အခန်း (၁၉၁)
Vol. 19 Ch. 191
ထို့အပြင် အတားအဆီးကိုဖြတ်ကျော်နိုင်သော စွမ်းအားရှင်များလည်း ပိုများလာလေသည်။
မူလအဆင့်……
ပြီးပြည့်စုံခြင်း မူလအဆင့်
မူလအဆင့်အထွတ်အထိပ် အထူးအဆင့် စွမ်းအားရှင်များပင် ပါရှိပေသေးသည်။
ယခုမူ လူသားစွမ်းအားရှင်များအားလုံး အရေးတယူပြုကြရပြီဖြစ်သည်။
တစ်ခဏအတွင်းမှာပင် လူတိုင်းသည် တစ္ဆေမျိုးနွယ်များကို သုတ်သင်ဖို့ တိုက်ပွဲဝင်နေကြပြီး မြင်ကွင်းက ချက်ချင်းပဲ ရုန်းရင်းဆန်ခတ် ဖြစ်သွားလေ၏။
အခြားဂိုဏ်းများမှ ကျွမ်းကျင်သူများ အားလုံး တိုက်ပွဲဝင်နေချိန်တွင် လုဟန်ရန်သည် ကြယ်စင်တစ်ရာ ကြယ်ပင်လယ်ပန်းချီကို ထိန်းချုပ်ထားသည်။
မူလအဆင့် စစ်မှန်ခြင်း အနှစ်သာရသည် အကန့်အသတ်ရှိကြောင်း သူတို့သိထားသောကြောင့် အချိန်မဖြုန်းခဲ့ကြပေ။ သူတို့ တစ်ချက်လှုပ်ရှားတိုင်း အသေသတ်မည့် တိုက်ကွက်များကိုသာ ထုတ်သုံးခဲ့ကြသည်။
ရွှယ်ချမ်းပိုင်၏ ချင်းရွှယ်ဓားသွားအောက်တွင် အထူးအဆင့် တစ္ဆေမျိုးနွယ်တစ်ဦးမှာ ထက်ခြမ်းခြမ်းပြီး သေဆုံးသွားရလေ၏။
အသံတိတ်စွမ်းအားရှင် ဝူဝမ်ယင်သည်လည်း ပျော့ညံ့သူမဟုတ်ချေ။ သူ၏လက်သီးတစ်ထောင်တိုက်ကွက်သည် ပြင်းထန်ပြီး မရေမတွက်နိုင်သော သားရဲပုံစံများကို အသွင်ယူခဲ့လေသည်။ တစ္ဆေမျိုးနွယ်တစ်ယောက်မှာ ခုနစ်ချီထိပင် တောင့်မခံနိုင်ဘဲ ဝူဝမ်ယင်၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရလေသည်။
လီကျင်းစုန့်၏ ပိုးမြစ်ပန်းချီသည် ကောင်းကင်တစ်ခွင်သို့ ပျံ့နှံ့သွားသည်။ မူလအဆင့် တစ္ဆေမျိုးနွယ်အများအပြားသည် မြစ်ထဲသို့ ပြုတ်ကျပြီး လီကျင်းစုန့် ရေတပ်သားများ၏ အသတ်ခံကြရသည်။
ဤအခိုက်အတန့်တွင် လူတိုင်းဟာ သူတို့၏ အရည်အချင်းစစ်ကို ပြသနေကြလေ၏။
ယင်းသည် ပင်လယ်တစ်ခွင်၌ အင်မော်တယ်ရှစ်ပါးမှာ တစ်ဦးချင်းစီ သူတို့၏စွမ်းအားကို ထုတ်ဖော်ပြသနေသကဲ့သို့ ရှိလေသည်။ ထိုမြင်ကွင်းသည် အလွန်ရင်သပ်ရှုမောဖွယ်ကောင်းလောက်ပြီး အားလုံးသည် ဤမျှပြင်းထန်သောတိုက်ပွဲကို မမြင်ဖူးကြပေ။
ဆေးဘုရင်တောင်ကြားမှ ယန်ကျန်းထောင်ပင်လျှင် ဓားရှည်ဖြင့် တိုက်ခိုက်နေပြီး ကြီးစွာသော ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့သည်။
အားနည်းသော တစ္ဆေမျိုးနွယ်များသည် မ၀င်ရောက်နိုင်ဘဲ အားကောင်းသူများသည်လည်း လူသားပညာရှင်များနှင့် မယှဉ်နိုင်ကြချေ။
ဤတစ္ဆေမျိုးနွယ်များသည် ဤနေရာတွင် နှစ်ပေါင်းရာနှင့်ချီ၍ ချိပ်ပိတ်ခံထားရသည်။ သူတို့၏ ကျင့်ကြံမှုများမှာ ရှေ့မတက်နိုင်ပဲ ထိုအဆင့်တွင်သာ ရှိနေကြရသေးသည်။ သူတို့၏ အထွတ်အထိပ်အဆင့်ကို ရောက်နှင့်ပြီးသော လူသားကျင့်ကြံသူများနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။
ဒါတောင်မှ ရွှယ်ချမ်းပိုင်ကဲ့သို့ ဆရာသခင်အဆင့်များမှာ တိုက်ပွဲထဲတွင် သေချာဝင်မပါသေးပေ။
တပည့် အပေါင်းတို့သည် တိုက်ပွဲ၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မည်ကို စိုးရိမ်၍ နောက်ကွယ်တွင် ပုန်းအောင်းနေကြ၏။ ခုခံဖို့ အားနည်းလွန်းနေကြပေသည်။
လီချန်ချင်းသည် မလှုပ်မယှက်ဘဲ သူ၏တပည့်များစွာရှေ့ အထူးသဖြင့် လီဟမ်ရှန်းရှေ့မှာ ရပ်နေခဲ့သည်။
သူ့သား သေချာပေါက် ဘေးကင်းလုံခြုံရပေမည်။
ထို့အပြင် သူဝင်ရောက်စွက်ဖက်ရန် မလိုအပ်သေးပေ။ သူ့ရှေ့က တိုက်ပွဲက ပြင်းထန်ပုံပေါက်သော်လည်း လူသားမျိုးနွယ်က တခဲနက်ကြီးစိုးနေသဖြင့် စိတ်ပူရန် မလိုပေ။
ကြယ်အကာအကွယ်ထဲသို့ ဖောက်ထွင်းဝင်ရောက်ခဲ့သော အစွမ်းထက် စွမ်းအားရှင်များမှာ အဆုံးမရှိပေ။ တဖြည်းဖြည်းနဲ့ လူသားမျိုးနွယ်ဟာ ခါးသီးသည့် တိုက်ပွဲတစ်ခုထဲကို ထိုးကျသွားလေ၏။
ရွှယ်ချမ်းပိုင် ချင်းရွှယ်ဓားတစ်ထောင်၏ စွမ်းအားသည် အံ့ဩစရာပင်ဖြစ်၏။ သူ့လက်ချက်နှင့်သေဆုံးသွားသည့် အထူးအဆင့်တစ္ဆေမျိုးနွယ် ခြောက်ဦးရှိပြီဖြစ်သည်။
မူလအဆင့် မရောက်သေးသော အပြင်ဘက်ရှိ တစ္ဆေမျိုးနွယ်များအတွက် ၎င်းတို့၏ အရေအတွက်မှာ အဆုံးမရှိဟု ထင်ရသည်။
စိတ်ပျက်အားငယ်စရာမြင်ကွင်းဖြစ်ခဲ့ပေ၏။
ကံကောင်းထောက်မစွာပင် သူတို့မ၀င်နိုင်ခဲ့ပေ။ ဤနည်းအတိုင်း ဆက်သွားပါက စိုးရိမ်စရာရှိမည်မဟုတ်ချေ။
"ရွှမ်…."
ရွှယ်ချမ်းပိုင်သည် ဓားတစ်ချက်လွှဲရုံမျှဖြင့် တစ္ဆေမျိုးနွယ်တစ်ဦးကို ခေါင်းဖြတ်ခဲ့သည်။
ဖောက်ထွင်းဝင်ရောက်ခဲ့သော တစ္ဆေမျိုးနွယ်များမှာ ကုန်ဆုံးလုနီးပါး ဖြစ်လာလေ၏။
လူသားစစ်သည်တော်များသည် အမောတကောဖြစ်နေကြပြီဖြစ်သည်။ တစ္ဆေမျိုးနွယ်များသည် အလွန်အားကောင်းခြင်းမရှိသော်လည်း ၎င်းတို့၏ အရေအတွက်မှာ များပြားလှသည်။
လူသားစစ်သည်များသည်လည်း ဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် သူတို့အားလုံးသည် ပြန်လည်မွေးဖွားခြင်းအဆင့်တွင်သာ ရှိနေခဲ့ကြသည်။ အထူးအဆင့်တိုက်ခိုက်ရေးစွမ်းအားကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပေ၏။
သို့သော် ၎င်းတို့နောက်တွင် အခြား စွမ်းအားကြီးသောသူများ ရှိလာမည်ကို မည်သူ သိနိုင်မည်နည်း။
"အားလုံးပဲ……မင်္ဂလာနံနက်ခင်းပါ။"
လူတိုင်း သက်ပြင်းချခါနီးမှာပဲ ရုတ်တရက် အသံတစ်ခု တိုးဝင်လာသည်။
အသံမှာ ရင့်ကျက်မှုမရှိဘဲ ကျယ်လောင်လှပေ၏။
လူတိုင်း အံ့ဩသွားကြသည်။ ဤအသံ၏အသွင်အပြင်ကြောင့် အပြင်ဘက်ရှိ မရေမတွက်နိုင်သော တစ္ဆေမျိုးနွယ်တပ်များပင် ငြိမ်သက်သွားကာ ကြယ်အကာအကွယ်ကို မတိုက်ခိုက်တော့ပေ။
ထိုအသံကိုကြားလိုက်ပြီးနောက် ဧကရာဇ်မြို့၏ မြို့ရိုးပေါ်တွင် လူနှစ်ဦးကိုတွေ့လိုက်ရသဖြင့် အံ့သြသွားကြသည်။
တစ်ဦးမှာအရပ်ရှည်ရှည်၊ တစ်ဦးမှာ ခပ်ပုပုလူဖြစ်ပြီး အရပ်ရှည်ရှည်တစ်ယောက်ကို လီချန်ချင်း သိလေသည်။
ကျောက်ကြွယ်ကျုံးသည် ယခင်က သူ့လက်မှ လွတ်မြောက်ခဲ့သူ ဖြစ်သည်။
အခြားလူက အနက်ရောင်ဝတ်ထားလေ၏။
သူ့ကိုလည်း မှတ်မိပေသည်။ အနက်ရောင် ၀တ်စုံဝတ်ထားသူသည် ယခင်က တားမြစ်နယ်မြေထဲတွင် သားဖြစ်သူကို သတ်ရန် ကြိုးပမ်းခဲ့သူ ဖြစ်လေသည်။ ထိုစဉ်က သူ ကျောက်ကြွယ်ကျုံး နှင့်အတူရှိနေခဲ့သည်ကိုလည်း လီချန်ချင်း မှတ်မိသည်။
ယခုနက စကားပြောလိုက်သူမှာ အနက်ရောင်ဝတ်ရုံ ဝတ်ထားသူ ဖြစ်သည်။
"မင်းဘယ်သူလဲ…."
ကျမ်းယွမ်ကျိက ရှေ့ကို လှမ်းပြီး နှစ်ယောက်ကို ကြည့်လိုက်သည်။
ကျောက်ကြွယ်ကျုံသည် အထူးအဆင့်တစ်ဦးဖြစ်ကြောင်း သူပြောနိုင်သော်လည်း အနက်ရောင်ဝတ်ရုံနှင့်သူသည် ထူးဆန်းနေပြီး ၎င်းကို အဖြေရှာမရပေ။
သူသည် တစ္ဆေမျိုးနွယ်မှ ဖြစ်ပုံမပေါ်ပေ။
ရွှယ်ချမ်းပိုင်နှင့် အခြားသူများသည် အနက်ရောင်ဝတ်ရုံကို စိုက်ကြည့်နေကြပြီး သူ့ထံမှ တစ်စုံတစ်ခုကို ကောက်ချက်ချနိုင်ရန် ကြိုးစားသော်လည်း သူကကောင်းစွာဖုံးကွယ်ထားကာ သူ့မျက်နှာကိုပင် မမြင်နိုင်ပေ။
"ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျာ…."
အနက်ရောင် ၀တ်စုံနှင့်လူက အပြုံးဖြင့် ပြောလေသည်။
" ကောင်းကင်ချေဖျက်တစ္ဆေမြို့တော်ရဲ့ ဧကရာဇ် မြို့ ကနေ ကြိုဆို ပါတယ်။ မင်းတို့ ဒီမှာသေပြီး ဒီတစ္ဆေမြို့တော်ကြီးမှာ မြှုပ်နှံခံ ရတာ ကံကောင်းကြပါတယ်။ ငါတို့ ထာဝရရှင်သန်ခြင်းဂိုဏ်း စုဆောင်း ထားတဲ့ အဟာရတွေ ဖြစ်လာမှာဆိုတော့ ပိုပြီးတော့ ကံကောင်းတာပေါ့ကွာ။"
"ထာဝရရှင်သန်ခြင်းဂိုဏ်း…."
ထိုနာမည်ကိုကြားသည်နှင့် လူသားစစ်သည်များ အားလုံး၏ မျက်မှာများ ပြောင်းလဲသွားကြသည်။
ထာဝရရှင်သန်ခြင်း၏ လှုပ်ရှားမှုများသည် မကြာသေးမီက ပျံ့နှံ့လာသောကြောင့် ၎င်းတို့အားလုံးသည် ထာဝရရှင်သန်ခြင်းဂိုဏ်းကို အနည်းနှင့်အများကြားသိခဲ့ကြရသည်။
ဂိုဏ်းတိုင်းသည် ထာဝရရှင်သန်ခြင်းဂိုဏ်းမှ ဝေဒနာခံစားခဲ့ရသူများ သို့မဟုတ် ထာဝရရှင်သန်ခြင်းဂိုဏ်းနှင့် ပတ်သက်သည့် အချက်အလက်များကို စုံစမ်းလေ့လာနေသူများ ဖြစ်ပေ၏။
သို့သော် သူတို့သည် ထာဝရရှင်သန်ခြင်းဂိုဏ်းကို အမှန်တကယ် ရင်ဆိုင်ခဲ့ဖူးခြင်း မရှိပေ။
အခု သူတို့ရှေ့မှာ ပေါ်လာသည့်လူက ထာဝရရှင်သန်ခြင်းဂိုဏ်းကဟု ပြောပြီး သူတို့ကို ဤနေရာတွင် သေစေချင်နေပေသည်။ ထာဝရရှင်သန်ခြင်းဂိုဏ်းသည် ဤနေရာတွင် ထိတ်လန့်စရာကောင်းသော ပူးပေါင်းကြံစည်မှုတစ်ခုကို အကွက်ချထားပုံရသည်။
"မင်းတို့ ထာဝရရှင်သန်ခြင်းဂိုဏ်းက ဘယ်လိုဝင်လာတာလဲ။" ကျန်းယွမ်ကျိက အေးစက်စွာမေးလေသည်။ "ထျန်ဟိုင်းမြို့တော်ကပဲ ဝင်ပေါက်ကို ဖွင့်လို့ရတာလေ။"
"ထာဝရရှင်သန်ခြင်းဂိုဏ်းက ဝင်ချင်ရင် လမ်းတစ်ခုရှိပြီးသားလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့ရဲ့ ထာဝရရှင်သန်ခြင်းဂိုဏ်းက အလုံးစုံ အစွမ်းထက်တယ်။ ဒီတစ္ဆေနတ်ဆိုးစမ်းသပ်မှုလေးကို မပြောနဲ့ ထျန်ဟိုင်းမြို့တော်သခင်ရဲ့ စံအိမ်ဖြစ်ရင်တောင်မှ ကျုပ်တို့ ထာဝရရှင်သန်ခြင်းဂိုဏ်းဟာ လွတ်လပ်စွာ သွားလာလို့ရတယ်။"
အနက်ရောင်ဝတ်ရုံနှင့်လူက ပြောလေသည်။
"မင်းတို့က ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာပဲ။" ကျန်းယွမ်ကျိက အေးစက်စွာ အော်ဟစ်လိုက်သည်။
"အင်း… ဒီလောက်ဆို တော်လောက်ပြီ" အနက်ရောင် ဝတ်ရုံနဲ့လူက ပြောသည်။
“သေရမယ့်လူတစ်စုနဲ့ စကားလုံးတွေကို ဖြုန်းတီးနေစရာမလိုဘူး။"
"ဟမ်…မင်းက ကျုပ်တို့အားလုံးကိုသတ်ချင်နေတာလား။ မင်းတစ်ယောက်တည်းနဲ့လေ…." ယွမ်ဝူဒီက မခိုးမခန့်ပြောလိုက်သည်။
"မင်းက လေကြီးနေတာပဲကွာ…." ယန်ကျန်းထောင်က နှစ်ယောက်သားကို စိုက်ကြည့်ရင်း ရှေ့ကို တိုးလာသည်။ "မင်းကသတ်မှာလား။ မင်းဘေးမှာရှိတဲ့ အထူးအဆင့်က သတ်မှာလား"
"အဟွတ်…အဟွတ်…ကျုပ်မှာ အဲ့လိုအရည်အချင်းမရှိဘူး။" အနက်ရောင်ဝတ်ရုံဝတ်လူက ပြောလေသည်။"တစ္ဆေမျိုးနွယ်တွေ ထောင်ချီ ဒီမှာရှိနေတာပဲ…..။ ပုရွက်ဆိတ်က ဆင်ကို သေတဲ့အထိ ကိုက်နိုင်တယ်" ဆိုတဲ့ စကားကို မင်းတို့နားလည်သင့်တယ်။"
"ဒါက ပိုရယ်စရာကောင်းတယ်။"
ယန်ကျန်းထောင်က ရယ်လေသည်။
"ဒီ တစ္ဆေမျိုးနွယ်တွေတောင် ဝင်လို့မရဘူး။ ငါတို့နေရာကို ပြန်သွားနိုင်သရွေ့ တစ္ဆေနတ်ဆိုးတံခါးပေါက်ပွင့်လာတဲ့အခါ အေးဆေးထွက်သွားလို့ရတယ်။ ပြီးတော့ မင်းတို့ တစ္ဆေမျိုးနွယ်ရဲ့ အညစ်အကြေးတွေကို ဒီတစ္ဆေနတ်ဆိုးစမ်းသပ်မှုထဲမှာ ထပ်ပြီး ချိပ်ပိတ်ထားလိမ့်မယ်။"
"ပြန်မယ်တဲ့လား…. အဲ့ဒါတကယ်ဖြစ်နိုင်လို့လား။" ကျောက်ကြွယ်ကျုံလည်း စကားဝင်ပြောသည်။
"မင်းတို့မှာ အချိန်အများကြီးမကျန်တော့တာကိုတော့ အားနာမိတယ်ကွာ။"
"တကယ်လား…"
ထိုအချိန်တွင် ယန်ကျန်းထောင်က လုဟန်ရန်အနားကိုလာပြီး မေးသည်။
"နတ်မိမယ်ဟန်ရန် ဒီဖွဲ့စည်းမှုကို စတင်ဖို့ ခြောက်နာရီလိုတယ်လို့ မင်းပြောခဲ့တယ်။ မင်းရဲ့ကြယ်အကာအကွယ်ကို ခြောက်နာရီကြာအောင်ထားနိုင်မလား။"
"စိတ်မပူပါနဲ့။ မူလအဆင့်ကိုတောင် မရောက်ဖူးသေးတဲ့ တစ္ဆေမျိုးနွယ်ဝင်တွေပဲ။ ကျွန်မသူတို့ကို ဆယ့်နှစ်နာရီကြာအောင် ထိန်းထားနိုင်တယ်။" လုဟန်ရန်က စိတ်ချယုံကြည်စွာ ပြောလိုက်သည် ။
ထိုစကားကို ကြားလိုက်ရသောအခါမှ ထိုနေရာတွင်ရှိနေသူများ သက်ပြင်းချမိသည်။
ဤ ပြန်လည်မွေးဖွားခြင်း တစ္ဆေမျိုးနွယ်များ ဝင်မနှောက်ယှက်သ၍ အဆင်ပြေမည်ဖြစ်သည်။
သူတို့အားလုံး အပြေးအလွှားဝင်လာပါက ၎င်းသည် အမှန်တကယ်ပင် ဒုက္ခဖြစ်စေလိမ့်မည်။
သူတို့သည် ပြန်လည်မွေးဖွားခြင်းအဆင့်တစ္ဆေများကို တိုက်ခိုက်ချိန်ရမည်မဟုတ်ဘဲ ဤမျှများပြားသောအရေအတွက်ကို တပည့်များသည်လည်း အနိုင်ရရန်အခွင့်အရေးမရှိပေ။
ယင်းသည် သူတို့၏ အလုံးစုံ ပျက်သုဉ်းမှုနှင့် ပတ်သက်၍ ဆိုင်းငံ့ထားခြင်း မရှိဟု ဆိုနိုင်သည်။
ထို့ကြောင့် လုဟန်ရန်သည် ပြဿနာမရှိဘဲ ဆယ့်နှစ်နာရီကြာအောင် ထိန်းထားနိုင်သည်ဟု ပြောသောအခါ လူတိုင်း စိတ်သက်သာရာရသွားသည်။
"မင်းကြားတယ်မလား။ ခြောက်နာရီကြာရင် ကျုပ်တို့ထွက်သွားမယ်။ မင်းတို့ ထာဝရရှင်သန်ခြင်းဂိုဏ်းမှာ အခွင့်အရေး မရှိတော့ဘူးကွ…." ယွမ်ဝူဒီက ရယ်မောပြီး အနက်ရောင် ဝတ်ရုံနှင့်လူကို ကြည့်လိုက်သည်။
"မင်းတို့ ထာဝရရှင်သန်ခြင်းဂိုဏ်းက ဘာလဲဆိုတာ ငါမသိဘူး။ ဒါပေမယ့် မင်းတို့ကြံစည်မှု မအောင်မြင်ဘူးဆိုတာတော့ ရှင်းရှင်းလေးပဲ။"
"အော်…."
အနက်ရောင်ဝတ်ရုံနှင့်လူက အလျင်စလို မပြုပေ။
"ဒီအရာက ဆယ့်နှစ်နာရီကြာအောင် ထိန်းထားနိုင်တယ်ပေါ့လေ။ ဒါက နည်းနည်းတော့ ဒုက္ခများစရာပဲ။"
"ကောင်းပြီလေ….ငါတို့ဘာမှလုပ်လို့မရတော့ဘူး" အနက်ရောင်ဝတ်ရုံရုပ်နှင့်လူက ပျင်းလေးစွာပြောလိုက်သည်။
"နတ်မိမယ်ဟန်ရန်ကို ဖယ်ရှားလိုက်ရင်တော့ ဒီပန်းချီကားက အသုံးမဝင်တော့ဘူးဆိုတာ အမှန်ပဲမဟုတ်လား။"
ထိုစကားကြောင့် လုဟန်ရန်က အေးစက်စက် ရယ်မောလိုက်သည်။ "ရှင်တစ်ယောက်တည်းနဲ့လား…"
အဟွတ်….
ထိုအခိုက်အတန့်တွင် လုဟန်ရန်၏ စကားလုံးများ တန့်သွားသည်။
လုဟန်ရန်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားလေ၏။
ဓားတစ်ချောင်းက သူမရင်ဘတ်ထဲမှ မထင်မှတ်ပဲ ဖောက်ထွက်သွားသည်။
လုဟန်ရန်တင်မကဘဲ လက်ရှိအချိန်မှာ အားလုံး ထိတ်လန့်သွားကြလေ၏။
ဓားသည် လုဟန်ရန်ကို တိုက်ရိုက် ထိုးစိုက်ခဲ့ပေသည်။
"ဆရာ…"
လုရှီရန်လည်း ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ အလွန်တုန်လှုပ်သွားမိသည်။
ထိုမြင်ကွင်းကို ဘယ်သူမှ မယုံရဲကြပေ။ လုဟန်ရန်က သူမကို နောက်ကနေ ဓားနဲ့ထိုးခဲ့သည့်သူကို ပြန်လှည့်ကြည့်ဖို့ ရုန်းကန်နေရပေ၏။
လုဟန်ရန်ကို ဓားနှင့် ထိုးသတ်လိုက်သူမှာ ယန်ကျန်းထောင် ဖြစ်လေသည်…။