← Chapters

အခန်း (၁၉၈)

Vol. 19 Ch. 198

အခန်း (၁၉၈)

Vol. 19 Ch. 198

“သွားစမ်း”

လီချန်ချင်း၏ လက်တချက်အတောက်တွင် သူ၏ သိုလှောင်လက်စွပ်ကွင်းထဲမှ အရာတခုသည် ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့သည်။

၎င်းသည် နောက်ထပ် ပန်းပုရုပ်တခု ဖြစ်ပြန်သည်။ ထိုအရုပ်မှာ လူတဝက်နီးပါးအမြင့်ရှိပြီး အနီးကပ်သေချာကြည့်လိုက်ပါက တောင်တခုနှင့် တူပေ၏။

တောင်ကြီးမှာ ကောင်းကင်ထက်သို့ လျင်မြန်စွာ ပျံတက်သွားပြီး ဧရာမခေါင်းတလားရှိရာတည့်တည့် လေထုထဲတွင် ရပ်တန့်သွားလေသည်။

နောက်တခဏတွင် ထိုတောင်ပုံစံရှိသော ပန်းပုရုပ်ထံမှ ဗဟိုပြုကာ မြောက်မြားစွာသော စွမ်းအားများမှာ အရပ်မျက်နှာစုံသို့ ပျံ့နှံ့၊ ဖြာထွက်သွားခဲ့တော့သည်။ လေထုထဲမှာပင် ထိုတောင်ရုပ်ထုမှာ တစထက်တစ ကြီးထွားလာခဲ့တော့၏။

“အဲ့ဒါ ဘာလဲ”

ကျောက်ကြွယ်ကျုံးမှာ လီချန်ချင်း ထုတ်လိုက်သည့် ရတနာကို ဗလာဟင်းလင်းအမူအရာနှင့် ကြည့်နေမိသည်။

ဝတ်ရုံနက်၏ အကြည့်များမှာမူ တင်းမာသွားခဲ့သည်။ သူက ပြတ်သားစွာဆိုလိုက်၏။

“အဲ့ဒါက ဘာကြီးပဲဖြစ်ဖြစ်ပါ။ တစ္ဆေအရှင်ကို အသက်ပြန်သွင်းမယ့်ကိစ္စကို ဘယ်သူမှ မဖျက်ဆီးနိုင်စေရဘူး”

သူ၏ လေသံမှာ တင်းမာနေသည့်တိုင် ဝတ်ရုံနက်၏ အကြည့်မှာ လေထုထဲမှ ကြီးထွားလာသည့် တောင်ကြီးကိုသာ မမှိတ်မသုန်စိုက်ကြည့်နေခဲ့သည်။

ဒီတောင်ကို အားကိုးပြီးတော့ မြေလျှောက်အင်မော်တယ်ဖြစ်တဲ့ တစ္ဆေအရှင်ရဲ့ နိုးထလာမှုကို တားဆီးချင်တယ်ပေါ့

ဟာသပဲ

နှစ်ရာချီကြာတဲ့အထိ ကြံစည်ထားတဲ့ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ အစီအစဉ်ကို ဒီလောက်လွယ်လွယ်နဲ့ ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာလား၊ အိပ်မက်မက်နေလိုက်။

တစ္ဆေအရှင်၏ အရှိန်အဝါမှာ မိုးကောင်းကင်နှင့် မြေပြင်ကို ပျံ့နှံ့နေခဲ့ပြီး ခေါင်းတလားအထဲရှိ တစ္ဆေအရှင်၏ မျက်ဝန်းများမှာ ဖြေးညင်းစွာနှင့် ပွင့်လာခဲ့သည်။

သူ့အား အေးခဲရှေးဟောင်းဘုရားကျောင်းမှ ဗုဒ္ဓနှစ်ပါးက နှစ်ပေါင်းများစွာ ကြာတဲ့အထိ ချိတ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓနှစ်ပါးက သူ့အား မသတ်ဖြတ်နိုင်သည့်တိုင် နှစ်များစွာကြာအောင် ချိတ်ပိတ်ခံထားရသည်မှာ သေဆုံးနေသည်နှင့် ဘာမှ မခြားနားလှပေ။ ထာဝရရှင်သန်ခြင်းဂိုဏ်းကသာ သွေးဝိဉာဉ်အစီအရင်ကိုသာ အသုံးမပြုခဲ့ပါက တစ္ဆေအရှင်ကို နှိုးလိုက်လိမ့်မည် မဟုတ်ချေ။

တစ္ဆေအရှင်မှာ မျက်လုံးဖွင့်ရုံသာမကပေ၊ စတင်၍ အသက်ရှုနေပြီ ဖြစ်သည်။

ယခုအချိန်တွင် လောကတခုလုံးမှာ တစ္ဆေအရှင်၏ ပိုင်နက်ဖြစ်သွားခဲ့ချေပြီ။

အခေါင်းပတ်လည်ရှိ အစောင့်အရှောက် ၁၂ပါးပင်လျှင် ၎င်းတို့၏ အသက်စွမ်းအားများကို ဖြေးညှင်းစွာ နိုးထနိုင်ခဲ့နေပြီ ဖြစ်သည်။

သူတို့မှာ မကြာမီတွင် နိုးထလာနိုင်တော့လိမ့်မည်။

တစ္ဆေအရှင်နှင့် အစောင့်အရှောက်၁၂ပါးသာ ထာဝရရှင်သန်ခြင်းဂိုဏ်းသို့ ဝင်ရောက်ခဲ့ပါက ထာဝရရှင်သန်ခြင်းဂိုဏ်း၏ အင်အားကို မည်သူမျှ ယှဉ်ပြိုင်နိုင်တော့လိမ့်မည် မဟုတ်ပေ။

ယခုမျက်မှောက်ခေတ်မှာ လွန်ခဲ့သော နှစ်ရာချီတုန်းကလို မဟုတ်ပါချေ။ လူသားနှင့် တစ္ဆေအကြားတိုက်ပွဲကြီး ပြီးဆုံးပြီးနောက်တွင် နှစ်ဖက်စလုံးမှ ဆိုးဆိုးရွားရွားကို အထိနာခဲ့ကြတော့သည်။ လူသားနှင့် တစ္ဆေမျိုးနွယ်ရှိ မြေလျှောက်အင်မော်တယ်များကို စုပေါင်းပြီး ရေတွက်ကြည့်ပါက လက်တဖက်ပင် ပြည့်လိမ့်မည်မဟုတ်ချေ။

လွန်စွာ စွမ်းအားကြီးမားလှပါပြီဟု သတ်မှတ်ထားသည့် မဟာသိုင်းဂိုဏ်းအဆင့်များပင်လျှင် ရှားပါးလွန်းလှသည်။

ထာဝရရှင်သန်ခြင်းဂိုဏ်းတွင်သာ ထိုကဲ့သို့သော ကြောက်မက်ဖွယ်အင်အားစုကိုသာ ရရှိသွားပါက တလောကလုံးကို ထိုဂိုဏ်းမှ လွှမ်းမိုးသွားနိုင်ပေလိမ့်မည်။

သို့သော် ထိုအချိန်မှာပင် တောင်ပန်းပုရုပ်မှာ လျင်မြန်စွာ ကြီးထွားလာပြီး ဧရာမခေါင်းတလားထက် များစွာ ပိုကြီးလာခဲ့သည်။ ထိုတောင်ကြီးနှင့် ယှဉ်လျှင် ကြီးလှပါပြီဆိုသော ခေါင်းတလားပင်လျှင် သေးငယ်သွား၏။

“ဒါက ဘယ်လိုရတနာကြီးလဲ၊ ဗုဒ္ဓရတနာပဲ ဖြစ်နေပြန်တာလား”

ယခုအချိန်တွင် လူသားမျိုးနွယ်တို့မှာ ထိုမြင်ကွင်းကြောင့် ကြက်သေသေနေခဲ့ကြသည်။

ထိုပန်ချီရတနာမှာ လွန်စွာ ထူးခြားလှပြီး သူတို့ မမြင်တွေ့ဖူးကြပေ။

ဒါကြီးက အဲ့သလောက်တောင် ကြီးလွန်းရလား

ဒီနေ့မှာ တကယ်ကို အမြင်ကျယ်သွားစေတာပဲ။

တောင်ကြီးမှာ တောင်ထိပ်ငါးလုံးရှိပြီး ထူးဆန်းစွာဖြင့်တခုနှင့်တခု သွယ်တန်းလျက်ရှိလေသည်။ သေချာကြည့်လျှင် လူသားတယောက်၏ လက်ဖဝါးနှင့်ပင် ဆင်တူလေသည်။

တောင်ထိပ်ငါးခုမှာ လက်ငါးချောင်းအလားပင်။

တစ္ဆေအရှင်၏ အရှိန်အဝါမှာ အဆက်မပြတ်ကို တိုးလာသည်။ ခေါင်းတလားထဲမှ တစ္ဆေအငွေ့အသက်များက တိုးထွက်ရန်ကြိုးပမ်းနေကြသည်။ အခေါင်း၏ အဖုံးပင်လျှင် တဆတ်ဆတ်တုန်ရီနေခဲ့သည်။ ခေါင်းတလား၏ အဖုံးမှ တုန်ခါနေသည့်အချိန်တိုင်းတွင် လူတိုင်း၏ ရင်တွင်းခံစားချက်များမှာ ပိုမို၍ ဆိုးဝါးလာခဲ့တော့၏။

ထိုစိမ့်ထွက်လာသည့် အရှိန်အဝါအနည်းငယ်မျှကပင် သူတို့တဘဝလုံးတွင် ရင်ဆိုင်တွေ့ခဲ့ဖူးသော တစ္ဆေမျိုးနွယ်များစွာထက် ပိုမိုသာလွန်ခဲ့လေသည်။

၎င်းမှာ ပြိုင်ဘက်ကင်းသော နယ်ပယ်တွင် တည်ရှိသည်။

ခေါင်းတလားပတ်လည်တွင် ချိတ်ဆွဲထားသည့် အစောင့်အရှောက်၁၂ပါး၏ ဦးခေါင်းများမှာ လှုပ်လာကြပြီး ခြောက်ကပ်သော လည်ချောင်းသံကြီးနှင့် ဟစ်ကြွေးနေကြသည်။

“ရှင်သန်လာတော့မယ်”

ဝတ်ရုံနက်၏ အသံမှာ စိတ်အားတက်ကြွနေသည့်ဟန်ရှိသည်။

ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်ကို ရှင်သန်ထမြောက်ခြင်းမှာ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ အစီအစဉ်များစွာထဲမှ အရေးကြီး အစီအစဉ်တခုလည်း ဖြစ်ပါသည်။

ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်၏ အကူအညီနှင့်သာဆိုလျှင် သူတို့သည် စန်းယွမ်တိုက်ကြီးတွင် မည်သူမှ ဂရုမစိုက်ပဲနှင့် ပေါ်ပေါ်ထင်ထင် နေထိုင်နိုင်ပြီ ဖြစ်သည်။ ယခုလိုမျိုး မြောင်းကြားထဲက ကြွက်များလို ပုန်းအောင်းနေစရာ မလိုတော့ပေ။

စန်းယွမ်အရှင်သခင်ကိုယ်တိုင် လှုပ်ရှားသည့်တိုင် သူတို့၌ ပြန်လည်ရင်ဆိုင်ခုခံနိုင်သည့် အင်အားရှိနေပြီ ဖြစ်သည်။

ထိုအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ထာဝရရှင်သန်ခြင်းဂိုဏ်းက နှစ်ချီကြာအောင် အစီအစဉ် ချမှတ်ခဲ့ရလေသည်။ ယနေ့တွင်သာ အစီအစဉ်၏ အရေးပါသော အစိတ်အပိုင်းသို့ ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။

ယခုအချိန်တွင်တော့ သူတို့အား မည်သူမှ မတားဆီးနိုင်တော့ပါချေ။

“ဘယ်သူမှ တစ္ဆေအရှင်ရဲ့ ရှင်သန်ထမြောက်ခြင်းကို မတားဆီးနိုင်စေရဘူး”

ဝတ်ရုံနက်က ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်ခဲ့သည်။

“တစ္ဆေအရှင် လျင်မြန်စွာ ပေါ်ထွက်လာလော့”

“ဘုန်း ဘုန်း”

ခေါင်းတလား၏ အဖုံးကို ထုရိုက်သံများထွက်ပေါ်လာသည်။ သိပ်မကြာသည့်အချိန်တွင် တစ္ဆေအရှင်က ထွက်လာတော့လိမ့်မည်။

ထိုမြင်ကွင်းကို မြင်နေရသည့် လူသားမျိုးနွယ်များ၏ နှလုံးသားမှာ ရပ်တန့်သွားသည့်အလားပင်။ အသက်များကိုပင် အောင့်ထားကြရသည်။

ယခုအချိန်တွင် လူတိုင်းမှာ ဖြစ်လာမည့်အဖြစ်အပျက်ကို စောင့်ကြည့်နေရုံမှ တပါး ဘာမှ မလုပ်နိုင်ကြပေ။

အားလုံး၏ အကြည့်မှာ လီချန်ချင်းထံသို့သာ ရောက်နေခဲ့၏။ လီချန်ချင်းသာ ဤကပ်ဘေးကို ဖြေရှင်းနိုင်ပါစေသာ ဆုတောင်းနေကြတော့၏။ ဖြေရှင်းနိုင်မည့် အခွင့်အလန်းမှာ နည်းပါးလှသည့်တိုင် မျှော်လင့်နေဆဲပင် ဖြစ်သည်။

“အပြင်ကို ထွက်ချင်တယ်ပေါ့။ ငါ့ကို မင်းက ခွင့်တောင်းလို့လား”

ထိုအခိုက်တွင် လီချန်ချင်း၏ မျက်လုံးများမှ ထက်ရှသော ရောင်ဝါများထွက်ပေါ်လာပြီးနောက်တွင် လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ကာ ကောင်းကင်ယံရှိ လက်ငါးချောင်းတောင်ကြီးကို မော့ကြည့်လိုက်သည်။

“ဖိ နှိပ် လိုက် စမ်း”

‘ဘုန်းး’

သူ၏ စကားဆုံးသည်နှင့် တောင်တန်းမှာ ပြင်းထန်လှသော အရှိန်နှင့် ပြုတ်ကျလာခဲ့၏။

သိန်းနှင့်ချီသော ဖိအားမှာ ခေါင်းတလားပေါ်သို့ ချက်ချင်းဖိကျသွားခဲ့သည်။ ဖိအားမှာ ပြင်းထန်လွန်းလှသောကြောင့် ပတ်ဝန်းကျင်ရှိလေဟာနယ်ကို တိုက်ရိုက်ပင် ဆုတ်ဖြဲပစ်သွားခဲ့သည်။

ထိုဖိအား၏ ပြုတ်ကျမှုအရှိန်ကို ကာကွယ်ရန် လူတိုင်းက နားများကို ပိတ်ထားခဲ့ကြရသည်။ သူတို့သာမကာကွယ်ထားပါက နားကန်းသွားနိုင်ပေသည်။

“လေဟာနယ်က အက်ကွဲနေပြီ”

လက်ငါးချောင်းတောင်တန်းက အခေါင်းပေါ်ကို အရှိန်ပြင်းစွာ ကျဆင်းသွားသောကြောင့် မူလအစက ဖြေးညင်းစွာဟနေသော အခေါင်းမှာ ချက်ချင်းကို ပိကျသွားခဲ့၏။

တချိန်တည်းမှာပင် အခေါင်းပတ်လည်ရှိ အစောင့်အရှောက်၁၂ပါးမှာ အပြင်းအထန်ရုန်းကန်ရင်း ဒေါသတကြီးအော်ဟစ်နေခဲ့ကြသည်။

သူတို့က အပြင်းအထန်ကို ရုန်းကန်နေခဲ့ကြသောကြောင့် သူတို့ကို တုပ်နှောင်ထားသော သံကြိုးများမှာ တချွင်ချွင်နှင့် မြည်နေခဲ့၏။ ၎င်းတို့၏ အခြေအနေမှာ ရူးသွပ်သွားသည့်နှယ် ဖြစ်နေခဲ့သည်။

“ဘာမဟုတ်တဲ့ တောင်လေးနဲ့များ တစ္ဆေအရှင်ကို ဖိနှိပ်ချင်နေသေးတယ်”

ဝတ်ရုံနက်၏ ဒေါသတကြီးအော်ဟစ်သံမှာ ထွက်ပေါ်လာခဲ့၏။

“ချင်းလဲ့ဓားသခင်၊ မြေလျှောက်အင်မော်တယ်တွေနဲ့ ပတ်သက်ပြီး ခင်ဗျားဘာမှ နားမလည်သေးဘူးပဲ။ ကျုပ်နောက်တကြိမ် ထပ်ပြီး ကမ်းလှမ်းမယ်။ ကျုပ်တို့ရဲ့ ထာဝရရှင်သန်ခြင်းဂိုဏ်းထဲကို ဝင်ပါ။ ခင်ဗျားလိုချင်တာမှန်သမျှကို ကျုပ်တို့ ဖြည့်ဆည်းပေးနိုင်တယ်”

“ငါက မင်းကို သေစေချင်တာ”

လီချန်ချင်းက ဒေါသတကြီး ကြုံးဝါးလိုက်၏။

“ဟမ့် ချီးမြှောက်နေတာကို နားမလည်ဘူးဆိုမှတော့ ဒီပုရွက်ဆိတ်လူသားတွေနဲ့ပဲ သေလိုက်တော့”

ဝတ်ရုံနက်က အေးစက်စွာ ပြန်တုန့်ပြန်လိုက်သည်။

‘ဘန်း ဘန်း’

တစ္ဆေအရှင်၏ ခေါင်းတလားမှာ ပြင်းထန်စွာ တုန်ခါနေခဲ့သည်။ လက်ငါးချောင်းတောင်နှင့် ဖိထားသည့်တိုင် တစ္ဆေအရှင်မှာ ရုန်းကန်နေဆဲဖြစ်သည်။ မြေလျှောက်အင်မော်တယ်၏ စွမ်းအားကား အံ့မခန်းပင် ဖြစ်သည်။

တောင်ကိုပင် ပင့်နိုင်စွာ ရှိသည့်ပုံစံပင်။

“ဒါက”

လူသားသိုင်းပညာရှင်များသည် ပို၍ပင် ထိတ်လန့်သွားလေပြီ။

သူတို့၏ မူလအတွေးမှာ လီချန်ချင်း၏ တောင်တန်းရတနာကသာ ပိတ်ဆို့ထားခဲ့လျှင် တစ္ဆေအရှင်က ထွက်မလာနိုင်တော့လောက်ဟူ၍ပင် ဖြစ်သည်။

ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်၏ စွမ်းပကားက ထိုမျှလောက် ကြီးမားလှပြီး တောင်ကိုပင် ပြောင်းပြန်လှန်နိုင်လောက်မည်အထိ သူတို့ မထင်ထားခဲ့ကြပေ။

ထိုကဲ့သို့ စွမ်းအားမှာ သူတို့ လုံးဝမစွမ်းဆောင်နိုင်သောအရာပင်။

သူတို့ အများဆုံးလုပ်နိုင်သည်မှာ တောင်တတောင်ကို တစစီဖြစ်အောင် ဖြိုလှဲနိုင်ရုံသာ ဖြစ်သည်။

တောင်တတောင်လုံးကို မ ဖို့ဆိုသည်ကတော့ အိပ်မက်မက်နေမှသာ ဖြစ်လိမ့်မည်။

“မြေလျှောက်အင်မော်တယ်၊ ဒါကမှ မြေလျှောက်အင်မော်တယ်ပဲ” ကျန်းယွမ်ကျိက အထိတ်တလန့်ဆိုလိုက်သည်။

“ပြောကြတာကတော့ မြေလျှောက်အင်မော်တယ်တွေက လေနဲ့မိုးကို ဆင့်ခေါ်နိုင်တယ်။ တောင်နဲ့ပင်လယ်ကို အလိုရှိသလို ရွှေ့နိုင်တယ်တဲ့။ အရင်တုန်းက ယုံတမ်းစကားတွေလို့ ထင်နေခဲ့တာ။ အမှန်တိုင်းဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး”

“စီနီယာချင်းလဲ့ဓားသခင်၊ ပြေးပါတော့”

ထိုအခိုက်အသံတသံက လီချန်ချင်းကို လှမ်းပြောလိုက်သည်။

လီချန်ချင်းက လှမ်းကြည့်လိုက်ရာ အသံပိုင်ရှင်မှာ သားဖြစ်သူ လီဟမ်ရှန်းထံမှ ဖြစ်သည်ကို တွေ့လိုက်ရသည်။

All Chapters