အခန်း (၂၀၀)
Vol. 19 Ch. 200
ထိုအချိန်တွင် ကောင်းကင်ကြီးတခုလုံး ဟင်းလင်းပွင့်သွားပြီးနောက်တွင် လူတိုင်း၏ ခြေဖဝါးအောက်တွင် ရွှေရောင်အလင်းများ ယှက်သန်းလာကာ အစီအရင်တခု ပေါ်ထွက်လာခဲ့၏။ ထိုအစီအရင်မှာ ရင်းနှီးနေသော အရှိန်အဝါကို ခံစားနေရပြီး လူတိုင်းမှာ တစ္ဆေနတ်ဆိုးစမ်းသပ်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
သတိကပ်မိသည့်အခိုက်တွင် လူတိုင်းမှာ အပြင်လောကသို့ ပြန်လည်ရောက်ရှိလာကြပြီ ဖြစ်သည်။
ထိုနေရာတွင် အေးစက်နေသော လေများတိုက်ခတ်မနေသလို၊ တစ္ဆေအရှိန်အဝါများမှာလည်း ရှိမနေပါချေ။
ဤနေရာသည် တစ္ဆေနတ်ဆိုးစမ်းသပ်မှုထဲသို့ မဝင်ခင် ပထမအကြိမ်ရောက်ရှိလာသော တောင်ကြားနေရာပင် ဖြစ်၏။
လူတိုင်းမှာ စိတ်ရှုပ်ထွေးနေကြစဉ်မှာပင် မလှမ်းမကမ်းရှိ ကျောက်တုံးပေါ်ရှိ ပုံရိပ်တခုကို မြင်တွေ့လိုက်ကြသည်။
ထိုပုံရိပ်က လင်းချင်းကျီက လွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။
လင်းချင်းကျီမှာ ကောင်းကင်ကြီးအက်ကွဲသွားသော အရိပ်အယောင်ဖြစ်နေရာသို့ လေးနက်သောအမူအရာနှင့် ကြည့်နေခဲ့တော့သည်။
ဝတ်ရုံနက်နှင့်ကျောက်ကြွယ်ကျုံးတို့က တစ္ဆေနတ်ဆိုးစမ်းသပ်ကွင်းမှ ထွက်သွားသည်ကို လင်းချင်းကျီက မြင်တွေ့ခဲ့ပါသည်။
ထိုအချိန်မှသာ တခုခုက ဆိုးဆိုးဝါးဝါးကို မှားယွင်းနေပြီဖြစ်ကြောင်းကို လင်းချင်းကျီက သိလိုက်ရပြီး ဆင့်ခေါ်အစီအရင်ကို အသုံးပြုကာ အတွင်းရှိလူများကို ပြန်လည်ခေါ်ထုတ်လိုက်ခြင်းပင်။
“သခင်ကြီးလင်း”
လင်းချင်းကျီကို မြင်သည့်အခါမှသာ လူတိုင်းက စိတ်လှုပ်ရှားသောအမူအရာများ ပြသလာခဲ့တော့သည်။ တစ္ဆေနတ်ဆိုးစမ်းသပ်ကွင်းမှ ထွက်လာပြီးမှသာ သူတို့ခန္ဓာကိုယ်တွင်းရှိ ခြောက်ကပ်နေသော အတွင်းအားများမှာ မြန်ဆန်သော အရှိန်နှင့် ပြန်လည်ပြည့်ဖြိုးလာသည်ကို ခံစားလိုက်ရတော့သည်။
လူတိုင်းက ပြန်လည်မွေးဖွားလာသလိုကို ခံစားခဲ့ရ၏။
မိမိတို့ကိုယ်ရှိ စိတ်ဝိဉာဉ်စွမ်းအားများကို ခံစားမိမှသာ လုံခြုံသောခံစားချက်ကို လူတိုင်းက ခံစားလိုက်ရသည်။
တပည့်များမှာ မြေပြင်ပေါ်သို့ လဲကျသွားကာ အသက်ကို အလုအယက် ရှုနေကြရ၏။
အသက်ရှင်ပြီ
ထိုခံစားချက်မှာ သေဘေးမှ သီသီလေးလွတ်လာသော ခံစားချက်ပင် ဖြစ်ပါသည်။
ဒီရက်ပိုင်းတွင် သူတို့အားလုံးမှာ သေမင်းခံတွင်းဝသို့ အကြိမ်ကြိမ် ကျရောက်လာမလိုကို ဖြစ်ခဲ့၏။ ထိုဖြစ်ရပ်မှာ စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုကို ဖြစ်ပေါ်စေခဲ့ပါသည်။
“ဒါက လူအကုန်ပဲလား” လင်းချင်းကျီသည် ရောက်ရှိလာသောလူတိုင်းကို ကြည့်လိုက်ကြသည်။ စုစုပေါင်း ၁၃၀၀ပင် မပြည့်ပါတော့ချေ။
“သခင်လင်း၊ ထာဝရရှင်သန်ခြင်းဂိုဏ်းက လှုပ်ရှားခဲ့တာပါ” နှင်းလင်းယုန်နန်းတော်မှ မိုဟန်က လင်းချင်းကျီကို ဖြစ်ပျက်သမျှ အလုံးစုံကို ရှင်းပြခဲ့လိုက်သည်။
စမ်းသပ်မှု၌ ဖြစ်ပျက်ခဲ့သည်များကို ကြားပြီးသည့်တိုင် လင်းချင်းကျီမှာ ထူးထူးခြားခြား ပိုမို၍ မအံ့ဩသွားခဲ့ပါချေ။
လင်းချင်းကျီမမျှော်လင့်ခဲ့သည်ကတော့ ထာဝရရှင်သန်ခြင်းဂိုဏ်းက တစ္ဆေနတ်ဆိုးစမ်းသပ်ကွင်းထဲသို့ ဝင်ရောက်နိုင်စွမ်းရှိသည့်အပြင်၊ သူတို့၏ ပစ်မှတ်မှာ ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်ဖြစ်နေသည် ဆိုသည်ကိုပင်။
ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်သာ လွတ်မြောက်သွားခဲ့ပါက အခြေအနေများမှာ လွန်စွာမှကို ဆိုးရွားသွားပေလိမ့်မည်ဖြစ်သည်။
“ဒီကိစ္စကို စန်းယွမ်သခင်ကို ငါပြန်ရောက်ရင် သတင်းပို့လိုက်မယ်” လင်းချင်းကျီက လူတိုင်းကို ကြည့်လိုက်ရင်း
“မင်းတို့တွေ အရမ်းပင်ပန်းသွားကြပြီ”
“အထူးသဖြင့် ချင်းလဲ့ဓားသခင်ပေါ့” လင်းချင်းကျီက လီချန်ချင်းကို လှမ်းကြည့်လိုက်သည်။
“ ကိုယ်ကျိုးစွန့်ပြီး ကယ်တင်ပေးခဲ့လို့ ကျုပ်က ကျေးဇူးထပ်တင်ပါတယ်။ ဓားသခင်ရဲ့ ဗုဒ္ဓရတနာနှစ်ခုကို စွန့်လွှတ်ပြီးတော့တောင် ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်ရဲ့ ခေါင်းတလားကို ဖိနှိပ်ခဲ့တယ်လို့ ကျုပ်ကြားခဲ့ရတယ်”
“အင်း” လီချန်ချင်းမှာ သူ၏ လုပ်ဆောင်ချက်ကို မငြင်းခဲ့ပါချေ။ လူတိုင်းကလည်း မြင်ထားပြီးပြီဖြစ်သောကြောင့် ခေါင်းညိတ်ဖို့သာ လိုတော့သည်။
“ကျုပ်ရဲ့ ထျန်းဟိုင်မြို့က ခင်ဗျားရဲ့ ဆုံးရှုံးရမှုအတွက် အလျော်ပေးပါလိမ့်မယ်”
လင်းချင်းကျီက ဆက်ပြောသည်။
“ခင်ဗျားကို မနစ်နာစေရပါဘူး”
လင်းချင်းကျီကိုယ်တိုင်ကိုက ဒီလိုစကားမျိုးပြောလာပြီ ဖြစ်သောကြောင့် လီချန်ချင်းကလည်း ကြောင်သူတော်လုပ်မနေပဲ သဘောတူညီကြောင်းကို ခေါင်းညိတ်ပြလိုက်၏။
“တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ အပြောင်းအလဲကြီးကြီးမားမားတွေ ဖြစ်ခဲ့တယ်ဆိုရင်တောင်မှ နောက်ဆုံး ရလဒ်ကို တွက်ဖို့အတွက်လိုဦးမယ်” လင်းချင်းကျီက လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။
“လုပ်ဆောင်ချက်အကောင်းဆုံး တပည့်သုံးယောက်ကို ငါ့ရဲ့ ထျန်းဟိုင်မြို့ကနေ ဆုချမယ်”
“ရလဒ်ကို ကြေညာပေးမယ်”
လင်းချင်းကျီ၏ စကားကြောင့် တပည့်များ၏ မျက်လုံးများမှာ အရောင်တောက်ပသွားခဲ့သည်။
ပထမရရှိမည့်သူမှာ ဘယ်သူဖြစ်မလဲဆိုတာကို သူတို့လည်း သိချင်ကြလေ၏။
“ထျန်းဟိုင်မြို့က ပေးမယ့်ဆုကို ရရှိမယ့် တပည့်သုံးယောက်ကို ကြေညာပေးမယ်။ တတိယနေရာကနေ စလိုက်ရအောင်။”
“မဟာယွမ်မင်းဆက်၊ ယွမ်ကျန်းထောင်”
လင်းချင်းကျီ၏ စကားဆုံးသည်နှင့် တပည့်များ၏ အကြည့်မှာ ယွမ်မင်းဆက်တပည့်များရှိရာသို့ ရောက်ရှိသွားခဲ့တော့၏။
ထို ယွမ်ကျန်းထောင်မှာ ယွမ်ဝုတီ၏ မြေးဖြစ်ပေသည်။
ထိုသူမှာ အနေအေးပြီး ပြန်လည်မွေးဖွားခြင်းထိပ်ဆုံးအဆင့် ကျင့်ကြံမှုရှိသည်။
သူ၏ စွမ်းအားမှာ ကြီးမားပေသည်။ ထို့ကြောင့် တတိယနေရာကို ထိုက်တန်စွာ ရရှိသွားလေသည်။
“ဒုတိယနေရာ”
“ကွမ်လန်နန်းတော်၊ လုရှီရန်”
ထိုကြေညာချက်ကို ကြားသည့်တိုင် လုရှီရန်မှာ မတုန်မလှုပ်ပေ။ သူမ၏ ဆရာ၏ သေဆုံးမှုမှာ သူမအပေါ်တွင် ကြီးမားပြင်းထန်သော ရိုက်ခတ်မှုတခု ဖြစ်ပေါ်နေဆဲပင်။
“ပထမနေရာ”
လင်းချင်းကျီ၏ အကြည့်မှာ လီဟမ်ရှန်းထံသို့ ရောက်ရှိသွားပြီး
“ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၊ လီဟမ်ရှန်း”
လီဟမ်ရှန်းမှာ အံ့ဩမှုဖြစ်မနေခဲ့ပေ။ သူကပထမနေရာသို့ ရောက်မည်ကို သိပြီးသားဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တညတည်းနှင့် သူသတ်ဖြတ်ခဲ့ရသော တစ္ဆေအရေအတွက်မှာ မည်မျှပင် များပြားလှသည်ကို သူသိသောကြောင့်ပင် ဖြစ်၏။
သူ၏ တိုကင်ထဲရှိ ကောင်းမှုရမှတ်များမှာ အတုမဟုတ်ပါချေ။
“မင်းသိပ်တော်တယ်ကွာ ညီ၄။ ငါတို့ပြန်ရောက်ရင် စိတ်ဝိဉာဉ်ကြက်ကင် ငါ့ကိုကျွေးရမယ်။ မကျွေးရင်တော့ ငါတော်တော်စိတ်ပျက်မိမှာပဲ”
ကျိုးကျွင်းမှာ လီဟမ်ရှန်း၏ ပုခုံးကို အားပါးတရပုတ်ပြီး မနာလိုစွာပြောလိုက်သည်။
“ဂုဏ်ယူပါတယ် စီနီယာအကို” ယန်ယုယွင်ကလည်း အံ့ဩတကြီးနှင့် ဂုဏ်ပြုလိုက်၏။
“ဟမ့် ဒီတကြိမ်တော့ မင်းကိုငါရှုံးသွားတယ်။ နောက်တခါပြိုင်ပွဲကျရင် ငါနိုင်စေရမယ်”
နန်ဟောင်ဖေးကလည်း ပြောလိုက်သည်။
လီချန်ချင်းကလည်း လီဟမ်ရှန်းကို စိတ်ကျေနပ်သောအပြုံးနှင့် ကြည့်လိုက်သည်။ သူ့သားက ပထမတဲ့…
ကောင်းလိုက်တာ။ လီချန်ချင်းက ဝိုင်ကရားကို နွှေးပြီး ဒီညမှာ အောင်ပွဲခံ သောက်စားဖို့ ဆုံးဖြတ်ထားလိုက်လေပြီ။
လီဟမ်ရှန်းက ဖျစ်ညစ်ကာ ပြုံးလိုက်သည်။
ပထမရတော့ ဘာအရေးလဲ။
သူ့မှာ အကြွေးတနင့်တပိုးကြီးတင်နေပြီ မဟုတ်လား။
ခုနစ်ရောင်ခြယ်ရတနာဆေးလုံး
ထိုအခိုက် လီဟမ်ရှန်းက လုရှီရန်ရှိနေရာသို့ လှမ်းမျှော်ကာကြည့်လိုက်သည်။ သူမသည် လုဟန်ရန် ပေးအပ်ခဲ့သော ပန်းချီရတနာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး သူမ၏ ရီဝေနေသော မျက်ဝန်းများမှာ အဝေးသို့ ငေးစိုက်နေခဲ့သည်။
လီဟမ်ရှန်းသည် လုရှီရန်အတွက် စိတ်မကောင်းဖြစ်သွားခဲ့ရ၏။
သူမကို အကောင်းဆုံးဆက်ဆံပေးခဲ့သော လူတယောက်မှာ သူမ၏ မျက်စိရှေ့တွင်ပင် သေဆုံးသွားခဲ့ရသည်။
မိမိချစ်မြတ်နိုးရသောသူကို ဆုံးရှုံးရသည့်ခံစားချက်မှာ လောကကြီးတွင် အဆိုးဝါးဆုံးသော ခံစားချက်ပင် ဖြစ်သည်မဟုတ်လား။
“မင်းတို့သုံးယောက်”
လင်းချင်းကျီမှာ လီဟမ်ရှန်းတို့သုံးယောက်ကို လက်ညှိုးညွှန်ပြီး ပြောလိုက်သည်။
“မင်းတို့တွေ လိုချင်တာကို စာနဲ့ရေးပြီး ငါ့ကို အခုပေးလိုက်။ ငါဖတ်ကြည့်ပြီးတော့ မင်းတို့တောင်းဆိုတဲ့ဆုကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်အောင်လုပ်ပေးမယ်။ တကယ်လို့ မင်းတို့တောင်းဆိုတာကို ငါမပေးနိုင်တာမျိုးဖြစ်ခဲ့ရင် မင်းတို့တောင်းတာနဲ့ တန်ဖိုးချင်းညီမျှတဲ့အရာတခုခုကို ကျပန်းရွေးပြီးတော့ ပေးမယ်”
ထိုသို့ပြောပြီးနောက် လင်းချင်းကျီက လက်ကိုတောက်ထုတ်လိုက်ရာ အလင်းတန်းသုံးတန်းမှာ လီဟမ်ရှန်းတို့ သုံးယောက်ထံသို့ပြေးသွားပြီး စာရွက်များအဖြစ်သို့ ပြောင်းသွားခဲ့သည်။
ထိုအခြေအနေမှာ မနာလိုစရာကောင်းလှသည်။ လူတိုင်း၏ အကြည့်မှာ သူတို့သုံးယောက်အပေါ်သို့ကျဆင်းနေခဲ့ပါသည်။
လီဟမ်ရှန်းက စာရွက်ပေါ်တွင် ချက်ချင်းကို ချရေးလိုက်ပါသည်။
နဂါးသွေးအနှစ်
ထိုအရာမှာ လောလောဆယ်၌ လီဟမ်ရှန်း အလိုချင်နေဆုံးသော အရာပင် ဖြစ်သည်။
သူက နဂါးသွေးနှစ်ခုနစ်စက်လိုပေသည်။ ထျန်းဟိုင်မြို့ကသာ သူ့ကို တစက်ပေးလျှင် သူ့အတွက် အကြွေးဆပ်ရန် တစက်လျော့သွားမည် ဖြစ်သည်။
ကျန်ရစ်သော နဂါးသွေးခြောက်စက်ကိုတော့ နောက်မှ သူနည်းလမ်းရှာရလိမ့်မည်။
လီဟမ်ရှန်းက စာရေးပြီးနောက်တွင် အနောက်သို့ လှည့်လိုက်ရာ တစုံတယောက်နှင့် ဝင်တိုက်မိသွားသည်။
လုရှီရန်ဖြစ်သည်။
“ဘာလုပ်နေတာလဲ” လီဟမ်ရှန်းက အနည်းငယ်လန့်သွားခဲ့၏။
“ငါ့အနောက်မှာ ဘာလို့ပုန်းနေရတာလဲ”
“ကျွန်မ…” လုရှီရန်က စာရွက်နှင့် စုတ်တံကို ထုတ်ကာ လီဟမ်ရှန်းအား ကမ်းပေးလိုက်သည်။
“ဘာလုပ်ဖို့လဲ” လီဟမ်ရှန်း၏ မျက်ခုံးများက တွန့်ကွေးသွားကာ မေးလိုက်၏။
“ကျွန်မ စာမတတ်ဘူး” လုရှီရန်၏ အသံလေးမှာ သေးငယ်နေကာ တုန်ရီနေ၏။
ထိုအချက်အလက်ကြောင့် လီဟမ်ရှန်းမှာ ဗလာဟင်းလင်းဖြစ်သွားသလို ခံစားလိုက်ရသည်။
ကွမ်လန်နန်းတော်က ပါရမီရှင်က စာမတတ်ဘူးတဲ့
ဘယ်သူက တွေးမိမှာလဲ
“မင်းက… စာမတတ်ဘူးလား” လီဟမ်ရှန်းက အခုထက်ထိကို မယုံကြည်နိုင်သေးပေ။
“ကျွန်မကလေးဘဝကတည်းက တောင်းစားနေခဲ့ရတာ” လုရှီရန်က တိုးညှင်းစွာဖြေလိုက်သည်။
“ကျွန်မကို ဆရာသခင်က ပြီးခဲ့တဲ့ နှစ်ဝက်ကမှ ခေါ်မွေးစားခဲ့တာ၊ ကျွန်မ စာမသင်ခဲ့ရဘူးလေ”
“အာ”
ထိုအခိုက်မှသာ လီဟမ်ရှန်းက မှတ်မိသွားခဲ့တော့သည်။ လုဟန်ရန်နှင့် မတွေ့ခင်က လုရှီရန်မှာ လေလွင့်၊တောင်းစားနေရပြီး နာမည်ပင် မရှိပေ။ သူမ အစာရေစာပြတ်လတ်ပြီး သေလုနီးပါးဖြစ်နေစဉ်အခါတွင် လုဟန်ရန်နှင့် တွေ့ဆုံခဲ့ရပြီး ကွမ်လန်နန်းတော်သို့ ခေါ်ဆောင်ခြင်းခံခဲ့ရခြင်းပင်။
လုရှီရန်၏ နီရဲနေသော မျက်ဝန်းများကို စိုက်ကြည့်ရင်း လုဟန်ရန်မှာ လုရှီရန်၏ ဘဝ၌ မည်မျှအရေးပါသည်ကို နားလည်လာတော့သည်။
လုရှီရန်ကို ဘဝအသစ်ပေးခဲ့သူမှာ သူမအတွက်တော့ မိဘပင်။
“ငါ မင်းအတွက် ရေးပေးမယ်” လီဟမ်ရှန်းက စာရွက်နှင့် စုတ်တံကို ယူကာ မေးလိုက်သည်။
“မင်းဘာလိုချင်လဲ”
“နဂါးသွေးအနှစ်” လုရှီရန်က တိုးညှင်းစွာ ဖြေလိုက်သည်။
“ဟင်” လီဟမ်ရှန်း၏ စာရွက်ပေါ်မှာ လက်များသည် ရပ်တန့်သွားခဲ့သည်။ လုရှီရန်လည်း သူ့လိုမျိုး နဂါးသွေးအနှစ်ကို လိုအပ်လိမ့်မည်ဟု မထင်ခဲ့ပါချေ။ သေချာပြန်တွေးကြည့်မှ သူမ၏ ခုနစ်ရောင်ခြယ်ဆေးလုံးကို သူစားလိုက်သောကြောင့် သူမအတွက် နဂါးသွေးနှစ်လိုသည်မှာ ပုံမှန်ဖြစ်သည်။
“ပြီးပြီ” လီဟမ်ရှန်းက စာရွက်ကို လုရှီရန်ထံ ပြန်ပေးလိုက်သည်။
လုရှီရန်က လီဟမ်ရှန်းကို စိုက်ကြည့်ရင်း ခပ်တိုးတိုးလေးပြောလိုက်သည်။
“ယောကျ်ား ကျွန်မရဲ့ ဆရာသခင်ကလည်းသေပြီ။ ယောကျ်ားကလွဲပြီး ကျွန်မမှာ ဒီလောကထဲမှာ ဘယ်သူမှ မရှိတော့ဘူးမဟုတ်လား”
“ငါက မင်းယောကျာ်းမဟုတ်ပါဘူးလို့ ဘယ်နှခါပြောရမလဲ’ လီဟမ်ရှန်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
“မင်းမှာ ကွမ်လန်နန်းတော်ရှိသေးတယ်။ ကွမ်လန်နန်းတော်က ကွမ်ကျူးက မင်းကို သိပ်ချစ်မှာပါ”
“ကွမ်ကျူးက ကျွန်မကို ကာကွယ်ပေးပါတယ်” လုရှီရန်က တည်ငြိမ်စွာပြောသည်။
“ဒါပေမယ့် ကွမ်ကျူးက ကျင့်ကြံတာနဲ့ပဲ အချိန်ကုန်နေတာ။ သူ့ကိုတောင် ကျွန်မတကြိမ်ပဲ မြင်ဖူးသေးတာ။ ဘာလို့လဲတော့မသိဘူး ကွမ်လန်နန်းတော်ကလူတွေက ကျွန်မကို သိပ်မုန်းနေကြတယ်။ သူတို့ရဲ့ ကျွန်မကိုကြည့်တဲ့ အကြည့်တွေက သိပ်ကြောက်ဖို့ကောင်းတယ်”
ထိုစကားကိုကြားသော် လီဟမ်ရှန်းက လုရှီရန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
အပြင်ကကောက်ယူလာသော တပည့်မသည် နှစ်ဝက်အတွင်းမှာပင် ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်သည်အထိ ကျင့်ကြံနိုင်ခဲ့ပြီး ကွမ်လန်နန်းတော်၏ အရင်းအမြစ်များစွာကို သုံးစွဲနိုင်သောကြောင့် ကျန်သောလူများမှာ မနာလို ဖြစ်မည်မှာ ပုံမှန်သာဖြစ်သည်။
လုဟန်ရန်၏ ကာကွယ်ပေးနေမှုကြောင့်သာ မဟုတ်လျှင် လုရှီရန်မှာ နေ့စဉ်လိုလိုပင် သေလောက်အောင် အနိုင်ကျင့်ခံနေရလောက်သည်။
သစ်တောအုပ်ထဲမှ အရှည်ဆုံးသစ်ပင်မှာ အရင်ဆုံးအခုတ်ခံရမည် ဖြစ်သည်။
လီဟမ်ရှန်းက ဘာပြောရမှန်းကို မသိတော့ပေ။
မိသားစုတိုင်းတွင် ပြသနာကိုယ်စီနှင့် ရှိသည်မဟုတ်ပါလား
သူက စာရွက်နှစ်ရွက်ကို လင်ချင်းကျီထံသို့ ပေးလိုက်သည်။ လင်းချင်းကျီက လီဟမ်ရှန်းကို လှမ်းကြည့်လိုက်သော်လည်း ဘာမှတော့ မပြောပါချေ။
ယွမ်ကျန်းထောင်သည်လည်း သူ၏ စာရွက်ကို ပေးလိုက်သည်။