← Chapters

အခန်း (၁၉၇)

Vol. 19 Ch. 197

အခန်း (၁၉၇)

Vol. 19 Ch. 197

“အခု မင်းအလှည့်ပဲ”

လီချန်ချင်းက ဝတ်ရုံနက်ကို ပြောလိုက်သည်။ ချက်ချင်းဆိုသလိုပင် ဓားခုနစ်လက်မှာ ဝတ်ရုံနက်ကို ဝန်းရံသွားသည်။ လီချန်ချင်းသာ လက်ညှိုးညွှန်လိုက်ပါက ဓားများမှာ ဝတ်ရုံနက်ကို ထိုးစိုက်သွားမည်မှာ မလွဲဧကန်ဖြစ်၏။

ထိုကဲ့သို့ အခြေအနေအောက်မှာပင် ဝတ်ရုံနက်မှာ လုံးဝမတုန်လှုပ်ကာ မကြောက်ရွံ့သည့်အလားပင်။ သူ ထိုင်နေသည့်ပုံစံကပင် လုံးဝကို မရွေ့လျားပါချေ။

“ချင်းလဲ့ဓားသခင်က အံ့ဩစရာပဲ၊ ခင်ဗျားမှာ စွမ်းအားကြီးမားတဲ့ ဗုဒ္ဓရတနာတွေလည်း ရှိတယ်။ သိုင်းပညာကလည်း မြင့်မားသလို နတ်ဓားခုနစ်လက်ကိုလည်း ကောင်းကောင်းကြီးကို ထိန်းချုပ်နိုင်တယ်။ ဒီလိုအရည်အချင်းမျိုးနဲ့ လူကို သတ်ပစ်ဖို့က နှမြောစရာပဲ။ ကျုပ်ရဲ့ ထာဝရရှင်သန်ခြင်းဂိုဏ်းထဲကို မဝင်ချင်ဘူးလား။

ခင်ဗျားသာ ဂိုဏ်းထဲကိုဝင်မယ်ဆိုရင် အနာဂတ်မှာ ခင်ဗျားအလိုရှိတာ ဘာမဆိုကို ထာဝရရှင်သန်ခြင်းဂိုဏ်းက ပေးမယ်လို့ ကျုပ်အာမခံတယ်။”

“ဟက်”

လီချန်ချင်းက လှောင်ပြောင်လိုက်သည်။

“မင်းက မယုံဘူးပေါ့” ဝတ်ရုံနတ်က အမူအရာကင်းမဲ့စွာပြောလိုက်၏။

“ငါတို့ ထာဝရရှင်သန်ခြင်းဂိုဏ်း လုပ်နေတာက စန်းယွမ်တိုက်ကြီးကို ပြောင်းလဲဖို့ လုပ်နေတာ။ အခုလောလောဆယ် မင်းနားမလည်သေးတာကို ငါလက်ခံပေးလို့ရပါတယ်။ ငါတို့ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ရည်မှန်းချက်ကို မင်းနားလည်လာတဲ့အခါဆိုရင် မင်းလိုချင်သမျှအရာတိုင်းကို ငါပေးနိုင်တယ်”

“၂၁ရာစုကလာတဲ့ ငါ့ကိုများ ပိုင်ဇယားနဲ့ လာဆွယ်နေသေးတယ်။ မင်း လုပ်တာက ညံ့နေသေးတယ် မင်းအတွက် ဇယားကွက်ကို ငါဆွဲပေးရမလား”

လီချန်ချင်းက အထင်အမြင်သေးစွာ ပြောလိုက်ပါသည်။

“ဘာကြီးကို ဆွဲတာ” ဝတ်ရုံနက်က ရှုပ်ထွေးနေသည့်ဟန်နှင့် ပြောလိုက်သည်။

“ဘာမှမဟုတ်ဘူး။ အခု မင်းသေလို့ရပြီ”

စကားပြောပြီးသည်နှင့် လီချန်ချင်းက လက်ညှိုးညွှန်လိုက်ရာ ဓားခုနစ်စင်းမှာ အရှိန်အဝါများ ရောယှက်သွားပြီးနောက်တွင် လေဟာနယ်ကိုပင် ယိုယွင်းသွားစေခဲ့သည်

ကျောက်ကြွယ်ကျုံး၏ တုန့်ပြန်မှုကလည်း မြန်သည်။ သူ၏ ပန်းချီရတနာကို ထုတ်ကာ သူတို့နှစ်ယောက်ကို လွှမ်းခြုံပြီးနောက်တွင် အဝေးကို ချက်ချင်း တည်နေရာ ရွှေ့ပြောင်းလိုက်၏။

ကျောက်ကြွယ်ကျုံး၏အတွင်းအားများမှာ ကုန်ခမ်းသွားပြီဖြစ်သည်။

“အဲ့အကွက်က အလုပ်ဖြစ်တယ်လို့ထင်နေတာလား။ ကျောက်ကြွယ်ကျုံးမှာ အတွင်းအားမရှိတော့ဘူး။ အခု ခင်ဗျား ဘယ်ပြေးမလဲ”

လီချန်ချင်းက သူတို့အား ကြည့်ကာ ပြောလိုက်သည်။

“ပြေးရမယ်တဲ့လား”

“ကျောက်ကြွယ်ကျုံးက အရူးမို့လို့ သူ့ဘာသာသူ ဆုံးဖြတ်ပြီးတော့ ငါ့ကိုခေါ်ပြီး ပြေးဖို့ကြိုးစားနေတာ။ ငါက ပြေးတာမှ မဟုတ်တာ”

ဝတ်ရုံနက်မှာ ထိုင်ခုံပေါ်မှ ဖြေးညင်းစွာ ထလိုက်ပြီးနောက်တွင် တီးတိုးရေရွတ်လိုက်သည်။

“အခုလောက်ဆိုရင် အချိန်ကျတော့မယ်”

“ဘာက အချိန်ကျတော့မှာလဲ”

ထိုဝတ်ရုံနက်တွင် လှည့်ကွက်မျိုးစုံ ကျန်ရှိနေသည့်ပုံစံပင်။

ဝတ်ရုံနက်မှာ သူ၏ လက်ကို မြောက်ကာ လက်ခုပ်ကို တချက်တီးလိုက်သည်။

ထိုလက်ခုပ်သံမှာ မိုးခြိမ်းသံကဲ့သို့ အောက်ရှိတိုက်ပွဲသံများကို ဖုံးလွှမ်းသွားခဲ့၏။

တချိန်တည်းမှာပင် လောကတခုလုံးရှိ အသံများမှာ တိတ်ဆိတ်သွားခဲ့သည်။

တစ္ဆေမျိုးနွယ်များအားလုံးသည် လှုပ်ရှားနေရာမှ ရပ်တန့်သွားသည်။ လူသားမျိုးနွယ်များမှာ ထိုအခြေအနေကို အခွင့်ကောင်းယူကာ တစ္ဆေများကို သတ်ဖြတ်ရန် ကြံရွယ်လိုက်ကြသော်လည်း အားလုံး၏ မျက်ခုံးများက တွန့်ကွေးသွားခဲ့သည်။

ပတ်ဝန်းကျင်က တခုခုထူးဆန်းနေတယ်

သူတို့ စကားပြောရန်ကြိုးပမ်းလိုက်ကြသည့်တိုင် သူတို့နှုတ်မှ အသံမထွက်လာခဲ့ပေ။ ယခုအခြေအနေမှာ ဤလောကကြီးတွင် တစုံတခု ဖြစ်သွားသည့်အလားပင်။

လူတိုင်း၏ လှုပ်ရှားမှုများမှာ နှေးကွေးသွားကာ သူတို့ရှေ့မှ မြင်ကွင်းကို ကြက်သေသေပြီး ကြည့်မိနေကြသည်။

မိုးကောင်းကင်အပါအဝင် လောကကြီး တခုလုံးသည် သွေးနှင့်ပက်ဖြန်းထားသည့်အလား နီရဲနေခဲ့သည်။ ကောင်းကင်မှ ကျဆင်းနေသည့်နေရောင်ခြည်ပင်လျှင် နီရဲနေခဲ့တော့သည်။

လီချန်ချင်းပင်လျှင် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့သည်။ ထိုဝတ်ရုံနက်က ယခုလို ဖြစ်ပေါ်လာအောင် တခုခုလုပ်လိုက်သည်ဆိုတာကို သိသည့်တိုင် မည်သည့်အရာကို ပြုလုပ်လိုက်မှန်းကိုတော့ လီချန်ချင်းက မသိပါချေ။

ယခုအချိန်တွင် လီချန်ချင်းက ခံစားချက်ကို လုံးဝ ကောင်းမနေပါချေ။

သူ့စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်များကို စတင်၍ပင် ခံစားလာခဲ့ရတော့သည်။ ထာဝရရှင်သန်ခြင်းဂိုဏ်းမှ သူတို့အား သတ်ရန်ကြံစည်သည့် လုပ်ရပ်အပြင်၊ တစ္ဆေများစွာတို့နှင့် တိုက်ပွဲဖြစ်ရခြင်းတို့သည် အဓိကရည်ရွယ်ချက်မဟုတ်ဟု ခံစားနေခဲ့ရသည်။

ယခု စောင့်ဆိုင်းနေသည့်အရာကမှသာ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ အဓိက ရည်ရွယ်ချက်ဟု သူခံစားနေရသည်။

ထိုအခိုက်တွင် မြေပြင်ထက်တွင် လဲလျှောင်းနေသည့် အလောင်းကောင်များထံမှ ဝိဉာဉ်ကဲ့သို့သော အလင်းလုံးများမှာ ပျံသန်းထွက်ပေါ်လာတော့၏။

အလင်းလုံးများမှာ လူသားမျိုးနွယ်ဖြစ်စေ၊ တစ္ဆေမျိုးနွယ်ဖြစ်စေ၊ အလောင်းတခုချင်းစီမှပင် ကောင်းကင်ထက်သို့ အလင်းလုံးများ ပျံသန်းကာ စုဝေးထွက်ပေါ်လာသည်။

အလင်းလုံးများမှာ အနက်ရောင်စက်လုံးကြီးအဖြစ်သို့ တဖြေးဖြေးချင်းစီ စုစည်းလာခဲ့တော့၏။

အလင်းလုံးကြီးမှာ တဖြေးဖြေးချင်းစီ ကြီးထွားလာရုံသာမက ၎င်းထံမှ ထွက်ပေါ်နေသည့် စွမ်းအားမှာလည်း အသည်းနှလုံးတုန်လှုပ်ဖွယ်ရာစွမ်းအား ထွက်ပေါ်နေခဲ့တော့သည်။

ဝိဉာဉ်အလင်းများစုစည်းလာလေလေ၊ လေထုထဲရှိ စွမ်းအားများမှ ပိုမို၍ ပြင်းထန်ကာ လေးလံလာလေလေဖြစ်သည်။ ထိုမြင်ကွင်းးကို ဘာမှမလုပ်နိုင်ပဲ ဒီတိုင်းသာ ကြည့်နေကြရ၏။

အလောင်းများထံမှ ဝိဉာဉ်များကို နုတ်ယူပြီးသည့်အခိုက်တွင် လောကထဲတွင် အသံများတိတ်ဆိတ်နေရာမှ ပြန်လည်ထွက်ပေါ်လာခဲ့တော့၏။

“သွေးဝိဉာဉ်ဖွဲ့စည်းအစီအရင်ပါလား”

ကျန်းမုကျီမှာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ ထိုအစီအရင်၏ အမည်ကို ကြားလိုက်သည်နှင့် ရှိနေကြသော စွမ်းအားရှင်များအားလုံးမှာ အမူအရာများ ပျက်ယွင်းသွားခဲ့၏။ သူတို့အားလုံးမှာ ထိုအစီအရင်ကို ကြားဖူးကြသည်ကြီးသာ ဖြစ်သည်။

ထိုအစီအရင်မှာ အလွန်ကို ရက်စက်သော အစီအရင်တခုပင် ဖြစ်သည်။ အစီအရင်မှာ သေဆုံးပြီးသော အလောင်းများထံမှ စိတ်ဝိဉာဉ်ကို ဆွဲနှုတ်ကာ မကောင်းသည့်နေရာတွင် ပြန်အသုံးပြုခြင်းပင် ဖြစ်သည်။

ယခုအချိန်မှသာ တစ္ဆေမျိုးနွယ်ဝင်များ မည်မျှသေသေ ထာဝရရှင်သန်ခြင်းဂိုဏ်းမှ ဘာကြောင့် အရေးမစိုက်လဲဆိုတာကို ကောင်းကောင်းကို နားလည်လာခဲ့ကြ၏။

ထာဝရရှင်သန်ခြင်းဂိုဏ်းမှာ သူတို့၏ အစီအရင်ကို လုပ်ဆောင်နိုင်ရန်အတွက် လူများများသေဖို့ လိုအပ်ခြင်းကြောင့်ပင်။ သေဆုံးသူများမှသာ အစီအရင်ကို ဖွဲ့စည်းရန်အတွက် ဝိဉာဉ်များစွာ ရရှိနိုင်မည်ဖြစ်သည်။ ထာဝရရှင်သန်ခြင်းဂိုဏ်းအတွက်တော့ လူသားနှင့် တစ္ဆေမျိုးနွယ်တို့အကြားတိုက်ပွဲသည် အစီအရင် ဖြစ်လာစေရန်အတွက် ပြင်ဆင်ခြင်းသက်သက်သာ ဖြစ်သည်။

“ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ကောင်းလိုက်လဲ”

ထိုအခိုက်တွင် ဝတ်ရုံနက်မှာ ကောင်းကင်ပေါ်မှ မြင်ကွင်းကို ကြည့်ရင်း ကျေနပ်စွာ ရေရွတ်လိုက်၏။

“ပုရွက်ဆိတ်လေးတွေ”

ဝတ်ရုံနက်မှာ အောက်ရှိလူများကို ဝေ့ကြည့်ကာ ဆိုလိုက်သည်။

“ငါ့အတွက် ဝိဉာဉ်တွေအများကြီးရအောင် လုပ်ပေးတဲ့ မင်းတို့ကိုယ်မင်းတို့ပဲ ကျေးဇူးတင်လိုက်ကြ၊ အခု ပိုပြီးကြီးမားတဲ့အရာကို ကြိုဆိုလိုက်ကြရအောင်”

ထိုသို့ ပြောပြီးနောက်တွင် ဝတ်ရုံနက်မှာ တနေရာသို့ လက်ညှိုးညွှန်လိုက်၏။

ဧရာမ ဝိဉာဉ်စွမ်းအားများမှာ ဧကရာဇ်မြို့တော်ထဲသို့ ကျဆင်းသွားခဲ့လေသည်။

‘ဘုန်း’

ကျယ်လောင်လှသော အသံကြီးကြောင့် တစ္ဆေနတ်ဆိုးစမ်းသပ်နယ်မြေကြီးတခုလုံးမှာ တုန်ခါသွားခဲ့၏။

လူတိုင်းမှာ ထိုတုန်ခါမှုကြောင့် အလဲလဲအကွဲကွဲ ဖြစ်ကုန်ကြသည်။

“ဘာသံကြီးလဲ”

“ဘာတွေ ဖြစ်ကုန်တာလဲ”

ထိုတုန်ခါမှုကြောင့် ဧကရာဇ်မြို့တော်အတွင်းရှိ အဆောက်အဦးများမှာ ပြိုကျပျက်စီးကုန်သည်။

ထိုအခိုက်တွင် ကြီးမားကျယ်ပြန့်ကာ စွမ်းအားကြီးမားသော အရှိန်အဝါတခုသည် ထွန်းသစ်စနေမင်းလို တဖြေးဖြေးနှင့် မြင့်တက်လာသည်ကို လီချန်ချင်း ခံစားလိုက်ရသည်။

ထိုအရှိန်အဝါမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းလှပြီး သေခြင်းနှင့် ပျက်သုဉ်းခြင်းတို့ ရောယှက်နေသည့်အလားပင်။

တချိန်တည်းမှာပင် သွေးပျက်ခြောက်ခြားနေသည့်ခံစားချက်မှာ လူတိုင်း၏ ရင်တွင်းမှ ထွက်ပေါ်လာခဲ့တော့သည်။

ထိုကြောက်ရွံ့မှုမှာ လူတိုင်း၏ နှလုံးသားထဲတွင် အချိန်ကြာမြင့်စွာကတည်းက တည်ရှိနေခဲ့ပြီး ထိုထူးဆန်းသည့် စွမ်းအားက ဆင့်ခေါ်လိုက်သည့်အလားကို ဖြစ်နေ၏။

သူတို့ကို အဲ့လောက်ထိ ကြောက်ရွံ့စေတာက ဘာကြောင့်များ ဖြစ်မလဲ။

ဝတ်ရုံနက်၏ နံဘေး၌ ရပ်နေသည့် ကျောက်ကြွယ်ကျုံးပင်လျှင် စိတ်အားတက်ကြွနေသော မျက်နှာနှင့် အဝေးသို့ မျှော်ကြည့်လိုက်သည်။ ဧကရာဇ်မြို့တော်မှာ ပြိုကျနေပြီး မြေပြင်၌လည်း တွင်းနက်ကြီး ဖြစ်နေကာ ထိုတွင်းနက်အတွင်း၌ ဝိဉာဉ်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော အလင်းလုံးကြီး ရှိနေခဲ့ပါသည်။

အဆုံးအစမဲ့ကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများသည် ထိုတွင်းနက်ထဲမှ ထွက်ပေါ်နေခဲ့၏။

ထိုအခြေအနေမှာ အိပ်စက်နေသော ရှေးဟောင်းသားရဲကြီးတကောင်က နိုးထလာတော့မည့်အလားပင်။

ဝတ်ရုံနက်မှာ ထိုအခြေအနေကို ပြုံးရင်းနှင့် ကြည့်နေခဲ့သည်။ အခုဖြစ်ပေါ်နေသည့် ဖြစ်ရပ်ကသာ သူ၏ အဓိကပန်းတိုင် ဖြစ်၏။

ယခင်က လုပ်ခဲ့သမျှ အားလုံးမှာ အရေးမပါသည့် အသေးအဖွဲ့ကိစ္စများဖြစ်သည်။ ယခုအခြေအနေကသာ တစ္ဆေနတ်ဆိုးစမ်းသပ်မှုသို့ လာရောက်ရသည့် သူ၏ အန္တိမပန်းတိုင်ဖြစ်ပါ၏။

ဝှစ်

ပြင်းထန်သော လေပြင်းက တိုက်ခတ်သွားသောကြောင့် လူတိုင်းမှာ မျက်လုံးပင် မဖွင့်နိုင်ဖြစ်သွားခဲ့သည်။

ထိုတိုက်ခတ်သော လေပြင်းကြောင့် ကောင်းကင်ပြောင်းပြန်တစ္ဆေမြို့၏ အဝင်ဝတွင် ကပ်ထားသော ဗုဒ္ဓအဆောင်စာရွက်များမှာ အချိန်မရွေးလွင့်ပျံသွားတော့မည့်အလားကို အပြင်းအထန် လှုပ်ခတ်နေခဲ့သည်။

မရေမတွက်နိုင်သည့် တစ္ဆေမျိုးနွယ်များထံမှ ထွက်ပေါ်နေသည့် တစ္ဆေအရှိန်အဝါများမှာ အရပ်မျက်နှာပေါင်းစုံမှ ရောက်လာခဲ့လေ၏။ မီလီယံဆယ်ချီနေသော အရေအတွက်ဖြစ်နေသောကြောင့် မည်မျှ များပြားသည်ကို မပြောနိုင်တော့ပေ။

“အဲ့ဒါဘာတွေလဲ”

လူများမှာ မိမိတို့၏ မျက်လုံးကိုပင် မယုံနိုင်လောက်အောင်ပင် ဖြစ်နေကြရတော့သည်။

ဧကရာဇ်မြို့၏ ဧရာမတွင်းနက်ကြီးမှ ကြီးမားလှသော တစုံတခု ထွက်ပေါ်လာ၏။

ထိုဧရာမ အရာကြီးမှာ တောင်ကြီးတခုအလားဖြစ်နေခဲ့ပြီးနောက် ကွမ်လန်နန်းတော်၏ မိုးပျံသင်္ဘောများထက်ပင် များစွာ အရွယ်အစားကြီးမားပါသည်။

ထိုဧရာမပုံရိပ်ကြီး၏ အောက်တွင် လူတိုင်းမှာ သမုဒ္ဒရာထဲမှ သဲတပွင့်အလား လွန်စွာမှကို သေးငယ်နေခဲ့၏။

“အခေါင်းတခုလား”

ထိုအရာကြီးကို မြင်လိုက်ပြီး ဧရာမအခေါင်းကြီး ဖြစ်နေသောကြောင့် လီချန်ချင်းမှာ ထိတ်လန့်သွားခဲ့ရတော့သည်။

သူ့ဘဝတလျှောက်လုံးတွင် ထိုမျှ ကြီးမားလှသော အခေါင်းကြီးကို လုံးဝကို မမြင်ဖူးခဲ့ပါချေ။

အခေါင်းကြီး၏ ပတ်ပတ်လည်တွင် ခေါင်းငိုက်စိုက်ကျနေသည့် လူပုံစံအလောင်း၁၂လောင်းကို တုပ်နှောင်ထားသည်။

ထိုလူပုံစံအလောင်း၁၂လောင်း၏ ဝတ်ဆင်ထားသော အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် ၎င်းတို့မှာ တစ္ဆေမျိုးနွယ်များဖြစ်သည်ကို သိနိုင်ပေ၏။

သူတို့က လွန်စွာ စွမ်းအားကြီးမားလှသည့် ဟန်ပန်ရှိနေပြန်သည်။

သူတို့၏ ပုံစံမှာ သေဆုံးနေဟန်ပေါ်သည့်တိုင် ၎င်းတို့ထံမှ ထုတ်လွှတ်နေသည့်အရှိန်အဝါများမှာ အလွန်တရာကို ထိန်လန့်ကြောက်ရွံ့ဖွယ်ရာကောင်းလှပေသည်။

ဒါပေမယ့် ပို၍ ကြောက်ရွံ့ဖွယ်ကောင်းသည်မှာ အခေါင်းတွင်းရှိလူပင် ဖြစ်သည်။

အခေါင်းတခုတည်းကပင် လူသားမျိုးနွယ်များအားလုံးကို တောင်ကြီးတတောင်အလား ဖိနှိပ်ထားနိုင်နေပြီ ဖြစ်သည်။

ထိုခံစားချက်မှာ အင်မော်တယ်တပါးနှင့် ထိပ်တိုက်ရင်ဆိုင်နေရပြီး မိမိတွင် တန်းတူယှဉ်နိုင်သည့် ခွန်အားမရှိသောကြောင့် စိတ်အားငယ်ရသည့်အလားပင်။

လူတိုင်း၏ မျက်လုံးများမှာ အခေါင်းပေါ်သို့ ကျဆင်းသွားခဲ့သည်။

အခေါင်းပိုင်ရှင်က မည်သူဖြစ်သည်ကို လူတော်တော်များများက ခန့်မှန်းပြီးခဲ့ပြီဖြစ်သည်။

“ဒါက ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်ရဲ့ ကျောက်ခေါင်းတလားပဲ”

လီကျင်းစုန့်က ထိတ်လန့်စွာပြောလိုက်သည်။

“ကောလဟာလတွေက မှန်နေတာပဲ၊ ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်ရဲ့ ကျောက်ခေါင်းတလားက အရမ်းကို ကြီးတဲ့အပြင် အစောင့်အရှောက်၁၂ပါးကိုပါ တပါတည်း ထည့်မြုတ်ထားတာပဲ။

အစောင့်အရှောက် ၁၂ပါးက တစ္ဆေအရှင်ကို အသက်နဲ့ထပ်တူ သစ္စာရှိတဲ့အပြင် သူတို့ရဲ့ ကျင့်ကြံမှုတွေကလည်း မဟာသိုင်းဂိုဏ်းအဆင့်ကို ရောက်နေခဲ့ပြီ”

“အကုန်လုံးက မဟာသိုင်းဂိုဏ်းအဆင့်မှာတဲ့လား”

ထိုအချက်အလက်ကို ကြားလိုက်ရသူတိုင်းမှာ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြချေပြီ။

အတိတ်တုန်းက ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်ရဲ့ အင်အားစုက အဲ့သလောက်တောင်ပဲ ကြောက်ဖို့ကောင်းခဲ့တာလား။

ထိုကဲ့သို့ အင်အားစုကို ဖိနှိပ်နိုင်ခဲ့သော ရှေးဟောင်းအေးခဲဘုရားကျောင်းရဲ့ အင်အားက ပိုပြီးတောင် ကြောက်ဖို့ကောင်းတယ်မဟုတ်ဘူးလား။

အတိတ်တုန်းက ဗုဒ္ဓနှစ်ပါးက ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်နှင့် တိုက်ခိုက်ခဲ့ကြ၏။

ထိုအကြောင်းအရာကို သူတို့က စာအုပ်များတွင်သာ ဖတ်ခဲ့ဖူးကြခြင်းဖြစ်ပြီး ယခုအချိန်တွင် တစ္ဆေအရှင်၏ အရှိန်အဝါကို ကိုယ်တွေ့ ခံစားမိပြီးမှသာ ထိုစဉ်အခါတုန်းက တိုက်ပွဲမှာ မည်မျှ ကြောက်ရွံ့ဖွယ်ကောင်းသည်ကို ခန့်မှန်းနိုင်ခဲ့ကြလေသည်။

ပို၍စိုးရိမ်ဖွယ်ရှိသည်မှာ ထာဝရရှင်သန်ခြင်းဂိုဏ်းက ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်၏ ခေါင်းတလားကို တခုခုလုပ်ရန် ကြံရွယ်နေခြင်းပင်။

သူတို့ရဲ့ ရည်မှန်းချက်က ဘာဖြစ်နိုင်လဲ

“မင်းတို့ရဲ့ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ပစ်မှတ်က ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်ရဲ့ ခေါင်းတလားပေါ့ ဟုတ်တယ်မဟုတ်လား”

လီကျင်းစုန့်က ဝတ်ရုံနက်ကိုကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

“ လူသေကို တူးဖော်ပြီးတော့ မင်းတို့က ဘာလုပ်နိုင်မှာလဲ”

“လူသေ၊ ဟုတ်လား”

ထိုစကားကိုကြားသော် ဝတ်ရုံနက်မှာ ကျယ်လောင်စွာ အော်ဟစ်ကာ ရယ်မောလိုက်သည်။

“မင်းတို့ သေမျိုးတွေက အင်မော်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဘာနားလည်မှာလဲ။ မြေလျှောက်အင်မော်တယ်တပါးကို သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးကွ။ မင်းတို့အဲ့ဒီ့အဆင့်ကို ကိုယ်တိုင်ရောက်မှပဲ ထာဝရရှင်သန်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို နားလည်နိုင်လိမ့်မယ်”

“အဲ့ဒီ့အချိန်တုန်းက ဗုဒ္ဓနှစ်ပါးက ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ပေမယ့် ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်ကို အနိုင်ပဲယူနိုင်ခဲ့တာ အသေမသတ်နိုင်ခဲ့ဘူး။ ကောင်းကင်ပြောင်းပြန်တစ္ဆေမြို့ကို ဗုဒ္ဓတွေက ဘာလို့ ချိတ်ပိတ်ခဲ့လဲဆိုတာကို မင်းမတွေးမိဘူးလား။ မြို့တံခါးကို ပိတ်နှောင်ထားတဲ့ ဗုဒ္ဓဂါထာတွေက ဘာအတွက်လဲဆိုတာကိုကော မင်းမတွေးမိဘူးမဟုတ်လား”

ဝတ်ရုံနက်မှာ အားပါးတရရယ်မောရင်း

“ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်က အသက်ရှင်နေရုံပဲမဟုတ်ဘူး။ အစောင့်အရှောက် ၁၂ပါးကလည်း အသက်ရှင်နေတုန်းပဲ”

“ငါတို့ ထာဝရရှင်သန်ခြင်းဂိုဏ်းက ဒီအတွက်ကို ပြင်ဆင်ထားခဲ့တာ။ အခုမင်းတို့တွေရဲ့ ကျေးဇူးနဲ့ အရင့်အရင်က ဒီနယ်မြေကို လာခဲ့ပြီး သတ်ဖြတ်ခဲ့တဲ့ လူတွေရဲ့ ကျေးဇူးကြောင့် ငါတို့က ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်ကို ပြန်နှိုးထဖို့အတွက် လုံလောက်တဲ့စွမ်းအားကို စုစည်းမိပြီ။ အကုန်လုံးက မင်းတို့တွေရဲ့ ကျေးဇူးတွေပဲ”

“ဘာ”

ထိုစကားကြောင့် လူတိုင်းမှာ ဆွံ့အသွားခဲ့တော့လေသည်။

သူဘာပြောလိုက်တာ

ဟိုးရှေးနှစ်ပေါင်းများစွာကတည်းက တစ္ဆေနတ်ဆိုးစမ်းသပ်မှုကို ဝင်ခဲ့တဲ့ ဂိုဏ်းကြီးတွေရဲ့ လုပ်ရပ်က ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးလိုက်သလို ဖြစ်သွားတာပေါ့

အဲ့လိုဆိုရင် ထာဝရရှင်သန်ခြင်းဂိုဏ်းက ဘယ်အချိန်ကတည်းက တည်ရှိနေခဲ့တာလဲ

သူတို့ရဲ့ အဖြူရောင်သိုင်းဂိုဏ်းတွေက ဒီဂိုဏ်းရဲ့တည်ရှိမှုကို အဲ့လောက်အချိန်ကြာတဲ့အထိကို လုံးဝကို မသိခဲ့ကြရတာလား

လူတိုင်း၏ သွေးပျက်ခြောက်ခြားနေသော မျက်နှာကို အရသာခံကြည့်ပြီးနောက်တွင် ဝတ်ရုံနက်က သရော်လိုက်သည်။

“မင်းတို့ သေမျိုးတွေက ငါတို့ဂိုဏ်းရဲ့ လှုပ်ရှားမှုနဲ့ ရည်ရွယ်ချက်ကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ။ တကယ့်စွမ်းအားအစစ်အမှန်ဆိုတာက ဘာလဲဆိုတာကို မင်းတို့ကို ငါက ပြသပေးမယ်”

“နိုးထလော့”

ဝတ်ရုံနက်က အော်ဟစ်လိုက်သည်။

ကြီးမားသော ခေါင်းတလားကြီးမှာ တဆတ်ဆတ်ကို တုန်ယင်သွားခဲ့၏။ ထို့နောက်တွင် တွင်းနက်ကြီးထဲမှ ဖြေးညင်းစွာ ကြွတက်လာခဲ့သည်။ တချိန်တည်းမှာပင် စွမ်းအားပြင်းထန်ကာ ကြမ်းတမ်းလှသော လေပြင်းများမှာ အရပ်မျက်နှာစုံကို တိုက်ခတ်လာ၏။

ကောင်းကင်ပြောင်းပြန်တစ္ဆေမြို့ဝတွင် ချိတ်ပိတ်ထားသော ဗုဒ္ဓအဆောင်စာရွက်များမှာ ပြင်းထန်လှသည့် စွမ်းအားကို မခံနိုင်တော့သောကြောင့် လေအဝှေ့မှာ တဖြေးဖြေးနှင့် လွင့်ပြယ်သွားခဲ့လေသည်။

အဆောင်စာရွက်များ ပျောက်ကွယ်သွားသည်နှင့် လွန်စွာမှကို ထိတ်လန့်ဖွယ်ကောင်းလှသော အရှိန်အဝါတရပ်မှာ ချက်ချင်းကို ဆင်းသက်လာခဲ့၏။

ထိုစွမ်းအားမှာ ဒိုင်မင်းရှင်းကိုပင် ဖိနှိပ်နိုင်စွမ်းရှိနေလေ၏။ ထိုအခိုက်လူတိုင်း၏ စိတ်ထဲတွင် မျက်လုံးတလုံးပေါ်လာပြီးနောက် သူတို့အား ချောင်းကြည့်နေသည်ဟု ခံစားမိလိုက်သည်။

ထိုမျက်လုံးမှာ ဖြေးညင်းစွာ ပွင့်လာသည်။

ဘုရင်တပါးမှာ နိုးထလာခဲ့လေပြီ။

“ထွက်လာခဲ့ပါ” ဝတ်ရုံနက်မှာ ကြွေးကျော်လိုက်သည်။ သူ၏ အသံမှာ လွန်စွာ စိတ်လှုပ်ရှားနေ၏။

“ကျုပ်တို့ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ နှစ်ရာချီအောင် ပြင်ဆင်ထားတဲ့အစီအစဉ်ကြီးက အခုချိန်မှာ အောင်မြင်ပြီ။ ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်၊ ခင်ဗျားရဲ့ စွမ်းအားအပြည့်ကို ကျုပ်မြင်ပါရစေလား”

“အိပ်မက်မက်မနေနဲ့”

ထိုအခိုက်တွင် လီချန်ချင်းက အရှေ့သို့ လှမ်းလိုက်သည်။ သူ၏ အကြည့်များမှာ ဓားသွားတစုံလို ထက်မြက်နေ၏။ သူ့အသံမှာ ခေါင်းလောင်းတီးလိုက်သလို ဟိန်းထွက်နေခဲ့သည်။

ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်သာ အမှန်တကယ်ထွက်ပေါ်လာခဲ့ပါက ဤနေရာရှိ မည်သူမှ တောင့်ခံနိုင်မည်မဟုတ်ကြောင်းကို သူကောင်းကောင်းသိနေပေ၏။

All Chapters