အခန်း (၁၉၃)
Vol. 19 Ch. 193
သတ်ဖြတ်လိုစိတ်များမှာ မြေကြီးကိုပင် တုန်လှုပ်စေပြီး တစ္ဆေမျိုးနွယ်များအား ဒီရေလှိုင်းကဲ့သို့ တိုက်ခိုက်စေလေသည်။
တပည့်များအားလုံး မျက်လုံးများနီရဲနေကြသည်။ သေတဲ့အထိ တိုက်ဖို့ အဆင်သင့်ဖြစ်နေကြပြီ ဖြစ်၏။ ၎င်းတို့သည် ၎င်းတို့၏ ဂိုဏ်းဝင်များ နှင့် ကွဲပြားသည်။ ယန်ကျန်းထောင်၏ဆေးသည် ၎င်းတို့အပေါ် သက်ရောက်မှုမရှိခဲ့ဘဲ ၎င်းတို့၏အတွင်းပိုင်စွမ်းအင်များမှာ ရှိနေဆဲဖြစ်သည်။ သို့သည်တိုင် ပုံမှန်ထက် အဆပေါင်း ဒါဇင်နဲ့ချီသည့် ရန်သူများနှင့် ရင်ဆိုင်ရလျှင် သူတို့ မည်မျှကြာကြာ ထိန်းထားနိုင်မည်နည်း။
တစ္ဆေမျိုးနွယ်တပ်များ တဟုန်ထိုးတက်လာကြရာ ဂိုဏ်းအကြီးအကဲများ အားလုံး အံကြိတ်ထားကြသည်။ သူတို့၏ မွေးရာပါ အစစ်အမှန် အနှစ်သာရ ပျောက်ကွယ်သွားသော်လည်း သူတို့၏ ခန္ဓာကိုယ်သည် ထိုနေရာတွင် ရှိနေသေးသည်။ အချို့ကို သူတို့သတ်ပစ်နိုင်သေးသည်မှာ သေချာပေ၏။
"ကျုပ်တစ်သက်လုံး ဒီလိုနေရာမှာ ကျဆုံးရမယ်လို့ မမျှော်လင့်ထားဘူ။" လီကျင်းစုန့်က ခါးသီးသော အပြုံးဖြင့် ပြောသည်။ ထိုအချိန်တွင် လီကျင်းစုန့်၏နှလုံးသားထဲတွင် ပုံရိပ်တစ်ခုပေါ်လာသည်။
အချိန်အတော်ကြာအောင် ရေးထားသည့်စာကို သူမထံသို့ အခုအချိန်အထိ မပို့ရသေးသည့်အတွက် နောင်တရစရာများ ရှိနေခဲ့ပေ၏။
မူချင်းကောလည်း လီချန်ချင်းကို တွေးနေမိသည်။
လီချန်ချင်းကိုတွေ့လိုက်သည့်တစ်ကြိမ်သည် နောက်ဆုံးအကြိမ် ဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
"အဖေ…ချောင်းချောင်း…" လီဟမ်ရှန်းသည် အင်မော်တယ်အရှင်သခင်လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလျက် ပြောသည်။
"နှုတ်ဆက်ပါတယ် နောက်ဘဝဆိုတာရှိခဲ့ရင်လည်း ကျွန်တော် အဖေ့သား ဖြစ်နေဦးမှာပါ။"
"ငါ့အိပ်မက်က ဓားအင်မော်တယ်တစ်ယောက်ဖြစ်လာဖို့…." ယင်ချန်းလီက အနည်းငယ် ကူကယ်ရာမဲ့ဖြစ်သွားသည်။
လူတိုင်းသည် ဤအခိုက်အတန့်တွင် သေသည်အထိ တိုက်ပွဲဝင်ရန် စိတ်ကူးရှိခဲ့ကြသော်လည်း ၎င်းတို့၏ ရှင်သန်နိုင်ခြေမှာ သုညဖြစ်ကြောင်းကိုလည်း သိရှိခဲ့ကြသည်။
တစ္ဆေမျိုးနွယ်သည် နီးကပ်လာသည်နှင့်အမျှ ကောင်းကင်ယံရှိ တစ္ဆေအရောင်အဝါများသည်လည်း ဤကမ္ဘာပေါ်တွင် အကြီးမြတ်ဆုံး နတ်ဆိုးဖြစ်လာတော့မည့်ပုံပေါ်သည်။
အရာအားလုံးကို ဝါးမျိုပေတော့မည်…
သို့သော် ဤအခိုက်အတန့်တွင် ရုပ်သွင်တစ်ခု ရှေ့သို့တက်လာသည်။
ကွဲအက်သံ ခုနစ်ချက်ကြားရပြီနောက် ဓားဖွဲ့စည်းပုံ ချက်ချင်းဖြစ်ပေါ်လာလေ၏။ အဆုံးမရှိသောဓားအရောင်အဝါသည် အရာအားလုံးကို သုတ်သင်ပစ်လိုက်သည်။ များပြားလှသော တစ္ဆေမျိုးနွယ်တပ်ကို ရင်ဆိုင်ရင်း လီချန်ချင်း၏ ချင်းလဲ့ဓားခုနစ်စင်း ဖွဲ့စည်းပုံမှာ တိုက်ရိုက် ဖြန့်ကျက်တိုက်ခိုက်လေတော့သည်။
ထာဝရရှင်သန်ခြင်းဂိုဏ်းထံမှ ထိုသို့သော အကွက်ချမှုကို ကြုံတွေ့ရမည်ဟု လီချန်ချင်း မမျှော်လင့်ထားပေ။
ယန်ကျန်းထောင်သည် ထာဝရရှင်သန်ခြင်းဂိုဏ်းဝင်ဖြစ်မည်ဟုလည်း မမျှော်လင့်ခဲ့ပေ။
အရာအားလုံးသည် ဆန်းကြယ်လွန်းသဖြင့် လီချန်ချင်းအား စန်းယွမ်နယ်မြေ၏ ရက်စက်မှုကို ခံစားစေခဲ့သည်။
လီချန်ချင်းကိုယ်တိုင်လည်း သူတို့အနိုင်ရဖို့ အခွင့်အလမ်း မရှိသလောက်ကို သိပေသည်။
သူ့ဓားနှင့်ဆိုလျှင် သူထွက်ပြေးလွတ်မြောက်နိုင်သည်ကိုလည်း သိသည်။သူလွတ်မြောက်နိုင်သော်လည်း အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းနယ်မြေများမှ စွမ်းအားရှင်များနှင့် တပည့်များ၊ အထူးသဖြင့် သူ့သား လီဟမ်ရှန်းတို့မှာမူ ဤနေရာတွင် သေပွဲဝင်ကြရမည်ဖြစ်သည်။
လီချန်ချင်းသည် သူ့သားကို စွန့်ပစ်ပြီး တစ်ယောက်တည်း မလွတ်မြောက်လိုပေ။
ထို့ကြောင့် လီချန်ချင်းသည် တစ္ဆေမျိုးနွယ်အချို့ကိုသတ်ရန် ဓားခုနစ်စင်းဖွဲ့စည်းမှုကို အသုံးပြု၍ သတ်ဖြတ်ရန် ဦးစားပေးလိုက်သည်။ တတ်နိုင်သမျှ သတ်ဖို့ အစွမ်းကုန် ကြိုးစားပြီး သူတို့ အရေအတွက်ကို တတ်နိုင်သမျှ လျှော့ချလိုက်လေသည်။ သူသတ်ခဲ့သည့် တစ္ဆေမျိုးနွယ်တိုင်းဟာ လူသားမျိုးနွယ်၏ ရှင်သန်နိုင်မှုနှုန်းကို တိုးမြင့်စေပြီး သူ့သား၏အသက်ရှင်ကျန်နိုင်ခြေမှာ ပို၍ပင် များလာမည်ဖြစ်သည်။
ယင်းသည် လီချန်ချင်း၏ စိတ်ကူးဖြစ်သည်။
စည်းမျဉ်းစည်းကမ်းအရ ပိတ်ဆို့အရေးယူခြင်း နှင့် ပတ်သက်ပြီးတော့က…
ရှိပါစေတော့…
အဆိုးဆုံးကတော့ သူသေလိမ့်မယ်…
ဒါဟာ ကိစ္စကြီးပဲ…
"ဘွန်း…"=
ကြောက်မက်ဖွယ်ကောင်းသော ဓားဖွဲ့စည်းမှုအောက်တွင် ဤမူလအဆင့် တစ္ဆေမျိုးနွယ်တို့သည် ၎င်းကို မည်သို့ခံနိုင်ရည်ရှိမည်နည်း။
လီချန်ချင်းသည် ဓားဖွဲ့စည်းပုံ၏ အကွာအဝေးကို ချဲ့ထွင်ခဲ့သည်။ ဤလှုပ်ရှားမှုကြောင့် လီချန်ချင်း၏ ဓားအရောင်အဝါအောက်တွင် တစ္ဆေမျိုးနွယ်ငါးရာကျော် အသတ်ခံခဲ့ရသည်မှာ ကြောက်ခမန်းလိလိပင် ဖြစ်ပေ၏။
ယင်းသည် သွေးထွက်သံယို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်လေသည်။
တစ္ဆေမျိုးနွယ်များ၏ အလောင်းများသည်ပင် ဓားဖွဲ့စည်းပုံအောက်တွင် သွေးမြူမှုန်များအဖြစ် အသွင်ကူးကြရလေသည်။
လီချန်ချင်းစွမ်းအားများ လွတ်မြောက်နေသည်မှာ ထင်ရှားပေ၏။
လီချန်ချင်း၏ လှုပ်ရှားမှုသည် ရှိနေသူအားလုံးကို ထိတ်လန့်စေလေသည်။
အားလုံး၏မျက်လုံးများသည် လီချန်ချင်းကိုသာ ကြည့်နေကြသည်။
လီချန်ချင်း တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်နိုင်ပါ့မလား။
ထို့နောက် ရွှယ်ချမ်းပိုင်သည် လီချန်ချင်း အဆိပ်မသင့်ခဲ့ကြောင်း သတိရမိသည်။
"ရောင်ရင်း ထိုက်ဖူ…..အနက်ရောင်ဝတ်ရုံနဲ့လူကို အရင်သတ်လိုက်……" ရွှယ်ချမ်းပိုင်က ကမန်းကတန်းပြောလိုက်သည်။
လီချန်ချင်းမှာ လှုပ်ရှားနေနိုင်သေးပြီး ထာဝရရှင်သန်ခြင်းဂိုဏ်းမှ အနက်ရောင်ဝတ်ရုံနှင့်လူကို သတ်နိုင်မှသာ အသုံးဝင်မည်ဖြစ်သည်။
"ဟုတ်သားပဲ။" လီချန်ချင်း သူ့နဖူးသူ ရိုက်ချမိသည်။ ထာဝရရှင်သန်ခြင်းဂိုဏ်းမှလူကို သတ်ပြီးမှသာ တစ္ဆေမျိုးနွယ်များကို သတ်ပစ်သင့်ပေသည်။ လုပ်ငန်းစဉ်မှာ ပြောင်းပြန်ဖြစ်နေပေ၏။
"သေလိုက်တော့…."
လီချန်ချင်း လက်ချောင်းတစ်ချောင်းကို အသာအယာပုတ်လိုက်ရာ ဓားခုနစ်ချောင်းသည် ကောင်းကင်သို့ပျံတက်သွားပြီး အနက်ရောင်ဝတ်ရုံဝတ်လူဆီသို့ ချိန်ရွယ်ပျံသန်းသွားကြလေသည်။
"သူက ဘယ်လိုလုပ် အဆိပ်မသင့်တာလဲ။" အနက်ရောင် ၀တ်စုံဝတ်ရုံဝတ်လူက သူ့မျက်ခုံးကို ပင့်တင်လိုက်သည်။
"ဂိုဏ်းချုပ်…အဲ့လူက အဆိပ်မသင့်ထားပုံပဲ။" ယန်ကျန်းထောင်၏အကြည့်သည် အေးခဲသွားသည်။
"ဒါပေမယ့် ကိစ္စမရှိပါဘူး။ သူက မူလအဆင့်တစ္ဆေမျိုးနွယ်တွေကိုပဲ အပြင်းအထန်တိုက်ခိုက်ပြီး သတ်ပစ်နေတာ။ မကြာခင်မှာ အပြစ်ဒဏ်ခံရတော့မှာ။ ဒါ့ပြင် သူက လှုပ်ရှားမှုနှစ်ခုလုပ်ထားပြီးသားလေ…သူ့မှာ စိတ်ဝိညာဉ်စွမ်းအားတွေ သိပ်ကျန်တော့မှာ မဟုတ်ပါဘူး။"
"ဂိုဏ်းချုပ်ကို ကာကွယ်…" ကျောက်ကြွယ်ကျုံးက အလျင်အမြန်ပြောသည်။
"သူ့ရဲ့ ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံက အရမ်းကို အစွမ်းထက်တယ်။ ကျုပ်မှာ စွမ်းအင် အနှစ်သာရ သိပ်မကျန်တော့ဘူး။ ယန်ကျန်းထောင်….ခင်ဗျားကိုပဲ အားကိုးရလိမ့်မယ်။"
"စိတ်မပူပါနဲ့။" ယန်ကျန်းထောင်သည် လီချန်ချင်း၏ ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံကို ရင်ဆိုင်ရာတွင် လေးနက်သော အမူအရာကို ပြသခဲ့သည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် ကျန်ရှိသော တစ္ဆေမျိုးနွယ်များသည် လူသားမျိုးနွယ်ဆီသို့ တစ်ဟုန်ထိုးပြေးဝင်လာကြပြန်သည်။
လီချန်ချင်းသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ သူ၏ဓားဖွဲ့စည်းပုံသည် ယန်ကျန်းထောင်နှင့် တိုက်ရိုက်ထိပ်တိုက်တွေ့လေတော့သည်။
ယန်ကျန်းထောင်သည်က သူ့ဓားမြှောင်ကို ဆွဲထုတ်ပြီး လီချန်ချင်း၏ ဓားဖွဲ့စည်းပုံကို ပိတ်ဆို့ဖို့ သူ့အသက်ကို စွန့်စားလိုက်လေ၏။
ယန်ကျန်းထောင်သည် လီချန်ချင်းနှင့် မယှဉ်နိုင်မှန်း သိသော်လည်း နောက်စက္ကန့်ပိုင်းတွင် လီချန်ချင်းအား စည်းမျဉ်းများဖြင့် အပြစ်ပေးမည်ဟု ယုံကြည်ကာ မကြောက်မရွံ့ရင်ဆိုင်ခဲ့ပေသည်။
ထို့နောက် လီချန်ချင်းသည် သာမန်လူတစ်ဦး ဖြစ်လာပေလိမ့်မည်။
သို့သော်...
အသက်ပင့်ရှိုက်သံတစ်ချက်…..
အသက်သုံးရှိုက်…..
အသက်ဆယ်ရှိုက်….
ထိုအချိန်တွင် ယန်ကျန်းထောင်မှာ ဒဏ်ရာအပြင်းအထန်ရနေပြီဖြစ်သည်။ လီချန်ချင်း၏ ဓားဖွဲ့စည်းမှု၏ ခြိမ်းခြောက်မှုက သူ့ကို အကြိမ်ပေါင်းများစွာ သေလုနီးပါးဖြစ်စေခဲ့သည်။
အနက်ရောင်ဝတ်ရုံဝတ်လူသည်ပင် တစ်ခုခုမှားနေပြီဟု ခံစားမိသည်။
အချိန်များစွာ ကုန်လွန်သွားပေ၏။
လီချန်ချင်းကို ဤနယ်မြေရဲ့ ကန့်သတ်ချက်တွေက ဘာလို့ အပြစ်မပေးသေးတာလဲ။
လီချန်ချင်းကိုယ်တိုင်သည်ပင် ထူးဆန်းနေမိခဲ့လေသည်။ ပြစ်ဒဏ်ပေးခံရမှာ မဟုတ်ဘူးလား…။
ပြစ်ဒဏ်က ဘယ်မှာလဲ။
ထိုအချိန်တွင် အောက်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေပြီဖြစ်သည်။
တပည့်များနှင့် ဂိုဏ်းအကြီးအကဲများအားလုံး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ကြသည်။
"ဂိုဏ်းချုပ်……ကျုပ်ဆက်မထိန်းနိုင်တော့ဘူး။" ထိုစဉ် ယန်ကျန်းထောင်၏ ဓားမြောင် ကျိုးသွားလေ၏။ သူသည် လီချန်ချင်း၏ ဓားဖွဲ့စည်းမှုကို မခံနိုင်တော့ပေ။ အသက် ဆယ်နှစ်ရှိုက်လောက် ထိန်းထားနိုင်သည်ပင် သူ့အတွက် အလွန်ကံကောင်းနေပြီဖြစ်သည်။
"ဟမ်…"
အနက်ရောင်ဝတ်ရုံနှင့်လူက အေးစက်စွာ အော်လိုက်ပြီး သူ့လက်ကို မြှောက်လိုက်သည်။ သူ့အင်္ကျီလက်မှ သွေးတစ်စက်ထွက်လာပြီး ယန်ကျန်းထောင်၏နောက်သို့ တိုက်ရိုက် ပျံသန်းသွားပြီးနောက် ယန်ကျန်းထောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။
တခဏချင်းမှာပဲ ယန်ကျန်းထောင်၏ အသိစိတ်တစ်ခုလုံးဟာ သူ့ခန္ဓာကိုယ်၏ အဝေးသို့ တွန်းအားတစ်ခုဖြင့် လွင့်ထွက်သွားပေသည်။
သူ့တစ်ကိုယ်လုံး နီရဲသွားကာ သူ့မျက်လုံးများမှာလည်း ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေပြီးသူ့စိတ်ကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ သူ၏ ကြွက်သားများ ဖောင်းကားလာကာ လူ့ဘီလူးအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
"တစ္ဆေသခင်ရဲ့သွေး….."
ကျောက်ကြွယ်ကျုံ အံ့သြသွားသည်။
တစ္ဆေသခင်၏သွေးသည် တစ္ဆေမျိုးနွယ်မှအလွန်အလိုရှိသောအရာဖြစ်သည်။ သို့သော်လူသားမျိုးနွယ်အတွက် ၎င်းသည်သေစေသောအဆိပ်ဖြစ်ပေ၏။ ၎င်းသည် သူ့ကို ထူးကဲသော ခွန်အားဖြင့် ပေါက်ကွဲစေနိုင်သော်လည်း ခွန်အားများ ကုန်ဆုံးသွားသည်နှင့် ထိုလူသည် လုံးဝ ပျက်စီးသွားမည့် ဖြစ်နိုင်ခြေ မြင့်မားလှသည်။
သို့ရာတွင်မူ အနက်ရောင်ဝတ်ရုံဝတ်နှင့်လူမှာ လုံးဝ ဂရုမစိုက်ချေ။
သူ့အတွက် ယန်ကျန်းထောင်သည် တစ်ခါသုံးကိရိယာတစ်ခုမျှသာဖြစ်သည်။
သူ့အကြည့်များက လီချန်ချင်းပေါ် ရောက်သွားလေ၏။
အဘယ်ကြောင့်ဆိုသော် သူသည် လီချန်ချင်းနှင့် ပတ်သက်၍ ဆိုးရွားသော ခံစားချက်ကို ခံစားနေရသည်။
လီချန်ချင်းသည် ဓားဖွဲ့စည်းပုံအတွင်း ယန်ကျန်းထောင်၏ပြောင်းလဲမှုကို သတိပြုမိခဲ့သည်။ ယန်ကျန်းထောင်၏ တိုက်ခိုက်မှုများသည် ပြင်းထန်လာပြီး သူ၏ ခုခံအားသည်ပင် အားကောင်းလာခဲ့သည်။ သူသည် ဓားဖွဲ့စည်းမှုကို ဖြိုခွင်းပစ်ရန် သေသည်အထိ တိုက်ခိုက်နေပြီး သူ၏ အစွမ်းထက်သော ခွန်အားသည် လီချန်ချင်း၏ ဓားဖွဲ့စည်းပုံနှင့် အမှန်တကယ် ထိတွေ့နိုင်သည်။
၎င်းသည် လီချန်ချင်း မမျှော်လင့်ထားသည့် အရာဖြစ်ပေ၏။ ထိုအချိန်တွင် ယန်ကျန်းထောင်သည် လုံးဝအရူးတစ်ယောက်လို ဖြစ်နေသည်။
အောက်ပိုင်းတွင်မူ တိုက်ပွဲများများဖြင့် ပြည့်နှက်နေပေ၏။
ဖရိုဖရဲဖြစ်နေသည့် သွေးထွက်သံယို မြင်ကွင်းတစ်ခုဖြစ်လေသည်။
သို့သော်လည်း တစ္ဆေမျိုးနွယ်များစွာနှင့် ရင်ဆိုင်ရသောအခါ လူသားမျိုးနွယ်သည် ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ရသည်။
တပည့်နောက်တစ်ဦးသည် တစ္ဆေမျိုးနွယ်ထံ မှ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။
မူလအဆင့် စွမ်းအားရှင်အချို့ပင် တစ္ဆေမျိုးနွယ်၏ဝိုင်းရံမှုအောက်တွင် သေဆုံးခဲ့ရသည်။
၎င်းကိုမြင်သောအခါ လီချန်ချင်း စိတ်ပူမိသွားသည်။
သူသည် အချိန်မရွေး အပြစ်ဒဏ်ခံရနိုင်သဖြင့် လက်ရှိအခြေအနေကို အလျင်အမြန်ဖြေရှင်းရမည်ဖြစ်သည်။