အခန်း (၁၉၉)
Vol. 19 Ch. 199
လီဟမ်ရှန်း၏ မျက်ဝန်းများမှာ မျက်ရည်စများနှင့် ဖြစ်နေပြီးနောက်တွင် သူ၏ အကြည့်မှာ ဆုံးဖြတ်ချက်ခိုင်မာနေသော အကြည့်နှင့် ဖြစ်နေသောကြောင့် လီချန်ချင်းကိုပင် အံ့အားသင့်သွားစေခဲ့သည်။
“စီနီယာချင်းလဲ့၊ စီနီယာရဲ့ စွမ်းအားနဲ့ တတ်နိုင်သမျှကို လုပ်ခဲ့ပြီးပါပြီ။ စီနီယာရဲ့ အစွမ်းနဲ့ဆိုရင် ဒီကနေလွတ်အောင် ထွက်သွားနိုင်ပါတယ်။ စီနီယာ ထွက်သွားပါတော့”
လီဟမ်ရှန်းက အသံနက်ကြီးနှင့် ပြောလိုက်သည်။
“စီနီယာထွက်သွားပြီးလို့ ကျွန်တော့်အဖေနဲ့ တွေ့ရင်ပြောပေးပါ။ မသိတတ်တဲ့ သားမိုက်လီဟမ်ရှန်းက အခါအခွင့်သင့်တုန်းမှာ အဖေ့ကို လာမတွေ့နိုင်တဲ့အတွက်ကြောင့်မို့လို့ ခွင့်လွှတ်ပေးပါလို့ ။ အဖေက ကျွန်တော့်ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်”
ချန်ကွမ်မှာလည်း ယန်စီကို လက်မောင်းထဲတွင် ပွေ့ပိုက်ထားခဲ့သည်။ သူ့မျက်နှာမှာ ငြိမ်းချမ်းနေပြီး မည်သည့်အရာကိုမှ ဂရုမစိုက်တော့ပေ။ သူ့ဘဝတွင် ချစ်ရသူနှင့် အတူရှိနေရပြီ ဖြစ်သောကြောင့် သေဖို့ကိုလည်း မကြောက်ရွံ့ပါတော့ချေ။
လုရှီရန်မှာလည်း လုဟန်ရန်မသေဆုံးခင်က ပေးခဲ့သော ပန်းချီရတနာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း သူမ၏ မျက်လုံးများကို ဖြေးညင်းစွာဖြင့် မှိတ်လိုက်သည်။
လူတော်တော်များများက ချင်းလဲ့ဓားသခင်ကို ထွက်ပြေးရန်အတွက် လောဆော်နေကြသည်။
ဤတိုက်ပွဲတွင် လီချန်ချင်းက အတော်လေးကို စွမ်းဆောင်ခဲ့သည်ကို သူတို့ သိကြလေ၏။
ထိုအခိုက်တွင် လီချန်ချင်းထံသို့ နတ်ဘုရားအာရုံနှင့် ဆက်သွယ်မှုကို ခံစားလိုက်ရသည်။
အသံပိုင်ရှင်မှာ လီကျင်းစုန့်ပင်။
“မင်းထွက်သွားပြီးရင် ရှေးဟောင်းတာအိုဂိုဏ်းက ငါ့ရဲ့ မျောလွင့်ပုံရိပ်ခန်းမကို သွား၊ အဲ့ဒီ့မှာ စာတစောင်ရှိတယ်။ ငါ့ကို ကူညီပြီးတော့ အဲ့ဒီ့စာကို သူမဆီကို ပို့ပေးပါကွာ”
လီကျင်းစုန့်၏ အသံမှာ စိတ်အေးသွားသည့်ဟန်ရှိသည်။
လီချန်ချင်းက အသက်ပြင်းပြင်းရှုလိုက်သည်။
“တိတ်ကြစမ်း”
ခံစားချက်မဲ့သောလေသံကြောင့် ဆူညံနေသည့်အသံများမှာ အကုန်တိတ်ဆိတ်သွားခဲ့၏။
လီချန်ချင်း၏ အကြည့်မှာ လူသားမျိုးနွယ်ကို လွှမ်းခြုံသွားပြီးနောက် ပီသစွာ ပြောလိုက်၏။
“မင်းတို့လုပ်ချင်တာတွေအားလုံးကို ကိုယ်တိုင်လုပ်ကြ၊ မင်းတို့ပြောချင်တာတွေကို ကိုယ်တိုင်ပြောကြ။ ငါတို့ မရှုံးသေးဘူးကွ”
လီချန်ချင်းကိုယ်တိုင်ပင်လျှင် သူ့စကားများမှာ ကလေးဆန်သည်ကို သိသည့်တိုင်၊ သူတို့က အခြေအနေကို ပြောင်းပြန်လှန်နိုင်စွမ်းရှိသည်ဟု ဘာကြောင့်မှန်းမသိပဲ ကောင်းစွာ ခံစားနေခဲ့ရပြန်သည်။
ထိုသို့ပြောပြီးနောက်တွင် လီချန်ချင်းက ခေါင်းတလားကို ကြည့်လိုက်ပြီးနောက်တွင် ကျယ်လောင်စွာ ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက သေပြီးသားလူတွေက သေပြီးသားအတိုင်းပဲ နေသင့်တယ်။ နှစ်ထောင်ချီကြာတာတောင် မြေကြီးထဲကနေ ပြန်ထလာချင်သေးတယ်ပေါ့။
စိတ်တော့မကောင်းဘူး။ အခုကာလက မင်းရဲ့ခေတ်မဟုတ်တော့ဘူး”
“ငါ့ရှေ့ကနေ ပျောက်ကွယ်သွားလိုက်တော့”
ထိုအချိန်မှာပင် လီချန်ချင်းက အသံနက်ကြီးနှင့် ဟစ်ကြွေးလိုက်၏။ သူ့အသံမှာ စွမ်းအားပြင်းထန်သော အရှိန်အဝါကြီးများ ပါဝင်နေခဲ့သည်။
“ဉုံ မန္တိ ပဏ္တိ ဟံ”
ထိုအသံမှာ ကောင်းကင်အထိပါ တုန်ခါသွားစေခဲ့၏။
မြင့်မြတ်သော ဗုဒ္ဓဂါထာတော်မှာ လောကတခုလုံးကို ခြုံငုံလိုက်သည့်အလားပင်။
ထိုအသံမှာ စိတ်ဝိဉာဉ်ကို သန့်စင်နိုင်စွမ်းရှိနေသည့်အလားပင်။ မိုးမြေတခုလုံးကို ပဲ့တင်နေသည်။ ကောင်းကင်ပြောင်းပြန်တစ္ဆေမြို့ရှိ တစ္ဆေမျိုးနွယ်များမှာ ထိုအသံကိုကြားသည့်အခါတွင် မခံစားနိုင်လောက်အောင်ကို ဖြစ်သွားကြသည်။
ထိုအသံထွက်ပေါ်လာသည်နှင့် လက်ငါးချောင်းတောင်ငါးလုံးအနက် အရှည်ဆုံးတောင်တွင် စာလုံးခြောက်လုံးမှာ ရုတ်တရက်ထွက်ပေါ်လာပြီး လင်းလက်လာသည်။
ထိုစာလုံးခြောက်လုံးမှာ ဗုဒ္ဓ၏စာလုံးခြောက်လုံးမန်ထျာပင် ဖြစ်သည်။
ထိုစာလုံးခြောက်လုံးလင်းလာသည်နှင့် လက်ငါးချောင်းတောင်တခုလုံးမှာ ဗုဒ္ဓစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့၏။
ထိုတောင်၏ ကောင်းကင်ထက်တွင် ဗုဒ္ဓပုံရိပ်တခု ပေါ်ထွက်လာသည်။
ဧရာမဗုဒ္ဓပုံရိပ်ကြီးမှာ နတ်ဘုရားတပါးအလားသို့ပင်။
ကောက်ကွေးသောဆံထိုးတော်နှင့် ဗုဒ္ဓမှာ တောင်ငါးလုံးကို ငုံ့ကြည့်ပြီးနောက် သူ၏ လက်ဖဝါးနှင့် တောင်ငါးလုံးကို ထပ်ဖိချလိုက်ပြန်သည်။
ချက်ချင်းပင် ခေါင်းတလားကြီးကို လင်းထိန်ထည်ဝါသော ဗုဒ္ဓအလင်းများမှာ လွှမ်းခြုံသွားခဲ့၏။
ခေါင်းတလားပေါ်ရှိ အစောင့်အရှောက် ၁၂ပါးမှာ ဗုဒ္ဓအလင်းနှင့် သန့်စင်ခံလိုက်ရခြင်းကြောင့် နာကျင်စွာနှင့် ဟစ်ကြွေးလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ စတင်၍ အငွေ့ပျံလာပြီးနောက်တွင် ချက်ချင်းကို အရိုးစုများအဖြစ်သို့ ပြောင်းသွားခဲ့၏။
ထိုမျှနှင့်ပင် မရပ်တန့်သေးပေ။ ခေါင်းတလားမှ စိမ့်ထွက်နေသော မဟာတစ္ဆေချီများသည်လည်း ဗုဒ္ဓအလင်းနှင့် ချက်ချင်းပင် သန့်စင်ခံလိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေစွမ်းအားမှာ ချက်ချင်းကို အဖယ်ရှားခံလိုက်ရသည်။
တချိန်တည်းမှာပင် အလေးချိန်ကက်တီထောင်ချီအောင် လေးလံသော လက်ငါးချောင်းတောင်ကြီးမှာ ဗုဒ္ဓ၏ အားနှင့် ဖိချခြင်းကို ခံလိုက်ရတော့သည်။ တောင်ကြီးမှာ တွင်းနက်ကြီးကို ဖုံးကွယ်သွားတော့သည်။
ဘုန်း
စွမ်းအားမှာ ကောင်းကင်ပြောင်းပြန်တစ္ဆေမြို့ကို လှုပ်ခါသွားခဲ့သည်။ တစ္ဆေအရှင်၏ ချီစွမ်းအားများမှာ မည်မျှပင် စွမ်းအားကြီးမားပါစေ၊ လက်ငါးချောင်းတောင်၏ ဖိအားအောက်တွင် ပြန်မလှန်နိုင်ခဲ့ပါချေ။
၎င်းသည် အပြင်းအထန်ကို တွန်းလှန်ခြင်းခံလိုက်ရသည်။
ခေါင်းတလားအတွင်းမှ အသည်းခိုက်အောင် နာကျင်သောကြောင့် အော်ဟစ်လိုက်သံကြီးကိုပင် နားအူမတက်ကို ကြားလိုက်ရ၏။
လက်ငါးချောင်းတောင်၏ ပြုတ်ကျလာသော အသံကျယ်ကြီးမှာ တစ္ဆေအရှင်၏ အော်ဟစ်သံကို ဖုံးလွှမ်းသွားခဲ့သည်။
ယခုအချိန်တွင် လက်ငါးချောင်းတောင်မှာ ခေါင်းတလားကို လုံးဝဖိထားပြီးဖြစ်ကာ နေ့အလင်းရောင်ကို ဘယ်တော့မှ ပြန်မမြင်နိုင်စေရတော့ပေ။
လောကကြီးတခုလုံးမှာ တိတ်ဆိတ်ကျသွားခဲ့သည်။
ထိုကဲ့သို့ ရလဒ်မျိုးရလာလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပါချေ။
ဝတ်ရုံနက်မှာ တောင့်တောင့်ကြီး ဖြစ်နေခဲ့သည်။
လုံဝကို ကြိမ်းသေပေါက်ကို အနိုင်ရရှိမည့် အခြေအနေမှာ လီချန်ချင်းကြောင့် ပျက်စီးသွားလိမ့်မည်ဟု အိပ်မက်ထဲတွင် ထည့်မမက်ခဲ့ဘူးပါချေ။
သူက အချိန်အကြာကြီးကြာမြင့်သည်အထိ စကားမပြောနိုင်တော့ပါချေ။
ဒီတောင်က ဘာလဲ
ဒီလိုမျိုး ဗုဒ္ဓရတနာက လောကထဲမှာ မရှိပါဘူး
ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်လိုမျိုး တည်ရှိမှုကို ဗုဒ္ဓရတနာက ဘယ်လိုဖြစ်ပြီးတော့ ဖိနှိပ်နိုင်ရတာလဲ။
အဓိပ္ပာယ်မရှိဘူး
လီချန်ချင်းသည်လည်း လက်ငါးချောင်းတောင်ကို စိုက်ကြည့်နေဆဲ ဖြစ်သည်။ လက်ငါးချောင်းတောင်မှာ ဤနေရာသို့ မရောက်လာခင်လေးမှာပင် သူထုလုပ်ထားသော ပန်းပုရုပ်ဖြစ်သည်။
သို့ပေမယ့် ထိုလက်ငါးချောင်းတောင်မှာ သာမန်သစ်သားနှင့် ထုလုပ်ထားခြင်းမဟုတ်ပေ။ ချင်းလဲ့ဓားခုနစ်စင်းကို သိမ်းဆည်းထားသော သစ်သားတုံးကြီးထဲမှ သစ်သားအနည်းအကျဉ်းကို ထွင်းကာ ထုထားခြင်းဖြစ်သည်။
ထိုသစ်သားမှာ နှယ်နှယ်ရရမဟုတ်ပေ။ နတ်ဘုရားနက်လက် ခုနစ်လက်၏ သတ်ဖြတ်ငွေ့ကို နှစ်ပေါင်းများစွာကြာအောင် ထိန်းချုပ်နိုင်ခဲ့သောကြောင့် လွန်စွာ စွမ်းအားပြည့်ဝနေသော သဘာဝရတနာတခုလည်း ဖြစ်သည်။
သတ်ဖြတ်ငွေ့ကို ဖိနှိပ်နိုင်သော သစ်သားတုံးကို အသုံးပြုကာ ထွင်းထုထားသော လက်ငါးချောင်းတောင်မှာ ပိုမို၍ အစွမ်းထက်လှသည်။
အစွမ်းထက်သည့်အပြင် ဗုဒ္ဓခြောက်လုံးတွဲဂါထာနှင့် တွဲဖက်လိုက်သော စွမ်းအားမှာ ပို ပြင်းထန်သွားခဲ့သည်။
ထိုလက်ငါးချောင်းတောင်မှာ တချိန်တုန်းက တန်းခိုးရှင်စွန်းဝူခုန်းကို ဗုဒ္ဓမှ ချိတ်ပိတ်ထားခဲ့သော တောင်လည်း ဖြစ်ပါသည်။
တန်ခိုးစွမ်းပကားကြီးမားလှတဲ့ မျောက်မင်းစွန်းဝူခုန်းကိုတောင် ဖိနှိပ်နိုင်သေးတာ မင်းလိုမျိုး တစ္ဆေပမွှားလေးလောက်ကတော့ ပြောနေစရာတောင်မလိုဘူး။
“မင်းရှုံးပြီ”
လီချန်ချင်းက ဝတ်ရုံနက်ကို ကြည့်ပြီး လက်ညှိုးညွှန်လိုက်ရာ ချက်ချင်းပင် ဓားခုနစ်စင်းမှာ ဝတ်ရုံနက်ကို ဝန်းရံသွားခဲ့သည်။
“ဟုတ်တယ် ငါရှုံးပြီ”
ဝတ်ရုံနက်၏ အသံမှာ မူလတုန်းက မရင့်ကျက်သေးသည့် ဟန်ပန်ရှိနေခဲ့သော်လည်း ယခုတွင်မူ အိုမင်းရင့်ရော်သည့် အသံဖြစ်နေခဲ့သည်။
“ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ နှစ်ရှည်လများအစီအစဉ်က မင်းလက်ထဲမှ ပျက်စီးသွားရလိမ့်မယ်လို့ ငါ့လို့လူတောင် မတွေးမိဘူး”
“ချင်းလဲ့ဓားသခင်၊ မင်းရဲ့ မျက်နှာဖုံးနောက်က မျက်နှာအစစ်အမှန်ကို ငါတကယ်မြင်ဖူးချင်တယ်”
ဝတ်ရုံနက်က အေးဆေးစွာ ပြောလိုက်သည်။
“ငါလည်းပဲ ဝတ်ရုံအနောက်က မင်းရဲ့ ရုပ်သွင်ကို မြင်ဖူးချင်နေပြီ”
လီချန်ချင်းက ပြောပြောဆိုဆိုနှင့် လက်ညှိုးညွှန်လိုက်ရာ ဓားသွားတခုမှာ ဝတ်ရုံနက်အနားသို့ ကပ်သွားပြီး ဝတ်ရုံကို ဖယ်ရှားရန်ပြုလိုက်သည်။
လူတိုင်းမှာလည်း ဝတ်ရုံနက်၏ သရုပ်မှန်ကို သိချင်လှသောကြောင့် အသက်အောင့်ကာ စောင့်ကြည့်နေကြသည်။ သို့ပေမယ့် ဓားသွားက နီးကပ်သွားစဉ်မှာပင် အလင်းတိုင်တတိုင်က ဝတ်ရုံနက်နှင့် ကျောက်ကြွယ်ကျုံးတို့ကို ဖုံးလွှမ်းကာ ကာကွယ်လိုက်၏။
ဘန်း
လီချန်ချင်း၏ ကျင်းလန်ဓားမှာ အလင်းတိုင်နှင့် တိုက်မိသွားခဲ့သည်။
လီချန်ချင်း၏ အမူအရာမှာ ပြောင်းလဲသွားသည်။ သူ၏ ကျင်းလန်ဓားသွားကို မထိုးဖောက်နိုင်အောင် ကာကွယ်လိုက်သည့် အလင်းတန်းမှာ အတော်ထူးဆန်းပေ၏။
“အနိုင်ရရှိသူက ဘုရင်ပဲ၊ ရှုံးနိမ့်သွားသူတွေကတော့ သူခိုး၊ဓားပြပဲ”
ဝတ်ရုံနက်မှာ လီချန်ချင်းကို စိုက်ကြည့်နေလေသည်။
“ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ နှစ်ရာချီအစီအစဉ်က မင်းကြောင့်ပျက်စီးပြီး ငါမင်းကို ရှုံးနိမ့်ခဲ့တယ်။ မင်းရဲ့ သရုပ်မှန် ပေါ်မလာပါစေနဲ့လို့ပဲ ဆုတောင်းထားပါ။ မင်းဘယ်သူလဲဆိုတာ သိရတဲ့အခါမှာတော့ ထာဝရရှင်သန်ခြင်းဂိုဏ်းက မင်းမသေမချင်း ရပ်တန့်မှာမဟုတ်ဘူး”
“ငါတို့ နောက်တကြိမ်တွေ့ရင် မင်းအခုလို ကံကောင်းမှာ မဟုတ်တော့ဘူး”
ထိုသို့ပြောပြီးသည့်နောက်တွင် ဝတ်ရုံနက်နှင့် ကျောက်ကြွယ်ကျုံးတို့မှာ အလင်းတန်းဝန်းရံထားပြီး ဓာတ်လှေကားစီးသလို ကောင်းကင်ထက်သို့ တန်းတန်းကြီး တက်သွားကြသည်။
“ရပ်စမ်း”
လီချန်ချင်းက မျက်မှောင်ကြုံ့လိုက်ပြီးနောက်တွင် ဓားအစီအရင်ကို ထုတ်ဖော်လိုက်သည်။ သူမည်မျှပင် တိုက်ခိုက်ပါစေ၊ ထိုအလင်းတိုင်မှာ တုတ်တုတ်မျှပင် မလှုပ်ချေ။ လီချန်းချင်း၏ ဓားအငွေ့အသက်များမှာ ကြောက်ရွံ့ဖွယ်ကောင်းလှသည့်တိုင် အလင်းတိုင်ကိုတော့ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
ဝတ်ရုံနက်မှာ လီချန်ချင်းကို ငုံ့ကြည့်လိုက်သည်။ သူ၏ အကြည့်ထဲတွင် လူသတ်လိုစိတ်များအပြည့်နှင့် ဖြစ်နေခဲ့သည်။
“အကိုထိုက်ဖူ၊ မတိုက်ခိုက်ပါနဲ့တော့”
အောက်ရှိ လူအုပ်ထဲမှ ကျန်းယွမ်ကျိက လှမ်းအော်ပြောသည်။
“အဲ့ဒါကို ချိုးဖြတ်လို့ရမှာမဟုတ်ဘူး”
“အဲ့ဒါက ဘာကြီးလဲ”
လီချန်ချင်းက ကျန်းယွမ်ကျိကို တချက်ကြည့်ကာ မေးလိုက်သည်၊။
“အဲ့ဒီ့အရာက ပြိုင်ဘက်ကင်းတယ်” ကျန်းယွမ်ကျိက ဖြေးညင်းစွာဖြင့်ပြောလိုက်သည်။
“ဒီဝတ်ရုံနက်ရဲ့ကိုယ်ပေါ်မှာ စွမ်းအားကြီးပုဂ္ဂိုလ်တယောက်ယောက်က အမှတ်အသားမှတ်ထားတယ်။ ပြီးတော့ လျို့ဝှက်ကျင့်စဉ်ကို အသုံးပြုပြီးတော့ တည်နေရာရွှေ့ပြောင်းလိုက်တာ။
အဲ့ဒီ့လျို့ဝှက်ကျင့်စဉ်က “နတ်ဘုရားမရဲ့ မျက်လုံး” လို့ခေါ်တယ်။ တည်နေရာရွှေ့ပြောင်းနေတဲ့အချိန်မှာ မြေလျှောက်အင်မော်တယ်တပါးတောင် အဲ့ဒီအလင်းတန်းကို မချိုးဖြတ်နိုင်ဘူး
“အဲ့လောက်တောင်မှ စွမ်းအားကြီးမားတာလား”
“စွမ်းအားကြီးပေမယ့် ဒီကျင့်စဉ်မှာလည်း ကန့်သတ်ချက်တွေတော့ ရှိနေတာပေါ့။”
ကျန်းယွမ်ကျိက ဆက်ရှင်းပြလိုက်သည်။
“ကျွန်တော်တို့ရဲ့ မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ မှတ်တမ်းတွေအရတော့ နတ်ဘုရားမရဲ့ မျက်လုံးက လူတယောက်ကို တကြိမ်ပဲ အသုံးပြုနိုင်ပြီးတော့၊ အသုံးပြုဖို့အတွက် လေးဆယ့်ငါးမိနစ်ကြိုပြင်ဆင်ရတဲ့အပြင်၊ ကျင့်စဉ်ကို အသုံးပြုပြီးရင်တောင် အကျိုးသက်ရောက်ဖို့အတွက် လေးဆယ့်ငါးမိနစ်ထပ်ကြာသေးတယ်။
“ကျုပ်ထင်တာကတော့ သူက ပြန်ရှင်လာတဲ့ ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်နဲ့ ညှိုနှိုင်းချင်တာပဲ ဖြစ်ရမယ်။ သူတို့ဂိုဏ်းက နှစ်ရာချီကြာအောင် ပြင်ဆင်လာခဲ့တာ ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်ကို သူတို့ဂိုဏ်းထဲကို ဝင်ဖို့အတွက် တန်ဖိုးကြီးကြီးမားမားတော့ ပေးမှာပဲ။ ဒါပေမယ့် အခြေအနေတွေ တခုခုလွဲမှားသွားရင် အသုံးပြုဖို့အတွက် အရန်အစီအစဉ်လည်း ပြင်ဆင်ထားတာပဲ ဖြစ်မယ်”
“ညှိုနှိုင်းမှုအဆင်မပြေရင် နတ်ဘုရားမရဲ့ မျက်လုံးကို အသုံးပြုပြီးတော့ တစ္ဆေအရှင်ရဲ့လက်ထဲကနေ လွတ်အောင်ထွက်ပြေးဖို့ပဲ ဖြစ်ရမယ်။ အခုလိုမျိုးအခြေအနေမျိုးမှာ ထုတ်သုံးရလိမ့်မယ်လို့ သူထင်ထားမှာ မဟုတ်ဘူး”
ကျန်းယွမ်ကျိက အခြေအနေကို တွက်ဆခန့်မှန်းပြီး ပြောလိုက်သည်။
ဝှစ် ဝှစ် ဝှစ်
နတ်ဓားခုနစ်လက်မှာ ဓားသေတ္တာထဲသို့ ပြန်ဝင်လာခဲ့သည်။
ယခုအချိန်တွင် လူတိုင်း၏အကြည့်မှာ လီချန်ချင်း၏ ကိုယ်ပေါ်တွင် ရှိနေခဲ့၏။
“အသက်ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် ချင်းလဲ့ဓားသခင်”
လူသားသိုင်းပညာရှင်များမှာ အကုန်ဦးညွတ်ကာ လီချန်ချင်းကို အရိုအသေပေးလိုက်ကြသည်။
သူတို့၏ လှုပ်ရှားမှုမှာ တပြိုင်နက်လိုလိုဖြစ်ပြီး ရင်တွင်းမှလာသည့် ကျေးဇူးတင်မှုဖြင့် ဦးညွတ်ကြခြင်းဖြစ်ပါသည်။
လီချန်ချင်းက သူတို့အားလုံးကို ကယ်တင်လိုက်ရုံသာမကပဲ စန်းယွမ်ကုန်းမြေကြီးတခုလုံးကိုပင် ကယ်တင်လိုက်ခြင်းဖြစ်သည်။
ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်နှင့် အစောင့်အရှောက်၁၂ပါးတို့သာ ပြန်လည်ရှင်သန်လာပါက စန်းယွမ်ကုန်းမြေကြီးရှိ လူသားမျိုးနွယ်တို့အတွက် ထိချက်ပြင်းထန်သွားလိမ့်မည်ဖြစ်သည်။
သွေးမုန်တိုင်းများ တိုက်ခတ်ကုန်မည်မှာ မလွဲမသွေပင်ဖြစ်၏။
ဂိုဏ်းဘယ်လောက်များများ အမြစ်ပြတ်အသုတ်သင်ခံရပြီး အပြစ်မဲ့လူဘယ်လောက်များများ သေဆုံးကြလိမ့်မလဲ
လီချန်ချင်း၏ ဝင်ရောက် ဟန့်တားမှုကြောင့်သာ မဟုတ်လျှင် ထိုကြေကွဲဝမ်းနည်းစရာ ဖြစ်ရပ်ကြီးမှာ ဖြစ်ပေါ်လာမည်မှာ မလွဲဧကန်ဖြစ်၏။
ထို့ကြောင့် ယခုအချိန်တွင် လူတိုင်းမှာ လီချန်ချင်းကို စိတ်ရင်းနှင့် အရိုအသေပေးနေကြခြင်းဖြစ်၏။
“အရမ်းကြီးယဉ်ကျေးမနေကြပါနဲ့ဗျာ။ ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်လွတ်သွားတာကလည်း ကျုပ်ရဲ့ ကုန်သွယ်ရေးလုပ်ငန်းအတွက်လည်း မကောင်းဘူးလေ”
လီချန်ချင်းကိုယ်တိုင်ပင်လျှင် ဤအခြေအနေကြောင့် စိတ်ထဲအတော်လေး ထိခိုက်ခံစားနေရတော့သည်။
သူက တနေ့လုပ်မှ တနေ့စားရသော ပန်းပုဆရာတယောက်ဖြစ်သည်။ ဇနီးဖြစ်သူ ရောဂါကြောင့် ဝေဒနာခံစားနေရသည့်အချိန်တွင်ပင် ဆေးကုသရန် ငွေမရှိသောကြောင့် ဇနီးဖြစ်သူကို မကယ်တင်နိုင်ခဲ့ပေ။
ကမ္ဘာကူးပြောင်းလာပြီးနောက်တွင် ယခုလို လူတိုင်းကို ကယ်တင်နိုင်သော သူရဲကောင်းတယောက်ဖြစ်လာလိမ့်မည်ဟု သူအိပ်မက်ပင် မမက်ခဲ့ဖူးပါချေ။
လီချန်ချင်းအတွက်မူ စန်းယွမ်ကုန်းမြေကြီးကို ရောက်ရှိလာခြင်းသည် အိပ်မက်မက်နေသကဲ့သို့ပင် ခံစားနေခဲ့ရတော့သည်။