အခန်း (၁၉၆)
Vol. 19 Ch. 196
သင်္ကန်းမှာ မိုးမြေကို ဖုံးလွှမ်းသွားခဲ့သည်။ မရေမတွက်နိုင်သည့် တစ္ဆေမျိုးနွယ်များမှာ ကြောက်ရွံ့စွာဖြင့် ထိုသင်္ကန်းကို ကြည့်နေကြ၏။ သူတို့အား ဆန့်ကျင်ကာ ဖိနှိပ်ထားသော အရှိန်အဝါသည် ထိုဗုဒ္ဓထံမှ ထွက်ပေါ်နေသည်ကို ကောင်းကောင်းခံစားနေရသည်။ ထိုဗုဒ္ဓရောင်ခြည်တော်များက လွန်ခဲ့သော နှစ်များစွာတုန်းက ဗုဒ္ဓဂိုဏ်းရှိ စွမ်းအားကြီးဗုဒ္ဓနှစ်ပါးကို ပြန်လည်သတိရမိသွားစေခဲ့သည်။ ကောင်းကင်ပြောင်းပြန်တစ္ဆေမြို့တခုလုံးကို ထိုဗုဒ္ဓနှစ်ပါးက အသည်းထဲထိ ကြောက်ရွံ့အောင် လုပ်ဆောင်ခဲ့သည် မဟုတ်ပါလား။
ကောင်းကင်ပြင်ကို အုပ်လွှမ်းထားသော သင်္ကန်းမှာ အောက်ရှိအရာရာတိုင်းကို ဖိနှိပ်တော့မည့်အလားပင်။
ရုတ်တရက် သင်္ကန်းအောက်တွင် မိုးရေစက်များဖွဲ့တည်လာသည်။ မိုးရေစက်များမှာ ချက်ချင်းကို ရွာသွန်းကြလာတော့၏။
မိုးရေစက်များမှာ အောက်ရှိ တစ္ဆေမျိုးနွယ်များ၏ ကိုယ်ပေါ်သို့ ကျည်ဆံများကဲ့သို့ ဖောက်ထွင်းသွားသည်။ မိုးရေစက်များ၏ စွမ်းအားများမှာ ခန့်မှန်းထားသည်ထက်များစွာကို သာလွန်နေခဲ့ပါသည်။ တစ္ဆေမျိုးနွယ်စု၏ ဆရာသခင်အဆင့်များပင်လျှင် ထိုမိုးရေစက်များ၏ စွမ်းပကားကို မခံစားနိုင်ပဲ မီးခိုးငွေ့များအဖြစ်သို့ ပျောက်ကွယ်သွားခဲ့ရသည်။
လူသားစွမ်းအားရှင်များမှာမူ အလွန်တရာမှကို စိတ်အားတက်ကြွနေခဲ့ပါသည်။
ထိုဗုဒ္ဓရတနာကြောင့် သူတို့ လုံခြုံခဲ့လေပြီ။
သူထုလုပ်ခဲ့သည့် ဗုဒ္ဓရုပ်ထုမှာ ထိုမျှလောက် စွမ်းအားကြီးလိမ့်မည်ဟု လီချန်ချင်းပင်လျှင် မမျှော်လင့်ခဲ့မိပါချေ။
၎င်းမှာ အမှန်တကယ်ကို အံ့ဩသင့်စရာပင်တည်း။
ဗုဒ္ဓရတနာ၏ အစွမ်းပြမှုကြောင့် တစ္ဆေမျိုးနွယ်စုမှာ အထိခိုက်ခံနေကြရပြီး ငိုကြွေးသံများနှင့် ပြည့်နှက်လာခဲ့သည်။
ကျောက်ကြွယ်ကျုံးပင်လျှင် ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိတော့သည်။ သူက နံဘေးသို့ ရုတ်တရက်လှည့်ကာ ခပ်မြန်မြန်ပင် ဆိုလိုက်သည်။
“ဆရာသခင်၊ အဲ့ဒီ့လူမှာ ဗုဒ္ဓရတနာရှိနေတယ်။ ကျုပ်တို့ ဘာလုပ်ကြမလဲ”
ဝတ်ရုံနက်မှာမူ အောက်ရှိ တစ္ဆေများအနှိမ်နင်းခံနေရသည့် ဖြစ်ရပ်မှာ သူနှင့်မဆိုင်သည့်အလားပင်။
သူက တည်ငြိမ်စွာနှင့် ပြောလိုက်သည်။
“ သူက သတ်ချင်တယ်ဆိုမှတော့ ပေးသတ်လိုက်ကြတာပေါ့။ ချင်းလဲ့ဓားအရှင်ကို ငါလျှော့တွက်မိခဲ့တယ်။ ဗုဒ္ဓဂိုဏ်းရဲ့ ပျောက်ကွယ်မှုက သူနဲ့ ဆက်စပ်နေသေးလားဆိုတာကို ငါသိချင်မိသေးတယ်”
ဗုဒ္ဓရုပ်ထုမှာ အောက်ရှိ တစ္ဆေမျိုးနွယ်များကို လျင်မြန်စွာ ဖိနှိပ်နိုင်မှုကြောင့် လူတိုင်းမှာ မျှော်လင့်ချက်ရောင်ခြည်သန်းလာကြတော့သည်။
သူတို့ အသက်ရှင်လာနိုင်သည်မဟုတ်ပါလား။
ဧရာမဗုဒ္ဓရုပ်ထုကြီးမှာ လူသားမျိုးနွယ်၏ ကယ်တင်ရှင်ဖြစ်သည်။
သို့သော် ထိုအခိုက်မှာပင် ကျယ်လောင်သော အသံတသံထွက်ပေါ်လာပြီးနောက်တွင် ဗုဒ္ဓရုပ်ထုကြီးမှာ တဆတ်ဆတ်တုန်ရီသွားခဲ့၏။
ထိုအဖြစ်ကြောင့် လူတိုင်းမှာတုန်လှုပ်သွားခဲ့သည်။ ဗုဒ္ဓရုပ်မှာ ရုတ်တရက် အက်ကြောင်းများစွာ ထလာကာ အစိတ်စိတ်အမြွာမြွာ ကွဲကျေသွားခဲ့လေသည်။
ဗုဒ္ဓရုပ်ထုကြီး ကွဲကြေသွားသည်နှင့် ကောင်းကင်အပြည့်ခြုံလွှမ်းထားသော ရွှေသင်္ကန်းမှာလည်း ဖြေးညင်းစွာပျောက်ကွယ်သွားခဲ့သည်။ ပတ်ဝန်းကျင်မှာ တဖြေးဖြေးနှင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီးနောက်တွင် ခုနက အဖြစ်အပျက်မှာ အိပ်မက်တခုအလား ဖြစ်သွားခဲ့ရတော့၏။
တွင်းနက်ထဲတွင် ရှိနေသည့် သစ်သားရုပ်ထုမှာလည်း သစ်သားအပိုင်းအစများစွာအဖြစ်သို့ ကွဲကြေသွားကာ ပြိုလဲသွားသည်။
ထိုဖြစ်ရပ်ကြောင့် လီချန်ချင်းကိုယ်တိုင်ပင်လျှင် လန့်သွားသည်။ ထို့နောက်မှ သူ သတိရသွားခဲ့သည်။ ထိုရုပ်ထုမှာ ဤလောကသို့ သူဝိဉာဉ်ကူးပြောင်းပြီးနောက်တွင် သာမန်သစ်သားနှင့် ထုလုပ်ထားခဲ့ခြင်း ဖြစ်သည်။
၎င်းတွင် ပါဝင်သော ဝိဉာဉ်စွမ်းအားများမှာ အကန့်အသက်နှင့်သာ ရှိသည်။ ထို့အပြင် ရုပ်ထုမှာ တစ္ဆေမျိုးနွယ်မြောက်များစွာတို့ကို မျိုးတုန်းသတ်ဖြတ်ခဲ့ပြီး မဟုတ်ပါလား။ ထို့ကြောင့် ချက်ချင်းကို ပေါက်ကွဲသွားခဲ့ခြင်းပင်။
ကံကောင်းသွားသည်မှာ ဗုဒ္ဓရုပ်တုမှာ တစ္ဆေမျိုးနွယ်များစွာတို့ကို သတ်ဖြတ်သွားခဲ့ခြင်းပင်။ အနည်းငယ်မျှသော တစ္ဆေမျိုးနွယ်များ ကျန်ရစ်သည့်တိုင် လူသားမျိုးနွယ်တပည့်များ စုပေါင်းကာ တိုက်ခိုက်လျှင် ပြသနာတစုံတရာ မရှိပါချေ။
“နှမြောစရာပဲ”
“စီနီယာ ချင်းလဲ့က ငါတို့အတွက် တန်ဖိုးကြီးမားတဲ့ ပန်းချီရတနာကို အဆုံးရှုံးခံပြီးတော့ အသုံးပြုပေးခဲ့တာပဲ”
“သိုင်းလောကညီနောင်အပေါင်းတို့ စီနီယာရဲ့ ကြင်နာမှုကို အလကားမဖြစ်အောင် ကျုပ်တို့အားလုံး အခုရရှိထားတဲ့ ဒုတိယအခွင့်အရေးကို အသုံးချပြီး တစ္ဆေမျိုးနွယ်တွေကို ချေမှုန်းကြရအောင်။ စီနီယာချင်းလဲ့ရဲ့ ရတနာပျက်စီးရတာကို အလကားမဖြစ်စေရဘူး”
လောလောဆယ်မှာ လူတိုင်းသည် ချင်းလဲ့ဓားသခင်အဖြစ် သရုပ်ဆောင်ထားသော လီချန်ချင်းကို မျက်ရည်များပြည့်နှက်နေသည့် အကြည့်များနှင့် ကြည့်နေကြ၏။ ချင်းလဲ့ဓားသခင်သည် သူတို့အသက်ကို မသေစေရန်အတွက် မြို့ပေါင်းမြောက်များစွာကိုပင် ဝယ်ယူနိုင်လောက်သည့် တန်ကြေးရှိသော ပန်းချီရတနာတခုကို စတေးခဲ့သည် မဟုတ်ပါလား။
ချင်းလဲ့ဓားသခင်သာ ဆန္ဒရှိပါက ထိုဗုဒ္ဓရတနာကို အသုံးပြုပြီး ထွက်ပြေးလွတ်မြောက်နိုင်ပေသည်။ သို့သော် သူက ထိုသို့မလုပ်ခဲ့ချေ။ ရတနာကို အသုံးပြုပြီး သူတို့အားလုံးကို ကယ်တင်ခဲ့သောကြောင့် အားလုံးမှာ ချင်းလဲ့ဓားသခင်အား အသက်ကြွေးတင်နေကြသည်ဟု ခံစားနေရသည်။
လူတိုင်းမှာ လီချန်ချင်းအား မျက်ရည်လည်ရွှဲနှင့် ကြည့်နေကြ၏။
သူတို့မသိသည်မှာ ထိုကဲ့သို့သော သစ်သားရုပ်ထုကို လီချန်ချင်းမှာ နေ့လည်နေ့ခင်းတွင် အပျင်းပြေအနေနှင့် ထုလုပ်၍ရသည်ကိုပင် ဖြစ်သည်။
သူတို့မသိသောကြောင့် လီချန်ချင်းမှာလည်း ဘာမှ မပြောချေ။
ဟုတ်တယ်, ဒါက တန်ဖိုးကြီးတဲ့ ဗုဒ္ဓရတနာပဲ
အဲ့ဒါက ငါ့မိသားစုရဲ့ အမွေအနှစ်လေ
မင်းတို့အဲ့လိုထင်ပြီး စိတ်ထဲခံစားနေမယ်ဆိုရင်လည်း ငါမငြင်းနေတော့ပါဘူးလေ။
ယခုတွင် လူတိုင်းမှာ မိမိတို့၏ လက်နက်များကို ကိုင်ဆွဲလိုက်ကြပြီဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်မှာ တစ္ဆေအမြောက်အမြားကို ရှင်းပစ်ခဲ့သည့်တိုင် သတ်ဖြတ်ရန်ကျန်ရှိနေသော တစ္ဆေများမှာလည်း မနည်းလှပေးပေ။
တစုံတယောက်၏ အော်ဟစ်သံအပြီးတွင် ကြီးကျယ်လှသော တိုက်ပွဲကြီးမှာ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ထိုအခိုက်တွင် လီချန်ချင်းမှာ တစုံတခုကို သတိရသွားခဲ့ပြီးနောက်တွင် သူ့လည်ပင်း၌ ဆွဲထားသော ဗုဒ္ဓရုပ်ကို ချွတ်ယူလိုက်သည်။
ထိုဗုဒ္ဓရုပ်မှာ ဤနေရာသို့မလာခင် တစ္ဆေများ၏ရန်မှ လုံခြုံစေရန်အတွက် သူ ထုလုပ်ထားသော အရုပ်လည်း ဖြစ်ပါသည်။
မူချင်းကော၏ ကိုယ်ပေါ်တွင်လည်း ထိုသို့သော ဗုဒ္ဓအရုပ်တရုပ်ရှိသည်ကို လီချန်ချင်းက တွေးမိသွားခဲ့ပြန်သည်။
သူမကော သူပါ ဤနေရာ၏ စည်းမျဉ်းများနှင့် နှောင်ဖွဲ့ထားခြင်းကို မခံကြရပေ။ အဆင့်နိမ့်သော တစ္ဆေများကို သတ်ဖြတ်ပစ်သည့်တိုင် ဤလောက၏ စည်းမျဉ်းများက သူတို့နှစ်ယောက်စလုံးကို မဖိနှိပ်ခဲ့ပေ။
ဤလောကက သူတို့နှစ်ယောက်အား လျစ်လျူရှုထားသည့်အလားပင်။
ထိုအချက်ကို သူတွေးမိသွားခဲ့သည်။ သူတို့ကိုယ်ပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်များရှိခြင်းကြောင့်ပဲလားဟု သူသံသယဝင်နေမိသည်။
တွေးရင်းနှင့်ပင် ထိုအချက်မှာ ဖြစ်နိုင်ခြေရှိသည်ဟု ခံစားလိုက်ရသည်။
ထိုသို့ဆိုလျှင် ဤနေရာတွင် သူ စိတ်ကြိုက်သတ်ဖြတ်နိုင်ပြီး သူ့ကို တားဆီးနိုင်မည်မဟုတ်ပေ။
“သေလိုက်တော့”
လီချန်ချင်းသည် သူ၏ ချင်းလဲ့ဓားအစီအရင်တွင် ပိတ်မိနေသော ယန်ကျန်းထောင်ကို ကြည့်ကြ ကြုံးဝါးလိုက်သည်။
ချင်းလဲ့ဓားအစီအရင်ဖွဲ့စည်းပုံသည် ပို၍အန္တရာယ်များသော အနေအထားသို့ တမဟုတ်ချင်းကို ပြောင်းလဲသွားတော့သည်။ ဓားအငွေ့အသက်များမှာ သတ်ဖြတ်လိုစိတ်များအပြည့်နှင့် ဖြစ်လာခဲ့ပြီးနောက် ရှည်လျားသော မြစ်တစင်းအလား ယန်ကျန်းထောင်၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်ကျဆင်းလာခဲ့သည်။
ယန်ကျန်းထောင်၏ လှုပ်ရှားမှုများမှာ တဖြေးဖြေးနှင့် နှေးကွေးလာခဲ့တော့သည်။ တစ္ဆေအရှင်၏ သွေးစက်၏ အကျိုးသက်ရောက်မှုမှာ လျော့နည်းလာခြင်းကြောင့်ပင်။ ထို့ကြောင့် သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ပို၍ ပို၍ များပြားလာခဲ့တော့သည်။
သွေးစက်၏ သက်ရောက်မှုမှာ လျော့နည်းလာသောကြောင့် သူသည် လီချန်ချင်း၏ ဓားဖွဲ့စည်းမှုအောက်တွင် လွတ်အောင် မရုန်းထွက်နိုင်တော့ပေ။
ယန်ကျန်းထောင်မှာ မြောက်မြားစွာသော သွေးများကို အန်ထုတ်လိုက်ရသည်။ ထိုအခိုက်တွင် လီချန်ချင်းက လက်ညှိုးတချက်ညွှန်လိုက်ရာ ဓားခုနစ်စင်းမှာ တစင်းအဖြစ်သို့ ပေါင်းစပ်သွားပြီး မိုးကောင်ကင်ထက်မှ ရုတ်ခြည်းထွက်ပေါ်လာသော သက်တန့်တစင်းလိုမျိုး ယန်ကျန်းထောင်ကို ထိုးဖောက်သွားခဲ့တော့သည်။
ယန်ကျန်းထောင်၏ အတွင်းအင်္ဂါများမှာ ဓား၏ ထိုးစိုက်မှုကြောင့် အပြင်သို့ ဖောက်ထွက်လာခဲ့သည်။
သူ၏ ရင်ဘက်ကို ထိုးဖောက်နေသော ဓားသွားကို မယုံကြည်နိုင်စွာ ကြည့်နေရင်းနှင့်ပင် သူ၏ မျက်လုံးများမှာ မူလကလို ရူးသွပ်မနေပဲ အသိအနည်းငယ် ဝင်လာခဲ့သည်။
ထို့နောက်တွင် သူသည် ခဲရာခဲဆစ်နှင့် အနောက်သို့ လှည့်ကာ ဝတ်ရုံနတ်ကို ကြည့်လိုက်သည်။ သူ၏ ပါးစပ်များမှာ ပွင့်လာပြီး တစုံတခုကို ပြောလိုသော်လည်း မပြောနိုင်တော့ပေ။ သူ့အကြည့်များတွင် တောင်းပန်တိုးလျိုးလိုသော အမူအရာများပါနေသည့်တိုင်အောင် ဝတ်ရုံနက်မှာမူ သူ့အား အဖက်ပင် မလုပ်ပါချေ။ သူ၏တုန်ရီနေသော လက်များမှာ ဝတ်ရုံနက်ရှိရာသို့ လှမ်းလိုက်သော်လည်း ဝတ်ရုံနက်မှာ သူ့အား မကြည့်ပဲ အောက်ရှိ လူသားနှင့် တစ္ဆေစစ်ပွဲကိုသာ ကြည့်နေခဲ့သည်။
ဆရာသခင်အဆင့်ဖြစ်သော ယန်ကျန်းထောင်၏ သေဆုံးမှုမှာ သူ့အတွက် လုံးဝကို အရေးမပါသည့်အလားပင်။
“ဘုတ်”
ယန်ကျန်းထောင်၏ အသက်မဲ့သော ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။