယ့်နှစ်ရက်အတွင်း ခါတိုင်းနှင့် လုံးဝမတူသည့် အင်အားကြီးမားသော ပြိုင်ဘက်မရှိသောကြောင့် ဖြစ်သည်။

ဤနောက်ဆုံးနေ့တွင် ရွှယ်ချမ်းပိုင်သည် ကျန်ရှိသောတပည့်အားလုံးကို ဘေးကင်းစွာ ပြန်ခေါ်ဆောင်လိုသည်။

"ဘာပဲဖြစ်ဖြစ် ဒါနောက်ဆုံးနေ့ပဲ။ ငါတို့ သတိထားဖို့ လိုတယ်။"

လီချန်ချင်းက လေးနက်စွာ ပြောလိုက်သည်။

တပည့်များအားလုံး အိပ်ပျော်သွားသောအခါ ကောင်းကင်ချေဖျက်တစ္ဆေမြို့တော်ကြီးတစ်ခုလုံး မယုံနိုင်လောက်အောင် တိတ်ဆိတ်သွားခဲ့ပေသည်။

လူတိုင်းသည် ယနေ့ည နောက်ဆုံးတိုက်ပွဲကို စောင့်မျှော်နေကြပြီး ၎င်းတို့၏ စွမ်းအင်ကို ထိန်းသိမ်းထားကြသည်။ ယနေ့ညပြီးလျှင် တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှ ထွက်ခွာပြီး ပြင်ပကမ္ဘာကို ပြန်နိုင်ကြပြီ ဖြစ်လေ၏။

မွန်းတည့်ချိန်ဖြစ်ပေသည်။ လူတိုင်း အိပ်ယာမှထကာ ထုံးစံအတိုင်း ထမင်းစားကြသည်။

ဂိုဏ်းအားလုံး အံ့အားသင့်သွားသည်မှာ ကျန်းဟဲအိမ်တော်နှင့် ရှေးဟောင်းတာအိုတောင်တန်းမြေတို့သည် အစားအသောက်များ ကျွေးမွေးနေဆဲဖြစ်သည်။

ယင်းကြောင့် ကျန်းဟဲအိမ်တော်နှင့် ရှေးဟောင်းတာအိုတောင်တန်းမြေတို့သည် ၎င်းတို့နှင့်အတူ အစားအသောက် မည်မျှ ယူဆောင်လာကြောင်းကို တွေးမိစေသည်။

အစားအသောက်သာမက အဝတ်အစားနဲ့ ဆေးလုံးများလည်း ပေါများပြီး ဘာမျှ မချို့တဲ့ကြချေ။ ယင်းကြောင့် လူများစွာသည် ခေါင်းကို ကုတ်ကာ သူတို့ မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်ကို အဖြေမထုတ်နိုင်ကြပေ။

"နောက်ဆုံးနေ့…..ဒီအစာစားဖို့ နောက်ဆုံးနေ့"

ဤအခိုက်အတန့်တွင် အပြင်ဘက်အစွန်ဆုံးအနီးရှိ ပျက်စီးနေသောအိမ်တစ်ခု၌ မူလအဆင့်အထွတ်အထိပ် လူနှစ်ဦးသည် တပည့်ငယ်နှစ်ယောက်နှင့် အတူရှိနေသည်။ ၎င်းတို့သည် ရေမြို့တော် ဝူမိသားစုမှ ဖြစ်ပေ၏။

ဤတပည့် ငယ်နှစ်ယောက်သည် ကျောက်တုံးကြီးတစ်ခုကဲ့သို့ မာကျောနေသည့် လက်ထဲရှိ ပေါင်မုန့်ကို စိုက်ကြည့်နေကြသည်။

၎င်းအား သူတို့က ရန်သူဟု မြင်သည်။

သူတို့ထဲမှ တစ်ယောက်က ပြောသည်။ "ကျွန်တော် အပြင်ထွက်ပြီးရင် တစ်သက်လုံး ပေါင်မုန့်မစားချင်တော့ဘူး။"

အခြားတပည့်ကလည်း ပြောသည်။

“ကျွန်တော်ရောပဲ။ အသားစားချင်တယ်။ အသားအများကြီးစားချင်တယ်။ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီကိုလည်း ရှာချင်တယ်။ သူတို့စားတာတွေကို ဝယ်ချင်တယ်”

မူလအဆင့် အကြီးအကဲ နှစ်ယောက်သည် ခါးသဲ့သဲ့ အပြုံးဖြင့် ခေါင်းယမ်းလိုက်ကာ သူတို့၏ မျက်လုံးများမှာလည်း အားကိုးရာမဲ့ အရိပ်အမြွက်များဖြင့် ပြည့်နှက်နေသည်။

တပည့်များက သူတို့စားနေရသည့် အစားအသောက်များအား ငြီးငွေ့နေသည်ကို မဆိုထားနှင့်….

ကံကောင်းထောက်မစွာပင် ဤနေ့သည် နောက်ဆုံးနေ့ ဖြစ်သည်။

သူတို့ အပြင်ရောက်လျှင် သောက်စရာနေရာရှာကြပေမည်။ ဤကဲ့သို့အရာ နောက်တစ်ခေါက်ရှိခဲ့လျှင်ပင် ထပ်မလာလိုကြတော့ပေ။

"သနားစရာကောင်းလိုက်တာ…." တပည့်တယောက်က ပြောသည်။ "ရှောင်ဆုန်နဲ့ တခြားသူတွေက မပြန်နိုင်ကြတော့ဘူး။"

ထိုစကားကိုကြားတော့ အခြားတပည့်တစ်ဦးလည်း တိတ်ဆိတ်သွားပြီး လေထုသည် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားလေသည်။ ဝူမိသားစုသည် ယခုတစ်ကြိမ်တွင် တပည့်ငါးဦးကို ခေါ်ဆောင်လာခဲ့သော်လည်း ယခုအခါ ၎င်းတို့နှစ်ဦးသာ ကျန်ရှိတော့သည် ။

ပြန်လမ်းမရှိဂိုဏ်း၌….

ထိုအချိန်တွင် ချန်ကွမ်သည် သူ့ညီမငယ် ယန်စီကို အစာကျွေးနေပေသည်။

ယန်စီမှာ လက်တစ်ဖက်သာကျန်ရှိသော်လည်း သူမ၏အသက်ကို ကယ်တင်နိုင်ခဲ့သည်။ ယန်စီသည် ဤရက်ပိုင်း စခန်းထဲမှာသာ ပုန်းနေပြီး အပြင်မထွက်ပေ။ ယန်စီ၏ စိတ်ဓာတ်သည်လည်း အောက်ဆုံးထိ ထိုးကျနေပေ၏။

မိန်းကလေးတစ်ဦးသည် သူ့ဘဝ၏ အထွတ်အထိပ်ရောက်ချိန်၌ လက်တစ်ဖက်ဆုံးရှုံးခဲ့ရပေသည်။

ယန်စီနိုးလာသောအခါတွင် ဤအရာသည် အိပ်မက်မဟုတ်ကြောင်း သိရှိခဲ့ပြီး သူမသည် ရက်ပေါင်းများစွာ စကားမပြောဘဲနေခဲ့သည်။

သို့သော် ချန်ကွမ်ကမူ ယန်စီကို သဘောမကျမဖြစ်ဘဲ သူက နေ့တိုင်း ဂရုစိုက်ဆဲ ဖြစ်လေ၏။

"အစ်ကိုကြီး…ကျွန်မ မစားချင်တော့ဘူး။" ယန်စီက အသားခြောက်ကို ကြည့်ကာ တစ်ဖက်သို့ မျက်နှာလွှဲလိုက်သည်။

"အစ်ကိုကြီး ကျွန်မကိုပဲ ကျွေးနေစရာမလိုပါဘူး။ အစ်ကို့မှာလည်း တခြားလုပ်စရာတွေ ရှိသေးတယ်။ ကျွန်မကိုယ်တိုင် လုပ်နိုင်ပါတယ်။"

ယန်စီ လက်တစ်ဖက်ဆုံးရှုံးပြီးကတည်းက ချန်ကွမ်သည် ယန်စီမှ သူ့အပေါ် လျစ်လျူရှုမှုကို ခံစားခဲ့ရသည်။

သို့ရာတွင် ချန်ကွမ်က အရှုံးမပေးဘဲ ယန်စီကို နေ့တိုင်း ဂရုတစိုက် ပြုစုစောင့်ရှောက်နေဆဲ ဖြစ်လေ၏။ ယန်စီမှာ အေးတိအေးစက်နိုင်လွန်းလှပြီး သူ့ကို စကားမပြောလျှင်ပင် ဂရုမစိုက်ချေ။

ထိုသို့ဖြစ်လေလေ ယန်စီ ပိုစိတ်တိုမိလေလေ ဖြစ်သည်။

ယန်စီ၏ နှလုံးသားထဲ၌ အလွန်ကောင်းမွန်ကာ ကြင်နာတတ်သော စီနီယာအစ်ကို ချန်ကွမ်သည် အလွန်ကောင်းမွန်သော တာအိုအဖော်ရှိသင့်သည်။

ထိုတာအိုအဖော်ကသာ သူနှင့်အတူရှိနေသင့်ပြီး သူ၏ တောက်ပသော အနာဂတ်ကို အတူတူကြည့်ရှုရန် ထိုက်တန်လေ၏။

ချန်ကွမ်သည် သူမကဲ့သို့ မသန်စွမ်းသော အမှိုက်မဟုတ်ပေ။ သူမသည် အသုံးမဝင်ဘဲ အနာဂတ်တွင် ချန်ကွမ်ကို ဆွဲသာချသွားမည်ဖြစ်သည်။

သူမလက်တစ်ဖက်ဆုံးရှုံးခဲ့ပြီး ၎င်းသည် ဓားကိုကိုင်ဆောင်ထားခဲ့သော လက်ဖြစ်သည်။

သူ့ဘဝအဆုံးသတ်ပြီဟု ယန်စီခံစားခဲ့ရသည်။

ထို့ကြောင့် ယန်စီသည် ချန်ကွမ်ကို မဆွဲချချင်တော့ဘဲ ချန်ကွမ်သည် အခက်အခဲများကို သိပြီး ဆုတ်ခွာသွားလိမ့်မည်ဟု မျှော်လင့်ကာ ချန်ကွမ်အား အေးစက်နေခဲ့သည်။

ယန်စီ၏စကားကိုကြားသောအခါ ချန်ကွမ်သည် အသားခြောက်များကို ဖြည်းညှင်းစွာချလိုက်သည်။ ယန်စီက သူ့ကို မကြည့်ဘဲ ခေါင်းကို လွှဲလိုက်သောအခါ ချန်ကွမ်က ဆုံးဖြတ်ချက်တစ်ခုချလိုက်သကဲ့သို့ အသက်ပြင်းပြင်းရှူလိုက်ပြီး ယန်စီ၏လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်လေသည်။

ထို့နောက် ချန်ကွမ်က ယန်စီကို ဆွဲလိုက်ပြီး မည်းမှောင်သောမျက်နှာထားဖြင့် ပြောလေသည်။ "ငါနဲ့လိုက်ခဲ့ပါ။"

ယန်စီ လန့်သွားပြီး ချန်ကွမ် မည်သည်ကို လုပ်လိုမှန်း မသိတော့ချေ။

"အကိုကြီး…ကျွန်မကိုလွှတ်။ ဘာလုပ်နေတာလဲ။ ဘယ်ကိုခေါ်သွားတာလဲ။" ချန်ကွမ်၏ ဆွဲခေါ်ခြင်းကို ခံရသောအခါ ပြန်လမ်းမရှိဂိုဏ်းမှ တပည့်များသည် ၎င်းတို့နှစ်ဦးကို လှမ်းကြည့်ကြသည်။

ပြန်လမ်းမရှိဂိုဏ်း၏ သန်မာသူများပင်လျှင် အံ့ဩသည့် အကြည့်များဖြင့် ကြည့်ကြလေသည်။ ဘာတွေဖြစ်နေတာလဲ။

ယန်စီ၏ရုန်းကန်မှုကို လျစ်လျူရှုပြီး ချန်ကွမ်က ယန်စီကို လမ်းပေါ်သို့ တိုက်ရိုက်ဆွဲခေါ်လိုက်သည်။

"အစ်ကိုကြီး…ဘာလုပ်နေတာလဲ။" ယန်စီသည် ချန်ကွမ်၏လက်ကို ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့သည်။

သို့သော်သူမသည် ချန်ကွမ်ထက် မည်သို့ သန်မာနိုင်မည်နည်း။

သူမအပေါ် ချန်ကွမ်၏စိတ်ရှည်သည်းခံမှုဟာ ကန့်သတ်ချက်တစ်ခုအထိ ရောက်သွားပြီး သူမကို သင်ခန်းစာတစ်ခု သင်ပေးချင်နေသည်ဟု ယန်စီ တွေးလိုက်ချိန်မှာပဲ ချန်ကွမ်က ရုတ်တရက်ပြောသည်။

"ကျုပ်…ပြန်လမ်းမရှိတံခါးဂိုဏ်းရဲ့ ချန်ကွမ်ဟာ စီနီယာတွေနဲ့ အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေရဲ့ အကြီးအကဲတွေရှေ့မှာပဲ သစ္စာပြုပါမယ်။"

"ကျုပ်ဘဝမှာ ယန်စီတစ်ဦးတည်းကိုသာ ချစ်မြတ်နိုးသွားပါမယ်။ ယန်စီကို ကျုပ်ရဲ့ဇနီးမယားအဖြစ်နဲ့ လက်ထပ်ယူပါ့မယ်။ သေတဖန်သက်တဆုံး သူ့ကို ဘယ်တော့မှ မထားခဲ့ပါဘူး။ အကြီးအကဲတွေနဲ့ သက်တူရွယ်တူတွေ အားလုံးက ကျုပ်အတွက် မျက်မြင်သက်သေအဖြစ် ရှိပေးကြပ်။ ကျုပ် ချန်ကွမ် ကတိကိုဖောက်ဖျက်ခဲ့ပါက မိုးကြိုးပစ်ခံရပြီး အသေဆိုးနဲ့သေပါစေ။"

ချန်ကွမ်၏ အသံသည် ကျယ်လောင် ပြတ်သားပြီး ဂိုဏ်းပေါင်းစုံမှ လူတိုင်းနီးပါး ကြားနေရပေသည်။

လူအများက စိတ်လှုပ်ရှားစွာ ကြည့်ရှုရန် ထွက်လာကြသည်။

All Chapters