← Chapters

အခန်း (၁၉၂)

Vol. 19 Ch. 192

အခန်း (၁၉၂)

Vol. 19 Ch. 192

"ဦးလေးယန်…" မူချင်းကော၏ နှုတ်ခမ်းများ တုန်ရီသွားသည် ။

ယန်ကျန်းထောင်သည် ၎င်းတို့ဆေးဘုရင်တောင်ကြား၏ အကြီးအကဲဖြစ်ပြီး သူမကို ငယ်စဉ်ကတည်းက ကြည့်ရှုစောင့်ရှောက်ခဲ့သည့် ဦးလေးဖြစ်သည်။ မူချင်းကောသည် ယန်ကျန်းထောင်မှ လုဟန်ရန်ကို တိုက်ခိုက်မည်ဟု ဘယ်သောအခါမျှ မမျှော်လင့်ခဲ့ပေ။

"မင်းဘာတွေလုပ်နေတာလဲ ယန်ကျန်းထောင်…."

ယွမ်ဝူဒီနှင့် ကျမ်းယွမ်ကျိတို့သည် ယန်ကျန်းထောင်နှင့် အနီးစပ်ဆုံးဖြစ်သောကြောင့် နှစ်ယောက်စလုံးက သူ့ကို ဒေါသတကြီး တိုက်ခိုက်ခဲ့ကြလေ၏။

သို့သော် ယန်ကျန်းထောင်သည် တုံ့ဆိုင်းမနေပေ။ သူသည် သူ၏ဓားရှည်ကို ဆွဲထုတ်ကာ ကြယ်အကာအကွယ်မှ ခုန်ထွက်ပြီး ဧကရာဇ်မြို့အထက် အနက်ရောင်ဝတ်ရုံနှင့်လူဘေးသို့ တက်သွားလေသည်။

"ဂိုဏ်းချုပ်….."

ယန်ကျန်းထောင်က အနက်ရောင်ဝတ်ရုံနှင့်လူ၏ဘေးတွင် လေးစားစွာ ဒူးထောက်လိုက်လေသည်။

"တော်တယ်…" အနက်ရောင် ၀တ်ရုံနှင့်လူက အမူအရာမပျက်ပဲ ပြောလေ၏။

ထိုအချိန်တွင် လူသားမျိုးနွယ်အားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။

ယန်ကျန်းထောင်သည် အမှန်တကယ်ပင် ထာဝရရှင်သန်ခြင်းဂိုဏ်းဝင်တစ်ဦး ဖြစ်လေသည်။

အထိနာဆုံးမှာ ဆေးဘုရင်တောင်ကြားမှ လူများဖြစ်သည်။ သူတို့ အကြီးအကဲက ထိုကဲ့သို့လုပ်မည်ဟု ဘယ်သောအခါမှ မျှော်လင့်မထားကြပေ။

"ဆရာ…"

ဤအခိုက်အတန့်တွင် လုရှီရန်သည် မြေပြင်ပေါ်သို့ လဲကျသွားသော လုဟန်ရန်ကို ကူညီပေးခဲ့သည်။ ယွမ်ဝူဒီနှင့် ကျမ်းယွမ်ကျိတို့သည် လုဟန်ရန်၏ဒဏ်ရာများကို အလျင်အမြန်ကြည့်ရှုစစ်ဆေးခဲ့ပြီး သွေးထွက်ရပ်အောင် ကြိုးပမ်းကြလေသည်။

သို့သော် တစ်ချက်ကြည့်လိုက်ပြီးနောက် နှစ်ယောက်စလုံး ခေါင်းကို ခိုကိုးရာမဲ့ ခါယမ်းမိကြသည်။

လုဟန်ရန်သည် သေခါနီးဆဲဆဲဖြစ်နေပြီ ဖြစ်၏။

ထိုဓားသည် သူမ၏ အသက်စွမ်းအားကို ဖြတ်တောက်ခဲ့ပြီး သူမ၏နှလုံးသားကို တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။ လုဟန်ရန်သည် တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် ပါဝင်ရန် တပည့်များကို ခေါ်ဆောင်လာသောအခါ သူမသည် ဤနေရာတွင် သေဆုံးလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ပို၍မမျှော်လင့်ထားသည်မှာ သူမသည် လူသားမျိုးနွယ်လက်ချက်ဖြင့်ပင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

"ဆရာ..." လုဟန်ရန်၏ အခြေအနေကို မြင်လိုက်ရသောအခါ စိတ်ခံစားမှု နည်းပါးသော လုရှီရန်လည်း မျက်ရည်များ ကျလာသည်။

သူမငယ်စဉ်က တစ်ယောက်တည်း ခြေဦးတည့်ရာ လျှောက်သွားခဲ့သည်။ လုဟန်ရန်သည် လွန်ခဲ့သော တစ်နှစ်ခွဲခန့်က သူမ ငတ်သေလုဆဲဆဲအချိန်တွင် ရှာတွေ့ခဲ့ပြီး တပည့်အဖြစ် ခေါ်ယူပေးခဲ့လေသည်။ လုဟန်ရန်သည် ပြီးခဲ့သည့်နှစ်များအတွင်း သူမအတွက် အကြင်နာဆုံးသူဖြစ်သည်။

လုဟန်ရန်သည် သူမ၏လက်ကို ဆန့်ထုတ်လိုက်ရာ ကြယ်မြစ်မြေပုံသည် သူမ၏လက်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။ သူမသည် လုရှီရန်ကို စိုက်ကြည့်ပြီးနောက် သူမလက်ထဲသို့ မြေပုံကို ပေးလိုက်သည်။

"ဆရာ…မသေပါနဲ့…" လုရှီရန် ငိုနေလေ၏။

သို့ရာတွင် လုဟန်ရန် စကားမပြောနိုင်တော့ချေ။ သူမ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး သူမ၏ အသက်ရှုသံများ တဖြည်းဖြည်း မှိန်လာကာ လုရှီရန်၏ မျက်နှာကို ကြည့်ရုံသာကြည့်နေနိုင်ခဲ့သည်။

လုဟန်ရန်၏ မျက်ဝန်းများမှ အလင်းများပျောက်ကွယ်သွားခဲ့လေပြီ။

ထိုဖြစ်ရပ်မှာ လူတိုင်းအား အေးစိမ့်စိမ့် ခံစားချက်ကို ပေးစွမ်းလေသည်။

ဤအခိုက်အတန့်တွင် လုရှီရန်သည် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာမော့ကာ ဧကရာဇ်မြို့တော်ရှိ လူသုံးဦး ၊ အထူးသဖြင့် ယန်ကျန်းထောင်ကို ကြည့်လိုက်သည်။

""ရှင့်ကို သတ်မယ်…" လုရှီရန်က အေးစက်စွာပြောသည်။

သူမ၏ အသံမှာ ခိုင်မာလှပေ၏။

သို့သော် ယန်ကျန်းထောင်က လုံးဝဂရုမစိုက်ပေ။

သူမသည် ပြန်လည်မွေးဖွားခြင်းနှောင်းပိုင်းအဆင့် မိန်းကလေးတစ်ဦးမျှသာဖြစ်သည်။

သူ့တွင် နတ်စွမ်းအား ကိုယ်ထည်ရှိလျှင်ပင် ယနေ့ ဤနေရာတွင် သေရမည်သာ ဖြစ်သည်။

ထိုအချိန်တွင် ကြယ်အကာအကွယ်သည် ပျောက်ကွယ်သွားပြီး မရေမတွက်နိုင်သော တစ္ဆေမျိုးနွယ်များသည် ၎င်းတို့နှင့် ဒါဇင်အနည်းငယ်မျှသာဝေးတော့လေသည်။

တပည့်အားလုံးသည် တစ်ဖက်မှ သတ်ဖြတ်လိုစိတ်များမှာ သူတို့အား အချိန်မရွေး စုတ်ဖြဲချေမွပစ်နိုင်သကဲ့သို ခံစားကြရပေသည်။

"သနားစရာပဲ။ ဒီတစ်ခါတော့ မင်းတို့ ခြောက်နာရီတောင်မခံတော့မှာကို စိုးရိမ်မိတယ်။"

အနက်ရောင်ဝတ်ရုံနှင့်လူသည် ကုလားထိုင်တစ်လုံးယူလာကာ ခန္ဓာကိုယ်ကိုယိမ်းလျက် ထိုင်ချလိုက်ပြီး သူ့မျက်နှာမှာ မသဲကွဲသေးသော်လည်း လှောင်ပြောင်သရော်နေပုံပေါ်သည်။

"မင်းတို့မရုန်းကန်တော့ဘဲ သေခြင်းတရားကို နာခံစွာစောင့်လိုက်ကြဖို့ အကြံပေးတယ်။ ရုန်းကန်မှုဟာ အချည်းနှီးပဲ မဟုတ်လား။"

"ယုတ္တိမရှိတာတွေ ပြောနေတာပဲ။"

ယွမ်မင်းဆက်မှ ယွမ်ဝူဒီသည် ရှေ့သို့တိုးလာကာ အနက်ရောင်ဝတ်ရုံနှင့်လူကို စိုက်ကြည့်လိုက်သည်။

"ချင်းရွှယ်အာဏာဓားအရှင်….ကျမ်းယွမ်ကျိ….အတူပူပေါင်းပြီး ဟန်ဆောင်ကောင်းတဲ့ ထာဝရရှင်သန်ခြင်းဂိုဏ်းကို သုတ်သင်လိုက်ကြရအောင်။ ဒီသုံးယောက်ကို သတ်နိုင်ရင် အခြေအနေတွေကို ပြောင်းပစ်ဖို့ အခွင့်အရေးရှိသေးတယ်။"

"ဟုတ်တယ်…" ကျမ်းယွမ်ကျိကလည်း ရှေ့ကို တိုးလာသည်။ "ဒီတစ္ဆေမျိုးနွယ်တွေကို တစ်ယောက်ယောက်က ထိန်းချုပ်ထားပုံရတယ်။ သူတို့မှာ အသိဉာဏ်မရှိဘူး။ ဒီလူက ချုပ်ကိုင်ထားရမယ်ဆိုတာ ငါယုံကြည်တယ်။ သူ့ကို သတ်လိုက်ရင် လက်ရှိပြဿနာကို ငါတို့သေချာပေါက် ဖြေရှင်းနိုင်မှာပဲ။"

ရွှယ်ချမ်းပိုင်က စကားမပြောသော်လည်း ကျမ်းယွမ်ကျိနှင့် ယွမ်ဝူဒီပြောသည်ကို သဘောတူသည်။ သူ့လက်မှာ ချင်းရွှယ်ဓားပေါ် တင်ထားပြီး ဖြစ်လေသည်။

"ယွမ်ဝူဒီ….ကျမ်းယွမ်ကျိ….ရွှယ်ချမ်းပိုင်…." အနက်ရောင်ဝတ်ရုံနှင့် လူက ရယ်လျက်သား ပြောသည်။ "မင်းတို့သုံးယောက်ပူးပေါင်းလိုက်တာ ကြောက်ဖို့ကောင်းလိုက်တာကွာ…"

"ဒါပေမယ့် မင်းတို့ ကျုပ်ကို သတ်ချင်ရင် မင်းတို့မှာ အရည်အချင်း ရှိမရှိဆိုတာ အရင်ကြည့်လိုက်ကြဦး။" အနက်ရောင် ၀တ်ရုံနှင့်လူက သူ့လက်ကို မြှောက်လိုက်ကာ လက်ယပ်ခေါ်လေသည်။

"ကျုပ် ဒီမှာ စောင့်နေတယ်။ ကျုပ်ကို လာသတ်လှည့်ကြလေ…"

"ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ။"

ယွမ်ဝူဒီက ဟစ်ကြွေးလျက် အနက်ရောင်ဝတ်ရုံနှင့်လူကို သတ်ဖို့ အလျင်စလို ဖြစ်နေသော်လည်း ယခုအချိန်တွင်မူ ယွမ်ဝူဒီ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားလေ၏။

"ဘာတွေဖြစ်နေတာလဲ..."

ကျမ်းယွမ်ကျိလည်း လှုပ်ရှားချင်သော်လည်း သူ့ခန္ဓာကိုယ်မှာ ဗလာနတ္ထိဖြစ်နေသည်ကို တွေ့လိုက်ရသည်။

စွမ်းအားတွေ ကုန်သွားတာလား…..။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သူတို့သည် ယခင်က တစ်ကြိမ်သာ လှုပ်ရှားခဲ့ကြသည်။ သာမာန် စွမ်းအားစားသုံမှုအရ ၎င်းတို့သည် အနည်းဆုံး နှစ်ကြိမ်အသုံးပြုနိုင်သင့်သည်ဖြစ်ပြီး တိုက်ခိုက်ရန် အနည်းဆုံး တစ်နာရီ၏ လေးပုံတစ်ပုံခန့် အချိန်ရသင့်သည်။

အခု ဘာလို့ စွမ်းအားတွေ မရှိတော့တာလဲ။

"ကျုပ်မှာလည်း မရှိတော့ဘူး… " ရွှယ်ချမ်းပိုင်လည်း ခေါင်းခါလေသည်။

"ဘာတွေဖြစ်နေတာလဲ…"

သူတို့ သုံးယောက် တစ်ခုခု ဖြစ်နေသည်ကို မြင်သောအခါ တခြားသူများကလည်း သူတို့၏ စွမ်းအားကို စစ်ဆေးကြည့်သည်။ အားလုံးအား ဟန်မူရာများ ပြောင်းသွားစေသည်မှာ ၎င်းတို့ ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ ကုန်ခမ်းနေခြင်း ဖြစ်လေသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…."

ထိုအချိန်တွင် လီကျင်းစုန့်က ယန်ကျန်းထောင်ကို မော့ကြည့်လိုက်သည်။

ယန်ကျန်းထောင်က ပြုံးပြုံးလေး ပြောလေ၏။

"ဂိုဏ်းချုပ်ပြောတဲ့အတိုင်းပဲ မင်းတို့ ရုန်းကန်နေစရာ မလိုပါဘူး။ မင်းတို့ရဲ့ စွမ်းအားကို စားသုံးမှုက အရှိန်မြင့်လာပြီး မင်းတို့တောင်မသိလိုက်ဘဲ ကုန်ဆုံးသွားပြီ။ မင်းတို့သောက်လိုက်တဲ့ ချင်းလင်းဆေးရည်ထဲမှာ ဆေးဖက်ဝင်အပင် အနည်းငယ်ကို ငါထည့်လိုက်ရုံပါပဲ။ ဒါလေးပါပဲကွာ…။

"သေရောကွာ…."

"ယန်ကျန်းထောင်…မင်းက အသေဆိုးနဲ့သေမယ့်ကောင်ပဲ။"

လူတိုင်းက ကျိန်ဆဲမိကြသည်။

"ဦးလေး….ဘာလို့ဒီလိုလုပ်တာလဲ။" မူချင်းကော အနည်းငယ် ပြိုလဲသွားသည်။ သူမ ငယ်ငယ်လေးကတည်းက ကြည့်ရှုစောင့်ရှောက်ပေးခဲ့သည့် ယန်ကျန်းထောင်ကို ကြည့်ပြီး သူ့မျက်စိရှေ့မှာ ဖြစ်ပျက်နေသည်တို့ကို လက်ခံရန် ခဲယဉ်းလှပေသည်။ ယန်ကျန်းထောင်က မူချင်းကော၏ စကားကို နားထောင်သော်လည်း အေးတိအေးစက်သာ ပြန်ဖြေလေ၏။

"ချင်းကော…အချို့အရာတွေမှာ မင်း နားမလည်နိုင်တဲ့ အကြောင်းတရားတွေ ရှိတယ်။ မင်းကြီးပြင်းလာတာကို ငါကြည့်ပြီး မင်းဒီမှာ သေဆုံးရမှာကို ငါကြည့်မနေနိုင်ဘူး။ ထာဝရရှင်သန်ခြင်းဂိုဏ်းနဲ့ ပူးပေါင်းဖို့ သဘောတူရင် မင်းရဲ့အသက်ကို ချမ်းသာပေးဖို့အတွက် ဂိုဏ်းချုပ်ကို ငါတောင်းဆိုပေးမယ်”

"ထာဝရရှင်သန်ခြင်းဂိုဏ်းက မင်းကို တစ်ခါ ဖိတ်ခေါ်ခဲ့ဖူးပေမယ့် မင်းကငြင်းခဲ့ပြီး မကျေချမ်းဝိညာဉ်ကျိန်စာ မိခဲ့တယ်။ ဒီတစ်ခါတော့ မင်းအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်မယ်လို့ ငါမျှော်လင့်တယ်။ မဟုတ်ရင် ဦးလေးယန်က မင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။" ယန်ကျန်းထောင်သည် မူချင်းကောအား စိတ်အားထက်သန်စွာပြောခဲ့သည်။

"ဦးလေးယန်….ဒါက ဆေးဘုရင်တောင်ကြားအတွက် တရားမျှတသလား။ အခက်အခဲတွေရှိရင် ကျွန်မတို့ကို ပြောပြပါ။ ဖြေရှင်းလို့ မရနိုင်တဲ့အရာ ဘာမှမရှိဘူး။" မူချင်းကောက လေးလံသော နှလုံးသားဖြင့် ပြောလိုက်သည်။

"ချင်းကော… ငါမင်းကိုမပြောပြနိုင်တဲ့အရာတွေရှိတယ်။ ဒါပေမယ့်ငါလုပ်ကိုလုပ်ရမယ့်အရာတွေရှိတယ်။ အဲ့တာတွေကို ထာဝရရှင်သန်ခြင်းဂိုဏ်းကသာ လုပ်နိုင်တယ်။ မင်း ဒါမှမဟုတ် မင်းနောက်ကလူတွေက အင်မော်တယ်တွေရဲ့စွမ်းအားကို နားမလည်တဲ့ဉာဏ်မဲ့လူသားတွေမို့လို့ ဒါကို နားလည်ကြမှာ မဟုတ်ဘူး။" ယန်ကျန်းထောင် ခေါင်းယမ်းလိုက်သည်။

"ဒါဆိုရင် ပြောစရာမရှိတော့ပါဘူး။ ကျွန်မကတော့ ဘယ်တော့မှ ထာဝရရှင်သန်ခြင်းဂိုဏ်းကို ဝင်မှာမဟုတ်ဘူး။" မူချင်းကောသည် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။

မြင်ကွင်းက တိတ်တိတ်ဆိတ်ဆိတ် ဖြစ်သွားလေ၏။

တပည့်အားလုံးပင် စိတ်ပျက်လက်ပျက် ဖြစ်သွားကြပေသည်။

သူတို့မှာ ယုံကြည်မှုများ ရှိနေစဉ်က မကြောက်ရွံ့ခဲ့ကြသည်မှာ သူတို့တွင် သန်မာသည့် ဂိုဏ်းအကြီးအကဲများရှိသဖြင့် သူတို့အကာအကွယ်ရလိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။

ယခုမူကား ၎င်းတို့ဂိုဏ်းမှ သန်မာသူများသည် ၎င်းတို့၏ စစ်မှန်သော အနှစ်သာရ အားလုံးကို ဆုံးရှုံးသွားကာ သာမန်လူများ ဖြစ်သွားခဲ့သည်။ တစ္ဆေမျိုးနွယ်တော်တော်များများကို ရင်ဆိုင်ပြီး အနိုင်ရဖို့ အခွင့်အလမ်း မရှိတော့ချေ။

ထို့အပြင် တစ်ဖက်တွင် စွမ်းအားရှင် သုံးဦးရှိသေးသည်။

ယင်းမှာ ၎င်းတို့အား တစ်ဖက်သက် နှိပ်ကွပ်ထားခြင်း ဖြစ်လေ၏။

သူတို့ဒီမှာသေရတော့မှာလား။

ဤအခိုက်အတန့်တွင် လူများစွာသည် သူတို့၏တပည့်များကို ကြည့်နေကြသည်။ အချို့သော မျက်နှာများသည် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပြီး အချို့မှာ ခါးသီးသော အပြုံးများ ဆင်းမြန်းထားသည်။

အဆုံးတွင် လူများစွာ တောင်းဆုပြုနေကြပြီး…ဘုရားသခင်က တောင်းဆုများကို ပယ်ချပေတော့မည်။

ဤအတိုင်းအတာအထိ ၎င်းတို့အပေါ် ထာဝရရှင်သန်ခြင်းဂိုဏ်းက တွက်ချက်ထားသည်။

ထာဝရရှင်သန်ခြင်းဂိုဏ်း သူတို့ကို အဘယ်ကြောင့် သုတ်သင်ချင်မှန်း မသိသော်လည်း ထိုအကြောင်းအရာသည် အရေးလည်းမပါတော့ပေ။

"နောက်ကျနေပြီ…"

"လုပ်လိုက်ကြစို့…."

အနက်ရောင်ဝတ်ရုံနှင့်လူသည် သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ယခင်က တိတ်ဆိတ်နေသော တစ္ဆေမျိုးနွယ်များမှာ ရူးသွပ်သွားကြပြန်သည်။

"သတ်ကြ…။"

All Chapters